
မြုပ်လာနေသောမြို့များ - ဂျာကာတာကနေ ရန်ကုန်အထိကြုံရပုံနဲ့ တိုကျိုရဲ့ ဖြေရှင်းခဲ့ပုံနည်းလမ်း
"ဒီအိမ် မြုပ်နေတာကြာပါပြီ" လို့ အာနာကပြောပါတယ်။
ပြီးခဲ့တဲ့ ၂၂ နှစ်တုန်းကတော့ သူအိမ်ပြင်ထွက်ရပ်ရင် "ပြတင်းပေါက်တွေက ကျွန်မရင်ဘတ်လောက်ရှိတယ်" လို့ဆိုပါတယ်။
အခုတော့ သူ့ ဒူးလောက်အထိကျသွားပါပြီ။ အာနာဟာ ကမ္ဘာမှာ အမြန်ဆုံးမြေကြီးထဲကျွံဝင်နေတဲ့ မြို့တစ်မြို့ဖြစ်တဲ့ အင်ဒိုနီးရှားမြို့တော် ဂျာကာတာမှာနေသူပါ။ သူ့အိမ်က အဆိုးဆုံးထိခိုက်ခံရတဲ့ မြို့ရဲဲ့မြောက်ဘက်ဒေသမှာပါ။ သူ့အိမ်ဟာ ခုဆိုလမ်းထက်တောင်နိမ့်နေပါပြီ။ မိုးသည်းတိုင်းလည်း ရေလျှံတဲ့နေရာပါ။
အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့ အာနာဟာ ဒီမှာပဲ ကြီးပြင်းခဲ့သူဖြစ်ပြီး တစ်ချိန်က စည်ကားတဲ့ဆိပ်ကမ်းနဲ့ ဗလီတွေရှိခဲ့တာကို အမှတ်ရပါတယ်။
အခုတော့ အဲဒါတွေက ရေအောက်ရောက်သွားခဲ့ကြပါပြီ။ ၁၉၇၀ ကျော်က ဆောက်ခဲ့တဲ့ သူ့အိမ်ရဲ့ နံရံတွေက အက်ကွဲနေပြီး အိမ်ထဲမှာလည်း ကြမ်းပြင်ကို ရေအထက်ရောက်အောင် အကြိမ်ကြိမ် ဘိလပ်မြေခင်းခဲ့ရတာကိုတွေ့နိုင်ပါတယ်။ အဲဒီလို ထပ်မြှင့်ရတာ ၁၀ ကြိမ်လောက်ရှိခဲ့ပါပြီ။ တချို့အခန်းတွေဆို ကြမ်းပြင်ကို ကွန်ကရိထပ်လောင်းထားတာ သုံးပေမက အထူရှိပါတယ်။ ဒါတောင် အိမ်က ရေထဲထပ်မြုပ်နေတုန်းပါ။
အာနာတစ်ယောက် ဒီကနေလည်း မရွှေ့နိုင်ပါဘူး။


စင်္ကာပူနိုင်ငံက နန်ယန်းနည်းပညာတက္ကသိုလ်ရဲ့ လေ့လာချက်အရ ဒီနေရာဟာ စိုးရိမ်စရာကောင်းလောက်အောင် ရေထဲနိမ့်ဝင်လာနေတဲ့ ကမ်းခြေဒေသတွေထဲမှာ ပါပါတယ်။ လေ့လာရေးအဖွဲ့က အာရှ၊ အာဖရိက၊ ဥရောပနဲ့ အမေရိကားတိုက်မှာရှိကြတဲ့ ကမ်းခြေဒေသတွေက မြို့ ၄၈ မြို့မှာ မြေသားနိမ့်ဝင်မှုတွေကို သုတေသနလုပ်ခဲ့ပါတယ်။ အဲဒီဒေသတွေဟာ အထူးသဖြင့် ရာသီဥတုပြောင်းလဲလာမှုကြောင့် ပင်လယ်ရေမျက်နှာပြင်တွေတက်လာတာနဲ့ မြေသားနိမ့်ဝင်တာတွေကို ပေါင်းစုကြုံတွေ့နေရတဲ့ ဒေသတွေ ဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ လေ့လာချက်နဲ့ လူဦးရေစာရင်းတွေကို အခြေခံပြီးတွက်ကြည့်တဲ့အခါ အဲဒီမြို့တွေက ၂၀၁၄ ကနေ ၂၀၂၀ အတွင်း တစ်နှစ်ကို အနည်းဆုံး ပျမ်းမျှ တစ်စင်တီမီတာလောက် မြေသားနိမ့်ဝင်နေတဲ့ဒေသတွေမှာ လူဦးရေ ၇၆ သန်း လောက်နေကြပါတယ်။
