NATO အသွင် လုပ်ငန်းအဖွဲ့ကို အာဆီယံ ကာချုပ်တွေ ဖွဲ့စည်း

နေတိုးအဖွဲ့လို ပူးပေါင်းတုံ့ပြန်မှုပြုလုပ်မယ့်လုပ်ငန်းအဖွဲ့တစ်ခုကို အာဆီယံကာကွယ်ရေးဦးစီးချုပ်အစည်းအဝေးမှာ ဖွဲ့စည်းလိုက်တဲ့ သတင်းအပါအဝင် စက်တင်ဘာ ၁၁ ရက် နိုင်ငံတဝန်း နဲ့ ကမ္ဘာတဝန်းက ထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • ထရမ့် မဟာမိတ်လည်းဖြစ်၊ လူငယ်တက်ကြွလှုပ်ရှားသူလည်းဖြစ်တဲ့ ချာလီ ကာ့ တက္ကသိုလ်ဝင်းထဲ ပစ်ခတ်ခံရပြီး သေဆုံး
  • ချာလီ ကာ့ ပစ်ခတ်ခံရပြီး သေဆုံးမှုကို အမေရိကန်သမ္မတဟောင်းတွေက ဝမ်းနည်းကြောင်းပြောကြ
  • အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ အစည်းအဝေး ဖွင့်ပွဲကို သံအမတ်ကြီးဦးကျော်မိုးထွန်း တက်ရောက်
  • NATO အဖွဲ့အသွင် လုပ်ငန်းအဖွဲ့တစ်ဖွဲ့ကို မလေးရှားမှာပြုလုပ်တဲ့အာဆီယံ ကာကွယ်ရေးဦးစီးချုပ်တွေအစည်းအဝေးပွဲမှာ ဖွဲ့စည်းလိုက်ပါတယ်
  • ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ် ငဖဲမြို့နယ်ထဲက တိုက်ပွဲတွေမှာ စစ်တပ်တပ်ဖွဲ့ဝင် ဆယ်ချီသေဆုံးတယ်လို့ အာရက္ခတပ်တော်(အေအေ)က ပြောပါတယ်
  • မန္တလေးမှာ ကလေးငယ်တွေကို နှိပ်စက်ပြီး တောင်းရမ်းခိုင်း စေသူတွေကို ဖမ်းမိပြီးတဲ့နောက် စေခိုင်းသူတွေကို အမှုဖွင့်ဖို့လုပ်နေပြီလို့ ကူညီရေးအဖွဲ့က ဘီဘီစီကို ပြောပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. စက်တင်ဘာလ ၁၁ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

    ဒီစာမျက်နှာ တစ်နေ့တည်း သတင်း‌တွေကို ပြန်လည်ဖတ်ရှုနိုင်ပါတယ်။

  2. ဖျက်သိမ်းခံရတဲ့ ပါတီ ၄ ခု အယူခံဝင်ခွင့်မရှိ - စစ်ကော်မရှင်ခန့်ရွေး/ကော်

    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲ

    ဓာတ်ပုံ ရင်းမြစ်, Telegram

    ဓာတ်ပုံ ပုံစာ, ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲ

    သတ်မှတ်ပါတီဝင်ဦးရေနဲ့ ရုံးခန်းအရေအတွက် မပြည့်မီလို့ ဖျက်သိမ်းလိုက်တဲ့ပါတီ ၄ ခုက အယူခံဝင်လို့ရမှာ မဟုတ်ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ နေပြည်‌တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

    ဖျက်သိမ်းလိုက်တဲ့ပါတီတွေအပေါ် ဖြေလျှော့ဆောင်ရွက်ပေးလိုက်ရင် သတ်မှတ်ချက်ပြည့်မီအောင် ဆောင်ရွက်တဲ့ တခြားပါတီတွေအပေါ် တရားမျှတမှာ မဟုတ်ဘူးလို့ နေပြည်တော်မှာလုပ်တဲ့ သတင်းစားရှင်းလင်းပွဲမှာ ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင် ‌အဖွဲ့ဝင် ဦးခင်မောင်ဦးက ပြောဆိုလိုက်တာပါ။

    ဒါကြောင့် သတ်မှတ်ထားတဲ့ စည်းမျဥ်းအတိုင်းပဲ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ ပါတီတည်ထောင်ခွင့်ပြုထားပြီး နှစ်နှစ်အတွင်းမှာ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားသင့်ပေမယ့် အချိန်နီးမှ ဆောင်ရွက်တာတွေရှိတယ်လို့ ကော်မရှင်က ပြောပါတယ်။

    ကော်မရှင်က ဒီနှစ် မေကနေ စက်တင်ဘာလအထိ ပါတီတွေနဲ့ ၁၅ ကြိမ်ခန့်တွေ့ဆုံပြီး အသိပေးဆွေးနွေးတာတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

    ပါတီတွေက ပေးပို့လာတဲ့ ပါတီဝင်ဦးရေအချက်အလက်တွေကို လဝကနဲ့ ကော်မရှင်က စစ်ဆေးပြီး မှားယွင်းနေတဲ့ အချက်အလက်တွေကို ပြီးခဲ့တဲ့လ ၂၆ ရက်နေ့မှာ ပါတီတွေထံ ပြန်ပေးခဲ့တယ်လို့ ကော်မရှင်က ပြောဆိုပါတယ်။

    စိစစ်ဆောင်ရွက်တာနဲ့ ပတ်သက်ပြီး အချက်အလက် အသေးစိတ်ရှိတာကြောင့် ပြည်‌ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ လာရောက် ကြည့်ရှုနိုင်တယ်လို့ ဆိုပါတယ်။

    ပါတီအယူခံဝင်လို့ မရဘူးဆိုတဲ့အပေါ် '' ၂၀၁၅ နဲ့ ၂၀၂၀ ကနေ ၂၀၂၅ အထိ ဒီအခင်းအကျင်းတွေကို ကိုယ့်ရဲ့ နိုင်ငံရေးယုံကြည်ချက်ပေါ့ ဗျာ။ ပွတ်ကာသီကာ ကျန်ခဲ့ရတယ်ဆိုတော့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာအားလုံးထိခိုက်ကြရတယ်'' လို့ ဖျက်သိမ်းခံလိုက်ရတဲ့NDF ပါတီအတွင်းရေးမှူး ဦးကျော်ထက်က ပြောပါတယ်။

