အောက်တိုဘာ ၁၈ ရက် ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။
ကံပိုင်တည်မြို့အနီး တိုက်ပွဲပြင်းထန်
ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်မြို့ ကံပိုင်တည်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေတဲ့ သတင်းအပါအဝင် အောက်တိုဘာ ၁၈ ရက် မြန်မာနဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းများတိုက်ရိုက်တင်ဆက်မှု
အနှစ်ချုပ်
- ထိုင်းမှာ ကားထဲကိုဖွက်သယ်လာတဲ့ မြန်မာသုံးဦး အသက်ရှုကျပ်ပြီး ဒီကနေ့ သေဆုံးခဲ့ပါတယ်။
- ပြည်တွင်း၊ ပြည်ပနိုင်ငံတွေကနေပါ QR ကုဒ်နဲ့ တိုက်ရိုက်ငွေပေးချေနိုင်တဲ့ ဒီဂျစ်တယ်ငွေပေးချေစနစ် “MyanmarPay” ရဲ့ ရှေ့ပြေးစမ်းသပ်မှုတွေစတင်နေပြီလို့ ဗဟိုဘဏ် ပြော။
- ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ကို အီတလီ လူ့အခွင့်ရေးအဖွဲ့က နိုင်ငံတကာလူ့အခွင့်အရေးဆု ချီးမြှင့်လိုက်ပါတယ်။
- TNLA တပ်မဟာ (၁) နယ်မြေထဲမှာ ၆၀မမ အမျိုးအစား လက်နက်ကြီးကျည်ဖြုတ်ရှင်းလင်းချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၂ ဦး သေဆုံးသွားပါတယ်။
- ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်မြို့ ကံပိုင်တည်အနီးမှာ စစ်ကောင်စီတပ် တွေနဲ့ KIA ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန်နေပါတယ်။
တိုက်ရိုက် ထုတ်လွှင့်ချက်
ဟားမတ်စ်ခေါင်းဆောင် ယာယာဆင်ဝါ ဘယ်လို သေဆုံးခဲ့သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, ယာယာဆင်ဝါ ယာယာဆင်ဝါကို အခုလို သတ်ဖြတ်နိုင်ခဲ့တာဟာ ထောက်လှမ်းရေးသတင်းအချက်အလက်တွေရလို့ အသေအချာစီစဉ်ထားတဲ့ အထူးစစ်ဆင်ရေးလုပ်ပြီး သတ်ဖြတ်နိုင်ခဲ့တာမဟုတ်ဘဲ ဂါဇာတောင်ပိုင်းက ရာဖာမှာ အစ္စရေးတပ်တွေနဲ့ မတော်တဆဆုံမိစဉ်အတွင်း အသတ်ခံခဲ့ရတာဖြစ်ပါတယ်။
ကင်းလှည့်နေတဲ့ အစ္စရေးတပ်ဖွဲ့တစ်ခုက ပါလက်စတိုင်းလက်နက်ကိုင် သုံးယောက်ကို လှမ်းတွေ့လို့ ပစ်ခတ်စဥ်မှာ လူတစ်ယောက်က အဆောက်အဦတစ်ခုထဲကို ပြေးဝင်သွားခဲ့တာကို တွေ့ခဲ့ရပါတယ်။
အစ္စရေးစစ်တပ်က နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ရုပ်သံအရ ဗုံးကျည်တွေ ထိမှန်ပျက်စီးနေတဲ့ အဆောက်အဦပျက်ထဲကို ဒရုန်းနဲ့ဝင်ရောက်ထောက်လှမ်းခဲ့စဉ်မှာ ထိုင်ခုံမှာ ဒဏ်ရာရပြီးထိုင်နေတဲ့ ဆင်ဝါကို တွေ့ခဲ့ရပါတယ်။
တုတ်တစ်ချောင်းကို ကိုင်ထားတဲ့ ဆင်ဝါဟာ ဒရုန်းကို တုတ်နဲ့လှမ်းပစ်လိုက်ပါသေးတယ်။
