ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

၂၀၂၄ ယူကေရွေးကောက်ပွဲ - လေဘာပါတီအနိုင်ရ ၊ ကွန်ဆာဗေးတစ်တို့ ဒေါင်းနင်းလမ်းကိုကျောခိုင်း

ယူကေရွေးကောက်ပွဲမှာ လေဘာပါတီက အနိုင်ရသွားပါပြီ။ ပါတီခေါင်းဆောင်ကီယာစတားမာ ဝန်ကြီးချုပ်ဖြစ်လာမယ့် သတင်းအပါအဝင် ယူကေအထွေထွေရွေးကောက်ပွဲရဲ့ နောက်ဆက်တွဲသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။

အနှစ်ချုပ်

  • မဲဆန္ဒရှင်တွေရဲ့ သဘောထားစစ်တမ်းတွေအရ အတိုက်အခံ လေဘာပါတီအနိုင်ရနေ
  • ၁၄ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ ကွန်ဆဗေးတစ်ပါတီနေရာမှာ လေဘာပါတီရောက်လာမယ်လို့ ခန့်မှန်း
  • လေဘာပါတီရဲ့ ခေါင်းဆောင် ကီယာ စတားမာ အစိုးရသစ်ရဲ့ဝန်ကြီးချုပ်ဖြစ်လာမယ်
  • လူထုဆီကရွေးချယ်ခံရတာက ကြီးမားတဲ့အခွင့်ထူးတစ်ခုလို့ အနိုင်ရလေဘာပါတီခေါင်းဆောင် ကီရာစတားမားပြော
  • အတိုက်အခံလေဘာပါတီက အနိုင်ရသွားပါတယ်လို့ လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူးနက်ထွက်ပြော
  • အနိုင်ရ ကီယာ စတားမာ ကို လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူးနက် က ဖုန်းဆက်ပြီး ဂုဏ်ယူကြောင်း‌ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဝန်ကြီးချုပ်သစ်ရဲ့ ပထမဆုံး မိန့်ခွန်း

    လေဘာပါတီ အပြတ်အသတ်အနိုင်ရပြီးတဲ့နောက် ဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ကီယာစတားမားဟာ အမှတ် ၁၀ ဒေါင်းနင်းလမ်းနေအိမ်ရှေ့ကနေ ဝန်ကြီးချုပ်အဖြစ် ပထမဆုံးမိတ်ဆက်မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ သူက ဘုရင်ကြီးဆီ သွားသတင်းပို့ခဲ့ပြီး ဘုရင်ကြီးရဲ့ ဖိတ်ခေါ်ချက်နဲ့ အစိုးရအဖွဲ့ ဖွဲ့စည်းသွားမယ်လို့ ပြောပါတယ်။

    အခုရာထူးက ဆင်းသွားရတဲ့ သူ့ရှေ့ကတာဝန်ယူခဲ့သူ ကွန်ဆားဗေးတစ်ပါတီဝန်ကြီးချုပ် ရီရှီဆူးနက်ခ်ကိုလည်း ချီးကျူးစကားပြောကြားခဲ့ပါတယ်။ အာရှနွယ်ဖွားအထဲက ပထမဆုံး ဗြိတိသျှဝန်ကြီးချုပ်ဖြစ်လာခဲ့သူ ရီရှီဆူးနက်ခ်ဟာ သူ့အစိုးရအဖွဲ့ကို ခေါင်းဆောင်နေစဥ်မှာ နိုင်ငံအတွက် ကြိုးစားလုပ်ဆောင်ခဲ့လို့ ကျေးဇူးတင်ပါတယ်လို့လည်း မစ္စတာစတားမားက ပြောခဲ့ပါတယ်။ သူခေါင်းဆောင်တဲ့ လေဘာပါတီအစိုးရဟာ နိုင်ငံအတွက် အပြောင်းအလဲတွေကို အခုချက်ချင်းပဲ စလုပ်ပါပြီလို့ ပြောပြီး အဲဒီအပြောင်းအလဲတွေဆိုတာက ခလုတ်တစ်ချက် ဖွင့်ပိတ်ရသလို လွယ်မှာတော့မဟုတ်ဘူး လို့ သတိပေးသွားပါတယ်။