အဲဒီက လူတွေအပေါ် သက်ရောက်မှုတွေကလည်း အကြီးကြီးပါ။ ဥပမာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းက တီယန်ကျင်းမြို့မှာဆိုရင် မြေသားနိမ့်ဝင်လို့ လမ်းတွေမှာ အက်ကြောင်းကြီးတွေ ပေါ်လာပြီးတဲ့နောက် အနားက အထပ်မြင့်အဆောက်အဦတွေက လူ ၃၀၀၀ ကျော်ကို နေရာရွှေ့ပေးခဲ့ရပါတယ်။
ဒီကမ္ဘာလုံးမှာ အခုပြောခဲ့တဲ့ မြို့နေရာ ၄၈ ခုစလုံးကို ပြထားပါတယ်။ မြေကျွံဝင်မှုအဆိုးဆုံးကို တရုတ်က တီယန်ကျင်းမြို့မှာတွေ့ရပါတယ်။ အဲဒီမှာ ဒီရာစုနှစ်အတွင်း စက်မှုနဲ့ အခြေခံအဆောက်အအုံတွေ အမြန်ဆုံးတည်ဆောက်ခဲ့တဲ့နေရာပါ။ မြို့ထဲက အဆိုးဆုံးထိခိုက်တဲ့အပိုင်းတွေဆို ၂၀၁၄ က ၂၀၂၀ အတွင်း တစ်နှစ်ကို ပျမ်းမျှ ၁၈.၇ စင်တီမီတာလောက် နိမ့်ဝင်ခဲ့ပါတယ်။
မြို့တွေဘယ်လောက်နိမ့်ဝင်နေသလဲသိရအောင် အောက်ကမြို့တစ်မြို့ကို ရွေးပြီးနှိပ်ပါ။ အဲဒီမြို့က အဆိုးဆုံးမြေသားနိမ့်ဝင်နေတဲ့ နေရာတွေကို အစိမ်းရောင်နဲ့ပြပြီး အဲဒီလို နိမ့်ဝင်နေရတဲ့ အကြောင်းရင်းတွေကိုလည်း ဖော်ပြပေးပါမယ်။
နိမ့်ဝင်တဲ့နှုန်းကို တိုင်းတာရာမှာ မြို့တစ်မြို့စီက တခြားနေရာတွေထက် မြေသားတည်ငြိမ်မှုရှိတဲ့ နေရာအဖြစ် ပညာရှင်တွေ ယူဆတဲ့နေရာကို နှိုင်းပြအညွှန်းအဖြစ် သတ်မှတ်ပါတယ်။ တိုင်းတာပုံနည်းလမ်းအကြောင်းကို ပိုသိချင်ရင် ဒီဆောင်းပါး အဆုံးမှာ ဖတ်နိုင်ပါတယ်။
မြေအောက်ရေစုပ်ထုတ်မှု အန္တရာယ်
"မြေကြီးနိမ့်ဝင်နေမှုဟာ မြို့အတော်များများမှာ တွေ့ရတတ်ပါတယ်" လို့ NTU တက္ကသိုလ်က ဦးဆောင်သုတေသန ပညာရှင် ရှာရိုင်းတေးက ပြောပါတယ်။ အဓိကအကြောင်းရင်းတွေထဲကတစ်ခုက မြေအောက်ကရေကို စုပ်ထုတ်တာကြောင့်လို့ သူက ဆက်ပြောပါတယ်။
မြေအောက်ရေကို မြေမျက်နှာပြင်အောက်က အက်ကြောင်းတွေနဲ့ သဲ၊ မြေဆီလွှာနဲ့ ကျောက်တုံးတွေထဲက နေရာလပ်တွေမှာတွေ့နိုင်ပါတယ်။ သောက်သုံးဖို့အပါအဝင် နေအိမ်တွေမှာ သုံးစွဲတဲ့ရေပမာဏရဲ့ တစ်ဝက်လောက်က မြေအောက်ရေက ရတာပါ။ ရေသွင်းစိုက်ပျိုးရေးအတွက်လည်း ဒီရေက သိပ်အရေးပါပါတယ်။ ဒါပေမဲ့ မြို့ကြီးတွေ ကြီးမားချဲ့ထွင်လာတာနဲ့အမျှ ရေသန့်ရရှိရေးကလည်း ပိုခက်လာပါတယ်။