ထိုင်းမှာ ကားထဲဖွက်သယ်လာလို့ မြန်မာသုံးဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, Thai Police
ဓာတ်ပုံ ပုံစာ, ဖမ်းဆီးခံ ယာဉ်မောင်းနှစ်ဦးနဲ့ ထိုင်းရဲတွေ မြန်မာတွေကို တရားမဝင်သယ်ဆောင်လာတဲ့ ထိုင်းယာဉ်မောင်းနှစ်ဦးဟာ ကားထဲပိတ်မိ မွန်းကျပ်နေသူတွေကို သေဆုံးပြီအထင်နဲ့ပစ်ထားခဲ့တာကြောင့် မြန်မာသုံးဦး သေဆုံးခဲ့တယ်လို့ ထိုင်းဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။
ထိုင်းနိုင်ငံ (တောင်ပိုင်း) ချွန်ပွန်းပြည်နယ်၊ လမ်ဆမ်းခရိုင်မှာ အောက်တိုဘာ ၁၈ ရက်က ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်ဟာ မြန်မာတွေ ကုန်တင်ကားနှစ်စီးထဲမှာ ပိတ်မိခဲ့ကြတာဖြစ်ပြီး နှစ်ဦးက နေရာမှာတင်သေဆုံးခဲ့ကာ တစ်ဦးကတော့ လမ်ဆမ်းဆေးရုံပေါ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
ကျန်တဲ့ ခုနစ်ဦးကတော့ အသက်ရှုကျပ်မူးမေ့ ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။
သတိရှိနေသေးသူတွေကို ထိုင်းရဲက မေးမြန်းစစ်ဆေးကြည့်တဲ့အခါ မြန်မာအမျိုးသား (၂၁) ဦးနဲ့ အမျိုးသမီး (၅) ဦးကို အောက်တိုဘာ ၁၄ ရက်တုန်းက မဲဆောက်မြို့ကနေ စတင်ခေါ်ဆောင်လာခဲ့တယ်လို့ ပေါ်ပေါက်ခဲ့တာပါ။
အဲဒီထဲက (၁၀) ဦးကို သေဆုံးပြီလို့ ယာဉ်မောင်းနှစ်ဦးက ယူဆပြီး တောထဲမှာစွန့်ပစ်ခဲ့ကာ ကျန် (၁၆) ဦးကိုတင်ဆောင်ထွက်သွားခဲ့တာလို့ ထိုင်းသတင်းစာဖြစ်တဲ့ Matichon Online မှာ ရေးသားပါတယ်။
သူတို့ဟာ မလေးရှားနိုင်ငံကိုသွားဖို့အတွက် ထိုင်း - မလေးရှား နယ်စပ်ဖြစ်တဲ့ ဆွမ်ကလာပြည်နယ်ကို သွားကြမှာပါ။
အခုလိုတင်ဆောင်လာပြီး ထွက်ပြေးခဲ့တဲ့ ထိုင်းယာဉ်မောင်းနှစ်ဦးကို လူကုန်ကူးမှုနဲ့ တရားစွဲဆိုထားပြီး အမှုကို ဆက်လက်စစ်ဆေးနေတယ်လို့ ထိုင်းရဲတွေကပြောထားပါတယ်။
QR ငွေပေးချေစနစ် “MyanmarPay” ရှေ့ပြေးစမ်းသပ်မှုစတင်

ဓာတ်ပုံ ရင်းမြစ်, PayPlus Co.,Ltd
ဓာတ်ပုံ ပုံစာ, QR ငွေပေးချေစနစ် “MyanmarPay” ပြည်တွင်းသာမက ပြည်ပနိုင်ငံတွေကနေပါ QR ကုဒ်နဲ့ တိုက်ရိုက်ငွေပေးချေနိုင်တဲ့ ဒီဂျစ်တယ်ငွေပေးချေစနစ် “MyanmarPay” ရဲ့ ရှေ့ပြေးစမ်းသပ်မှုတွေစတင်နေပြီလို့ ဗဟိုဘဏ် ထုတ်ပြန်ပါတယ်။
ရန်ကုန်မြို့ ဆူးလေလမ်းမမှာရှိတဲ့ ဗဟိုဘဏ်ရုံးခွဲမှာ MyanmarPay QR ငွေပေးချေတဲ့စနစ်ရှေ့ပြေးစမ်းသပ်မှုအစီအစဥ်တွေနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေက ဗဟိုဘဏ်ဥက္ကဋ္ဌ ကို ရှင်းလင်းခဲ့ကြပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ငွေပေးချေသူနဲ့ ငွေလက်ခံသူလုပ်ငန်းရှင်အကြား “MyanmarPay” QR ဒီဂျစ်တယ် ငွေပေးချေစနစ် အသုံးပြုပြီး ငွေပေးချေနေတဲ့ ပုံစံကို လုပ်ပိုင်ခွင့်ရထားတဲ့ ကုမ္ပဏီတွေက လက်တွေ့သရုပ်ပြခဲ့ကြတာလည်း ဖြစ်ပါတယ်။
