ဆော်ဒီကို အနောက်အုပ်စုက ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်လာနိုင်သလား

ဆော်ဒီ အာရေဗျ၊ အမေရိကန်၊ သတင်းထောက်၊ တူရကီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆော်ဒီ အာရေဗျနိုင်ငံဟာ စီးပွားရေးနဲ့ နိုင်ငံရေး အဓိက အင်အားကြီး နိုင်ငံတခု ဖြစ်လာ

ဆော်ဒီ သတင်းထောက် အသတ်ခံရတဲ့ ကိစ္စနဲ့ ပတ်သက်လို့ ဆော်ဒီ အစိုးရအပေါ် အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ကောင်း လုပ်ဖို့ စဉ်းစားနေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ် ပွန်ပီယိုက ထုတ်ဖော် ပြောကြား လိုက်ပါတယ်။

အနောက်အုပ်စုနိုင်ငံတွေက အရေးယူ အပြစ်ပေးမှုတွေ လုပ်လာရင် ဆော်ဒီ အစိုးရဘက်က ဆတိုး တုံ့ပြန်မယ်လို့ အစောပိုင်းက ပြောထားပြီး ဖြစ်ပါတယ်။

ဒါပေမယ့် ဆော်ဒီ အာရေဗျနိုင်ငံအပေါ် အနောက်အုပ်စုက ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ဖို့က လက်တွေ့မှာ သိပ်တော့ မလွယ်လှပါဘူး။

အနောက်အုပ်စု နိုင်ငံတွေအတွက် ဆော်ဒီ အာရေဗျရဲ့ အရေးပါမှု အချက်၅ ချက်

၁။ ရေနံတင်ပို့မှုနဲ့ ရေနံစျေးနှုန်း

ဆော်ဒီ အာရေဗျ နိုင်ငံဟာ ကမ္ဘာ့ အရံ ရေနံပမာဏရဲ့ ၁၈ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကမ္ဘာပေါ်မှာ ရေနံ တင်ပို့မှု အများဆုံး နိုင်ငံ ဖြစ်တာမို့ အမေရိကန်နဲ့ တခြား နိုင်ငံတွေက ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်လာရင် ဆော်ဒီ အာရေဗျ နိုင်ငံက ရေနံ ထုတ်လုပ်မှု လျှော့ချပြီး ပြန်တုံ့ပြန်နိုင်ပါတယ်။

ဆော်ဒီ အာရေဗျ၊ အမေရိကန်၊ သတင်းထောက်၊ တူရကီ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆော်ဒီဟာ ကမ္ဘာပေါ်မှာ ရေနံ အများဆုံး ထုတ်လုပ်တဲ့ နိုင်ငံဖြစ်

တခြားရေနံ ထုတ်တဲ့ နိုင်ငံတွေက ပြန်မဖြည့်ဆည်းပေးနိုင်ဘူး ဆိုရင် ကမ္ဘာတဝန်း ရေနံ စျေးတွေ တက်လာနိုင်ပြီး ဓာတ်ဆီ လောင်စာစျေးတွေ ထိုးတက်သွားနိုင်ပါတယ်။

၂။ စစ်လက်နက် အရောင်းအ၀ယ်

၂၀၁၇ ခုနှစ်မှာ ဆော်ဒီ အာရေဗျ နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်အသုံးစရိတ် တတိယ အများဆုံး သုံးစွဲတဲ့ နိုင်ငံ ဖြစ်ခဲ့ပြီး အမေရိကန်နဲ့ လက်နက်အရောင်းအဝယ် ဒေါ်လာ ဘီလျံ ၁၁၀ ဖိုး စာချုပ် ချုပ်ခဲ့ပါတယ်။ ဒါဟာ အမေရိကန် သမိုင်းမှာ အမေရိကန် အစိုးရအတွက် အများဆုံး အရောင်းအဝယ် စာချုပ် ဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျ နိုင်ငံကို လက်နက် တင်ပို့တဲ့ တခြား နိုင်ငံတွေကတော့ ယူကေ၊ ပြင်သစ်နဲ့ ဂျာမနီ တို့ ဖြစ်ပါတယ်။

