မြောက်ကိုရီးယား နျူအစီအစဉ် တနှစ်အတွင်း ဖျက်သိမ်းဖို့ ကန်ပြော

အမေရိကန်

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမေရိကန်အမျိုးသား လုံခြုံရေး အကြံပေး John Bolton

မြောက်ကိုရီးယားဖက်က အပြည့်အဝ ပူးပေါင်းဆောင်ရွက်ရင် နျူကလီးယား အစီအစဉ်ကို တနှစ်အတွင်း ဖျက်သိမ်းနိုင်မှာ ဖြစ်တယ်လို့ အမေရိကန်အမျိုးသား လုံခြုံရေး အကြံပေး ဂျွန်ဘိုလ်တန်က ပြောပါတယ်။

မြောက်ကိုရီးယားဖက်က နျူကလီးယား လက်နက်ထုတ်နိုင်ဖို့ အချိန်ဆွဲထားပြီး ညှိနှိုင်းမှုတွေကို ပယ်ချပစ်နိုင်တယ်ဆိုတဲ့ အန္တရယ်ကို ထရမ့် အစိုးရက သိထားနှင့်ပြီး ဖြစ်ပါတယ်လို့ အမေရိကန် ရုပ်မြင်သံကြား ဌာန တခုရဲ့ မေးမြန်းခန်းမှာ မစ္စတာ ဘိုလ်တန်က ပြောကြားသွားခဲ့ပါတယ်။

အမေရိကန် အစိုးရအနေနဲ့လည်း မြောက်ကိုရီးယားဖက်က အပြည့်အဝ ပူးပေါင်း ဆောင်ရွက်မှုကို စောင့်စားနေတယ်လို့သူက ဆိုပါတယ်။

မြောက်ကိုရီးယား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအွန်း

မြောက်ကိုရီးယားဖက်က သူ့ရဲ့ နျူကလီးယားနဲ့ တာလတ်ပစ် ဒုံးလက်နက် အစီအစဉ်တွေကို ဖျက်သိမ်းမှုကနေ အကျိုးအမြတ်အမြန် ရှိစေမှာ ဖြစ်သလို ပိတ်ဆို့ အရေးယူမှုတွေ ဖယ်ရှား ခံရာကာ လူမှုကယ်ဆယ်ရေး အကူအညီတွေလည်း ရရှိသွားနိုင်မှာ ဖြစ်တယ်လို့ မစ္စတာ ဘိုလ်တန်က ပြောသွားခဲ့ပါတယ်။

အမေရိကန် ဖက်က အစီအစဉ်တွေ ပြင်ဆင်ထားပြီး နိုင်ငံခြားရေး ဝန်ကြီး မိုက်ခ်ပေါ်ပီအို ကိုယ်တိုင်လည်း ဒီကိစ္စ ကို မြောက်ကိုရီးယား နဲ့ မကြာခင် မှာ ဆွေးနွေးမယ် ဆိုတာ သေချာပါတယ်လို့လည်း သူက ဆိုပါတယ်။

ဒါ့အပြင် တနှစ် အတွင်းမှာ ဘယ်ပုံစံ နဲ့ ဒီ လက်နက်တွေ ကို ဖျက်သိမ်း မယ် ဆိုတာ ကို မြောက်ကိုရီးယား ဘက်က ဗျူဟာ ကျကျ ဆုံးဖြတ်ထားပြီ ဆိုရင် အမေရိကန် ဘက် ကလည်း ဒဏ်ခတ် ပိတ်ဆို့ မှု ကို အလျင် အမြန် ဖယ်ရှား ပေးနိုင်မယ့်အပြင် တပြိုင်ထဲမှာလည်း တောင်ကိုရီးယား နဲ့ ဂျပန် ဘက် ကလည်း မြောက်ကိုရီးယား ကို ကူညီထောက်ပံ့မှု တွေ ချက်ချင်းဝင်လာ ဦးမှာပါ လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ စနေနေ့ ထုတ် ဝါရှင်တန် ပိုစ့် သတင်းစာမှာတော့ မြောက်ကိုရီးယား ဟာ နျူကလိယပ် လက်နက် လုံးဝ ဖျက်သိမ်းရေး နဲ့ လက်နက်တွေ သိုလှောင် ထုတ်လုပ်တဲ့ စခန်းတွေ ကိုတော့ ဖုံးကွယ် ဖွက်ထားဖို့ ပြင်ဆင် နေတယ် ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး သတင်း ရပ်ကွက် ကို ကိုးကား ရေးထားပါတယ်။

တဖက် မှာလည်း မစ္စတာ ဘိုလ်တင် က မြောက်ကိုရီးယား ဟာ သံတမန် ရေး ဆက်ဆံမှု ပွင့်လင်း လာတဲ့ အပေါ်မှာ အကာအကွယ် ယူတတ်တဲ့ သမိုင်းကြောင်း ကို နားလည်ကြောင်း ပြောသလို မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် နဲ့ စင်ကာပူ မှာ တွေ့ စဉ် ကတော့ သူဟာ အရင် ခေါင်းဆောင်တွေ နဲ့ မတူကြောင်း ကို ထပ်ခါတလဲလဲ ပြောတာကို လည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

ဂျပန် အစိုးရကတော့ မြောက်ကိုးရီးယား အနေနဲ့ အမေရိကန် ကို ကတိကဝတ်တွေ ပေးခဲ့ပေမဲ့ သူ့တို့ဘက် ကတော့ အရှေ့အာရှ လုံခြုံရေး အတွက် လုံခြုံရေး အပိုင်း ကို လျှော့ချ ဖို့ အစီအစဉ် မရှိသေးကြောင်း ဆိုထားပါတယ်။