လူနေအိမ်တွေနဲ့ စက်မှုလုပ်ငန်းတွေဟာ ကိုယ်ပိုင်ရေတွင်းတွေတူးပြီး ရေရရှိရေးလုပ်ကြတာမှာ ဂျာကာတာလိုနေရာမှာဆိုရင် အလွန်အကျွံထုတ်ယူတာမျိုး ဖြစ်လာပါတယ်။ အဲဒီလို အလွန်အကျွံ ကာလတာရှည်ထုတ်ယူလာကြရင် မြေဆီလွှာကို ကျုံ့ဝင်စေပြီး အဲဒီကနေ မြေကြီးပေါ်မှာ ဆောက်ထားတဲ့အဆောက်အဦတွေ နစ်မြုပ်တာ၊ ကျွံဝင်တာတွေဖြစ်လာပါတယ်။
ဂျာကာတာမြို့ရဲ့တစ်ဝက်လောက်က အခုဆို ပင်လယ်ရေမျက်နှာပြင်အောက်ထက် နိမ့်နေပါတယ်။ ဂျာကာတာဟာ သမုဒ္ဒရာထဲစီးဆင်းတဲ့ မြစ် ၁၃ စင်းဖြတ်သွားတဲ့ နွံမြေပေါ်မှာ ရှိတာကြောင့် ပိုပြီး စိုးရိမ်စရာကောင်းနေတာပါ။မြေကြီးကနိမ့်ဝင်နေပြီး ပင်လယ်ရေမျက်နှာပြင်ကလည်း မြင့်တက်လာတာနှစ်ခုပေါင်းဆုံတော့ မြို့တွေမြေအာက်နိမ့်ကျလာတာတွေက ပိုမြန်လာတယ်လို့ မစ္စတေးက ပြောပါတယ်။ "အကြောင်းရင်းက နှစ်ခုပေါ့၊ မြေကြီးကနိမ့်သွားပြီး ရေကမြင့်တက်လာတာ" လို့ မစ္စတေးက ဆိုပါတယ်။
မြေကြီးထဲကျွံဝင်လာနေတဲ့ မြို့တော်တော်များများက အာရှနဲ့ အရှေ့တောင်အာရှမှာတွေ့ရတယ်လို့ မစ္စတေးကပြောပါတယ်။ "အကြောင်းရင်းကလည်း အဲဒီဒေသတွေမှာက လူဦးရေလည်း တဟုန်ထိုးများလာ၊ ဖွံ့ဖြိုးရေးစီမံကိန်းတွေလည်း တိုးလာပြီး ရေလိုအပ်ချက်က ပိုကြီးလာပါတယ်။"
"အဲဒါကြောင့် မြေအောက်ကရေကို ပိုထုတ်သုံးလာကြပြီး အဲဒီနေ ဆက်တိုက်ဖြစ်လာတော့တာပါ၊ နောင်ဆိုရင်တော့ ရေကြီးတာတွေပိုဖြစ်မယ်၊ ပိုဆိုးမယ်၊ ဖြစ်ရင်လည်း ကာလတာရှည်ဖြစ်နေတော့မှာပါ"လို့ သူက ဆက်ပြောပါတယ်။ "နောက်ပြီး ဆားငံရေတွေလည်း ပိုဝင်လာနိုင်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ သောက်သုံးရေသန့်ရရှိရေးတွေပါ ထိခိုက်လာနိုင်ပါတယ်။"
တချို့မြေသားအမျိုးအစားတွေက ပိုပြီးထိခိုက်လွယ်ပြီး အထူးသဖြင့်တော့ မြေနိမ့်ပိုင်းမြစ်ဝကျွန်းပေါ်ဒေသတွေမှာ နေသူတွေအတွက် ပိုအန္တရာယ်များတယ်လို့ မစ္စတေးကဆိုပါတယ်။ အဲဒီနေရာတွေမှာ မြစ်တွေက ပင်လယ်ထဲမစီးဝင်ခင် ခွဲဖြာထွက်သွားကြတဲ့နေရာမျိုးတွေပါ။ အဲဒီလိုဒေသတွေထဲမှာ ဂျာကာတာ၊ ဘန်ကောက်၊ ဟိုချီမင်းစီတီနဲ့ ရှန်ဟိုင်းမြို့တွေ ပါဝင်ပါတယ်။


ဂျာကာတာမှာ ငါးနှစ်တစ်ကြိမ်လောက် အမြဲကြုံနေရတဲ့ ရေကြီးမှုတွေဟာ ပိုပြီးများများ ကြုံလာရနိုင်တယ်လို့ အင်ဒိုနီးရှားမိုးလေဝသဌာနက သတိပေးထားပါတယ်။ ဒါကလည်း မြေပြင်အပူချိန်ပိုတိုးလာတာတွေနဲ့ ဖန်လုံအင်အာနိသင်ရှိတဲ့ ဓာတ်ငွေ့တွေပိုထုတ်လာမှုတွေရဲ့ အကျိုးဆက်တွေကြောင့် တစ်နိုင်ငံလုံးမှာ ကြုံနေရတဲ့ မိုးကြီးသည်းထန်မှုတွေရဲ့ အဆက်ဖြစ်တယ်လို့ဆိုပါတယ်။
ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ရေကြီးမှုကြောင့် ဂျာကာတာမှာ လူ သုံးလေးဆယ်အသက်ဆုံးခဲ့ရသလို အနည်းဆုံး လူ နှစ်သိန်းရှစ်သောင်းကျော်လည်း နေအိမ်တွေမှာ မနေနိုင်ဘဲ ရေကျတဲ့အချိန်အထိ တစ်နေရာကို ရွှေ့ပြောင်းပြီး နေခဲ့ရပါတယ်။
ဂျာကာတာရဲ့ နေရာတချို့ဟာ ၁၉၇၀ ကနဲ့ ယှဥ်ရင် ၁၂ ပေလောက်နိမ့်ဆင်းသွားခဲ့ပြီမို့ အခုဆို အစိုးရက မိုင် ၇၅၀ ကျော်အဝေးမှာရှိတဲ့ ဘော်နီယိုကျွန်းပေါ်က နူဆန်တာရာမှာ မြို့တော်အသစ်တည်ဆောက်နေပါတယ်။
အဲဒီနေရာက ကမ်းရိုးတန်းနဲ့ အဝေးမှာ ရှိပြီး မြစ်ရေနဲ့ မိုးရေကို ဆည်ကြီးတည်ဆောက်ရယူပြီး မြို့ကို ပေးဝေမှာပါ။ မြေအောက်ကရေကို ထုတ်ယူစရာမလိုအောင် အဲဒီဆည်ထဲက ရေကိုပဲ လူနေအိမ်တွေနဲ့ ရုံးတွေကို ပေးဝေဖို့ အစီအစဥ်ဖြစ်ပါတယ်။
ဒါပေမဲ့ မြို့တော်သစ်တည်ဆောက်ရေးက အငြင်းပွားစရာတွေ ဖြစ်ခဲ့ပြီး နှေးကွေးနေခဲ့ပါတယ်။ ဒေါ်လာ ၃၄ ဘီလျံသုံးစွဲရမယ့် ကုန်ကျစရိတ်ကိုလည်း မေးခွန်းထုတ်ခံနေရပြီး ကမ္ဘာပေါ်မှာ ဇီဝမျိုးကွဲတွေ အများဆုံးရှိရာ သဘာဝပတ်ဝန်းကျင်အပေါ် ထိခိုက်သက်ရောက်မှုရှိမှာတွေကိုလည်း ဝေဖန်မှုတွေ ရှိနေပါတယ်။


NTU က လေ့လာခဲ့တဲ့ မြို့တွေထဲ ငါးမြို့က အာဖရိမှာ ဖြစ်ပြီး နိုင်ဂျီးရီးယားက လေးဂို့စ်လည်း ပါပါတယ်။ မနှစ်က အဲဒီမှာ ရေကြီးခဲ့လို့ လူ ၂၇၅,၀၀၀ ကျော် ထိခိုက်ခဲ့ပါတယ်။
အသက် ၂၈ နှစ်အရွယ် ရာကာယတ်ဟာ အလုပ်ရှာရင်း ဘဝတက်လမ်းအတွက် ပြီးခဲ့တဲ့ သုံးနှစ်က လေးဂို့စ်အရှေ့ဘက်ခြမ်းမှာ ရှိတဲ့ အီဘူတေး မက်တာ ရပ်ကွက်ကို ပြောင်းလာခဲ့သူပါ။
သူဟာ မြေကြီးထဲနိမ့်ဝင်နေတဲ့ အပိုင်းမှာရှိတဲ့ အိမ်တစ်လုံးကိုပဲ ငှားနေနိုင်ပါတယ်။ သူ့ရပ်ကွက်ဟာ NTU အစီရင်ခံစာထဲမှာ ဖော်ပြထားတဲ့ အန္တရာယ်ရှိလာနိုင်တဲ့ နေရာတွေထဲ ပါပါတယ်။
“မိုးတွေသည်းလာရင်၊ မုန်တိုင်းကျလာရင် အလွယ်လေးနဲ့ ရေတွေလျှံသွားတတ်တဲ့ နေရာမျိုးမှာ နေနရတာ မလွယ်ပါဘူး” လို့ ရူကာက ပြောပါတယ်။ “အိမ်ရှေ့ ဝရံတာမှာ လျှံနေတဲ့ရေတွေကို ခပ်ထုတ်နေရတယ်”။