    NDF ပါတီ၊ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီနဲ့ မွန်အမျိုးသမီးပါတီတို့ ပယ်ဖျက်ခံရတာကြောင့် ကြံ့ခိုင်ရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူရှေ့ဆောင်ပါတီ၊ ရှမ်းနဲ့ တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ၊ ပြည်သူပါတီနဲ့ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့ပဲ တစ်နိုင်ငံလုံးဝင်ပြိုင်မဲ့အထဲ ကျန်တော့မှာပါ။

    ရွေးကောက်ပွဲကို လာမယ့် ဒီဇင်ဘာကနေ ဇန်နဝါရီအတွင်း အပိုင်း ၃ ပိုင်းခွဲပြီး ကျင်းပနိုင်ဖို့ စီစဥ်ထားတယ်လို့ ရွေးကောက်ပွဲ ကော်မရှင်ကပြောပါတယ်။ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ဖို့အတွက် အသင်းအဖွဲ့ မှတ်ပုံတင်ရှိတဲ့ ပြည်တွင်းကအဖွဲ့အစည်းတွေကို ခွင့်ပြုသွားမှာဖြစ်ပြီး နိုင်ငံတကာသံရုံးတွေနဲ့ မိတ်ဖက်အဖွဲ့အစည်း ၂၀ ဝန်းကျင်ကို ဖိတ်ကြားသွားမယ်လို့ သိရပါတယ်။

    လာမယ့် စက်တင်ဘာလကုန်ပိုင်းမှာ မဲစာရင်းကြေငြာမှာဖြစ်ပြီး အမှားအယွင်းရှိရင် ပြည်သူတွေအနေနဲ့ ရပ်ကျေးကော်မရှင်တွေထံ တင်ပြကြဖို့ကိုလည်း သတင်းစာရှင်းလင်းပွဲမှာ ကော်မရှင်က ပြောဆိုသွားပါတယ်။

  3. စစ်ကော်မရှင်ရွေးကောက်ပွဲ - နေရပ်စွန့်ခွာသူတွေရဲ့ မဲ သန်းချီရှိနေ

    ပြည်တွင်းစစ်နောက်ခံနဲ့ ကျင်းပမဲ့ လာမယ့်ရွေးကောက်ပွဲမှာ နေရပ်စွန့်ခွာသူ မဲဆန္ဒရှင် သန်းပေါင်းများစွာရှိနေပြီး မကြုံစဖူး အရေအတွက် ဖြစ်ပါတယ်။

    သန်းနဲ့ချီတဲ့ နေရပ်စွန့်ခွာသူတွေရဲ့ ဆန္ဒမဲတွေဟာ စစ်တပ်ဦးဆောင်မယ့် အပိုင်းလိုက်ရွေးကောက်ပွဲတွေရဲ့ မဲစာရင်းမှန်ကန်မှုမှာစောင့်ကြည့်ရမယ့်အခြေအနေတစ်ရပ်လို့ နိုင်ငံရေးစောင့်ကြည့်သူရော ဥပဒေလေ့လာသူတွေကပါ ထောက်ပြကြပါတယ်။

    နိုင်ငံတဝန်းမှာ ပြည်တွင်းနေရပ်စွန့်ခွာလူဦးရေ ခန့်မှန်းခြေ ၃.၅ သန်းခန့်ရှိတယ်လို့ ကုလသမဂ္ဂလူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ သြဂုတ်လထုတ်စာရင်းအရသိရပါတယ်။

    အပြည့်အစုံကို ဒီလင်ခ့်မှာ ဖတ်ရှုနိုင်ပါပြီ။

  4. ကလေးမြို့ တိုက်ပွဲမှာ ကသည်းလက်နက်ကိုင်တပ်ဖွဲ့ဝင်အချို့ကို ဖမ်းမိ - အမှတ် ၁ စစ်ဒေသ

    စစ်ကြောင်းကနေ ရရှိတဲ့လက်နက်တွေ

    ဓာတ်ပုံ ရင်းမြစ်, အမှတ် ၁ စစ်ဒေသ

    ဓာတ်ပုံ ပုံစာ, စစ်ကြောင်းကနေ ရရှိတဲ့လက်နက်တွေလို့ အမှတ် ၁ စစ်ဒေသက ကြေညာ

    စစ်ကိုင်းတိုင်း၊ ကလေးခရိုင်၊ ကလေးမြို့နယ်ထဲမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း ကသည်း (ULFA)တပ်ဖွဲ့ဝင် အိန္ဒိယနိုင်ငံသားအချို့ကို ဖမ်းမိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနအောက် အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်လာပါတယ်။

    ကလေးမြို့နယ်ထဲက နန်းစောင်းပုသစ်ရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ် စစ်ကြောင်းနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေတို့ စက်တင်ဘာ ၂ ရက်က တိုက်ပွဲဖြစ်ခဲ့အပြီး ဖမ်းမိတဲ့ စစ်သုံ့ပန်း ၇ ယောက်ထဲမှာ ကသည်းတပ်ဖွဲ့ဝင်အချို့ ပါဝင်တာလို့ ဆိုပါတယ်။

    စစ်တပ် ဘက်က ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ကလေး) လက်အောက်ခံ၊ အမှတ် ၁၀ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဗိုလ်မှူး ရဲမျိုးမင်းနဲ့ ဗိုလ်ကြီး ပြည့်ဖြိုးအောင်၊ ဗိုလ်ကြီးနိုင်ဝင်းစိုးတို့ ဦးစီးလာတာလို့ ‌ထုတ်ပြန်ချက်က ဖော်ပြပါတယ်။

