ဆီးနိတ်အမတ် မာသာ မက်ဆယ်လီက သူ့ကို လေတပ်အရာရှိကြီးက မုဒိမ်းကျင့်တယ်လို့ ထွက်ဆို

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန် အမျိုးသမီး အထက်လွှတ်တော်အမတ် တယောက်က သူ လေတပ်မှာ ထမ်းဆောင်စဉ်တုန်းက အထက်အရာရှိတယောက်က သူ့ကို အဓမ္မပြုကျင့်တာ ခံရကြောင်း ထုတ်ဖော်လိုက်ပါတယ်။
ဆီးနိတ်အမတ် မာသာ မက်ဆယ်လီဟာ အမေရိကန် လေတပ် စစ်မြေပြင်မှာ တိုက်လေယာဉ်မောင်းတဲ့ ပထမဆုံး အမျိုးသမီး ဖြစ်ပါတယ်။ စစ်တပ်ထဲက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအကြောင်း ကြားနာပွဲ တခုမှာ သူက အခုလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ရှက်ပြီး စိတ်ရှုပ်နေလို့ ဒီကိစ္စကို သူသတင်းမပို့ခဲ့ကြောင်း၊ တပ်ထဲက အုပ်ချုပ်ရေးစနစ်ကိုလည်း မယုံကြောင်း အရီဇိုးနား ပြည်နယ်က ရီပတ်ဘလစ်ကန် အမျိုးသမီးအမတ်က ပြောကြားခဲ့ပါတယ်။
၂ဝ၁၇ တနှစ်လုံး အမေရိကန် စစ်တပ်ထဲမှာ လိင်အကြမ်းဖက်မှု ၆၈ဝဝ လောက် ဖြစ်ခဲ့ပြီး ဒိအရင်နှစ်ကထက် ၁ဝ ရာခိုင်နှုန်း ပိုဆိုးလာပါတယ်။
ဘာပြောခဲ့သလဲ
အသက် ၅၂ နှစ် ရှိပြီဖြစ်တဲ့ မစ္စမက်ဆယ်လီက အထက်လွှတ်တော်ရဲ့ စစ်မှုထမ်း ဆပ်ကော်မတီ ကြားနာပွဲမှာ မတ်လ ၆ ရက်က ထွက်ဆိုခဲ့တာ ဖြစ်ပါတယ်။
"ရှင်တို့လိုပဲ ကျွန်မလည်း စစ်တပ်မှာ ကျူးလွန်စော်ကားမှု ခံခဲ့ရတဲ့ သားကောင်ပါ။ တခြား ပြောရဲတိုင်ရဲသူတွေလိုတော့ ထုတ်မပြောခဲ့မိပါဘူး။ တခြား ယောက်ျားမိန်းမ အများစုလိုပဲ အဲဒီခေတ်က စနစ်ကို မယုံခဲ့ဘူးလေ " လို့ သူက ဆိုပါတယ်။
"ကျွန်မ ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်မိပါတယ်၊ ရှက်ပြီး စိတ်လည်းရှုပ်မိပါတယ်" လို့ ဆိုပါတယ်။ "ဒါမျိုးကြံစည်နေတဲ့သူတွေဟာ သူတို့ရထားတဲ့ အာဏာကို နည်းမျိုးစုံနဲ့ အလွဲသုံးကြတယ်။ ကျွန်မကိုလည်း အထက်လူကြီးက အမဲဖမ်းသလို လိုက်ပြီး စော်ကားခဲ့တာ"
သူထွက်ဆိုချက်နဲ့ ပတ်သက်လို့ ဝမ်းနည်း စိတ်မကောင်း ဖြစ်ရကြောင်း လေတပ် ပြောခွင့်ရ အမျိုးသမီးက ဆိုပါတယ်။
"ဒီထွက်ဆိုချက်မှာ ပါတဲ့ ရာဇဝတ်ကျူးလွန်မှုတွေဟာ လေတပ်သားတယောက် လိုက်နာရမယ့် စည်းမျဉ်းတွေ အကုန်လုံးကို ချိုးဖောက် နေတယ်" လို့လည်း လေတပ်ဘက်က ထုတ်ပြန်ပါတယ်။