MyanmarPay (Digital Payment Switch) ဟာ အမျိုးသားအဆင့်စီမံကိန်းဖြစ်ပြီးတာကြောင့် ဗဟိုဘဏ်ရဲ့ ငွေပေးချေရေးမှုဝါဒနဲ့အညီဆောင်ရွက်နေတယ်လို့လည်း ဗဟိုဘဏ် ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ပြောပါတယ်။
“MyanmarPay” ဒီဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းလည်ပတ်ဖို့အတွက် PayPlus Co.,Ltd. ကို အော်ပရေတာ တာဝန်ပေးထားပြီး၊ နည်းပညာပိုင်းဆိုင်ရာကိုတော့ Andaman Capital Partners ကုမ္ပဏီ က လုပ်ကိုင်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။
လက်ရှိမြန်မာနိုင်ငံအတွင်းသုံးစွဲနေတဲ့ KBZ Pay, AYA Pay, OK$, Wave Money တို့နဲ့လည်း “MyanmarPay” ကို ချိတ်ဆက်သွားမယ်လို့လည်း စစ်ကောင်စီ ဗဟိုဘဏ် က ပြောပါတယ်။ “MyanmarPay” QR ဒီဂျစ်တယ်ငွေပေးချေစနစ်ကို ၂၀၂၁ ခုနှစ်က စတင်အကောင်အထည် ဖော်ခဲ့တာဖြစ်ပြီး ၂၀၂၄ ခုနှစ်ရောက်မှ ရှေ့ပြေးစမ်းသပ်မှုတွေ စတင်နိုင်ခဲ့တာ ဖြစ်တယ် လို့လည်း ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။
ပုဂ္ဂလိကဘဏ်တွေစိုးရိမ်ရေမှတ်ရောက်နေပြီလား
ရှေ့နေဒေါ်ရွက်နုအောင် နိုင်ငံတကာလူ့အခွင့်အရေးဆုရ

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, နေပြည်တော်က ဗစ်တိုးရီးယား အမှုမှာတွေ့ရတဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် (ပုံဟောင်း) ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရတဲ့ ရှေ့နေဒေါ်ရွက်နုအောင် ကို အီတလီနိုင်ငံအခြေစိုက် IDHAE လူ့အခွင့်ရေးအဖွဲ့က ၂၀၂၄ ခုနှစ်အတွက် နိုင်ငံတကာလူ့အခွင့်အရေးဆု “Ludovic Trarieux” ကို ချီးမြှင့် လိုက်ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ လွတ်လပ်တဲ့တရားစီရင်ရေးပေါ်ထွန်းအောင် ကြိုးပမ်းလုပ်ဆောင်ခဲ့သလို နိုင်ငံရေး အကျဥ်းသားတွေရဲ့ တရားရေးဆိုင်ရာအခွင့်အရေးတွေရရှိဖို့ အားထုတ်ခဲ့တာကြောင့် ချီးကျူးဂုဏ်ပြုတဲ့ အနေနဲ့ ဆုပေးဖို့ရွေးချယ်ခဲ့တယ်လို့လည်း IDHAE အဖွဲ့က ပြောပါတယ်။