    လေဘာအနေနဲ့ နိုင်ငံပြန်တည်ဆောက်မှုနဲ့အတူ ပြည်သူတွေရဲ့ ယုံကြည်မှုအတွက် တာဝန်ကို ထမ်းဆောင်သွားပါမယ်။ ဒါပေမဲ့ သူတို့ပါတီ လေဘာကို မဲပေးခဲ့သည်ဖြစ်စေ မပေးခဲ့သည်ဖြစ်စေ အထူးသဖြင့် မဲမပေးခဲ့သူတွေကို သူတို့အစိုးရက အဲဒီသူတွေအတွက် တာဝန်လည်း ထမ်းဆောင်သွားမှာပါလို့ တည့်တည့်ပြောချင်ပါတယ်လို့ ထည့်ပြောသွားပါတယ်။ နိုင်ငံရေးဆိုတာ အကောင်းတွေ ဖြစ်လာဖို့ တွန်းအားတစ်ခု ဖြစ်နိုင်ပါတယ်။ ဒါကို ပြသမယ်။ လေဘာပါတီကို ပြောင်းလဲပြီး ပြည်သူတွေကို ပြန်အကျိုးပြုဖို့ လုပ်ခဲ့တယ်။ အဲဒီလိုပုံစံနဲ့ အုပ်ချုပ်သွားမယ်။ နိုင်ငံက ပထမ၊ ပါတီက ဒုတိယပါလို့ ဝန်ကြီးချုပ်သစ် ကီယာ စတားမားက သူ့ရဲ့ ပထမဆုံးမိန့်ခွန်းမှာ ပြောသွားပါတယ်။

  2. ကွန်ဆာ‌ဗေးတစ်တို့ ဒေါင်းနင်းလမ်းကိုကျောခိုင်းချိန်, တရားဝင်နုတ်ထွက်စာမတင်ခင် ဝန်ကြီးချုပ်ဆူးနက်ခ် မိန့်ခွန်းပြော

    ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် က ဒေါင်းနင်းလမ်း‌ဝန်ကြီးချုပ်နေအိမ်ကမထွက်ခွာခင်မှာ နိုင်ငံကို မိန့်ခွန်းပြောခဲ့ပါတယ်။

    ကွန်ဆာဗေးတစ်ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်မယ်လို့ ဆူးနက်ခ် က အတည်ပြုပြောပြီး သူ့နေရာကို ဆက်ခံမယ့် သူကို ရွေးချယ်ဖို့ စီစဉ်နေတယ်လို့ဆိုပါတယ်။

    ဝန်ကြီးချုပ်ရာထူးနေ တရားဝင်ဆင်းဖို့ ဘုရင်ကြီးနဲ့လည်းတွေ့ဆုံပြီး နုတ်ထွက်စာပေးခဲ့ပါပြီ။

    တိုရီ ( ကွန်ဆားဗေးတစ် လို့မသုံးခင် ၁၇ ရာစုကအခေါ်) တို့ရဲ့ ရွေးကောက်ပွဲအဆိုးဆုံးအခြေအနေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက်မှာ နိုင်ငံကိုလည်း တောင်းပန်ခဲ့ပါတယ်။

    “ဒီဆုံးရှုံးမှုအတွက် ကျွန်တော်တာဝန်ယူပါတယ်” လို့ ဆူးနက်ခ်ကပြောပါတယ်။

    ဒါပေမဲ့ ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ်တို့ရဲ့ အုပ်ချုပ်ရေး အောင်မြင်မှုတွေကို ဂုဏ်ပြုခဲ့သလို အခု ယူကေက " ၂၀၁၀ တုန်းကထက် ပိုပြီး ကြွယ်ဝချမ်းသာလာတယ်။ တရားမျှတပြီး အခက်အခဲတွေကိုလည်း ခံနိုင်ရည်ရှိလာတယ်" လို့ သူကပြောခဲ့ပါတယ်။

    ဒေါင်နင်းလမ်းရဲ့ ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် ကီရာစတားမာကိုတော့ ပြိုင်ဘက်ကောင်းအဖြစ်ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။

  3. ယူကရိန်းသမ္မတ က ဗြိတိန် ဝန်ကြီးချုပ်သစ်ကိုဂုဏ်ပြု

    ယူကရိန်းသမ္မတ ဗလာဒီမီယာ ဇာလန်းစကီးက သူနဲ့ ဝန်ကြီးချုပ်သစ် စတားမားတို့ဟာ ယုံကြည်စိတ်ချရတဲ့ “မဟာမိတ်တွေအဖြစ် ဆက်လက်တည်ရှိနေမယ်”လို့ ပြောပါတယ်။