    အဲဒီစစ်ကြောင်းမှာ စစ်‌ကော်မရှင် တပ်ဖွဲ့ဝင်တွေ၊ ရှမ်းနီတပ် (SNA)၊ ကသည်း(ULFA) တပ်နဲ့ နာဂ(NSCN)တို့ ပူးပေါင်းထားပြီး အင်အား ၁၃၀ ဝန်းကျင်ရှိတယ်လို့ အမှတ် ၁ စစ်ဒေသက ထုတ်ပြန်ပါတယ်။

    စစ်တပ်နဲ့ ကသည်း၊ နာဂ၊ ရှမ်းနီပူးပေါင်းတပ်တွေနဲ့ ဖြစ်တဲ့တိုက်ပွဲမှာ စစ်သုံ့ပန်း ၇ ဦးကို အရှင်ဖမ်းမိပြီး စစ်တပ် အလောင်း ၄ လောင်းကိုလည်း ရရှိခဲ့တယ်လို့ အမှတ် ၁ စစ်ဒေသက ဆိုပါတယ်။

    အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဘက်က ထိခိုက်မှုအခြေအနေကိုတော့ ထုတ်ပြန်ချက်ထဲမှာ မထည့်ထားပါဘူး။

    ကလေးမြို့နယ်ထဲ ဖြစ်တဲ့တိုက်ပွဲတွေမှာ အိန္ဒိယနိုင်ငံသား ကသည်းတပ်ဖွဲ့ဝင်တွေကို ဖမ်းမိတယ်လို့ဆိုတဲ့ အမှတ် ၁ စစ်ဒေသ ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘီဘီစီက ရန်ကုန်မှာရှိတဲ့ အိန္ဒိယသံရုံး ကနေ မှတ်ချက်တစုံတရာရဖို့ ဆက်သွယ် ‌မေးမြန်းထားပါတယ်။

  5. အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အစည်းအဝေး သံအမတ်ကြီးဦးကျော်မိုးထွန်း တက်ရောက်

    အကြိမ် ၈၀ မြောက်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း

    ဓာတ်ပုံ ရင်းမြစ်, Permanent Mission of Myanmar to the United Nations

    ဓာတ်ပုံ ပုံစာ, အကြိမ် ၈၀ မြောက်ဖွင့်ပွဲအခမ်းအနားကို တက်ရောက်လာတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း

    အမေရိကန်၊ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပနေတဲ့ ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပိတ်ပွဲနဲ့ အကြိမ် ၈၀ မြောက် ပထမအကြိမ် စုံညီအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း တက်ရောက်ပါတယ်။

    ၇၉ ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ပိတ်ပွဲအနေနဲ့ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူးတားရက်စ်က မိန့်ခွန်းပြောခဲ့ပါတယ်။

    ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းဟာ ၂၀၂၄ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာအထိ ကျင်းပခဲ့တဲ့အထွေထွေညီလာခံ မျက်နှာစုံညီ အစည်းအဝေးနဲ့ ပင်မ ကော်မတီ ၆ ခုရဲ့ အစည်းအဝေးတွေမှာ မိန့်ခွန်းပေါင်း ၆၀ ခန့်ပြောကြားခဲ့တယ်လို့ သိရပါတယ်။

    မြန်မာနိုင်ငံရဲ့အခြေအနေတွေ၊ စစ်တပ်ရဲ့ပြည်သူတွေအပေါ် ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေနဲ့ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး၊ ဖက်ဒရယ်ဒီမို ကရေစီပြည်ထောင်စု ပေါ်ထွန်းရေးတွေကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။

    ဦးကျော်မိုးထွန်းဟာ ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ၂၀၂၁ စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက ခန့်အပ်ခံထားရသူဖြစ်ပါတယ်။

    မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်တဲ့အခါ ဦးကျော်မိုးထွန်းက ပြည်တွင်းက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်းကြေညာပြီး အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကလည်း သူ့ကို မြန်မာကိုယ်စားလှယ် အဖြစ် ဆက်ခန့်အပ်ခဲ့ပါတယ်။

    တစ်ချိန်တည်းမှာပဲ ဒီနှစ်အတွက် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေက တင်ပြလာတဲ့ ကုလဆိုင်ရာကိုယ်စားလှယ်တွေကို ရွေးချယ်ခန့်အပ်တဲ့ Credential Committee ကိုလည်း ကုလသမဂ္ဂမှာ ဖွဲ့စည်းလိုက်ပြီဖြစ်ပါတယ်။

    အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာစစ်တပ်ကလည်း မြန်မာကို ကိုယ်စားပြုမယ့် သူတို့ရဲ့ကိုယ်စားလှယ်ကို Creditential Committee ကို တင်ပြခဲ့ပေမဲ့ ကော်မတီက မြန်မာနိုင်ငံအတွက် ကိုယ်စားပြုမယ့်သူကို ယတိပြတ်မဆုံးဖြတ်ခဲ့ပါဘူး။

    ဒါကြောင့် ဦးကျော်မိုးထွန်းဟာ မြန်မာကို ကိုယ်စားပြုပြီး ကုလသမဂ္ဂအစည်းအဝေးပွဲတွေကို တက်ရောက်ပြီး စစ်အာဏာသိမ်းမှုအောက်က မြန်မာစစ်တပ်ရဲ့ချိုးဖောက်မှုတွေနဲ့ လူထုကြုံဆုံနေရတဲ့အကျပ်အတည်းတွေကို ကုလစင်မြင့်မှာ အသံထွက်ပေးနေပါတယ်။

    အခု စတင်ကျင်းပမယ့် အကြိမ် ၈၀ မြောက် ကုလသမဂ္ဂ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်း ကိုယ်စားလှယ်အဖြစ် ဦးကျော်မိုးထွန်း ဆက်ပြီး ခန့်အပ်နိုင်ရေး တောင်းဆိုနေကြပါတယ်။