ဆုပေးပွဲအခမ်းနားကို အီတလီနိုင်ငံ၊ ရောမမြို့မှာကျင်းပနေတဲ့ IDHAE အဖွဲ့ရဲ့ ညီလာခံနောက်ဆုံးနေ့ဖြစ်တဲ့ ဒီကနေ့ မှာ ချီးမြှင့်သွားမှာဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ မန္တလေးအိုးဘိုအကျဥ်းထောင်ထဲမှာ အကျဥ်းကျနေတဲ့အတွက် အမျိုးသား ညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ကိုယ်စားတက်ယူသွားမှာ ဖြစ်တယ်လို့လည်း NUG က ထုတ်ပြန်ထားပါတယ်။
တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင် ဟာ မကြာသေခင်က ကွယ်လွန်သွားတဲ့အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ(NLD) ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရှေ့နေဖြစ်ပြီး ၂၀၂၂ ဧပြီ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံခဲ့တာ ဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ဟာ ဒေါက်တာဇော်မြင့်မောင်အပေါ် ရွေးကောက်ပွဲဆိုင်ရာဥပဒေ ကျူးလွန်တယ်ဆိုတဲ့ အမှုနဲ့ အဂတိလိုက်စားမှုတွေတွေအပြင် NLD အစိုးရလက်ထက် မန္တလေးတိုင်းလျှပ်စစ်နဲ့ စွမ်းအင် ဝန်ကြီး ဦးဇာနည်အောင်ရဲ့ အမှုတွေနဲ့ NLD ပါတီနာယက ဦးဝင်းထိန်ရဲ့ အမှုတွေကိုလည်း လိုက်ပါ ဆောင်ရွက်ပေးခဲ့ဖူးသူဖြစ်ပါတယ်။
ဒါ့အပြင် ဒေါ်ရွက်နုအောင်ဟာ နိုင်ငံကျော်အမှုတစ်ခုဖြစ်တဲ့ နေပြည်တော်က ဗစ်တိုးရီးယား အမှုမှာလည်း နစ်နာသူ ကလေးငယ်ဘက်က ရှေ့နေလိုက်ပေးခဲ့သူဖြစ်ပါတယ်။
ဒေါ်ရွက်နုအောင်ကို ပုဒ်မ- ၅၀(ည) (အကြမ်းဖက်မှုတွေအတွက် ငွေကြေး ထောက်ပံ့မှုဆိုင်ရာပြစ်မှု)နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၅နှစ်ချမှတ်ထားတာဖြစ်ပါတယ်။ ဒီဆုကို ၂၀၀၈ ခုနှစ်တုန်းက မြန်မာရှေ့နေတစ်ဦးဖြစ်တဲ့ ဦးအေးမြင့်လည်း ရရှိခဲ့ဖူးပါတယ်။
လက်နက်ကြီးကျည်ရှင်းလင်းချိန် ပေါက်ကွဲမှုဖြစ်ပြီး လူ နှစ် ဦးသေဆုံး

ဓာတ်ပုံ ရင်းမြစ်, TNLA
ဓာတ်ပုံ ပုံစာ, စစ်ကောင်စီ ဗုံးကြဲချတဲ့ ပေါက်ကွဲပြီးသား လက်နက်ကြီးကျည်ခွံတစ်ခု (ပုံဟောင်း) ရှမ်းပြည်နယ်(မြောက်ပိုင်း) တအောင်းတပ် (TNLA) တပ်မဟာ (၁) နယ်မြေ နမ့်ဖက်ကာမြို့နယ်ထဲက ပန်ခါးကျေးရွာမှာ ၆၀ မမ အမျိုးအစားလက်နက်ကြီးကျည် ဖြုတ်ရှင်းလင်း ချိန်မှာ ပေါက်ကွဲမှုဖြစ်ပြီး အမျိုးသား ၂ ဦး သေဆုံးသွားတယ်လို့ TNLA က ဒီကနေ့ သတင်းထုတ် ပြန်ပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၅ ရက်နေ့က တိုက်ပွဲအတွင်း မပေါက်ကွဲသေးတဲ့ ၆၀ မမ ဗုံးသီးတစ်လုံးရဲ့ အတွင်းပိုင်းမှာရှိတဲ့ ယမ်းမှုန့်တွေကိုထုတ်ယူဖို့ကြိုးပမ်းချိန်မှာ ပေါက်ကွဲခဲ့တာလို့လည်း TNLA ကပြောပါတယ်။
သေဆုံးသွားတဲ့ အမျိုးသား (၂)ဦးဟာ ပန်ခါးကျေးရွာသား ခွန်ဂျာချောင် အသက် (၂၇) နဲ့ ခိုမုန်းကျေးရွာသား အသက် ၆၀ အရွယ် ဦးညီထွမ်း ဖြစ်တယ်လို့လည်း ဆိုပါတယ်။
