ဒီကနေ့ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့ သတင်းတွေကို လာရောက်ဖတ်ရှုကြတဲ့အတွက် ကျေးဇူးတင်ရှိပါတယ်။
ဖေဖော်ဝါရီ ၁၄ ရက် - စစ်မှုထမ်းကာလကိုဆွဲဆန့်နိုင်တဲ့အရန်တပ်ဖွဲ့ဥပဒေကို စစ်ကောင်စီထပ်အသက်သွင်း
ပြည်သူ့စစ်မှုထမ်းဥပေဒအသက်ဝင်ကြောင်းကြေညာအပြီးမှာ အရန်တပ်ဖွဲ့ဥပဒေဆိုပြီး စစ်ကောင်စီကထပ်ပြီးအသက်သွင်းထုတ်ပြန်လာပါတယ်။ ဒီဥပဒေအရ လူတစ်ဦးရဲ့ စစ်မှုထမ်းသက်တမ်းကို ဆွဲဆန့်နိုင်မှာဖြစ်ပါတယ်။ အာဏာသိမ်းစစ်ခေါင်းဆောင်ကတော့ စစ်မှုထမ်းဟောင်းတွေကို နိုင်ငံတော်ကာကွယ်ရေးမှာပြန်လည်ထမ်းဆောင်ဖို့လို့ အကြောင်းပြပြောထားပါတယ်။
အနှစ်ချုပ်
- စစ်ကောင်စီတပ်ရဲ့ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)အပါအဝင် ခြေမြန်တပ်ရင်းတွေကို ရက္ခိုင့်တပ်တော်(အေအေ)က သိမ်း
- ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသဘောတူတယ်လို့ စစ်ခေါင်းဆောင်ပြော
- မွန်ပြည်သစ်ပါတီအတွင်းရေးမှူးချုပ်နဲ့ ဒုစစ်ဦးစီးချုပ်တို့ ခွဲထွက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်း
- ကိုးကန့်ဒေသက ကျားဖြန့်ဖြစ်စဉ်တွေကြောင့် အုပ်ချုပ်ရေးနဲ့ ရဲအရာရှိကြီး ၈ ဦးကို ရာထူးကနေအနားပေး
- မဲထည့်ခွင့်ရှိသူ သန်း ၂၀၀ ကျော် နဲ့ တစ်ရက်တည်းကျင်းပမဲ့ အင်ဒိုနီးရှားရဲ့ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲ
- ပြည်သူ့စစ်မှုထမ်းဥပဒေကို လိုက်နာဖို့မလိုဘူးလို့ NUG ပြော
- အရန်တပ်ဖွဲ့ဥပဒေမှာ တပ်ချုပ်ကို လုပ်ပိုင်ခွင့်အပြည့်အဝပေးထား
- ပြည်သူ့စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်းကြေညာအပြီးမှာ အရန်တပ်ဖွဲ့ဥပဒေဆိုပြီး စစ်ကောင်စီကထပ်ပြီးအသက်သွင်း
တိုက်ရိုက် ထုတ်လွှင့်ချက်
ပြည်ပအလုပ်အကိုင် အတွက် Demand သစ်တင်လျှောက်တာတွေကို စစ်ကောင်စီဆိုင်းငံ့ထား

ဓာတ်ပုံ ရင်းမြစ်, CJ
ပြည်ပအလုပ်အကိုင်အတွက် အလုပ်အသစ် Demand တွေတင်တာကို စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက ယာယီဆိုင်းငံ့ခိုင်းထားတယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေက ဘီဘီစီကိုပြောပါတယ်။
မလေးရှား၊ ထိုင်း၊ ဂျပန်၊စင်ကာပူ တို့ကို သွားရောက်အလုပ်လုပ်ကိုင်ဖို့အတွက် ပြင်ဆင်နေတဲ့ လူငယ်တွေအတွက် အခက်အခဲဖြစ်ကြတဲ့အခြေအနေလို့ ဆိုပါတယ်။ အဲဒီလိုယာယီဆိုင်းငံ့တာကို ဖေဖော်ဝါရီ ၁၃ ရက်ကစတင်ပြီး အဲဒီအရှေ့ပိုင်းမှာ Demand တင်ထားတဲ့သူတွေအတွက်ကိုတော့ ပုံမှန်အတိုင်းလုပ်ဆောင်ပေးမယ်ဆိုပြီး စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာနက အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီတွေကို တုံ့ပြန်ထားပါတယ်။
'' သူက Calling (ခေါ်စာ)ရပြီးသား လူတွေ၊ ထွက်ခွာဖို့လုပ်ထားပြီးသားလူတွေအတွက်က အဆင်ပြေတယ်။ သူတို့ က ဆက်သွားလို့ရမယ်ဆိုပေမဲ့ အသစ်သွားဖို့ပြင်နေ တင်နေတဲ့သူတွေမရဖြစ်သွားတာပါ။ သူတို့ ( စစ်ကောင်စီအလုပ်သမားဝန်ကြီးဌာန) ကတော့ ယာယီဆိုင်းငံ့တယ်ပဲပြောတယ်။ အထက်ကဆိုင်းငံ့ခိုင်းလို့ပဲ ပြောပြီး ကျန်တာ အကြောင်းပြချက်မပေးဘူး'' လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေးအေဂျင်စီလုပ်ငန်းလုပ်ကိုင်နေသူတစ်ဦးကပြောပါတယ်။