  6. နေတိုးအဖွဲ့အသွင် လုပ်ငန်းအဖွဲ့တစ်ခုကို အာဆီယံစစ်တပ်တွေ ပူးပေါင်းဖွဲ့စည်း

    စက်တင်ဘာလ ၉ ရက်ကနေ ၁၂ ရက်အထိ ကျင်းပတဲ့ အာဆီယံ ကာကွယ်ရေးဦးစီးချုပ်များအစည်းအဝေး

    ဓာတ်ပုံ ရင်းမြစ်, မလေးရှားကာကွယ်ရေးဝန်ကြီးဌာန

    မြန်မာစစ်တပ်က ကြည်းတပ်စစ်ဦးစီးအရာရှိချုပ်လည်း တက်ရောက်တဲ့ အာဆီယံတပ်ချုပ်တွေ အစည်းအဝေးပွဲမှာ နေတိုးအသွင် လုပ်ငန်းအဖွဲ့ တစ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီလို့ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံရဲ့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။

    မလေးရှားနိုင်ငံမှာ စက်တင်ဘာ ၉ ရက်ကနေ ၁၂ ရက်အထိ ကျင်းပခဲ့တဲ့ အဲဒီအစည်းအဝေးကို မြန်မာစစ်ခေါင်းဆောင်ကိုယ်စား ကြည်းတပ် စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး သန်းထိုက် တက်ရောက်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပါတယ်။

    အဲဒီလုပ်ငန်းအဖွဲ့ဟာ ဆိုက်ဘာနဲ့ အွန်လိုင်း ရာဇဝတ်မှုတွေလို့ ပုံမှန်မဟုတ်တဲ့ နယ်စပ်ဖြတ် ကျော် ခြိမ်းခြောက်မှုတွေနဲ့ ဒေသတွင်းမှာ သဘာဝဘေးအန္တရာယ်လျော့ပါးရေးဆိုင်ရာ ညှိနှိုင်းဆောင်ရွက်မှုတွေကိုလည်း လုပ်ဆောင်မယ်လို့ အစည်းအဝေးကို ဦးဆောင်ခဲ့တဲ့ မလေးရှားစစ်ဦးစီးချုပ် ဗိုလ်ချုပ် တန် စရီ မို့ နီဇမ် ဂျာဖာက ပြောပါတယ်။

    ''ကြည့်လိုက်ရင်တော့ ဒီလုပ်ငန်းအဖွဲ့က နေတိုးအဖွဲ့လို ထပ်တူ မတူတာတောင် နေတိုးအဖွဲ့ဆန်ဆန် ပါပဲ။ အာဆီယံ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်လာတဲ့အခါ အဖွဲ့ဝင်နိုင်ငံအားလုံးဟာ တစ်ညီတစ်ညွတ်တည်း ဆွေးနွေးအဖြေရှာကြဖို့ဖြစ်ပါတယ်။ နေတိုးအဖွဲ့ လုပ်ထားနိုင်တဲ့ သမိုင်းကြောင်းလိုပေါ့'' လို့ သူက ပြောတဲ့အကြောင်း ဘာနာမာသတင်းဌာနက ရေးပါတယ်။

    ကွာလာလမ်ပူမြို့မှာ ကျင်းပတဲ့ခဲ့ ၂၂ ကြိမ်မြောက် အာဆီယံကာကွယ်ရေးဦးစီးချုပ်တွေအစည်းအဝေးပွဲ (ACDFM) အစည်းအဝေးမှာ လက်ရှိိအလှည့်ကျ အာဆီယံ စစ်ဦးစီးချုပ်များအစည်းအဝေး ဥက္ကဋ္ဌ မလေးရှားစစ်ဦးစီးချုပ်ဟာ ဥက္ကဋ္ဌအလံကို လာမယ့်နှစ်မှာ အလှည့်ကျယူမယ့် ဖိလစ်ပိုင်နိုင်ငံ စစ်ဦးစီးချုပ်ကို အဲဒီအစည်းအဝေးပွဲမှာပဲ လွှဲပေးခဲ့ပါတယ်။

    မြန်မာစစ်ကော်မရှင်ကတော့ အဲဒီအစည်းအဝေးကို တက်တဲ့ မြန်မာစစ်ဘက်ကိုယ်စားလှယ်အဖွဲ့ဟာ မလေးရှား ကာကွယ်ရေးဦးစီးချုပ်၊ ထိုင်းစစ်တပ် ဒုတိယကာကွယ်ရေးဦးစီးချုပ်၊ လာအိုကာကွယ်ရေးဒုဝန်ကြီး၊ ကမ္ဘောဒီးယား စစ်ဦးစီးချုပ်တို့နဲ့ သီးခြားစီတွေ့ဆုံခဲ့တယ်လို့ သတင်းထုတ်ပါတယ်။

  7. ငဖဲမြို့နယ်မှာ စစ်တပ်နဲ့ဖြစ်တဲ့တိုက်ပွဲ စစ်သား ၆၀ နီးပါး သေဆုံး - အေအေ, ရခိုင်အစပ် ပဲခူးနဲ့ မကွေးနေရာတွေမှာ တိုက်ပွဲပြင်းထန်

    ရခိုင်-မကွေးအစပ်မှာ တိုက်ပွဲမှာ အေအေ သိမ်းဆည်းရမိတဲ့ လက်နက်တွေ

    ဓာတ်ပုံ ရင်းမြစ်, AA Info Desk

    ဓာတ်ပုံ ပုံစာ, ရခိုင်-မကွေးအစပ်မှာ တိုက်ပွဲမှာ အေအေ သိမ်းဆည်းရမိတဲ့ လက်နက်တွေ

    ရခိုင်ပြည်နယ်နဲ့ မကွေးတိုင်းအစပ်၊ ငဖဲမြို့နယ်ထဲ စစ်တပ်ဒုတိယဗိုလ်မှူးကြီး ဦးဆောင်စစ်ကြောင်းနဲ့ဖြစ်တဲ့တိုက်ပွဲမှာ စစ်တပ်ဖွဲ့ဝင် ၆၀ ကျော်သေဆုံးတယ်လို့ အာရက္ခတပ်တော်(အေအေ)က သတင်းထုတ်ပြန်လာပါတယ်။