အိမ်နံရံတွေက အက်နေပြီး ကြမ်းပြင်ကလည်းအမြဲစိုစိမ့်နေပါတယ်၊ ခေါင်မိုးကလည်း ရေယိုပါသေးတယ်။ ဒါမျိုးက မြေထဲနိမ့်ဝင်လာနေတဲ့ ဒေသတွေမှာ တွေ့ရတတ်တဲ့ အခြေအနေတွေပါလို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
လေးဂို့စ်ရော ဂျာကာတာမှာပါ မြို့ပြက အမြန်ပဲတိုးချဲ့လာနေပြီး လူဦးရေတွေကလည်း တိုးလာနေပါတယ်။ မြို့နေလူဦးရေ တစ်ဝက်လောက်ကလည်း ပိုက်နဲ့သွယ်ပြီး ရတဲ့ ရေကို မသုံးနိုင်ကြသူတွေပါ။ ဒီလို မြို့တွေမှာ လူတွေရော စက်မှုလုပ်ငန်းတွေကပါ မြေအောက်ကရေကို ပိုတိုးပြီး ထုတ်ယူသုံးစွဲလာကြလို့ ဒီနေရာတွေမှာ မြေကြီးနိမ့်ဝင် ကျွံဝင်မှုတွေကို အများဆုံးတွေ့ရတတ်ပါတယ်။
တကယ်တော့ NTU ဖော်ပြခဲ့တဲ့ မြို့ ၄၈ မြို့ထဲက တစ်ဝက်မှာ မြေကြီးနိမ့်ဝင်မှုတွေဟာ မြေအောက်ရေတူးယူမှုတွေက အဓိက အကြောင်းရင်း ဖြစ်ခဲ့တာကို ဘီဘီစီကလည်း လေ့လာတွေ့ရှိခဲ့ပါတယ်။ လူတွေလုပ်တဲ့ တခြားလုပ်ငန်းတွေ ဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းလို သတ္တုတွင်းတူးဖော်တာလို လုပ်ငန်းတွေကလည်း မြေကြီးနိမ့်ဝင်မှုတွေ ဖြစ်စေပါတယ်။
သဘာဝချင်းရာတွေ ဖြစ်တဲ့ မြေအောက်ကျောက်လွှာ ပြတ်ရွေ့တာ၊ မြေသားတွေ သိပ်သည်းပြီး ကျပ်လာတာမျိုးကလည်း မြေကြီးနိမ့်ဝင်မှုတွေဖြစ်စေပေမဲ့ လူလုပ်တဲ့ အလုပ်တွေကြောင့် ဖြစ်ရတာမျိုးလောက်တော့ မဆိုးဝါးဘူးလို့ တချို့ ကျွမ်းကျင်သူတွေက ပြောကြပါတယ်။
ဒယ်အိုး သက်ရောက်မှု
ပင်လယ်ကမ်းခြေတွေမှာ ရှိကြတဲ့ မြို့တော်တော်များများဟာ မြေသားနိမ့်ဝင်မှုနဲ့ ပင်လယ်ရေမြင့်တက်လာမှုတွေကို ပေါင်းပြီး ရင်ဆိုင်လာရတဲ့အခါ အဖြေရှာလာကြပါတယ်။ ဒါပေမဲ့ အဲဒီလို အဖြေရှာရင်း လုပ်ဆောင်မှုတွေက တစ်ခါတလေ နောက်ထပ် ပြဿနာတွေပေါ်လာစေပါတယ်။ ဂျာကာတာ၊ အီဂျစ်က အလက်ဇန်းဒရီးယားမြို့နဲ့ ဗီယက်နမ်က ဟိုချီမင်းစီတီမြို့တွေမှာဆို ပင်လယ်ရေတက်လာမှာကို ကာဖို့ ကမ်းခြေတလျှောက်မှာ တံတိုင်းတွေ၊ နံရံတွေ၊ သဲအိတ်တွေချထားပြီး ကာကွယ်ဖို့လုပ်ကြပါတယ်။