ဒါအပြင် QR ကုတ်စနစ်နဲ့ ထုတ်ပေးနေတယ်ဆိုတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ကလည်း မှောင်ခိုစျေးကွက်ရှိနေပြီး နိုင်ငံကူးလက်မှတ်အတွက် ကျပ် ၂၇ သိန်း ကနေ သိန်း ၃၀ စျေးပေါက်နေတယ်လို့ နိုင်ငံကူးလက်မှတ်လုပ်ဖို့ စိုင်းပြင်းနေသူတစ်ဦးက သူသိထားတဲ့ ပွဲစားစျေးကွက်ကိုပြောပါတယ်။
စစ်ကောင်စီကတော့ နိုင်ငံကူးလက်မှတ်သက်တမ်းတိုးတာတွေနဲ့ အသစ်လုပ်ကိုင်ပေးတာမရှိဘူးဆိုတဲ့ပြောဆိုချက်တွေအပေါ်မှာငြင်းဆိုထားပါတယ်။
ဖေဖော်ဝါရီလ ၁၀ ရက်မှာ အာဏာရှင်ဟောင်းလက်ထက်က ပြဋ္ဌာန်းခဲ့တဲ့ နိုင်ငံသားတိုင်းမဖြစ်မနေစစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေကို စစ်ကောင်စီက အသက်သွင်းကြောင်းကြေညာခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကောင်စီရဲ့ အဲဒီဥပဒေအသက်သွင်းတဲ့နောက်မှာ ထိုင်းဘက်ကို တရားဝင်ရော တရားမဝင်လမ်းတွေကပါ ပြောင်းရွှေ့ထွက်ခွာသူတွေများလာနေသလို တော်လှန်ရေးအင်အားစုတွေရဲ့ တပ်ရင်းတွေဆီကို ခိုလှုံပြောင်းရွှေ့သူတွေလည်းရှိနေတယ်လို့ ဗီဇာဝန်ဆောင်မှုလုပ်ကိုင်သူတွေနဲ့ တော်လှန်ရေးအင်အားစုတချို့ကထုတ်ပြောနေကြပါတယ်။
‘‘လက်နက်တပ်ဆင်ပေးမှုမှာ ပိုစနစ်ကျအောင် ပြည်သူ့စစ်မှုထမ်းဥပဒေကို ဆောင်ရွက်တာဖြစ်ပါတယ်’’ - စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း
အင်ဒိုနီးရှား လူငယ်မဲဆန္ဒရှင်တွေ ဖြစ်ချင်တဲ့ဆန္ဒက ဘာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဓာတ်ပုံ ပုံစာ, မဲပေးခွင့်ရှိသူ သန်း ၂၀၀ ကျော်ထဲ တစ်ဝက်ကျော်ဟာ အသက် ၄၀ အောက်တွေဖြစ်ပါတယ် အင်ဒိုနီးရှားမှာ ဒီနေ့ မနက်ပိုင်းတုန်းက ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ ပါဝင်မဲထည့်တဲ့ မဲဆန္ဒရှင် သန်း ၂၀၀ ကျော်ထဲက တစ်ဝက်ကျော်ဟာ အသက် ၄၀ နှစ်အောက်ဖြစ်တာကြောင့် လူငယ်တွေရဲ့ မဲဟာ ကမ္ဘာမှာ ၄ နိုင်ငံမြောက် လူဦးရေ အထူထပ်ဆုံးဖြစ်တဲ့ အင်ဒိုနီးရှားကို ဦးဆောင်မယ့်သူ ဆုံးဖြတ်ရာမှာ အခရာကျပါတယ်။
လူငယ်မဲဆန္ဒရှင်တွေဟာ သူတို့ရဲ့ သမ္မတ အသစ်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးရေးနဲ့ လူမှုဘဝနေထိုင်မှုကုန်ကျစရိတ်တွေကို လျှော့ချပေးနိုင်ရေး ဦးစားပေးလုပ်စေချင်တဲ့အကြောင်း စစ်တပ်အမျိုးမျိုးမှာ ပြသထားပြီးဖြစ်ပါတယ်။
အင်ဒိုနီးရှား စစ်တမ်း အင်စတီကျု့ နဲ့ အိုင်ဆက် ယူဆွဖ် အီရှက် အင်စတီကျူ့တို့ မနှစ်တုန်းက ပူးတွဲ ပြုလုပ်တဲ့ အစီရင်ခံစာမှာတော့ ဂျန် ဇီ (Gen Z) နဲ့ အင်ဒိုနီးရှား ဆယ်ကျော်သက်တွေရဲ့ ထိပ်တန်း စိုးရိမ်ချက်ဟာ အလုပ်အကိုင်မဲ့နေမှုဖြစ်ပါတယ်။
ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အင်ဒိုနီးရှားလူငယ်တွေ အလုပ်လက်မဲ့နှုန်းဟာ စုစုပေါင်း အလုပ်လက်မဲ့နှုန်းထက် ကျော်လွန်နေဆဲဖြစ်ပါတယ်။
ဆင်းရဲမွဲတေမှုလျှော့ချရေးနဲ့ အဂတိမှုတိုက်ဖျက်ရေးဟာလည်း ထိပ်တန်းဖြေရှင်းစေလိုတဲ့ပြဿနာတွေအဖြစ် စစ်တမ်းမှာ ဖြေဆိုသူ လူငယ်တွေက ပြောထားပါတယ်။
ဗီဒီယို ပုံစာ, အင်ဒိုနီးရှားရွေးကောက်ပွဲနဲ့ လူငယ်မဲဆန္ဒရှင်များ တရားဝင် မဲရလဒ် ထုတ်ပြန်တာ သီတင်းပတ်ချီ ကြာမြင့်ဦးမှာဖြစ်ပေမဲ့ ကနဦးထွက်ပေါ်လာတဲ့ မဲရလဒ်တွေမှာတော့ စစ်ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဟာ သမ္မတလောင်းရာထူး မဲရေတွက်မှုမှာ ထိပ်ဆုံးက ဦးဆောင်နေပါတယ်။
ကျောက်တော်က စစ်တပ် တပ်မဌာနချုပ်အပါအဝင် တပ်ရင်းတွေကို အေအေသိမ်း