    ဇာလန်းစကီးက စတားမားကို ဂုဏ်ပြုခဲ့သလို တစ်ချိန်တည်းမှာပဲ ဝန်ကြီးချုပ်‌ဟောင်း ရီရှီဆူးနက်ခ်ကိုလည်း မိတ်ဆွေကောင်းအဖြစ် ချီးကျူးခဲ့ပါတယ်။

    ဇာလန်းစကီးက ကီရာစတားမားနဲ့ သူ့ရဲ့ လေဘာပါတီ ဟာ ယူကရိန်းနိုင်ငံအတွက် မဟာမိတ်တွေအဖြစ် ဆက်လက်တည်ရှိနေမယ်လို့ ယုံကြည်တယ်လို့လည်းပြောပါတယ်။

    ယူကရိန်းကို ပံ့ပိုးကူညီဖို့က လာမယ့်အစိုးရအတွက် အဓိကကျတဲ့ နိုင်ငံခြားရေးမူဝါဒ ဦးစားပေးကိစ္စရပ်တွေထဲက တစ်ခုဖြစ်ပါတယ်။

    စတားမားဟာ ဇွန်လတုန်းက နော်မန်ဒီမှာကျင်းပတဲ့ ဒီဒေးအထိမ်းအမှတ်ပွဲမှာ ဇာလန်းစကီးနဲ့ တွေ့ဆုံခဲ့ကြပြီးဖြစ်ပါတယ်။

    သူတို့နှစ်‌ယောက်တွဲရိုက်ထားတဲ့ အပြန်အလှန်နှုတ်ဆက်နေတဲ့ ဓာတ်ပုံတစ်ပုံကြောင့် အဲဒီအခမ်းအနားမပြီးခင် မှာ စောစောထွက်ခွာသွားခဲ့တဲ့ ဝန်ကြီးချုပ်‌ ရီရှီဆူးနက်ခ် ကို အပြင်းအထန်ဝေဖန်ခဲ့ကြပါတယ်။

  4. ပြင်သစ်သမ္မတ မက်ခရွန်က ဝန်ကြီးချုပ်သစ် ကီရာ ကို ဂုဏ်ပြု

    ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ကမ္ဘာ့ခေါင်းဆောင်တွေနဲ့အတူ ဗြိတိန် ဝန်ကြီးချုပ်သစ်ဖြစ်လာမယ့် ကီရာ ရဲ့ ‌ရွေးကောက်ပွဲအနိုင်ရမှုအတွက်ချီးမွမ်းဂုဏ်ပြုလိုက်ပါတယ်။

    မက်ခရွန်က သူ့ရဲ့ X လူမှုကွန်ရက် (ယခင် တွစ်တာ)အကောင့်မှာလည်း “ဥရောပမှာ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ AI ( ဉာဏ်ရည်တု နည်းပညာ)နဲ့ ပတ်သက်ပြီး ဗြိတိန်နဲ့ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေ ဆက်လုပ်သွားမယ်” လို့ ရေးသားထားတာတွေ့ရပါတယ်။

    သူ့ရဲ့ ကီရာ အတွက် ဖော်ပြထားတဲ့ စကားလုံးတွေက တခြားကမ္ဘာ့ခေါင်းဆောင်တွေရဲ့ သဘောထားကိုလည်း ပဲ့တင်ထပ်နေစေပါတယ်။

  5. ဒေါင်းနင်းလမ်းက ကြောင်ကြီးလယ်ရီ

    ဒီကနေ့ မနက် ဒေါင်းနင်းလမ်းမှာလှည့်လည်သွားလာနေတဲ့ အဖြူ-အညို တက်ဘီကြောင်ကြီး လယ်ရီကိုတွေ့ရတာပါ။

    လယ်ရီက ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်နေအိမ်မှာ ၁၀ နှစ်ကျော်နေခဲ့တဲ့ အိမ်မွေးကြောင်ကြီးပါ။

    ဒီက‌နေ့မှာတော့ သူ့ရဲ့ ဆဋ္ဌမမြောက်ဝန်ကြီးချုပ် ဖြစ်လာမဲ့ ဝန်ကြီးချုပ်သစ် မစ္စတာ ကီရာစတားမားကိုတွေ့ရတော့မှာပါ။