ဒါပေမဲ့ အဲဒီလို နံရံတွေ တံတိုင်းတွေကို ပိုကြီးအောင်ဆောက် ပိုမြင့်အောင် မြှင့်လာတဲ့အခါ “ဒယ်အိုး သက်ရောက်မှု” လိုမျိုးဖြစ်လာနိုင်တယ်လို့ အီတလီနိုင်ငံ ပါဒိုဗာတက္ကသိုလ်က ပါမောက္ခ ပီယက်ထရိုတီတီနီက သတိပေးပါတယ်။ အဲဒါက မိုးရေနဲ့ မြစ်ရေတွေက တံတိုင်းနောက် အထဲက နေရာတွေမှာ စုနေပြီး ပင်လယ်ထဲပြန်မစီးထွက်နိုင်တော့ဘဲ ရှိနေတာမျိုးပါ။ အဲဒါကြောင့်လည်း ရေတွေကြီးတာမျိုး ဖြစ်နိုင်ပါတယ်။ အဲဒီလိုရေတွေကို ပြန်ထုတ်နိုင်အောင် ဂျာကာတာနဲ့ ဟိုချီမင်းစီတီမြို့တွေမှာ ရေထုတ်စက်ရုံတွေ ဆောက်ထားကြပါတယ်။ ဒါပေမဲ့ ဒီနည်းကလည်း မြေနိမ့်ဝင်မှုနဲ့ ရေကြီးမှု ဖြစ်ရတဲ့ အကြောင်းရင်းတွေကို မဖြေရှင်းပေးနိုင်ပါဘူး။
တိုကျိုက ဒီပြဿနာကို ဘယ်လိုရှင်းခဲ့သလဲ
တိုကျိုမြို့ရဲ့ အစိတ်အပိုင်းတချို့မှာ မြေနိမ့်ဝင်မှုဖြစ်နေတယ်ဆိုတာ စသိခဲ့ရချိန်မှာ ဒီပြဿနာရဲ့ရင်းမြစ်ထိ ဖြေရှင်းဖို့ ဆုံးဖြတ်ခဲ့ပြီး မတူတဲ့ချဥ်းကပ်မှုပုံစံနဲ့ လုပ်ခဲ့ကြပါတယ်။
တိုကျိုမှာ မြေအောက် ရေတွင်းတူးမှုအပေါ် တင်းကျပ်တဲ့ စည်းမျဥ်းတွေ ထုတ်ပြန်ပြီးနောက်ပိုင်း မြေနိမ့်ဝင်မှုဟာ ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ သိသိသာသာ နှေးကွေးသွားခဲ့ပါတယ်။
ရေပေးဝေမှုစီမံအုပ်ချုပ်တဲ့စနစ်တစ်ခုကို တည်ဆောက်ခဲ့ပြီး ဒီအချက်က မြေနိမ့်ဝင်မှုရပ်တန့်ဖို့ အထိရောက်ဆုံးဖြေရှင်းနည်းဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။
ဒီနေ့အချိန်မှာ တိုကျိုဟာ အတော်လေး တည်ငြိမ်နေတာကို NTU လေ့လာမှုက တွေ့ရှိခဲ့ပါတယ်။ ဒါပေမဲ့ မြို့ရဲ့အစိတ်အပိုင်းအနည်းငယ်မှာတော့ ၂၀၁၄ နဲ့ ၂၀၂၀ ကြား တစ်နှစ်ကို ၀.၀၁ နဲ့ ၂.၄ စင်တီမီတာ နိမ့်ဝင်တာမျိုးတော့ ဖြစ်ခဲ့ပါတယ်။
တိုကျိုရဲ့ စနစ်က ဘာကြောင့် အလုပ်ဖြစ်တာလဲ။

တိုကျိုရဲ့စနစ်က ထိရောက်ပေမဲ့ တည်ဆောက်မှုနဲ့ ထိန်းသိမ်းမှုကုန်ကျစရိတ်မြင့်မားတာကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးချနိုင်ဖို့တော့ သံသယရှိကြတယ်လို့ ဂျပန်နိုင်ငံ ဝါဆေးဒါးတက္ကသိုလ်က ပါမောက္ခ မီဂဲလ် အက်စတဘန်က ပြောပါတယ်။
ဘာပဲဖြစ်ဖြစ် အာရှမြို့တချို့ကတော့ တိုကျိုရဲ့ ချဥ်းကပ်မှုပုံစံကို စံပြအဖြစ် ယူနေကြဆဲပါ။
ဥပမာ ထိုင်ဝမ်မြို့တော် ထိုင်ပေမှာဆိုရင် ၁၉၇၀ ပြည့်လွန်နှစ်တွေမှာ မြေအောက်ရေထုတ်ယူမှု လျှော့ချခဲ့တာကြောင့် မြေနိမ့်ဝင်မှုနှုန်းကို နှေးကွေးအောင် အထောက်အကူဖြစ်စေခဲ့ပါတယ်။