ဆော်ဒီ အာရေဗျ၊ အမေရိကန်၊ သတင်းထောက်၊ တူရကီ
ဓာတ်ပုံ ပုံစာ, အမေရိကန်က ဆော်ဒီကို စစ်လက်နက် အများဆုံး တင်ပို့ရောင်းချ

တကယ်လို့ အနောက်အုပ်စုက ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်လာရင် ဆော်ဒီ အစိုးရက သူတို့ရဲ့ လက်နက် လိုအပ်ချက်တွေကို တရုတ်နဲ့ ရုရှား ဆီက ဝယ်ယူ ဖြည့်ဆည်းလာနိုင်ဖွယ် ရှိပါတယ်။

၃။ လုံခြုံရေးနဲ့ အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး

အစ္စလာမ် နိုင်ငံ တခု ဖြစ်တဲ့ ဆော်ဒီ အာရေဗျနိုင်ငံဟာ အရှေ့အလယ်ပိုင်း ဒေသတွင်း တည်ငြိမ် လုံခြုံမှု ရှိရေးနဲ့ အကြမ်းဖက်ဝါဒ၊ အစွန်းရောက် ဝါဒတွေကို တိုက်ဖျက်ရေးတွေမှာ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေပါတယ်။

ဆော်ဒီ အာရေဗျ၊ အမေရိကန်၊ သတင်းထောက်၊ တူရကီ

ဓာတ်ပုံ ရင်းမြစ်, Alamy

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ်တုန်းက ရီယာ့ဒ်မြို့မှာ ကျင်းပတဲ့ အစွန်းရောက်ဝါဒ တိုက်ဖျက်ရေး စခန်း ဖွင့်ပွဲကို သမ္မတ ထရမ့် တက်ရောက် ဖွင့်လှစ်ခဲ့

ဆော်ဒီ အာရေဗျ နိုင်ငံဟာ IS အစ္စလာမစ် နိုင်ငံအဖွဲ့ ကို တိုက်ဖျက်ဖို့ အမေရိကန် ဦးဆောင် ဖွဲ့ထားတဲ့ နိုင်ငံတကာ ပူးပေါင်း အဖွဲ့ထဲမှာ အဖွဲ့ဝင်နိုင်ငံ ဖြစ်ပါတယ်။

မနှစ်တုန်းကလည်း တခြား မွတ်ဆလင် နိုင်ငံ ၄၀ နဲ့ ပေါင်းပြီး အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေး အစ္စလာမစ် စစ်ဘက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ တဖွဲ့ကို ဖွဲ့စည်းခဲ့ပါတယ်။

၄။ ဒေသတွင်း မဟာမိတ်ဖွဲ့မှု

ဒေသတွင်းမှာ အီရန်နိုင်ငံရဲ့ သြဇာလွှမ်းမိုးမှုကို တန်ပြန်နိုင်ဖို့ ဆော်ဒီ အာရေဗျနိုင်ငံဟာ အမေရိကန်နဲ့ နီးနီးကပ်ကပ် ပူးတွဲ ဆောင်ရွက်ခဲ့ပါတယ်။ အရှေ့အလယ်ပိုင်း ဒေသတဝန်းမှာ ကြားနိုင်ငံတွေကနေ တဆင့် ဆွန်နီနဲ့ ရှီအာ မွတ်ဆလင် နိုင်ငံကြီးတွေအကြား ပဋိပက္ခ စစ်ပွဲတွေ ဖြစ်နေတာ ဆယ်စုနှစ်တွေနဲ့ချီ ကြာခဲ့ပါပြီ။

ဆော်ဒီ အာရေဗျ၊ အမေရိကန်၊ သတင်းထောက်၊ တူရကီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အထင်ကရ ရှီအာ ဘာသာရေး ခေါင်းဆောင် တဦးကို ဆော်ဒီက ကွပ်မျက်ခဲ့တဲ့အတွက် အီရန်နဲ့ သံတမန် ဆက်သွယ်ရေး အဆင်မပြေ ဖြစ်ခဲ့

