အမေရိကန် သေနတ်ပစ်ခတ်သတ်ဖြတ်မှုသမိုင်းစဉ်

ကျောင်းတွင်းပစ်ခတ်မှုအတွက် တရားစွဲဆိုခံထားရသူ အသက် ၁၇ နှစ်အရွယ်လူငယ်

ဓာတ်ပုံ ရင်းမြစ်, Galveston County Jail/ Twitter

ဓာတ်ပုံ ပုံစာ, ကျောင်းတွင်းပစ်ခတ်မှုအတွက် တရားစွဲဆိုခံထားရသူ အသက် ၁၇ နှစ်အရွယ်လူငယ်

အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် ဆန်တာဖေး အထက်တန်းကျောင်းမှာ သောကြာမနက်က အသက် ၁၇ နှစ်အရွယ် ကျောင်းသား တယောက်ရဲ့ ပစ်ခတ်မှုကြောင့် ကျောင်းသား ၈ ယောက်နဲ့ လက်ထောက် ဆရာ နှစ်ယောက် သေဆုံးခဲ့ပါတယ်။

အမေရိကန်မှာ လူအများအပြားကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု ဖြစ်စဉ်ဟာ တဖြည်းဖြည်းတိုးတက် များပြားလာတာ တွေ့ရပါတယ်။

၁၉၈၀ လွန်နှစ်တွေ အတွင်း အမေရိကန်ပြည်ထောင်စုမှာ သေနတ်ပစ်မှု ၈ မှု ဖြစ်ပွားခဲ့ပါတယ်။ အဲဒီအထဲက အဆိုးဆုံးက ၁၉၈၄ ခုနှစ် ကယ်လီဖိုးနီးယား ပြည်နယ် မက်ဒေါ်နယ် ဘာဂါဆိုင်မှာ ဖြစ်တဲ့အမှုပါ။ စုစုပေါင်း ၂၂ ယောက်သေဆုံးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်မှာ လက်နက်ထိန်းချုပ်တဲ့ ဥပဒေတခုပြဋ္ဌာန်းခဲ့ပေမယ့် ၉၀ လွန်နှစ်တွေအတွင်း သေနတ်ပစ်ခတ်အကြမ်းဖက်မှုဟာ ၂၃ ဆတိုးမြင့်လာတာတွေ့ရပါတယ်။ ၉၀ လွန်နှစ်တွေအတွင်း သေဆုံးသူ စုစုပေါင်း ၁၅၉ ယောက်ရှိပါတယ်။

၉၀ လွန်နှစ်တွေ အတွင်း ပစ်ခတ်မှုတွေ အနက် ကိုလံဘိုင် အထက်တန်းကျောင်းပစ်ခတ်မှုကြောင့် ကျောင်းသား ၁၂ ယောက်နဲ့ ဆရာ ၁ ယောက်သေဆုံးခဲ့ပါတယ်။

၂၀၀၀ ပြည့်လွန်နှစ်တွေမှာ ပိုပြီးများလာပါတယ်။ ခရစ်နှစ် ၂၀၀၀ ကနေ ခရစ်နှစ် ၂၀၁၀ အတွင်း ပစ်ခတ်မှု အကြိမ် ၂၀ ဖြစ်ပွားခဲ့ပါတယ်။ စုစုပေါင်း ၁၇၁ ယောက်သေဆုံးခဲ့ပါတယ်။

အဲဒီကာလအတွင်း ပစ်ခတ်မှုတွေ အနက် ဗာဂျီးနီးယား နည်းပညာတက္ကသိုလ်မှာ လူ ၃၂ ယောက်သေဆုံးတဲ့ အဖြစ်အပျက်ဟာ ကျောင်းတွင်းပစ်ခတ်မှုတွေ အနက် အဆိုးဆုံးအဖြစ်အပျက်တခုဖြစ်ပါတယ်။

၂၀၁၀ နောက်ပိုင်းမှာလည်း ဆက်ပြီးတိုးလာပါတယ်။ ကနေဒီကစ်ကျောင်းမှာ ပစ်ခတ်မှုကြောင့် ၂၈ ယောက်သေဆုံးခဲ့ပါတယ်။ အော်လန်ဒို ညကလပ် ပစ်ခတ်မှုကြောင့် ၄၉ ယောက်သေဆုံးခဲ့ပါတယ်။ အော်လန်ဒို ပစ်ခတ်မှုဟာ အိုဘားမား အစိုးရလက်ထက်မှာ ၃၃ ကြိမ်မြောက်ပစ်ခတ်မှုဖြစ်ပါတယ်။

လပ်စ်ဗေးဂတ် ဟိုတယ်ပေါ်ကနေ ပစ်ခတ်ခဲ့မှုကြောင့်လည်း လူပေါင်း ၅၈ ယောက်သေဆုံးခဲ့ပါတယ်။ ၂၀၁၀ ကနေ ၂၀၁၇ ခုနှစ်အတွင်းမှာ လူအုပ်အတွင်း ပစ်ခတ်မှုကြောင့် သေဆုံးသူ ၃၅၀ ရှိပါတယ်။

အခု ၂၀၁၈ ခုနှစ်ရဲ့ ပထမ သီတင်းပါတ် ၂၀ အတွင်းမှာတော့ ပစ်ခတ်မှု ၂၂ ကြိမ်ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၃၈ ယောက်ရှိခဲ့ပါပြီ။