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, ကျောက်တော် တပ်နယ်ရှေ့မှာ တွေ့ရတဲ့ အေအေတပ်ဖွဲ့ဝင်တွေ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ တပ်မဌာနချုပ်ဖြစ်တဲ့ အမှတ် ၉ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ)အပါအဝင် ခြေမြန်တပ်ရင်းတွေကို ရက္ခိုင့်တပ်တော်(အေအေ)က သိမ်းပိုက်လိုက်ပါတယ်။
စကခ ဌာနချုပ်အပါအဝင် ခြေမြန်တပ်ရင်း ၃ ခုကိုလည်း အေအေက သိမ်းပိုက်လိုက်ပြီလို့ အေအေပါဝင်တဲ့ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က ဇန်နဝါရီလ ၁၄ ရက်မှာ သိမ်းဆည်းလက်နက်ခဲယမ်း ဓာတ်ပုံတွေနဲ့အတူ သတင်းထုတ်ပြန်လိုက်တာပါ။

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, ကျောက်တော်တပ်နယ်ကနေ သိမ်းမိတယ်ဆိုတဲ့လက်နက်ခဲယမ်းတွေ ဒီတပ်စခန်းနေရာတွေ၊ စစ်ကောင်စီဌာနဆိုင်ရာနေရာတွေနဲ့ရန်ကုန်-စစ် တွေလမ်းမကြီးပေါ်က ကုန်စည်စီးဆင်းမှုအတွက် အရေးပါတဲ့ ကစ္ဆပနဒီတံတားမှာ အေအေတပ်ဖွဲ့ဝင်တွေ နေရာယူထားကြတာကိုလည်း တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နဲ့ ၈ ရက်တွေတုန်းကလည်း ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာအနီးက ရေကြောင်းတိုက်ပွဲမှာ စစ်တပ် စစ်သင်္ဘော ၂ စီးနဲ့ မြစ်ကူးသင်္ဘော ၁ စီးကို နှစ်မြှုပ်နိုင်ခဲ့တယ်လို့ အေအေက ပြောထားပါတယ်။
ဒီလိုတိုက်ခိုက်မှုတွေမှာ စစ်ကောင်စီတပ်သားတွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ထွက်ပြေးကြတာတွေရှိပြီး သူတို့ပိုင်လက်နက်တွေကို ပစ်ထားခဲ့တာ၊ မြေမြှုပ်ဖွက်ထားခဲ့တာတွေရှိတဲ့အတွက် တွေ့ရှိတဲ့ပြည်သူတွေအနေနဲ့ လက်နက်တွေကို အေအေကို အပ်ကြဖို့ပြောထားပါတယ်။
အင်ဒိုနီးရှားရွေးကောက်ပွဲ - မဲရုံတွေပိတ်လို့ မဲရေတွက်နေပြီ

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ပင်လယ်ရေမျက်နှာပြင်ထက် မြေနိမ့်ကျနေတဲ့ ဂျာကာတာမြို့ထဲက မဲရုံတစ်ရုံမှာ မဲရုံအရာရှိက မဲရေတွက်ဖို့ မဲပုံးဖြည်နေတာဖြစ်ပါတယ် အင်ဒိုနီးရှားနိုင်ငံမှာတော့ ဒီနေ့ကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ မဲရုံတွေ ပိတ်သွားပြီဖြစ်လို့ မဲတွေ စတင်ရေတွက်နေပြီဖြစ်ပါတယ်။
အင်ဒိုနီးရှား ဒေသစံတော်ချိန် နေ့လည် ၁ နာရီကတည်းက မဲရုံတွေ ပိတ်သွားပြီဖြစ်လို့ မဲဆန္ဒရှင်တွေ စောစောထ မဲပေးခဲ့ကြတယ်လို့ နားလည်ရပါတယ်။ လက်ရှိမှာ ဒေသစံတော်ချိန် ညနေ ၄ နာရီရှိပြီဖြစ်ပါတယ်။
ဒီအတောအတွင်းမှာပဲ ရွေးကောက်ပွဲကာလအတွင်း ပင်ပန်းလွန်တာ၊ နှလုံးရပ်တာအပါအဝင် တာဝန်တွေထမ်းဆောင်ရင်းတဲ့ ရွေးကောက်ပွဲအရာရှိ ၆ ဦးအထိရှိတယ်လို့ သိရပါတယ်။
နိုင်ငံတဝန်း ကျွန်းပေါင်း ၁၇,၀၀၀ ကျော်မှာ တစ်နေ့တည်းတစ်ပြိုင်တည်းကျင်းပတဲ့ ဒီရွေးကောက်ပွဲဟာ နိုင်ငံ့နေရာအချို့မှာ ရေကြီးတာနဲ့ မိုးသည်းတာကြောင့် နှောင့်နှေးတာတွေလည်း ရှိခဲ့ပါတယ်။
အင်ဒိုနီးရှားရွေးကောက်ပွဲ မဲပုံးနဲ့ မဲစာရွက်တွေ ပေးပို့မှုမှာ ဘယ်လိုအခက်အခဲတွေကြား ကျင်းပခဲ့ရလဲ။ အောက်က ဓာတ်ပုံ စုစည်းချက်မှာ ဆက်လက်ကြည့်ရှုပါ။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, အနောက်ဂျာဗားပြည်နယ်ထဲက မဲရုံတွေဆီ မဲပုံးတွေရောက်အောင် ရွေးကောက်ပွဲဝန်ထမ်းတွေက ဒိုက်တွေ ဗေဒါတောတွေကြားထဲကနေ သယ်ယူခဲ့ရ 
ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ဂျာဘီပြည်နယ်မှာတော့ မဲပုံးတွေကို ကျောပိုးပြီး ရွှံတွေ ဗွက်တွေကြားထဲ သယ်ယူခဲ့ကြရပါတယ် 
ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, ဂျာဗားကျွန်းပေါ်က အနောက်ဘက်အကျဆုံး ဘန်တန်ပြည်နယ်မှာတော့ ဘန်ဒူမျိုးနွယ်စုဝင်အမျိုးသားတွေ မဲပုံးတွေကို တုတ်တွေကို တံပိုးလိုသုံးပြီး သယ်ယူခဲ့ကြပါတယ်။ 
ဓာတ်ပုံ ရင်းမြစ်, Reuters
ဓာတ်ပုံ ပုံစာ, မြို့တော် ဂျာကာတာက နေရာအချို့မှာ ရေကြီးနေတာကြောင့် မဲပုံးတွေကို ရေထဲ ဖြတ်ကျော်သယ်ခဲ့ရ အင်ဒိုနီးရှားရွေးကောက်ပွဲ ဘာကြောင့်အရေးကြီးလဲ

ဓာတ်ပုံ ရင်းမြစ်, EPA
ဓာတ်ပုံ ပုံစာ, အင်ဒိုနီးရှား မဲဆန္ဒရှင်တစ်ဦး အခုတစ်ကြိမ်ရွေးကောက်ပွဲဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ ဒီမိုကရေစီအတွက် အလှည့်အပြောင်းဖြစ်လာနိုင်ပါတယ်။
အင်ဒိုနီးရှားဟာ ပြုပြင်ပြောင်းလဲမှုနဲ့ စွမ်းဆောင်ရည်လည်းရှိတယ်လို့ မှတ်ယူခံရတဲ့ တိုက်ရိုက်ရွေးကောက်ခံ သမ္မတ နှစ်ဦးရဲ့ အုပ်ချုပ်မှုအောက်မှာ ဆယ်စုနှစ် ၂ ခုကြာတဲ့အထိ အထင်ကြီးစရာကောင်းလောက်အောင် တည်တည်ငြိမ်ငြိမ်ရှိခဲ့တာကြောင့်လည်းဖြစ်ပါတယ်။
လက်ရှိ သမ္မတ ဂျိုကိုဝီရဲ့ ဒုတိယမြောက် သမ္မတ သက်တမ်းဟာ ၁၉၈၈ ခုနှစ်မှာ အာဏာရှင်ဆူဟာတိုရဲ့အုပ်စိုးမှု အဆုံးသတ်ပြီးတဲ့နောက်ပိုင်း လွတ်လပ်မှုနဲ့ ဒီမိုကရေစီနည်းကျတာဝန်ယူမှု၊ တာဝန်ခံမှုတွေ တဖြည်းဖြည်းတိုက်စားခံနေရတယ်လို့လည်း ယူဆခံထားရပါတယ်။
သူဟာ ဆူဟာတိုရဲ့ သားမက်လည်းဖြစ်၊ အင်ဒိုနီးရှားအထူးတပ်ဖွဲ့တွေရဲ့ တပ်မှူးလည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို နဲ့ မဟာမိတ်ဖြစ်ပါတယ်။
တဖက်မှာလည်း ပရာဘိုဝိုဟာ အင်ဒိုနီးရှားနိုင်ငံရေးမှာ အနောက်ဒီမိုကရေစီစံနှုန်းတွေကို လွှမ်းမိုးတာကို မကြာခဏ ဝေဖန်သူဖြစ်ပြီး နိုင်ငံတော်က ပိုပြီးချုပ်ကိုင်တဲ့ အာဏာရှင်စနစ်ကို ပိုပြီး ပြောဆိုတတ်တဲ့သူလည်း ဖြစ်ပါတယ်။
ပရာဘိုဝို တစ်ယောက် သမ္မတလောင်းအဖြစ် ဝင်ရောက်ရွေးကောက်ခံတာဟာ အင်ဒိုနီးရှား ဒီမိုကရေစီအတွက် ပိုပြီး တပ်လှန့်သတိပေးစရာဖြစ်လာစေတယ်လို့ ဂျာကာတာကနေ တိုက်ရိုက်သတင်းပေးပို့တဲ့ ဘီဘီစီ အာရှသတင်းထောက်က ပြောပါတယ်။
အင်ဒိုနီးရှားရွေးကောက်ပွဲ - သိသင့်တဲ့ကိန်းဂဏန်းတွေ

ဓာတ်ပုံ ရင်းမြစ်, EPA
ဓာတ်ပုံ ပုံစာ, မဲပေးဖို့ တန်းစီနေကြတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေ အင်ဒိုနီးရှားရွေးကောက်ပွဲဟာ မဲပေးခွင့်ရှိသူ ၂၀၅ သန်းရှိမယ့် တစ်နေ့တည်းသာကျင်းပတဲ့ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲရှိပါတယ်။ မဲဆန္ဒရှင် စုစုပေါင်းရဲ့ တစ်ဝက်နီးနီးဟာ အသက် ၄၀ အောက်တွေဖြစ်ကြပါတယ်။ မဲပေးဖို့ဆိုရင် အနည်းဆုံး အသက် ၁၇ နှစ် ပြည့်ရပါမယ်။
မဲဆန္ဒရှင်တွေဟာ သမ္မတနဲ့ ဒုတိယသမ္မတနေရာတွေကိုသာမက လွှတ်တော်အမတ် ၅၈၀ နဲ့ ဒေသန္တရလွှတ်တော်အမတ်နေရာ ၂၀,၀၀၀ ကျော်ကို မဲပေးရွေးချယ်ကြမှာဖြစ်ပါတယ်။
အခုနှစ် အင်ဒိုနီးရှားရွေးကောက်ပွဲမှာ အမတ်လောင်း ၂၆၀,၀၀၀ ကျော် မှတ်ပုံတင်ထားပြီး ပါတီ ၁၈ ခုဟာ လွှတ်တော်ရွေးကောက်ပွဲတွေမှာပါဝင်နေပါတယ်။
ကျွန်းပေါင်း ၁၇,၀၀၀ ကျော်နဲ့ဖွဲ့စည်းထားတဲ့ အင်ဒိုနီးရှားနိုင်ငံတစ်ဝန်းမှာ မဲရုံပေါင်း ၈၀၀,၀၀၀ ကျော် ဖွင့်လှစ်ထားပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးသဘောတူတယ်လို့ စစ်ခေါင်းဆောင်ပြော

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး သဘောတူတယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကပြောလာပြီး ပြင်ဆင်သင့်တဲ့ ဥပဒေတွေကို လွှတ်တော်လမ်းကြောင်းပေါ်ကနေ ပြင်ဆင်သွားမယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့ ဖေဖော်ဝါရီ ၁၃ ရက်မှာပြောပါတယ်။