ဟျူစတန်၊ ဘန်ကောက်နဲ့ လန်ဒန်တို့လို မြို့အများအပြားမှာလည်း မြေအောက်ရေတွင်းနဲ့ပတ်သက်ပြီး သိပ်မနိမ့်လွန်း သိပ်မမြင့်လွန်းဖြစ်စေမယ့် စည်းမျဥ်းတွေ သတိထားပြီး ထုတ်ပြန်ခဲ့ပါတယ်။
တချို့မြို့တွေမှာတော့ မတူတဲ့ နည်းလမ်းတွေ အသုံးပြုနေကြပါတယ်။ ဥပမာ ရှန်ဟိုင်းဆိုရင် ‘ရေထိုးသွင်းမှု’ နည်းလမ်းကို အသုံးပြုပြီး ဒါက တော်တော်လုပ်ဖြစ်တယ်လို့ ပါမောက္ခ တိတ်တိနီက ပြောပါတယ်။
ယန်ဇီမြစ်ထဲကနေ သန့်စင်ထားတဲ့ရေတွေကို အရင် မြေအောက်ရေထုတ်ဖူးတဲ့တွင်းတွေထဲကို ထည့်သွင်းတာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံက ချုံကင်း နဲ့ အယ်လ်ဆာဗေးဒိုးက ဆန်ဆာဗေးဒိုးလို မြို့တွေမှာတော့ မြို့ထဲမှာ ရေစုပ်ယူထိန်းသိမ်းထားနိုင်တဲ့ ဧရိယာ (ရေစုပ်မြို့ - Sponge City) တွေ ဖန်တီးတဲ့ နည်းလမ်းကို အသုံးပြုကြပါတယ်။
ရေစိမ့်ဝင်လို့မရတဲ့ ကွန်ကရစ်တွေ၊ ကတ္တရာတွေ အသုံးမပြုဘဲ ရေစုပ်မြို့ ဧရိယာတွေမှာ သဘာဝအတိုင်း ရေစုပ်ယူနိုင်တဲ့ မျက်နှာပြင်တွေအဖြစ် မြေသား၊ မြက်ခင်း နဲ့ သစ်ပင်တွေပဲ ရှိနေစေပါတယ်။ ပန်းခြံတွေ၊ စိမ့်မြေတွေ နဲ့ သစ်ပင်တွေပဲ ရှိတဲ့ နေရာတွေ တည်ဆောက်မှုကို ဦးစားပေးလုပ်ဆောင်ပါတယ်။ အဲဒီထဲမှာ ရေကန်တွေ ရေအိုင်တွေလည်း ပါဝင်မှာ ဖြစ်ပြီး ဒါတွေက မိုးရာသီမှာဆိုရင် ရေလမ်းကြောင်း လွှဲပြောင်းပေးတာမျိုးနဲ့ ရေသိုလှောင်တာမျိုးတွေ လုပ်ပေးနိုင်ပါတယ်။


ဒီနည်းလမ်းက ‘’ပိုပြီး အလုပ်ဖြစ်တဲ့ ရေရှည်ခံတဲ့ ဖြေရှင်းမှုဖြစ်ပြီး ဆည်တည်ဆောက်မှုကုန်ကျစရိတ်ရဲ့ ၁၀ ပုံ ၁ ပုံ ပဲရှိတယ်’’ လို့ ဗာဂျီးနီးယား တက်ခ် တက္ကသိုလ်က ပါမောက္ခ မနူချီဟာ ရှီယာဇေးက ပြောပါတယ်။
ဒါပေမဲ့ ဝေဖန်ထောက်ပြသူတွေကတော့ တည်ဆောက်ထားပြီးသား မြို့တွေထဲမှာ ဒီလို ရေစုပ်မြို့တွေ ထည့်သွင်းဖို့က ခက်ခဲသလို အပြောင်းအလဲဖြစ်နိုင်လောက်ထိ ကြီးမားတဲ့ နေရာပမာဏထည့်သွင်းထားတာမျိုး မရှိဘူးလို့ ပြောကြပါတယ်။
နောက်ပြီး ဘယ်ရင်းနှီးမြှုပ်နှံမှုမှာမဆို ရေရှည် နိုင်ငံရေး ကတိကဝတ်လည်း လိုအပ်တယ်လို့ ပါမောက္ခ ရှီယာဇေးက ပြောပါတယ်။