    လယ်ရီ့ ကို ၂၀၀၇ ခုနှစ် ဇန်နဝါရီလမှာ မွေးဖွားခဲ့တယ်လို့ ယူဆကြပါတယ်။ သူနဲ့ ဝန်ကြီးချုပ်တွေ၊ နောက်ပြီးတော့ ဗြိတိန်နိုင်ငံရေးအတက်အကျတွေဟာ ခွဲခြားလို့မရတဲ့အထိ မီဒီယာတွေနဲ့ လူထုရဲ့ အာရုံစိုက်မှုကိုခံရတဲ့ အထဲ ကြောင်ကြီးလယ်ရီလည်းပါပါတယ်။

    ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က အဲဒီအချိန်ကဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင် နုတ်ထွက်ပေးဖို့တောင်းဆိုနေကြချိန်မှာ ကြောင်ကြီးလယ်ရီက ဒေါင်းနင်းလမ်းဝန်ကြီးချုပ်အိမ်ရှေ့ မိန့်ခွန်းပြောတဲ့ပုံနဲ့ သရော်စာပို့စ်က ဆိုရှယ်မီဒီယာသုံးသူတွေကြားမှာ ထူးထူးခြားခြား ရှယ်သူအများဆုံးဖြစ်ခဲ့ပါတယ်။

  6. ရွေးကောက်ပွဲရလဒ်ထွက်ပြီး ယူကေမှာ ဘာတွေဆက်ဖြစ်နေလဲ

    - အမှတ်၁၁ ဒေါင်းနင်းလမ်းကနေ ကွန်ဆာဗေးတစ်ရဲ့ ဘဏ္ဍာရေး ဝန်ကြီးဂျယ်ရမီဟန့်နဲ့ မိသားစု ထွက်ခွာသွားပါပြီ။

    - ဇူလိုင် ၅ ရက်မနက်ပိုင်းမှာ ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် ဟာ ဒေါင်းနင်းလမ်းနေအိမ်ကနေ မထွက်ခွာခင်မှာ မိန့်ခွန်းပြောမယ်လို့ ယူဆရပါတယ်။

    - အဲဒါ ပြီးရင်တော့ ဝန်ကြီးချုပ်ဟောင်းဟာ ဘုရင်ကြီးကိုတွေ့ဆုံဖို့ ဘာကင်ဟမ်နန်းတော်ကိုသွားရောက်ပြီး ဝန်ကြီးချုပ်အဖြစ်ကနေ တရားဝင်နှုတ်ထွက်ရမှာဖြစ်ပါတယ်။

    - အဲဒီနောက်မှာတော့ ဝန်ကြီးချုပ်သစ် မစ္စတာ ကီရာစတားမားဟာ ဝန်ကြီးချုပ်ရာထူးအတွက် နောက်အစိုးရတစ်ရပ်ကို ဦးဆောင်ဖို့ ဘုရင့်ဆီက တရားဝင်လက်ခံစာကိုရယူမှာဖြစ်ပါတယ်။

    - နေ့လယ်ပိုင်းမှာတော့ ဝန်ကြီးချုပ်သစ် စတာမားက အမှတ် (၁၀) ဒေါင်းနင်းလမ်း နေအိမ်မှာ ပထမဆုံး ဗြိတိန်ပြည်သူတွေရှေ့ထွက်လာပြီး ဗြိတိန်ရဲ့ တရားဝင်ဝန်ကြီးချုပ်အသစ်အဖြစ် ကြေညာဖို့ရှိနိုင်ပါတယ်။

  7. ဘီဘီစီမြန်မာပိုင်းတယ်လီဂရမ်မှာသတင်းတွေဖတ်လို့ရပြီ

    ဘီဘီစီမြန်မာပိုင်းက တင်ဆက်ပေးနေတဲ့ နေ့စဥ်သတင်းတိုက်ရိုက်ထုတ်လွှင့်ချက်တွေ၊ သတင်းဆောင်းပါးတွေ၊ သတင်းသုံးသပ်ချက်တွေနဲ့ ဗီဒီယိုသတင်းတွေကို အပြာရောင်အမှန်ခြစ် ( Blue Mark) ပါတဲ့ BBC News မြန်မာ တယ်လီဂရမ်ချန်နယ်ကနေ စတင်တင်ဆက်ပေးနေပြီဖြစ်ပါတယ်။