    ဒုဗိုလ်မှူးကြီး ပြည့်ဖြိုးအောင် ဦးဆောင်လာတဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းပန်အခြေစိုက် ခလရ ၂၉၅ စစ်ကြောင်းဟာ ငဖဲမြို့၊ စွန်တက်ကျေးရွာရဲ့အရှေ့မြောက်ဘက် မီတာ သုံးထောင်အကွာ အေအေတပ်တွေ ရှိရာကို စက်တင်ဘာ ၇ ရက်မှာ ထိုးစစ်ဆင်ခဲ့တာလို့ အေအေက ပြောပါတယ်။

    အဲဒီစစ်ကြောင်းဟာ စက်တင်ဘာ ၄ ရက်တုန်းကလည်း ပထမအကြိမ် ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်ရေးအထိနာပြီး ဆုတ်ခွာသွားတဲ့တပ်လို့လည်း အေအေက ဆိုပါတယ်။

    ဒုတိယအကြိမ် စစ်ကြောင်းထိုးချိန် နှစ်ဖက်တပ်တွေကြား ၈ နာရီကြာတိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကော်မရှင်တပ်ဖွဲ့ဝင် သေဆုံးသူ အယောက် ၆၀ ကျော်နဲ့ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတွေကို သိမ်းနိုင်ခဲ့တယ်လို့ဆိုပြီး စက်တင်ဘာ ၁၀ ရက်မှာ အေအေက သတင်းထုတ်ပါတယ်။

    ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းအစပ်က စက်စက်ယိုကျေးရွာ၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းအစပ်က ဆင်လမ်ကျေးရွာနဲ့ ရိုးတောင်အစပ်နေရာတွေမှာလည်း စစ်ကော်မရှင်တပ်ဘက်က အင်အားအလုံးအရင်း ဖြည့်ပြီး ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့လည်း အေအေက ပြောပါတယ်။

  8. ရုရှား ကျူးကျော်‌လာနိုင်ခြေအတွက် ပိုလန်အရပ်သားတွေဘယ်လိုပြင်ဆင်ခဲ့လဲ

    စစ်သင်တန်း တက်ရောက်‌နေတဲ့ ပိုလန်အရပ်သားတွေ
    ဓာတ်ပုံ ပုံစာ, စစ်သင်တန်း တက်ရောက်‌နေတဲ့ ပိုလန်အရပ်သားတွေ

    ရုရှားကျူးကျော်လာနိုင်ခြေကို စိုးရိမ်လို့ စစ်သင်တန်း တက်ရောက်ဖို့ စာရင်းပေးထားတဲ့ သာမန်ပိုလန်အရပ်သားအရေအတွက်က အစိုးရဘက်က လက်ခံနိုင်တဲ့ပမာဏထက် ကျော်လွန်နေပါပြီ။

    ဒါကြောင့်ပိုလန်အစိုးရကလည်း ဒီအစီအစဥ်ကို ထပ်တိုးချဲ့ဖို့လုပ်နေပါတယ်။

    ဗိုလ်ကြီး ရှယ်လီစ်ကီးကတော့ အရွယ်ရောက်ပြီးသား ပိုလန် အမျိုးသားတိုင်း ဒီစစ်သင်တန်း ကိုတက်ရောက်သင်ကြားခွင့်ရမှာပါလို့ ပြောပါတယ်။

    ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံလုံးနဲ့ နယ်စပ်ထိစပ်နေတဲ့ ပိုလန်အတွက် အခုနှစ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို နိုင်ငံ့ ဂျီဒီပီ (ပြည်တွင်း အသားတင်ထုတ်ကုန်တန်ဖိုး) ၅ ရာခိုင်နှုန်းခန့် ပိုတိုးသုံးစွဲမှာဖြစ်ပါတယ်။

    အဲဒါက နေတိုးအဖွဲ့ဝင်နိုင်ငံတွေထဲမှာစစ်ရေးအသုံးစရိတ်အတွက်သုံးစွဲမှု ပမာဏအများဆုံးဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  9. ချာလီ ကာ့ ပစ်ခတ်ခံရမှု - သေနတ်သမားကို ရဲတွေ ပိုက်စိပ်တိုက်ရှာဖွေ

    ရေဂန် မောရစ်

    အိုရမ်၊ ယူတာ့ကနေ သတင်းပေးပို့ချက်

    သေနတ်ပစ်ခတ်မှုဖြစ်တဲ့ ကျောင်းဝင်းထဲကို ကျွန်မရောက်သွားချိန်မှာ ရဲတပ်ဖွဲ့ကလည်း လက်ဖြောင့်(စနိုက်ပါ) သေနတ်သမားကို ပိုက်စိပ်တိုက်ရှာဖွေတာတွေ တိုးလုပ်နေပါတယ်။

    ဒီပစ်ခတ်မှုမှာ မသင်္ကာသူ ၂ ယောက်ကို အစောပိုင်း ဖမ်းခဲ့ပေမဲ့ နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။ အဲဒီထဲက တစ်ယောက်ကိုတော့ တရားရေးကို အဟန်အတားလုပ်မှုနဲ့ တရားစွဲထားပါတယ်။ ဒါပေမဲ့ ဒီလူတွေဟာ တိုက်ခိုက်မှုနဲ့ ဘယ်လို ဆက်နွှယ်လဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

    ကျောင်းဝင်းအနီးတဝိုက်မှာတော့ ကာ့ကို ပစ်ခတ်ခဲ့တဲ့သေနတ်သမားကို ရဲတပ်ဖွဲ့က တစ်အိမ်တက် တစ်အိမ်ဆင်း ရှာဖွေနေပါတယ်။

    ကျောင်းဝင်းအပြင်ဘက်မှာတော့ ကာ့ ပစ်ခတ်မှုဖြစ်ခဲ့တဲ့ပွဲကို တက်ခဲဲ့သူတွေကို ကျွန်မ စကားပြောကြည့်ခဲ့ပါတယ်။ ဒီလူတွေဟာ ပစ်ခတ်မှုကြောင့် ပြေးကြလွှားကြ လုပ်ရင်း ကျန်ခဲ့တဲ့ပစ္စည်းတွေ၊ ကားတွေကို ပြန်ဝင်ယူလို့ မရကြသေးပါဘူး။