‘’မြေနိမ့်ဝင်မှုက အချိန်အကြာကြီးအတွင်း တဖြည်းဖြည်းနဲ့ နိမ့်ဝင်တာမျိုးပါ။ ဒါကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် ဆယ်စုနှစ်နဲ့ချီပြီး ကြာရှည်ခံတဲ့ ဆုံးဖြတ်ချက်တွေ ခက်ခက်ခဲခဲ ချမှတ်ကြရပါတယ်’’ လို့ သူက ပြောပါတယ်။ မြေအောက်ရေတွင်းအပေါ် ကန့်သတ်စည်းမျဥ်းတွေ ချတုန်းကဆိုရင် အဲဒီအချိန်တုန်းက ရေတွင်းတွေ၊ အဝီစိတွင်းတွေကို အဓိကမှီခိုနေကြတဲ့ မဲဆန္ဒရှင်တွေကြားမှာ လူကြိုက်မများခဲ့တဲ့ စည်းမျဥ်းတွေ ဖြစ်ပါတယ်။
အပြောင်းအလဲတွေ မလုပ်ဘဲနဲ့တော့ အာနာလို ကိုယ့်အိမ် တဖြည်းဖြည်းကျွံဝင်နေတာကို ကြည့်ရင်း
မနိုင်တဲ့ တိုက်ပွဲကို တိုက်နေကြရသူတွေ အများကြီး ထွက်ပေါ်လာနေဦးမှာ ဖြစ်ပါတယ်။
တွက်ချက်ပုံနည်းစနစ်အကြောင်း -
NTU ရဲ့ လေ့လာမှုအတွက် ၂၀၂၀ ခုနှစ်မှာ ကမ်းရိုးတန်းနဲ့ ၅၀ ကီလိုမီတာ (၃၀ မိုင်)အတွင်းက လူဦးရေ အနည်းဆုံး ၅ သန်းရှိတဲ့ ကမ်းရိုးတန်းမြို့ပြနေရာတွေကို ရွေးချယ်ခဲ့ပါတယ်။ မြေနိမ့်ဝင်မှုနှုန်းကို ခန့်မှန်းနိုင်ဖို့ ၂၀၁၄ နဲ့ ၂၀၂၀ ကြားကာလအတွင်းက အချက်အလက်တွေကို နှိုင်းယှဥ်ရင်း ဂြိုဟ်တုဓာတ်ပုံတွေကို ဆန်းစစ်လေ့လာခဲ့ပါတယ်။
မြို့တစ်မြို့ချင်းစီမှာ ရည်ညွှန်းအမှတ်နေရာတစ်ခုကို သတ်မှတ်ပြီး မြေနိမ့်ဝင်မှုနှုန်းကို တိုင်းတာပါတယ်။ ဒီနည်းက ပိုပြီး တည်ငြိမ်မှုရှိတယ်လို့ သိပ္ပံပညာရှင်တွေက ယူဆပါတယ်။ ရည်ညွှန်းအမှတ်နေရာမှာ နိမ့်ဝင်တာဖြစ်ဖြစ် မြင့်တက်တာဖြစ်ဖြစ် ဖြစ်ခဲ့ရင် မြို့ရဲ့ တခြားနေရာတွေမှာ ပိုမြန်မြန်နိမ့်ဝင်သွားသလား၊ ပိုနှေးနှေးကွေးကွေး နိမ့်ဝင်သလားဆိုတာ တိုင်းတာတာ ဖြစ်ပါတယ်။
ဒီနည်းက လူအရေအတွက် ဘယ်လောက်များများ ထိခိုက်ခံရနိုင်သလဲဆိုတဲ့ ဘီဘီစီရဲ့ ခန့်မှန်းချက်တွေအပေါ်လည်း သက်ရောက်မှုရှိနိုင်ပါတယ်။
ဒါကြောင့် မြေနိမ့်ဝင်မှုနှုန်းကို မြို့နေရာနှစ်ခုရဲ့ နှိုင်းရ တိုင်းတာမှုအဖြစ်သာ ရှုမြင်သင့်ပါတယ်။ တချို့နေရာတွေက တခြားနေရာတွေထက် ပိုထိခိုက်နိုင်ခြေရှိတယ်ဆိုတာကို ဒီနည်းလမ်းက ရှာဖွေဖော်ထုတ်ပေးနိုင်ပါတယ်။



ပုဂံမှာ သစ်ပင်စိုက်သင့်၊ မစိုက်သင့် - ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ပုဂံအတွက် အန္တရာယ်များ
ငလျင်ကြောင့် မြေအောက်ရေကြောနဲ့ ရေ အရည် အသွေးတွေပြောင်းလဲသွား
ကမ္ဘာ့အပူစံချိန်တင်မြန်မာ၊ သစ်ပင်စိုက်ပျိုးမှုနဲ့ ရှင်သန်ခွင့် ရုန်းကန်နေရတဲ့သစ်ပင်တွေ