တူရကီ ကို ပိတ်ဆို့မှု အမေရိကန် ချမှတ်

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သင်းအုပ် ဆရာ အင်ဒရူး ဘရန်ဆန်

တူရကီ တရားရေး ဝန်ကြီး နဲ့ ပြည်ထဲရေး ဝန်ကြီး တို့ ကို အမေရိကန် နိုင်ငံ က ပိတ်ဆို့မှု အရေးယူမှု တွေ လုပ်ဆောင်လိုက်ပါပြီ။ အကြောင်းရင်း ကတော့ အမေရိကန် နိုင်ငံသား သင်းအုပ် ဆရာ အင်ဒရူး ဘရန်ဆန် ကို တူရကီ က ဆက်လက် ချုပ်နှောင် ထားတဲ့ အတွက် ကြောင့် ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့် ရှိသူ ဆာရာ ဆန်းဒါး က ဆိုပါတယ်။

သင်းအုပ်ဆရာ ဘရန်ဆန် ဟာ ပြစ်မှု ကျူးလွန်ထားတယ်ဆိုတဲ့ အထောက်အထား မတွေ့ရပါဘူး။ သူဟာ တူရကီ အစိုးရ ရဲ့ မတရား ဖမ်းဆီး ခံထားရတယ်လို့ ယုံကြည် ကြောင်းနဲ့ သူ အဖမ်း ခံရမှု မှာ တူရကီ တရားရေး ဝန်ကြီး နဲ့ ပြည်ထဲရေး ဝန်ကြီး တို့ ဟာ အဓိက အခန်း ကဏ္ဍ ကနေ ပါဝင် နေပြီး သူတို့ ကို ပိတ်ဆို့ အရေးယူမှုတွေ လုပ်ဖို့ ဘဏ္ဍာရေး ဝန်ကြီး ဌာန ကို သမ္မတ က ညွှန်ကြား ထားပါတယ်လို့ ပြောဆို သွားခဲ့ပါတယ်။

အမေရိကန်နိုင်ငံ က တူရကီ ဝန်ကြီး နှစ်ယောက်ရဲ့ ပိုင်ဆိုင်မှုတွေ ကို ထိန်းချုပ်သွားမှာ ဖြစ်ပြီး သူတို့ နှစ်ယောက် နဲ့ ဘဏ္ဍာရေး ဆက်သွယ် ဆောင်ရွက် တဲ့လူတွေကိုလည်း အရေးယူ သွားမယ် ဆိုပြီး အမေရိကန် တို့ ဘက် က ပြောပါတယ်။

တရားရေး နဲ့ ပြည်ထဲရေး ဝန်ကြီးတို့ကို အမေရိကန် ဘက်က အခုလို အရေးယူ ပိတ်ဆို့မှုတွေ ပြုလုပ် လိုက်တာကို တူရကီ ကလည်း ပြင်းပြင်းထန်ထန် ပြန်လည် ဝေဖန် ခဲ့ပါတယ်။ နောက်ပြီး အမေရိကန် ရဲ့ ရန်လိုတဲ့ အပြုအမှုကို လက်တုံ့ ပြန် သွားမယ် ဆိုပြီးတော့လည်း တူရကီ သမ္မတ ရီကျက် တိုင်ရစ် အာဒိုဝန် က ပြောဆို လိုက်ပါတယ်။

ဖမ်းဆီး ခံထား ရတဲ့ သင်းအုပ် ဆရာ အင်ဒရူး ဘရန်ဆန် က တူရကီ နိုင်ငံမှာ နေထိုင် နေတာ ကာလ အတန် ကြာမြင့် ခဲ့ပြီ ဖြစ်ပါတယ်။ သူဟာ တူရကီ နိုင်ငံ အစ်ဇမီယာ မြို့က ခရစ်ယာန် ဘာသာဝင် ၂၀ လောက် ရှိတဲ့ ဘုရားကျောင်း လေးရဲ့ သင်းအုပ် ဆရာဖြစ်ပါတယ်။

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ပိတ်ဆို့ အရေးယူမှု ခံရတဲ့ တရားရေး ဝန်ကြီး နဲ့ ပြည်ထဲရေး ဝန်ကြီး

တရားမဝင် အဖွဲ့အစည်း အဖြစ် သတ်မှတ် ထားတဲ့ ကဒ် အလုပ်သမား ပါတီ PKK နဲ့ ဆက်သွယ် တယ် ဆိုပြီးတော့ ဖမ်းဆီး ထားခဲ့တာဖြစ်ပါတယ်။ သူ့ကို လွန်ခဲ့တဲ့ ၂ နှစ်လောက် က တူရကီ နိုင်ငံမှာ ဖြစ်ခဲ့တဲ့ မအောင်မမြင် ဖြစ်ခဲ့ရတဲ့ အာဏာသိမ်းမှု အပြီးမှာ ဖမ်းဆီး ခဲ့ပြီး နေအိမ် အကျယ်ချုပ် နဲ့ ချုပ်နှောင် ထားတာပါ။

အဲဒီ မအောင်မမြင် ဖြစ်ခဲ့ရတဲ့ အာဏာ သိမ်း မှုကို အမေရိကန် အခြေစိုက် တူရကီ တရားဟော ဖာတူလာ ဂူလန် က ဦးဆောင် ခဲ့တာ ဆိုပြီး တူရကီ တို့ က အစဉ် တစိုက် စွပ်စွဲ ပြောဆို နေခဲ့ပြီး တူရကီ ကို ပြန်ပို့ ပေးဖို့ တောင်း ဆို နေတာ ဖြစ်ပါတယ်။

တူရကီ အာဏာ သိမ်းမှု ပြီးဆုံး ခဲ့ပြီးနောက် အခု သင်းအုပ် ဆရာ အပါအဝင် အမေရိကန် နိုင်ငံသား ၂၀ လောက်ကိုလည်း တူရကီ အာဏာ ပိုင်တွေက ဖမ်းဆီးထားခဲ့တာ ဖြစ်ပါတယ်။ အခုလို နေတိုး မဟာမိတ် စစ်စာချုပ် အဖွဲ့ ဝင် နိုင်ငံ အချင်းချင်း ကြားမှာ ပိတ်ဆို့ အရေးယူမှု လုပ်ခဲ့တဲ့ အမေရိကန် ရဲ့ လုပ်ရပ် က မကြုံဖူးတဲ့ အခြေ အနေ မျိုး ဖြစ်ပါတယ်။

တူရကီ အနေနဲ့လည်း အမေရိကန်မှာ ရှိတဲ့ ဖာတူလာ ဂူလန် နဲ့ အခု အမေရိကန် သင်းအုပ် ဆရာ အင်ဒရူး ဘရန်ဆန် ကို လှဲလှယ် လိုတဲ့ ဆန္ဒ ရှိ နေပုံ ရတယ်လို့ ဘီဘီစီ သတင်းထောက် မက် လိုဝင် က သတင်း ပေးပို့ ထားပါတယ်။

ဗီဒီယို ပုံစာ, စစ်ပွဲအကြွင်းအကျန် ကန်စစ်သားအရိုးတွေ အမေရိကန်ထံ ပြန်လည်အပ်နှင်း