  8. အစိုးရရှေ့နေ၊ ဗြိတိန်ဝန်ကြီးချုပ်သစ် ကီယာစတားမာ

    ကီယာစတားမာက သူ့ကိုယ်သူ "အလုပ်သမား လူတန်းစားနောက်ခံ" က လာသူလို့ ပြောလေ့ရှိပါတယ်။

    မိသားစုထဲက ပထမဆုံး တက္ကသိုလ်တက်နိုင်သူ ဖြစ်ခဲ့တဲ့သူဟာ လိဒ်တက္ကသိုလ်မှာ ဥပဒေပညာဆည်းပူးခဲ့ပြီး နောက်ပိုင်းမှာတော့ အောက်စဖို့ဒ်တက္ကသိုလ် ဆက်တက်ခဲ့ပါတယ်။

    ၁၉၈၇ မှာ ကီယာ စတားမာ barrister တရားရုံးရှေ့နေ ဖြစ်လာပြီး လူ့အခွင့်အရေးဥပဒေကို အထူးပြုလေ့လာခဲ့ပါတယ်။

    သူဟာ ရှေ့နေလုပ်ရင်း ကာရေဘီယံနဲ့ အာဖရိကကို သွားပြီး သေဒဏ်ကျခံနေရတဲ့ အကျဉ်းသားတွေအတွက် ခုခံကာကွယ် ပေးခဲ့ပါတယ်။

    ယူကေဝန်ကြီးချုပ် ကီယာစတားမာအကြောင်း ဒီလင်ခ့် ကိုနှိပ်ပြီး ဖတ်နိုင်ပါတယ်။

  9. '' ကျွန်တော်တို့ လုပ်နိုင်ခဲ့တယ်'' ဝန်ကြီးချုပ်သစ် - ကီယာ စတားမာ

    ယူကေဝန်ကြီးချုပ်သစ်ထွက်လာတဲ့နောက်ဘာဆက်ဖြစ်မလဲ

    လေဘာပါတီက အစိုးရဖြစ်ဖို့လိုအပ်တဲ့ ပါလီမန်က အမတ်နေရာ စုစုပေါင်း ၆၅၀ ထဲက တစ်ဝက်ကျော်ဖြစ်တဲ့ ၃၂၆ ရဖို့လိုအပ်ချက်ကို ကျော်ဖြတ်နိုင်ခဲ့ပြီး အနိုင်ရပါတီဖြစ်ခဲ့ပါပြီ။

    ကွန်ဆာဗေးတစ်ရဲ့ လက်ရှိဝန်ကြီးချုပ်ရီရှီဆူးနက်ခ် က အရှုံးကိုဝန်ခံခဲ့ပါတယ်။

    အကျဥ်းချုပ်ဆိုရင်တော့ ယူကေဟာ ကွန်ဆာဗေးတစ်ရဲ့ ၁၄ နှစ်တာအုပ်ချုပ်မှုကနေ လေဘာအစိုးရအုပ်ချုပ်မှုအောက်ရောက်ပြီဖြစ်ပါတယ်။

    လက်ရှိဝန်ကြီးချုပ်ရီရှီဆူးနက်ခ် က စတားမာကို အစိုးရသစ်ဖွဲ့ဖို့ လွှဲပြောင်းပေးမှာဖြစ်သလို ဘုရင်ထံမှာလည်း သူ့ရဲ့ တာဝန်ပြီးမြောက်ကြောင်းစာကို ပေးပို့မှာဖြစ်ပါတယ်။

    ဝန်ကြီးချုပ်သစ်က အမှတ် ၁၀ ဒေါင်းနင်းလမ်း ဆီကို ကူးပြောင်းမှုက သိပ်မကြာပါဘူး။ ဒီကနေ့ နှောင်းပိုင်းမှာ စတားမာ က ဒေါင်းနင်းလမ်းမှာ မိန့်ခွန်းပြောဖွယ်ရှိပါတယ်။

    စတားမာရဲ့ ကတိကဘာလဲ

    သူရဲ့ ကတိကဝတ်တွေထဲမှာ ပြည်သူလူထုရဲ့ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးမယ်လို့ ပြောထားပါတယ်။