ဆီးရီးယားနိုင်ငံမှာ သမ္မတ ဘရှား အယ်လ် အားဆတ် ကို ဖြုတ်ချဖို့ ကြိုးစားနေတဲ့ သူပုန် လက်နက်ကိုင် အဖွဲ့တွေကို ဆော်ဒီအာရေဗျ က ထောက်ခံ အားပေးနေသလို အီရန်က ရုရှားနဲ့အတူ သမ္မတ အားဆတ် အစိုးရကို ထောက်ခံ အားပေးနေပါတယ်။

တကယ်လို့ ဆော်ဒီကို အမေရိကန်က ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်လာခဲ့ရင် ဆော်ဒီနဲ့ ရုရှားအကြား ဆက်ဆံရေး တိုးတက်လာပြီး လက်နက် အရောင်းအဝယ်သစ်တွေကြောင့် အီရန်နဲ့ ဆော်ဒီတို့ ရင်းနှီးလာနိုင်တယ်၊ ပြန်လည် ရင်ကြားစေ့ သွားနိုင်တယ် ဆိုတာကိုလည်း သတိပြုရမှာပါ။

၅။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု

ဆော်ဒီ အာရေဗျနဲ့ အမေရိကန် အကြား ကုန်သွယ်ရေး အရောင်းအဝယ်ဟာ ၂၀၁၇ ခုနှစ်မှာ စုစုပေါင်း ဒေါ်လာ ၄၆ ဘီလျံ ရှိခဲ့ပြီး အမေရိကန်အစိုးရအတွက် ကုန်သွယ်ရေး အပိုငွေ ဒေါ်လာ ၅ ဘီလျံလောက် အကျိုးဖြစ်ထွန်းခဲ့ပါတယ်။

နှစ်နိုင်ငံ ကုန်သွယ်ရေးကြောင့် ၂၀၁၅ ခုနှစ်တုန်းက အမေရိကန်နိုင်ငံမှာ အလုပ် ၂ သိန်းနီးပါး ဖန်တီးနိုင်ခဲ့ပါတယ်။

ဆော်ဒီ အာရေဗျ၊ အမေရိကန်၊ သတင်းထောက်၊ တူရကီ
ဓာတ်ပုံ ပုံစာ, ဆော်ဒီကို ကုန်ပစ္စည်း အများဆုံး တင်ပို့တဲ့ နိုင်ငံတွေထဲမှာ အမေရိကန်က ဒုတိယ အများဆုံးဖြစ်

ပြီးခဲ့တဲ့ သြဂုတ်လတုန်းက ဆော်ဒီနိုင်ငံမှာ ထိန်းသိမ်းထားတဲ့ လူမှု အဖွဲ့အစည်းနဲ့ အမျိုးသမီး အခွင့်အရေး လှုပ်ရှားတောင်းဆိုသူတွေကို ပြန်လွှတ်ပေးဖို့ ကနေဒါ အစိုးရရဲ့ တောင်းဆိုချက်ဟာ ဆော်ဒီ အာရေဗျနိုင်ငံရဲ့ အချုပ်အချာ အာဏာကို ထိပါး ချိုးဖောက်တယ်၊ ပြည်တွင်းရေးကို ဝင်စွက်တယ် ဆိုပြီး ကနေဒါနိုင်ငံနဲ့ ကုန်သွယ်ရေးသစ်တွေ အားလုံးကို ဆော်ဒီ အစိုးရက ဆိုင်းငံ့ပစ်လိုက်ပါတယ်။

ဒါ့အပြင် ကနေဒါနိုင်ငံကနေ တင်ပို့တဲ့ ဂျုံတွေကို ဆော်ဒီအစိုးရက ပိတ်ပင်လိုက်ပြီး အစိုးရရဲ့ ပညာသင်ဆုတွေနဲ့ ကနေဒါ တက္ကသိုလ်တွေမှာ သွားရောက် ပညာ သင်ကြားနေကြတဲ့ ဆော်ဒီ ကျောင်းသား ထောင်ပေါင်းများစွာကို နေရပ်နိုင်ငံ ပြန်လာကြဖို့ ညွှန်ကြားခဲ့ပါတယ်။