    ကျောင်းဝင်းကို လော့ဒေါင်းချထားလို့ဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်အပြည့်အစုံနဲ့ ရဲက အဲဒီနေရာကို စောင့်ကြပ် စစ်ဆေးနေပါတယ်။ အပြင်ကနေ လူဝင်လာတာကိုလည်း တားမြစ်ထားပါတယ်။

  10. မန္တလေးမှာ ကလေးငယ်တွေကို နှိပ်စက်ပြီး တောင်းရမ်းခိုင်း စေသူတွေကို ဖမ်းမိ

    တောင်းရမ်းခိုင်းစေခံရတဲ့ ကလေးငယ်နဲ့သူ့မိခင်

    ဓာတ်ပုံ ရင်းမြစ်, အလင်းစေတမန်

    ဓာတ်ပုံ ပုံစာ, တောင်းရမ်းခိုင်းစေခံရတဲ့ ကလေးငယ်နဲ့သူ့မိခင်

    မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကလေးတွေကို နှိပ်စက်ပြီး တောင်းရမ်းခိုင်းစေနေသူ အမျိုးသားတစ်ယောက်နဲ့ အမျိုးသမီး နှစ်ယောက်ကို စစ်ကော်မရှင်ရဲ့ ရဲတပ်ဖွဲ့၊ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးတပ်ဖွဲ့စုက ဖမ်းဆီးလိုက်တယ်လို့ ကူညီပေးနေတဲ့အဖွဲ့က ပြောပါတယ်။

    အသက် ၉ နှစ်အရွယ် ကလေး တစ်ယောက်၊ ၁၂ နှစ် တစ်ယောက်နဲ့ ၅ နှစ်အရွယ် လေးယောက်၊ စုစုပေါင်း မိန်းကလေး ခြောက်ယောက်ကို သိပ္ပံလမ်းနဲ့ ၆၂ လမ်းထောင့် ကားလမ်းပေါ်မှာ တောင်းရမ်းခိုင်းနေသူတွေလို့ အဲဒီအဖွဲ့က ပြောပါတယ်။

    မျက်လုံးနဲ့ မျက်နှာမှာ ဖူးယောင်ဒဏ်ရာတွေ၊ လက်ချောင်းနဲ့ ဒူးမှာ ညိုမဲ ပေါက်ပြဲ ဒဏ်ရာတွေ၊ ခြေသည်းလက်သည်း အခွာခံထားရတဲ့ ဒဏ်ရာတွေကြောင့် အသက် ၉ နှစ်အရွယ် ကလေးကို ပြည်သူတွေ သတိထားမိခဲ့ကြပါတယ်။

    ဒါ့ကြောင့် ကူညီပေးကြဖို့ လူမှုကွန်ရက်မှာ ပြောဆိုကြပြီးနောက် အလင်းစေတမန် ပရဟိတအဖွဲ့က ကလေးငယ်နဲ့ မိခင်ကို သွားရောက်ခေါ်ယူခဲ့တာပါ။

    “ကလေးအမေက ကျူးကျော်မှာ နေတာ။ အဖေက မရှိတော့ဘူး။ ကလေးအမေက ငွေ ၆ သိန်း ချေးပြီး ပြန်မဆပ်နိုင်တော့ အတိုးပေါ် အတိုးဆင့်ပြီး သိန်း ၄၀ ဖြစ်သွားတယ်။ အဲဒါကို အကြွေးရှင်က မိခင်ရော ကလေး ၆ ယောက်ကိုပါ အိမ်ငှားပေးပြီး ကလေးတွေကို ခိုင်းစားတာ” လို့ အလင်းစေတမန် အဖွဲ့ဝင်က ပြောပါတယ်။

    ကလေးငယ်တွေကို တောင်းရမ်းထားတဲ့ ငွေကြေး ကျပ် ၁ သိန်းခွဲဝန်းကျင်နဲ့ လူသုံးယောက်ကို ဖမ်းဆီးရမိပြီး ကလေးသူငယ် ကာကွယ်စောင့်ရှောက်ရေး တပ်ဖွဲ့စု (မန္တလေး)က တရားလိုလုပ်ပြီး ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေပုဒ်မ ၁၀၂ (ခ)၊ ၁၀၃ (က) (၅) ၊ ၁၀၇ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

    မန္တလေးမြို့ရဲ့ လမ်းမတွေနဲ့ မီးပွိုင့်တွေမှာ တောင်းရမ်းစားသောက်တဲ့ ကလေးတွေ များပြားလာတဲ့အတွက် ကလေးငယ်တွေကို တောင်းရမ်းခိုင်းစေသူ၊ နှိပ်စက်ခိုင်းစေသူတွေကို ထိထိရောက်ရောက် အရေးယူစေချင်တယ်လို့ မြို့ခံတွေက ပြောကြပါတယ်။

  11. ချာလီ ကာ့ သေဆုံးမှု အမေရိကန်သမ္မတတွေ ဘာပြောလဲ

    အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ မိန့်ခွန်းပြောနေစဉ် (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, အမေရိကန်သမ္မတဟောင်းဂျိုးဘိုင်ဒန် အိမ်ဖြူတော်မှာ မိန့်ခွန်းပြောနေစဉ် (ပုံဟောင်း)

    ထရမ့် မိတ်ဖက် ချာလီကာ့ ဆိုသူအမျိုးသား တက္ကသိုလ်ဝင်းတစ်ခုထဲ သေနတ်နဲ့ ပစ်ခတ်ခံရပြီးတဲ့နောက်မှာ ဒီဖြစ်ရပ်ကို အမေရိကန် သမ္မတ ထရမ့်ရော၊ သမ္မတဟောင်းတွေကပါ သူတို့ အမြင်တွေကို ထုတ်ပြောလာပါတယ်။

    အမေရိကန်သမ္မတထရမ့်ကတော့ သူ့ရဲ့လူမှုကွန်ယက်မီဒီယာ Truth မှာ “ချာလီကာ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပူဆွေးသောကတွေ နဲ့ အမြတ်ဒေါသတွေ ပြည့်နှက်နေတယ်” လို့ ရုပ်သံဗီဒီယိုကတဆင့် ပြောလိုက်ပါတယ်။

