သမ္မတထရမ့် ရဲ့ ယောက္ခမ တွေ နိုင်ငံသား ဖြစ်လာ

မယ်လာနီယာရဲ့ မိဘတွေဟာ ဆလိုဗေးနီးယားမှာ မွေးဖွားသူတွေ ဖြစ်ပြီး အသက် ၇၀ ကျော်တွေ ဖြစ်ပါတယ်

ဓာတ်ပုံ ရင်းမြစ်, AFP/Getty

ဓာတ်ပုံ ပုံစာ, မယ်လာနီယာရဲ့ မိဘတွေဟာ ဆလိုဗေးနီးယားမှာ မွေးဖွားသူတွေ ဖြစ်ပြီး အသက် ၇၀ ကျော်တွေ ဖြစ်ပါတယ်

အမေရိကန် သမ္မတကတော် မယ်လာနီယာထရမ့်ရဲ့ မိဘတွေ အမေရိကန်နိုင်ငံသားတွေ ဖြစ်လာကြပါပြီ။

သမ္မတထရမ့်က ဖျက်သိမ်း ပစ်ချင်နေတဲ့ နိုင်ငံသားဖြစ်ခွင့်ပေးရေး အစီအစဉ်အရပဲ သူ့ယောက္ခမတွေဖြစ်တဲ့ ဆလိုဗေးနီးယားလူမျိုး ဗစ်တာနဲ့ အမာလီယာ ကနောက်စ် Viktor and Amalija Knavs တို့နိုင်ငံသားဖြစ်ခွင့် ရလာကြတာဖြစ်ပါတယ်။

သူတို့ကို မေရိကန် ပြည်ထောင်စု နယူးယောက် မြို့မှာ အခမ်းအနားနဲ့ နိုင်ငံသားအဖြစ် အပ်နှင်းခဲ့ ပါတယ်။

ဗစ်တာနဲ့ အမာလီယာတို့ဟာ အမေရိကန်မှာပဲ အနေများ ပါတယ်။

မိဘတွေကို Green Card လို့ခေါ်တဲ့ အမေရိကန်မှာ အမြဲတမ်းနေထိုင်ခွင့် အတွက် ထောက်ခံ ပေးခဲ့တဲ့ သမ္မတကတော် မလာနီယာ ထရမ့်က၂၀၀၆ ခုနှစ်က နိုင်ငံသား ဖြစ်ခဲ့တာလို့ သူ့မိဘတွေရဲ့ ရှေ့နေက နယူးယောက်တိုင်း သတင်းစာကို ပြောခဲ့ပါတယ်။

မယ်လာနီယာထရမ့် ရခဲ့တဲ့ Einstein visa နဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာတွေရှိခဲ့

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, မယ်လာနီယာထရမ့် ရခဲ့တဲ့ Einstein visa နဲ့ပတ်သက်ပြီး မေးခွန်းထုတ်တာတွေရှိခဲ့

Einstein visa လို့ခေါ်တဲ့ ထူးခြားတဲ့ အရည်အချင်းရှိသူတွေကို လိုလား လက်ခံတဲ့ ပြည်ဝင်ခွင့်ဗီဇာ စနစ်အရ မော်ဒယ်အလုပ်လုပ်ကိုင်ခဲ့စဉ် ၂၀၀၁ ခုနှစ်က မယ်လာနီယာ ထရမ့် အမေရိကန်ကို ဝင်ရောက် လာခဲ့ပြီး ၂၀၀၆ ခုနှစ်မှာ နိုင်ငံသား ဖြစ်ခဲ့ပါတယ်။

Green Card ရထားသူ နိုင်ငံခြားသားတစ်ယောက်ဟာ အမေရိကန်ပြည်ထောင်စုမှာ အချိန်အကန့်အသတ်မရှိ နေထိုင်နိုင်ခွင့်၊ အလုပ်လုပ်ကိုင်နိုင်ခွင့်ရှိပြီး တဖြည်းဖြည်းနဲ့ နိုင်ငံသား လျှောက်ထား နိုင်ခွင့်ရှိပါတယ်။