ဒါအပြင် လွှတ်တော်မတိုင်ခင်မှာ ဥပဒေမထုတ်ပြန်နိုင်သေးရင်လည်း ပြည်ထောင်စုကနေ ဥပဒေလို အာဏာတည်တဲ့ အမိန့်နဲ့ ညွှန်ကြားချက်တွေ ထုတ်ပြီး တိုင်း ဒေသကြီးနဲ့ ပြည်နယ်တွေအတွက် လုပ်ဆောင်ပေးလို့ရတယ်ဆိုပြီး လည်းထည့်ပြောပါတယ်။
''ထိုသို့ ဆောင်ရွက်ပေးမည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်ဖြစ်ကြောင်း '' လို့ စစ်ခေါင်းဆောင်ကပြောပါတယ်။
နိုင်ငံရေးပါတီတွေအနေနဲ့ လုပ်ငန်းဆောင်ရွက်မှုတွေ ပိုမို လွယ်ကူစေရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဦးစွာပြင်ဆင် ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လိုအပ်တဲ့ ဥပဒေပြင်ဆင်မှု တွေကိုလုပ်ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CINCDS
စစ်တပ်အနေနဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းဖို့ ခိုင်မာစေရေးကို အာမခံထားတယ်လို့လည်းဆိုပြီး ပါတီစုံဒီမိုကရေစီစနစ်မှာပါတီတွေအနေနဲ့ ပါတီနိုင်ငံရေးလှုပ်ရှားမှုရှိရမှာဖြစ်သလို နိုင်ငံ့အရေးကို ဆောင်ရွက်တဲ့ နိုင်ငံရေးကိုလည်းဆောင်ရွက်ရမယ်လို့ပြောပါတယ်။
တစ်ဖက် အမျိုးသားညီညွတ်ရေး အစိုးရ ကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုပယ်ဖျက်တယ်လို့ကြေညာထားပြီး စစ်ကောင်စီကျင်းပမယ်ဆိုတဲ့ရွေးကောက်ပွဲကိုအသိအမှတ်မပြုကြောင်းပြောထားပါတယ်။
မွန်ပြည်သစ်ပါတီအတွင်းရေးမှူးချုပ်နဲ့ ဒုစစ်ဦးစီးချုပ်တို့ ခွဲထွက်ပြီး တော်လှန်ရေးအင်အားစုတွေနဲ့ပူးပေါင်း

ဓာတ်ပုံ ရင်းမြစ်, လွတ်လပ်သော မွန်သတင်းအေဂျင်စီ
ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းတုန်းက ကျင်းပခဲ့တဲ့ မွန်ပြည်သစ်ပါတီရဲ့ ၁၁ ကြိမ်မြောက်ညီလာခံ မွန်ပြည်သစ်ပါတီ(MNSP)က အထွေထွေအတွင်းရေးမှူး နိုင်ဇေယျနဲ့ ဒုစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စလွန်းထော တို့ဟာ ပါတီကနေ ခွဲထွက်ပြီး စစ်အာဏာရှင်တိုက်ဖျက်ရေးအတွက် နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်း သွားမယ်လို့ ဒီနေ့မှာ ထုတ်ပြန်ပြောဆိုလာပါတယ်။
သူတို့နဲ့ အတူ ယုံကြည်ချက်တူတဲ့ ပါတီခေါင်းဆောင်များ၊ ပါတီဝင်တွေ၊ တပ်ဗိုလ်၊ တပ်မှူး၊ အကြပ်တပ်သားရဲဘော်တွေနဲ့ မျိုးချစ်ပုဂ္ဂိုလ်တွေလည်း ပါတီကနေ ခွဲထွက်တာလို့ ဆိုပါတယ်။
မွန်ပြည်သစ်ပါတီအနေနဲ့ စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကောင်စီနဲ့ ၃ ကြိမ်တွေ့ဆုံပြီး အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲကနေတဆင့် လက်ရှိနိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ်ဆိုတဲ့ရပ်တည်ချက်နဲ့ ပါတီဘက်က လိုလားတဲ့ဖက်ဒရယ်အခြေခံမူတွေကို တင်ပြခဲ့ပေမဲ့ မျှော်မှန်းတဲ့ရလဒ်တွေ မရခဲ့ဘူးလို့ ပြောပါတယ်။
ဖက်ဒရယ် ပြည်ထောင်စုပေါ်ပေါက်မှသာ စစ်အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်မှန်သမျှ ချုပ်ငြိမ်းမယ်လို့ ယုံကြည်သလို ဒီယုံကြည်ချက် ရပ်တည်ချက်ကို ၁၁ ကြိမ်မြောက် ပါတီညီလာခံမှာ အကြေအလည် ဆွေးနွေးခဲ့ပေမဲ့ ၂၀၁၂ ခုနှစ်မှာ ရေးထိုးခဲ့တဲ့ နှစ်ဖက်အပစ်ရပ်စဲရေးသဘောတူညီချက်အတိုင်း ရပ်တည်ပြီး စစ်ကောင်စီနဲ့ ဆက်ဆံဖို့ ဆက်ပြီးဆုံးဖြတ်ခဲ့တာကြောင့် လုံးဝ လက်မခံဘဲ အခုလို ခွဲထွက်တာလို့လည်း ဆိုပါတယ်။