    အမေရိကန် သမ္မတဟောင်း ဂျိုးဘိုင်ဒန်ကလည်း ဝမ်းနည်းပူးဆွေးရကြောင်း ချာလီကာ့ မိသားစု နဲ့ အတူရှိကြောင်း ပြသခဲ့ပါတယ်။

    “ကျွန်တော်တို့ နိုင်ငံမှာ ဒီလို အကြမ်းဖက်မှုမျိုးကို လက်ခံနိုင်စရာမရှိပါဘူး။ အခုချက်ချင်း ရပ်တန့်ရမယ်။ ဂျေး နဲ့ ကျွန်တော်ဟာ ချာလီကာ့မိသားစုအတွက် ဆုတောင်းပေးနေပါတယ်” လို့ ပြောထားပါတယ်။

    သူ့ရှေ့မှာ အမေရိကန်သမ္မတ တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ သမ္မတ ဟောင်း ဘုရှ်ကလည်း နိုင်ငံရေးအမြင်မတူလို့ အခုလို လုပ်တဲ့လုပ်ရပ်ဟာ လက်မခံနိုင်စရာမရှိဘူးလို့ လူမှုကွန်ရက်ကနေ စာထုတ်ပါတယ်။

    ဗြိတိန် ဝန်ကြီးချုပ် ကီယာစတားမားကလည်း “ချာလီကာ့ ချစ်ခင်ရသူတွေနဲ့ ကျွန်တော့်အတွေးတွေ အတူရှိနေပါတယ်။ လူငယ်မိသားစုတစ်ခုဆီက ဖခင်တစ်ယောက်၊ ဇနီးသည်တစ်ယောက်လုယူသွားသလိုပါပဲ။ ကျွန်တော်တို့အနေနဲ့ အကြောက်တရားကင်းကင်း လွတ်လပ်စွာ ငြင်းခုန်ခွင့်ရှိရပါမယ်” လို့ ပြောထားပါတယ်။

    အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မီလိုနီ က “ ဒါဟာ ရက်စက်ကြမ်းကြုတ်တဲ့ လူသတ်မှုဖြစ်ပါတယ်။ လွတ်လပ်မှုကို ယုံကြည်သူတွေအတွက် ဒါဟာ ဒီမိုကရေစီအတွက် ခပ်နက်နက် ထိုးနှပ်ချက် ဒဏ်ရာတစ်ခု ဖြစ်ပါတယ်။ ချာလီကာ့ရဲ့ မိသားစု၊ ချစ်ရသူတွေ၊ အမေရိကန် ကွန်ဆာဗေးတစ်လူထုအတွက် လည်း စိတ်မကောင်းဖြစ်ရပါတယ် “ လို့ ပြောပါတယ်။

    အစ္စရေးဝန်ကြီး ဘန်ဂျမင် နေတန်ရာဟု ကလည်း “ အစ္စရေးအတွက် ခြင်္သေ့လို နှလုံးသားရှိသူပါ။ အလိမ်အညာတွေကို တိုက်ဖျက်ခဲ့သူ၊ ခရစ်ယာန်-ဂျူး ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေအတွက် မားမားမတ်မတ်ရပ်တည်ခဲ့သူဖြစ်ပါတယ်။ ကျွန်တော် သူနဲ့ လွန်ခဲ့တဲ့ နှစ်ပတ်လောက် က စကားပြောဖြစ်ခဲ့ပါတယ်။ အစ္စရေးကိုလာဖို့လည်း ဖိတ်ခေါ်ခဲ့ပါတယ်။ ဝမ်းနည်းစွာနဲ့ ဒီခရီးစဉ် က ဖြစ်မလာတော့ပါဘူး။ အင်မတန်ကောင်းမွန်လှတဲ့ လူသားတစ်ယောက် ဆုံးရှုံးလိုက်ရသလိုပါပဲ” လို့ ပြောပါတယ်။

  12. ထရမ့် ပစ်ခတ်ခံရတုန်းကထက် ပိုအထိနာတဲ့ ကာ့ ပစ်ခတ်ခံရမှု

    ဘာ့ ဒေါ့စ်မွန် ဂျူနီယာ

    ဝါရှင်တန်ဒီစီက သတင်းပေးပို့ချက်

    ချာလီ ကာ့ဟာ အမေရိကန်သမ္မတ အိမ်တော် အိမ်ဖြူတော်မှာ တရားဝင်ရာထူးတစ်ခုခု ရယူထားတာ မရှိပေမဲ့ နိုင်ငံရေးရပ်ဝန်းမှာတော့ အတော်လေးသြဇာရှိသလို ထရမ့် မိသားစုနဲ့လည်း ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့သူဖြစ်ပါတယ်။

    သူ့ရဲ့ Turning Point အဖွဲ့ဟာ ထရမ့်တစ်ယောက် သမ္မတ ရာထူး မဲဆွယ်ချိန်တုန်းကဆိုရင် နီးစပ်မှုရှိခဲ့ပါတယ်။ အကြောင်းကတော့ ကာ့ ဟာ လူငယ်မဲဆန္ဒရှင်တွေကို ကွန်ဆာဗေးတစ်သတင်းစကား ပေးနိုင်ခဲ့တာကြောင့်ဖြစ်ပါတယ်။

    ကာ့ရဲ့ ပေါ့ကတ်စ်ဟာ ဖော်လိုဝါ သန်းနဲ့ချီရှိပြီး ရီပတ်ဘလီကန်ပါတီကဆိုရင် အဲဒီပေါ့ကတ်စ်တွေဟာ ပါတီရဲ့သမ္မတလောင်းအဖြစ် ရွေးကောက်ပွဲဝင်ခဲ့တဲ့ ထရမ့်အတွက် မဲနိုင်ဖို့ရာ အရေးပါတဲ့အထောက်အပံ့တွေထဲက တစ်ခုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

    ကာ့ ရဲ့ အခုလို ပစ်ခတ်ခံရမှုဟာ ပြီးခဲ့တဲ့နှစ် ဇူလိုင်လတုန်းက ထရမ့်တစ်ယောက် လုပ်ကြံသတ်ဖြတ် ကြံစည်ခံခဲ့ရတဲ့ ပစ်ခတ်မှုကနေ လွတ်ခဲ့တာထက်စာရင် ထိုးနှက်ချက် ကြီးမားပါတယ်။