မက်ဆယ်လီနဲ့တကွ ဒီလို စော်ကားခံရသူတွေ အားလုံးဘက်ကနေ ရပ်တည်ပေးမယ် လို့လည်း လေတပ်က ပြောပါတယ်။
နှစ်တွေ ကြာပြီးနောက် ဒီဖြစ်ရပ်တွေကို အထက်လူကြီးတွေဆီ ပြောပြဖို့ သူကြိုးစားခဲ့ပေမယ့် ကျေနပ်အောင် တုံ့ပြန်ခဲ့တာ မတွေ့ခဲ့ရပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
"ကျွန်မ လေတပ်ထဲမှာ ၁၈ နှစ်ထမ်းဆောင်ပြီးချိန်မှာ စိတ်ပျက်ပြီး ထွက်ချင်စိတ် ပေါက်လာပါတယ်။ တခြားခံခဲ့ရသူတွေလိုပဲ ကျွန်မကိုလည်း ဒီစနစ်ကြီးက ထပ်ခါထပ်ခါ မုဒိမ်းကျင့်နေတယ်လို့ ခံစားမိပါတယ်။"
ဒီထွက်ဆိုချက်ကြောင့် နာကျင်ခံစားမိရကြောင်း ဒီကော်မတီမှာပါတဲ့ ဒီမိုကရက် ထိပ်တန်း ဆီးနိတ်အမတ် ခရစ္စတန် ဂျီလီဘရန်းက ပြောပါတယ်။
မာသာမက်ဆယ်လီရဲ့ ကောက်ကြောင်း
မက်ဆယ်လီဟာ အမေရိကန် လေတပ်မှာ ၂၂ နှစ်ထမ်းဆောင်ပြီး ဗိုလ်မှူးကြီးထိ ဖြစ်ခဲ့ပါတယ်။ ၂ဝ၁ဝ မှ အနားယူခဲ့တာပါ။
အဲဒီနောက် အမေရိကန် အောက်လွှတ်တော်မှာ နှစ်ဆက်တိုင် အရွေးခံခဲ့ရပြီး ဒီ ဇန်နဝါရီလကမှ အထက်လွှတ်တော်ရောက်လာတာပါ။
ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရမှုကို မက်ဆယ်လီ ထုတ်ပြောတာ ခုမှ မဟုတ်ပါဘူး။
သူ အထက်တန်းကျောင်းတုန်းက အားကစားဆရာက သူနဲ့အိပ်ဖို့ ဖိအားပေးဖူးတယ်လို့ မနှစ်က ဆီးနိတ် ရွေးကောက်ပွဲ ဝင်နေတုန်းမှာ ဝေါစထရိဂျာနယ်ကို သူပြောခဲ့ဖူးပါတယ်။ ဒီတုန်းက သူ ၁၇ နှစ်ပဲ ရှိပါတယ်။
သူ တပ်ထဲမှာတုန်းက လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာတွေ ကြုံခဲ့ကြောင်းလည်း ပြောခဲ့ဖူးပါတယ်။
ဇန်နဝါရီလကလည်း သူ့လိုပဲ နောက်ထပ် ဆီးနိတ်အမတ်တယောက်ကလည်း မုဒိမ်းကျင့်ခံခဲ့ရကြောင်း ထုတ်ပြောလာပါတယ်။
အမေရိကန် ကြည်းတပ်မှာ ထမ်းဆောင်ခဲ့ဖူးတဲ့ ဂျိုနီအားနပ်စ် ဆိုသူက သူ အိုင်အိုဝါ ပြည်နယ် တက္ကသိုလ်မှာ ကျောင်းနေတုန်း ရည်းစားက ကျူးလွန်စော်ကားတာ ခံခဲ့ရတယ်လို့ ပြောပါတယ်။
အဲဒီတုန်းက သူလည်း ရဲကို မတိုင်ခဲ့ဘူးလို့ အိုင်အိုဝါက ရီပတ်ဘလစ်ကန် အမျိုးသမီး အမတ်က ပြောပါတယ်။