    ကွန်ဆာဗေးတစ်ရဲ့ ရှေ့ခရီး

    လန်ဒန်မှာရှိတဲ့ ဝက်စမင်စတာနန်းတော် လို့ခေါ်တဲ့ ပါလီမန်မှာ ကွန်ဆာဗေးတစ် က ဒုတိယ အမတ်ဦးရေ အများဆုံးရှိတဲ့ အတိုက်အခံပါတီဖြစ်လာမှာပါ။

  10. အနိုင်ရလေဘာပါတီခေါင်းဆောင် ၊ ဝန်ကြီးချုပ်ဖြစ်လာမယ့် ကီရာစတားမားရဲ့ အနိုင်ရမိန့်ခွန်း

    ‌‌ဒီနေရာမှာ တစ်ညီတစ်ညွတ်တည်းနဲ့ လူထုဆီကရွေးချယ်ခံရတာက ကြီးမားတဲ့အခွင့်ထူးတစ်ခုဖြစ်တယ်လို့ ယူကေရွေးကောက်ပွဲအနိုင်ရ လေဘာပါတီခေါင်းဆောင် ကီရာစတားမားက ပြောပါတယ်။

    “ကျွန်တော်တို့ရဲ့ သားသမီးတွေကြီးပြင်းလာတဲ့နေရာ၊ ကျွန်တော့် အမျိုးသမီးမွေးဖွားတဲ့နေရာ ဒီနေရာကနေ ပံ့ပိုးကူညီမှူတွေရခဲ့ပါတယ်။ ချစ်ခြင်းမေတ္တာတွေနဲ့ အတူရပ်တည်ပေးခဲ့တဲ့ ကျွန်တော့် အမျိုးသမီး အပါအဝင် အားလုံးကို ကျေးဇူးတင်ပါတယ်” လို့ မစ္စတာ စတားမားက ဆိုပါတယ်။

    ဒါ့အပြင် မဲတွေသေချာရေတွက်ပေးခဲ့တဲ့ တာဝန်ရှိသူတွေနဲ့ ရဲအရာရှိတွေ နောက်ပြီး အန်ဒီဝှိုက် ကမ်ပိန်း အေးဂျင့်အပြင် ပြီးခဲ့တဲ့ ၆ ပတ်ကျော်ကာလအတွင်း စေတနာနဲ့ ပါဝင်ကူညီကြိုးစားပေးခဲ့ကြတဲ့ စေတနာ့ဝန်ထမ်းတွေအားလုံးကိုကျေးဇူးတင်ကြောင်း ပြောထားပါတယ်။

    “ဒီအချိန်က ကျွန်တော်တို့ ဒီမိုကရေစီအတွက် အချိန်အခါကောင်းဖြစ်ပါတယ်။ မဲဆန္ဒနယ်အလိုက်က လူထုအတွက် ကြိုးစားလုပ်ဆောင်ပေးခဲ့တဲ့ ထူးချွန်တဲ့ပါတီဝင်တွေနဲ့အတူ ဗြိတိန်ပြည်သူတွေရဲ့ ဘဝတွေပိုမိုကောင်းစေဖို့ စည်းလုံးမှုတွေနဲ့အတူ အပြောင်းအလဲတွေ စတင်တော့မယ်အချိန်ပါ”

    “ ကျွန်တော့်ကို မဲပေးပေး၊ မပေးပေး ကျွန်တော်ကတော့ ဒီမဲဆန္ဒနယ်မှာ ရှိတဲ့လူတိုင်းအတွက် တာဝန်ကျေပွန်စွာထမ်းဆောင်သွားမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။

    နိုင်ငံတဝန်း က လူထုတွေပြောဆိုနေကြတဲ့ အပြောင်းအလဲအတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေပါပြီလို့လည်း ဝန်ကြီးချုပ်ဖြစ်လာမယ့် ကီရာ စတားမားက ပြောပါတယ်။

    " ပြည်သူတွေက ဒီမိုကရေစီနဲ့ အနာဂတ်အတွက် မဲပေးခဲ့ပြီးပါပြီ။ အခုအချိန်ကတော့ ကျွန်တော်တို့ ပြန်ပြီးထမ်းဆောင်ရတော့မယ့်အချိန်ပါပဲ၊ ကျေးဇူးအများကြီးတင်ပါတယ်” လို့ ဆိုပြီး ဝန်ကြီးချူပ်ဖြစ်လာမယ့် ကီရာ စတားမားက မိန့်ခွန်းကို အဆုံးသတ်ခဲ့ပါတယ်။