    အခုပစ်ခတ်မှုအကြောင်း ပြောချိန်မှာတော့ ထရမ့်ရဲ့ပြောဆိုချက်တွေဟာ သူ ပစ်ခတ်ခံရတုန်းက အခိုက်အတန့်ကို အတော်လေး ပြန်ထင်ဟပ်ပါတယ်။ လာမယ့်ရက်တွေအတွင်းမှာတော့ ထရမ့်ဟာ ကာ့ရဲ့ မိသားစုနဲ့တွေ့ဖို့ ရှိနေပါတယ်။

  13. ထရမ့် မဟာမိတ် ချာလီ ကာ့ တက္ကသိုလ်ဝင်းထဲ ပစ်ခတ်ခံရပြီး သေဆုံး

    ချာလီကာ့ ပစ်ခတ်မခံရမီ မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ချာလီကာ့ ပစ်ခတ်မခံရမီ မြင်ကွင်း

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မဟာမိတ်လည်းဖြစ်၊ ကွန်ဆာဗေးတစ်တစ်ဦးလည်းဖြစ်တဲ့ ချာလီကာ့ ဟာ အမေရိကန်ပြည်ထောင်စုက ယူတာ့ကောလိပ်မှာ စကားရည်လုပွဲအစီအစဉ် တက်နေတုန်း သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ပါတယ်။

    ဗုဒ္ဓဟူးနေ့ က ကျင်းပခဲ့တဲ့ သူ့ရဲ့ ဒီအစီအစဉ်ကို လူ ၃,၀၀၀ ကျော် တက်ရောက်နေခဲ့တာ ဖြစ်ပါတယ်။ အဲဒီပွဲကို ကျောင်းသားတွေ အများစုတက်ရောက်ခဲ့တာဖြစ်ပြီး ပွဲတက်လာသူတွေကိုတော့ ပစ်ခတ်မှု မရှိခဲ့ပါဘူး။

    လူမှုကွန်ယက်စာမျက်နှာတွေပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်တွေထဲမှာ ချာလီကာ့က “လက်နက်ကိုင်အကြမ်းဖက်မှုတွေ” အကြောင်းပြောနေတဲ့အချိန် မှာ လည်ပင်းကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။

    သံသယရှိသူ နှစ်ဦးကို အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပေမယ့် ပြန်လွှတ်ပေးခဲ့တယ်လို့ ကျောင်းတာဝန်ရှိသူတွေက ပြောပါတယ်။

    အခုတော့ ကောလိပ်တစ်ခုလုံးကို သွားလာမှုကန့်သတ်လိုက်ပြီး လက်နက်အပြည့်အစုံနဲ့ ရဲတပ်ဖွဲ့တွေလည်း ကောလိပ် ပရဝုဏ်မှာ ကင်းလှည့်နေပါတယ်။

    ယူတာ့မြို့တော်ဝန်ကတော့ ဒီတိုက်ခိုက်မှုကို “နိုင်ငံရေးအရ လုံကြံသတ်ဖြတ်မှု”လို့ ပြောပြီး အမေရိကန်နိုင်ငံသားတွေအချင်းချင်း “အမုန်းတရား” တွေ ရပ်တန့်ဖို့ တောင်းဆိုလိုက်ပါတယ်။

    ချာလီကာ့ဟာ သူ့အသက် ၁၈ နှစ်အရွယ် ၂၀၁၂ ခုနှစ်မှာ Turning Point USA (TPUSA) ကို ပူးတွဲတည်ထောင်ခဲ့ပါတယ်။ TPUSA ဟာ ကောလိပ်တွေမှာ ရှေးရိုးစွဲအယူဝါဒတွေ ပြန့်ပွားစေရေး ရည်ရွယ်ခဲ့တာပါ။

    TPUSA ဟာ အမေရိကန် သမ္မတ ထရမ့် မဲဆွယ်ရေးအစီအစဉ် နဲ့ နီးကပ်တဲ့ ချိတ်ဆက်မှုတွေရှိခဲ့ပြီး ပြီးခဲ့တဲ့ အမေရိကန်ရွေးကောက်ပွဲမှာ လူငယ်မဲပေးသူများစွာကို ရှေးရိုးစွဲအယူဝါဒတွေ ဖြန့်ဝေနိုင် ခဲ့ပါတယ်။

    ကာ့ ရဲ့ followers သန်းနဲ့ချီတဲ့ ပေါ့ကတ်စ် အစီအစဉ်ဟာ လည်း ထရမ့်ရွေး‌ကောက်ပွဲ အောင်နိုင်ရခြင်းရဲ့ အဓိကသော့ချက်တွေထဲက တစ်ခုဖြစ်တယ်လို့ ရီပတ်ဘလင်ကန်ပါတီဘက်က ပြောကြပါတယ်။

    ဇန်နဝါရီလက မြို့တော်ဝါရှင်တန်ဒီစီမှာ လုပ်တဲ့ ထရမ့်ရဲ့ သမ္မကျမ်းကျိန်တဲ့အခမ်းအနား ကို ချာလီကော့ လည်းတက်ရောက်ခဲ့ပြီး၊ နောက်ပိုင်းမှာ အိမ်ဖြူတော် ပုံမှန် ဝင်ထွက်သွားလာနေသူ ဖြစ်လာခဲ့ပါတယ်။ အမေရိကန်သမ္မတထရမ့် ကတော့ သူ့ရဲ့လူမှုကွန်ယက်မီဒီယာ Truth မှာ “ချာလီကာ့ လုပ်ကြံသတ်ဖြတ်မှုကြောင့် ပူဆွေးသောကတွေ နဲ့ အမြတ်ဒေါသတွေ ပြည့်နှက်နေတယ်” လို့ ရုပ်သံဗီဒီယိုကတဆင့် ပြောလိုက်ပါတယ်။

  14. မင်္ဂလာပါ။ စက်တင်ဘာ ၁၁ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။