နိုင်ငံသား ဖြစ်ခွင့်နဲ့ လူဝင်မှု ကြီးကြပ်ရေးဆိုင်ရာ ဌာနရဲ့ အင်တာနက် စာမျက်နှာမှာ နိုင်ငံသား လျှောက်ထားမယ်ဆိုရင် ပျမ်းမျှ အားဖြင့် အချိန် ၁၁ လ ကနေ ၁၂ လ အထိကြာနိုင်တယ်လို့ ရေးထားပါတယ်။

အဲဒီကာလ အတွင်းမှာ အကျင့်စာရိတ္တကိုရော တရားဝင် နေထိုင်တဲ့ ကာလ ကိုပါ စစ်ဆေး ပါတယ်။

နိုင်ငံသား အပ်နှင်းတဲ့ အခမ်းအနား တက်ခဲ့တဲ့ သမ္မတ ယောက္ခမတွေရဲ့ ရှေ့နေကတော့ သူတို့ဟာ အမေရိကန်မှာ ၅ နှစ်ကြာ နေထိုင်ဖို့ လိုတယ် ဆိုတဲ့ စည်ကမ်းချက်နဲ့ ပြည့်မီပါတယ်လို့သာ ပြောပြီး နောက်ထပ် အသေးစိတ် အချက်အလက်တွေကို ပြောဖို့ ငြင်းဆိုခဲ့တယ် လို့ နယူးယောက်တိုင်း သတင်းစာက ပြောပါတယ်။

အမေရိကန်မှာ နေထိုင်ကြတဲ့ နိုင်ငံခြားသားတွေရဲ့ မိသားစုဝင် တွေကို နိုင်ငံသား ဖြစ်ခွင့် ပေးတဲ့ အခုလက်ရှိ စနစ်ကို တစ်ယောက်ဝင်လာတာနဲ့ တပြုံကြီးလိုက်ဝင်လာတဲ့ ဝင်ရောက်နေထိုင်မှုလို့ သမ္မတ ထရမ့်က ပြောပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလက သမ္မတ ထရမ့်က သူ့ရဲ့ တွစ်တာ လူမှုကွန်ရက် စာမျက်နှာမှာ

"အမေရိကန်ကို ဝင်လာကြသူ တချို့က သူတို့ တစ်မိသားစုလုံးကိုလည်း အတူ ခေါ်လာ့ကြတယ်၊ သူတို့ဟာ အမှန်တကယ် ဆိုးညစ်သူတွေ ဖြစ်နိုင်တယ်၊ ဒါကို လက်သင့်ခံနိုင်စရာ မရှိဘူး" လို့ ရေးခဲ့ပါတယ်။

ဒါဟာ အမေရိကန်ကို အကြမ်းဖက် သမားတွေ ဝင်လာနိုင်တဲ့ လမ်းကြောင်း တစ်ခုဖြစ်တယ် လို့လည်း သမ္မတ ထရမ့်က ပြောပါတယ်။

အမေရိကန်မှာ နေထိုင်ခွင့်ရှိပြီး နိုင်ငံသားဖြစ်ခွင့်ရပြီးသူတွေ အနေနဲ့ မိသားစုတွေကို ခေါ်ယူ နိုင်တဲ့ လက်ရှိ Green Card စနစ်နေရာမှာ ပညာ အရည်အချင်းကို အခြေခံတဲ့ အင်္ဂလိပ်စကားပြော ကျွမ်းကျင်လုပ်သား ပညာတတ်တွေကို ဦးစားပေး တဲ့ စနစ်ကို သမ္မတ ထရမ့်က အစားထိုးလိုတဲ့ ဆန္ဒ ရှိနေပါတယ်။