မတ်လ ၂၁ ရက်နေ့တုန်းကလဲ နမ့်ဖတ်ကာကျေးရွာမှာ မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည် တစ်လုံးကို အမျိုးသားတစ်ဦးက ယူဆော့မိရာကနေပေါက်ကွဲပြီး သေဆုံးခဲ့တယ်လို့လည်း TNLA က ပြောပါတယ်။
ဒါအပြင် မေလ ၁၃ ရက်နေ့လည်း မပေါက်ကွဲသေးတဲ့ မိုင်းတစ်လုံးကို ကလေးတွေယူဆော့ရာကနေ ပေါက်ကွဲမှုဖြစ်ပြီး လူ ၁ ဦး သေဆုံးကာ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ထားပါတယ်။
ကံပိုင်တည်မြို့အနီး တိုက်ပွဲပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်က ကံပိုင်တည်မြို့ ကချင်ပြည်နယ်က တရုတ်-မြန်မာနယ်စပ်မြို့ ကံပိုင်တည်အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)ပူးပေါင်းအဖွဲ့တွေကြား တိုက်ပွဲပြင်းထန် နေတယ်လို့ KIA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူက ဘီဘီစီ ကို ဒီကနေ့ မနက်ပိုင်းက အတည်ပြုပြောပါတယ်။
ကံပိုင်တည်မြို့နဲ့ မိုင် ၂၀ ဝန်းကျင်မှာရှိတဲ့ အမှတ် (၁၀၀၃) နယ်ခြားစောင့်တပ်ဌာနချုပ်ရဲ့ ကာကင်းစခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့လည်း ဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။
“မနေ့က လဖိုင်ရွာနားက တံတားကို လုံခြုံရေးယူထားတဲ့ ကာကင်းစခန်းတွေကို တိုက်တာရှိပါတယ်။ နောက်ပြီး စင်ကျိုင်ရွာဘက်မှာရှိတဲ့ ကာကင်းစခန်းတွေဘက်မှာ လည်းတိုက်ပွဲဖြစ်တယ်။ တပ်ရင်းဌာနချုပ်တွေကိုတော့ မနေ့ကအထိ တိုက်တာ မရှိသေးပါဘူး။ စစ်ကောင်စီတပ်ဌာနချုပ်တွေရဲ့ ကာကင်းစခန်းတွေကို တိုက်တာ ဖြစ်တယ်”လို့ ဗိုလ်မှူးကြီးနော်ဘူ က ဘီဘီစီ ကိုပြောပါတယ်။
KIA နဲ့ ပူးပေါင်းအဖွဲ့တွေဟာ ဝိုင်းမော်-ကံပိုင်တည်လမ်းပိုင်းကိုထိန်းချုပ်ထားနိုင်ပြီး တရုတ်နယ်စပ်ကနေ ကံပိုင်တည်ကြားမှာတော့ စစ်ကောင်စီနယ်ခြားစောင့် တပ်စခန်းတွေ ကျန်နေသေးတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၅ ရက်နေ့ကစပြီး ဦးဇခုန်တိန့်ယိန်းခေါင်းဆောင်တဲ့ ကချင်ပြည်နယ် အထူးဒေသ (၁) ပန်ဝါမြို့ မှာရှိတဲ့ အမှတ် ၁၀၀၂ နယ်ခြားစောင့် တပ်ဌာနချုပ်( မြို့စောင့်တပ်)ကို KIA/PDF ပူးပေါင်းတပ်တွေက ထိန်းချုပ်ထားနိုင်ခဲ့ပြီး လို့ မြေပြင်သတင်းအရင်းအမြစ်တွေက ပြောထားပါတယ်။
ဒါအပြင် ကချင်အထူးဒေသ (၁) နယ်မြေထဲကမြို့တွေဖြစ်တဲ့ ချီဖွေမြို့နဲ့ ဆော့လော်မြို့ တွေကိုလည်း KIA နဲ့ ပူးပေါင်းတပ်တွေက သိမ်းပိုက်ထားပါတယ်။