တချိန်တည်းမှာပဲ မွန်ပြည်နယ်ထဲက ကျိုက်ထို၊ သထုံ၊ ဘီးလင်း၊ ကျိုက်မရော၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ စစ်ကောင်စီတပ်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုတွေ၊ လက်နက်ကြီးပစ်ခတ်မှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ၊ နေအိမ်မီးရှို့တာတွေ ပိုပြီး ပြုလုပ်လာတာကြောင့် စစ်ကောင်စီနဲ့ ဆက်ပြီး ဆွေးနွေးဖို့ မဖြစ်နိုင်တော့တာကလည်း အကြောင်းရင်းတစ်ရပ်လို့ မွန်ပြည်သစ်(စစ်အာဏာရှင်တိုက်ဖျက်ရေး)အဖွဲ့က ထုတ်ပြန်ပါတယ်။
ဒါကြောင့် ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးအတွက် စစ်ကောင်စီကို ဆန့်ကျင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နွေဦးတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီး စစ်တပ်ကို တိုက်ခိုက်သွားမယ်လို့ အဲဒီအဖွဲ့က ပြောထားပါတယ်။
အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မွန်ပြည်နယ်အတွင်း စစ်ကောင်စီရဲ့ ချိုးဖောက်မှုတွေကို ရင်နိုင်နေရပေမဲ့ မွန်ပြည်သစ်ပါတီက စစ်ကောင်စီနဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ဆက်လုပ်ခဲ့တာကြောင့် မွန်လူထုက မွန်ပြည်သစ်ရဲ့ရပ်တည်ချက်ကို မေးခွန်းထုတ်နေကြပါတယ်။
ရှမ်းမြောက်ကအုပ်ချုပ်ရေးထိပ်ပိုင်းအရာရှိ ၈ ဦးအထိအနားပေးခံရ
ကိုးကန့်ဒေသမှာဖြစ်ပွားခဲ့တဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဖြစ်စဉ်တွေမှာ တာဝန်ရှိတယ်ဆိုပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ထဲက အုပ်ချုပ်ရေးအရာရှိကြီး ၄ ဦး နဲ့ ရဲအရာရှိကြီး ၄ ဦး စုစုပေါင်း ၈ ဦးအနားပေးခံခဲ့ရတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနရင်းမြစ်ကနေ သိရပါတယ်။
၂၀၁၇ ခုနှစ်ကနေ လက်ရှိအချိန်အထိ ကိုးကန့်ဒေသမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက အုပ်ချုပ်ရေးအရာရှိကြီးတွေ နဲ့ ရဲမှူးကြီး တွေသာမကဘဲ ပြည်နယ်အဆင့်အထိပါ အရေးယူခံရတာ ဖြစ်ပါတယ်။
လားရှိုးအခြေစိုက် ရှမ်းပြည်နယ်၊ ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး နဲ့ ဒုတိယ ပြည်နယ် ရဲတပ်ဖွဲ့မှူး အထိ အရေးယူခံရတဲ့အကြောင်း ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။ အရေးယူခံရတဲ့ အထဲက ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဗညားဦး နဲ့ ရဲမှူးကြီး အောင်မြင့်နိုင် တို့က ထောင်ကျနေတဲ့ ပြည်ထဲရေးဝန်ကြီးဟောင်း ဒုတိယဗိုလ်ချုပ်ကြီးဟောင်း စိုးထွဋ်ရဲ့ တပည့်တွေလို့ သိရပါတယ်။
ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်က တာဝန်အရှိဆုံး အရာရှိကြီးတွေကို အရေးယူခဲ့ပေမဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ စစ်အုပ်ချုပ်ရေးဒေသ ဖြစ်ခဲ့တာကြောင့် ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လောက်ကိုင်)က တပ်အရာရှိတွေက ပိုတာဝန်ရှိတယ် လို့ ဒေသအခြေအနေတွေကို သိရှိသူတွေက ပြောပါတယ်။
အွန်လိုင်းလိမ်လည်မှုတွေကို တရုတ်နိုင်ငံရဲ့ နှိမ်နင်းမှုကြောင့် ကိုးကန့်ဒေသက သူဌေးတွေ ဝရမ်းထုတ်ဖမ်းဆီးခံရပြီး တရုတ်နိုင်ငံဘက်ကိုပါ စစ်ကောင်စီက လွှဲပေးခဲ့ပါတယ်။ လက်ရှိအချိန်မှာတော့ ၁၀၂၇ စစ်ဆင်ရေးကြောင့် ကိုးကန့်ဒေသတစ်ခုလုံး ကိုးကန့်တပ်(MNDAA) လက်အောက်ကို ရောက်ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
