၁၆ နှစ်အရွယ်မိန်းကလေးကို မုဒိမ်းကျင့် မီးရှို့သတ်ဖြတ်

အိန္ဒိယမှာ ၂၀၁၆ ခုနှစ်အတွင်း ရဲကိုတိုင်ကြားခဲ့တဲ့ မုဒိန်းမှုပေါင်း လေးသောင်းကျော်ရှိ

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ ၂၀၁၆ ခုနှစ်အတွင်း ရဲကိုတိုင်ကြားခဲ့တဲ့ မုဒိန်းမှုပေါင်း လေးသောင်းကျော်ရှိ

အိန္ဒိယနိုင်ငံမှာ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတယောက်ကို အဓမ္မပြုကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့တဲ့ အတွက် ဒါဟာ လူမဆန်တဲ့ အရိုင်းအစိုင်း လုပ်ရပ်မျိုးလို့ ပြည်နယ်ဝန်ကြီးချုပ်က ပြောလိုက်ပါတယ်။

မိဘတွေက မင်္ဂလာပွဲတခုသွားနေလို့ အိမ်မှာ မရှိတဲ့အချိန်မှာဂျာခန်ပြည်နယ်က အသက် ၁၆ နှစ်အရွယ်မိန်းကလေးကို ပြန်ပေးဆွဲသွားခဲ့ပါတယ်။

အဲသလို ပြန်ပေးဆွဲပြီးနောက် ရွာအနီးတောအုပ်ထဲမှာ လူနှစ်ယောက်က အဓမ္မပြုကျင့်ခဲ့တယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

မိဘတွေက ရွာလူကြီးတွေကို ဒီဖြစ်စဉ်နဲ့ကိုသိတဲ့အခါ ကျေးရွာလူကြီးကို တိုင်ကြားခဲ့ပါတယ်။

ရွာလူကြီးက အဓမ္မပြုကျင့်သူတွေကို ထိုင်ထ အကြိမ် ၁၀၀ လုပ်ခိုင်းပြီး ဒဏ်ငွေ အိန္ဒိယ ရူပီး ၅ သောင်း ချမှတ်ခဲ့ပါတယ်။

ရူပီး ငါးသောင်းဟာ ဒေါ်လာ ၇၅၀ လောက်နဲ့ ညီမျှပါတယ်။

အိန္ဒိယနိုင်ငံမှာ ကျေးရွာလူကြီးတွေဟာ တကယ်တန်း ဥပဒေကြောင်းအရာ ဆုံးဖြတ် စီရင်ချက်ချနိုင်တဲ့ အခွင့်အာဏာမရှိပါဘူး။ ဒါပေမယ့် သူတို့ဟာ သြဇာရှိတဲ့အတွက် အိန္ဒိယ အစိုးရရဲ့ ကြီးလေးတဲ့ ပြစ်ဒဏ်တွေ မခံရဘဲ အမှုပြီးပြတ်အောင် ကြားဝင်ဆောင်ရွက်ပေးလေ့ရှိပါတယ်။

ဒါပေမယ့် အဲသလို ရွာလူကြီးတွေဆီတိုင်တာကို ဒေါသထွက်ပြီး အဓမ္မပြုကျင့်သူတွေက မိန်းကလေးရဲ့မိဘတွေကို အဖော်တွေနဲ့ အတူ ဝိုင်းဝန်းရိုက်နှက်ခဲ့ပါတယ်။

မိန်းကလေးကိုလည်း အရှင်လတ်လတ် မီးရှို့သတ်ခဲ့ပါတယ်။

အခုဒီရာဇဝတ်မှုနဲ့ ဆက်စပ်သူ လူ ၁၄ ယောက်ကို ဖမ်းဆီးထားတယ်လို့ ရဲအဖွဲ့က ပြောပါတယ်။

နောက်ထပ် ၄ ယောက်ကတော့ ထွက်ပြေးလွတ်မြောက်နေတယ်လို့ ရဲအဖွဲ့ကပြောပါတယ်။

လွတ်မြောက်နေသူ ၄ ယောက်ထဲမှာ အဓိက တရားခံနှစ်ယောက် အနက်က တယောက်လည်း အပါအဝင်ဖြစ်တယ်လို့ ရဲမှူးချုပ် ရှမ်ဘူသာခါက ဟိန္ဒူ စတန်တိုင်းမ်စ် သတင်းစာကို ပြောပါတယ်။

ဒေသခံရဲဌာနရဲ့ တာဝန်ခံရဲအရာရှိ အာရွှတ်ခ် ရမ် က မိန်းကလေးကို အဓမ္မပြုကျင့်သူ နှစ်ယောက်ဟာ မိန်းကလေးရဲ့ မိဘတွေကို ရိုက်နှက်ပြီးနောက် အိမ်ထဲဝင်သွားခဲ့ပြီး အဲဒီအိမ်ထဲမှာပဲ သူ့အဖော်တွေနဲ့ အတူမိန်းကလေးကို အရှင်လတ်လတ် မီးရှို့သတ်ခဲ့တာပါ လို့ အေအက်ဖ်ပီ သတင်းဌာနကို ထုတ်ဖော်ပြောဆိုပါတယ်။

ရွာလူကြီးတွေကိုလည်း အခွင့်မရှိဘဲ တရားစီရင်မှု၊ အမှုလမ်းကြောင်းလွဲမှား အောင်လုပ်မှုတွေနဲ့ တရားစွဲဆိုထားပါတယ်။

အိန္ဒိယနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း ရဲကို တိုင်ကြားခဲ့တဲ့ အဓမ္မပြုကျင့်မှုပေါင်းစုစုပေါင်း ၄ သောင်း ရှိခဲ့ပါတယ်။ ရဲကို မတိုင်ကြားခဲ့တဲ့ အမှုပေါင်းများစွာလည်း ရှိလိမ့်မယ်လို့ ဒေသခံတွေက ယုံကြည်ယူဆကြပါတယ်။