ဓာတ်ပုံ ပုံစာ, ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးမိုးဇော်လတ်(အလယ်လူ) တစ်ရက်တည်းကျင်းပတဲ့ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲ အင်ဒိုနီးရှားနိုင်ငံမှာ စတင်ပြီ

ဓာတ်ပုံ ရင်းမြစ်, EPA
ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တို မဲထည့်ခွင့်ရှိသူ လူပေါင်း ၂၀၅ သန်းပါဝင်ပြီး တစ်ရက်တည်း ကျင်းပမဲ့ ကမ္ဘာ့အကြီးဆုံးရွေးကောက်ပွဲကို အင်ဒိုနီးရှားနိုင်ငံမှာ ဒီနေ့ မနက်ပိုင်းကစလို့ စတင်ကျင်းပနေပြီဖြစ်ပါတယ်။
ဒီပြည်သူ သန်း ၂၀၀ ကျော်ဟာ ကျွန်းပေါင်း ၁၇,၀၀၀ ကျော်ရှိတဲ့ အင်ဒိုနီးရှားမှာ မတူညီတဲ့အချိန်ဇုန် အပိုင်းအခြား ၃ ခုမှာ မဲထည့်ကြမှာဖြစ်ပါတယ်။
မဲဆန္ဒရှင်တွေဟာ ဒီရွေးကောက်ပွဲကနေ သမ္မတ၊ ဒုသမ္မတနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်ကြမှာဖြစ်ပါတယ်။
မဲပေးပွဲမှာ နံပါတ်တစ်ရေပန်းစားနေသူ သမ္မတလောင်းကတော့ သွေးစွန်းတဲ့လူ့အခွင့်အရေးအတိတ်ရှိသူ ဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ ကာကွယ်ရေးဝန်ကြီးဟောင်း ပရာဘိုဝို ဆူဘီယန်တိုဖြစ်ပါတယ်။
ဒါကြောင့် အင်ဒိုနီးရှားဟာ အတိတ်က အာဏာရှင်စနစ်ဆီ နောက်ပြန်သွားမလားဆိုတဲ့ စိုးရိမ်ချက်တွေလည်း ရှိနေပါတယ်။
ရာထူးသက်တမ်းကုန်တော့မယ့် လက်ရှိသမ္မတ ဝီဒိုဒိုရဲ့ အရင် သမ္မတလောင်း မဲဆွယ်ပွဲ ၂ ဆက်ကို ထောက်ခံခဲ့တဲ့ပါတီက ဂန်ဂျာ ပရာနိုဝို နဲ့ သမ္မတ ဝီဒိုဒိုရဲ့သားဖြစ်သူ ဂျီဘရန် ရာကာဘူမင်း ရာကာ တို့လည်း ပါဝင်ရွေးကောက်ခံနေကြပါတယ်။
တရားဝင်မကြေညာသေးတဲ့ ကနဦးမဲရလဒ်တွေဟာ လာမယ့် နာရီပိုင်းတွေအတွင်း ထွက်ပေါ် လာနိုင်ခြေရှိပါတယ်။
သမ္မတလောင်းနဲ့ ကိုယ်စားလှယ်လောင်းတွေဟာ မဲအပြတ်အသတ်အနိုင်ရတာမျိုး မရှိဘူးဆိုရင်တော့ ဒုတိယအကျော့ရွေးကောက်ပွဲကို ဇွန်လမှာ ထပ်မံကျင်းပမှာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ပြည်သူ့စစ်မှုထမ်းဥပေဒကို လိုက်နာဖို့ မလိုဘူးလို့ NUG ပြော

ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်
ဓာတ်ပုံ ပုံစာ, ရန်ကုန်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၄ ရက်၊ လွတ်လပ်ရေးနေ့တုန်းက ပြုလုပ်ခဲ့တဲ့ စစ်ကောင်စီ(ကြည်း)တပ်ရဲ့ စစ်ရေးပြပွဲ မြန်မာနိုင်ငံသားတွေကြား ပူပန်မှုတွေမြင့်တက်စေခဲ့တဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြည်သူတွေ လိုက်နာဖို့မလိုဘူးလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်ပြောဆိုလာပါတယ်။
စစ်ကောင်စီဟာ နိုင်ငံအာဏာကို တရားမဝင်လုယူခဲ့တဲ့အဖွဲ့အစည်းဖြစ်တဲ့အတွက် ဥပဒေပြဋ္ဌာန်းတာ၊ အာဏာတည် စေတာမျိုး လုပ်ပိုင်ခွင့်မရှိဘူးလို့ ဖေဖော်ဝါရီ ၁၃ ရက် NUGကြေညာချက်မှာ ဆိုထားပါတယ်။
NUG ကတော့ စစ်ကောင်စီက ဒီဥပဒေပြဋ္ဌာန်းလိုက်တာဟာ ပြည်သူတွေကို စစ်ပွဲအတွင်း လူသားဒိုင်းအဖြစ် ရည်ရွယ်ချက်ရှိရှိ အဓမ္မစေခိုင်းဖို့နဲ့ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို ခြိမ်းခြောက်ပြီး စစ်အုပ်စုရဲ့အကျိုးစီးပွားကို ကာကွယ်ချင်တာဖြစ်တယ်လို့လည်း ပြောထားပါတယ်။
ပြည်သူတွေဘေး ဒုက္ခလျော့နည်းအောင် မဟာမိတ်အဖွဲ့တွေနဲ့ပူးပေါင်းပြီး ကာကွယ်တာ၊ ကူညီပံ့ပိုးတာတွေ လုပ်သွားမယ်လို့ ကြေညာချက်မှာပါရှိပါတယ်။
စစ်ကောင်စီကတော့ စစ်အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ နအဖ အစိုးရ လက်ထက် ၂၀၁၀ ခုနှစ်မှာ ပြဋ္ဌာန်းခဲ့တဲ့ဒီဥပဒေ အသက်ဝင်ပြီလို့ ပြီးခဲ့တဲ့သီတင်းပတ်ကုန်ပိုင်းကတည်းက ကြေညာထားပါတယ်။
အဲဒီလို ကြေညာပြီး ၃ ရက်အကြာ ဖေဖော်ဝါရီလ ၁၃ ရက်မှာတော့ ပြည်သူ့စစ်မှုထမ်းဥပဒေကို မြန်မာနှစ်သစ်ကူးကာလ ဧပြီလမှာ စတင်အကောင်အထည်ဖော်မယ်လို့ပြောလာသလို တစ်နေ့တည်းမှာပဲ အရန်တပ်ဖွဲ့ဥပဒေကို ဆက်ပြီး အသက်သွင်းလာပါတယ်။
လက်ရှိမှာတော့ ဒီဥပဒေတွေကြောင့် ပြည်တွင်းက စစ်မှုထမ်းရမယ့်အသက်ရွယ်ထဲအကျုံးဝင်သူတွေနဲ့မိသားစုတွေဟာ နိုင်ငံထဲက ထွက်ခွာဖို့ စုံစမ်းတာအပါအဝင် စစ်ကောင်စီရဲ့ ဥပဒေကို ဘယ်လိုရှောင်ကွင်းမလဲဆိုတဲ့နည်းလမ်းတွေကို ရှာဖွေနေသလို နွေဦးတော်လှန်ရေးအင်အားစုတွေကလည်း တော်လှန်ရေးတပ်သားသစ်တွေကို ကြိုဆိုတဲ့အကြောင်း လူမှုကွန်ရက်တွေကနေ ဆက်တိုက်ကြေညာလာပါတယ်။
စစ်မှုထမ်းကာလကို ဆွဲဆန့်နိုင်တဲ့ အရန်တပ်ဖွဲ့ဥပဒေကို စစ်ကောင်စီထပ်အသက်သွင်း
အများဆုံး(၅)နှစ်ထိ စစ်မှုထမ်းရမယ့် ပြည်သူ့စစ်မှုထမ်းဥပဒေအသက်ဝင်ကြောင်းထုတ်ပြန်အပြီးမှာ အရန်တပ်ဖွဲ့ဥပဒေကိုပါ စစ်ကောင်စီကထပ်ပြီးအသက်သွင်းလာပါတယ်။ အဲဒီဥပဒေကို ဖေဖော်ဝါရီ ၁၃ ရက်မှာ အာဏာစတည်တယ်လို့ စစ်ကောင်စီထိန်းချုပ်မီဒီယာက ကြေညာပါတယ်။
စစ်မှုထမ်းခြင်းကနေ နုတ်ထွက်ခွင့်နဲ့ အငြိမ်းစားယူခွင့်ရှိတဲ့ စစ်မှုထမ်းဟောင်းတွေကို အနားယူတဲ့ရက်ကစပြီး နောက် ၅ နှစ်အထိ အရန်တပ်ဖွဲ့မှာ စစ်မှုထမ်းဖို့တာဝန်ရှိတယ်လို့ ဥပေဒမှာပါရှိပါတယ်။
ဥပဒေဖော်ပြချက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အရန်တပ်ဖွဲ့ဝင်တွေကို ငါးနှစ်ကျော်လွန်ပြီးလည်း တာဝန်ပေးနိုင်တယ်လို့ပါရှိပါတယ်။ ဒီအရန်တပ်ဖွဲ့ မှာတာဝန်ပေးအပ်တာကို စစ်မှုထမ်းကာလသတ်မှတ်တာနဲ့ စစ်မှုထမ်းကာလအတွင်း လစာ ရာထူးခံစားခွင့်တွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က လုပ်ပိုင်ခွင့်အပြည့်အဝပေးထားပါတယ်။
စစ်မှုထမ်းဖို့ဆင့်ခေါ်တာကို သတင်းပို့ဖို့ပျက်ကွက်ရင် ၃ နှစ်ထက်မပိုတဲ့ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်မယ်လို့ပါရှိပါတယ်။
အရန်တပ်ဖွဲ့ ဥပဒေကိုလည်း ၂၀၁၀ ခုနှစ်က အာဏာရှင်ဟောင်းဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက် နအဖအစိုးရလက်ထက်မှာ ပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်တဲ့ အမိန့်ကိုထုတ်ပြန်တာဟာ စစ်မှုထမ်းဟောင်းတွေအနေနဲ့ နိုင်ငံတော်ရဲ့ ကာကွယ်ရေး အင်အားမှာ ပြန်လည်ထမ်းဆောင်ဖို့ တောင်းဆိုမှုတွေများပြားလာတာကြောင့် လို့ဆိုပါတယ်။
စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ် ယူမယ်လို့ မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူတွေကို ပြန်လည်ခေါ်ယူတာဝန်ပေးအပ်သွားမယ်လို့ စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့နိုင်ငံရေးပါတီတွေနဲ့ မနေ့ ဖေဖော်ဝါရီ ၁၃ ရက်က တွေ့ဆုံချိန်မှာထုတ်ပြောထားတာပါ။
ဥပဒေနှစ်ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်တာကြောင့် ကာကွယ်ရေးအင်အားကို တိုးမြှင့်လာစေမှာဖြစ်သလို အဲဒီလိုလုပ်ဆောင်ဖို့အတွက် နိုင်ငံ့စီးပွားရေးမဖြစ်မနေကောင်းဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဖေဖော်ဝါရီ ၁၄ ရက် အတွက် မြန်မာနိုင်ငံတွင်းက စစ်ရေး၊နိုင်ငံရေး ထူးခြားသတင်းတွေနဲ့ ဒီကနေ့မဲပေးကြမယ့် အင်ဒိုနီးရှားရွေးကောက်ပွဲရဲ့ နောက်ဆုံးရသတင်းတွေနဲ့ ကမ္ဘာ့သတင်းတွေကို ဘီဘီစီရဲ့ တိုက်ရိုက်တင်ဆက်မှုစာမျက်နှာကနေတိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