    အစိုးရသစ်ဟာ ပြီးခဲ့တဲ့ အစိုးရဟောင်းကို ဒုက္ခဖြစ်စေခဲ့တဲ့ ပြဿနာဟောင်းတွေကိုဖြေရှင်းရဖို့ရှိသလို ယူကေရဲ့ နေထိုင်စရိတ်ကြီးမြင့်မှုပြဿနာ၊ အစိုးရရဲ့ ဘဏ္ဍာရေးဆိုင်ရာဝန်ထုပ်ဝန်ပိုးတွေနဲ့ ကမ္ဘာ့အရေးတွေကိုလည်း ဖြေရှင်းရဖို့ ရှိနေပါတယ်။

  11. လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် ရွေးကောက်ပွဲရှုံးနိမ့်မှုကိုလက်ခံကြောင်းထွက်ပြော, အလေးအနက်ထားဆင်ခြင်မိစေတဲ့ အကဲဖြတ်ချက်တွေကိုသိခဲ့ရတယ်လို့ဆို

    ယူကေအထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံလေဘာပါတီက အပြတ်အသတ်အနိုင်ရသွားပါတယ်လို့ လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် ကထွက်ပြောလာပါတယ်။

    ဝန်ကြီးချုပ်က သူ့ရဲ့ ကွန်ဆာဗေးတစ် ပါတီ အပေါ် လူကြိုက်များမှု လျော့လာကြောင်း ပြသနေတာကို ခိုင်ခိုင်မာမာသိလိုက်ရတဲ့သဘောပြောပြီး ဒီအတွက် သင်ယူစရာတွေရခဲ့သလို တောင်းပန်ပါတယ်လို့လည်း ပြောခဲ့ပါတယ်။

    '' ဒီအရှုံးအတွက်တာဝန်ယူပါမယ်၊တာဝန်ခံပါမယ်'' လို့ ဆူးနက်ခ်က ပြောပါတယ်။

    "ဒီလို ခက်ခဲတဲ့ အချိန်မှာ ကျွန်တော့်ကို ဆက်ပြီးထောက်ခံပေးခဲ့တဲ့ Richmond နဲ့ Northallerton မဲဆန္ဒနယ်က ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောချင်ပါတယ်" လို့ လက်ရှိ ဝန်ကြီးချုပ် ရီရှီဆူးနက်ခ် ကပြောပါတယ်။

    “လေဘာပါတီက ဒီအထွေထွေရွေးကောက်ပွဲမှာ အနိုင်ရခဲ့ပါပြီ။ သူ့ရဲ့အောင်ပွဲအတွက် ဂုဏ်ပြုပေးဖို့ ကီယာ စတားမာ ဆီကို ကျွန်တော်ဖုန်းဆက်ပြီး ဂုဏ်ယူကြောင်း‌ပြောခဲ့ပါတယ်'' “ အစိုးရသစ်အတွက် တာဝန်တွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းစနစ်တကျလက်လွှဲပြောင်းပေးမှာပါ။

    ဒါက ကျွန်တော်တို့ တိုင်းပြည်ရဲ့ တည်ငြိမ်မှုနဲ့ အနာဂတ်ကို အားလုံးက ယုံကြည်မှုပေးခဲ့တဲ့အရာပါ''

    “ဒီညမှာ ဗြိတိသျှလူမျိုးတွေက သူတို့ရဲ့ သဘောထားတွေကို ပြသခဲ့ပါပြီ။ သင်ယူစရာတွေ အများကြီးရှိသေးတယ်... ပြီးတော့ ဆုံးရှုံးမှုတွေအတွက် ကျွန်တော် တာဝန်ယူပါတယ်''

    “ လူမှုအသိုင်းအဝိုင်းအတွက် မဆုတ်မနစ်နဲ့ အလုပ်ကြိုးစားခဲ့တဲ့ ကွန်ဆာဗေးတစ် ကိုယ်စားလှယ်လောင်းတွေ ရဲ့ ဆုံးရှုံးခဲ့မှုတွေအတွက်လည်း ကျွန်တော်စိတ်မကောင်းဖြစ်ရပါတယ်။

  12. ၂၀၂၄ ယူကေရွေးကောက်ပွဲ- ဘီဘီစီရဲ့ ခန့်မှန်းချက်

  13. ဗြိတိန်ပါလီမန်နေရာ ၆၅၀ မှာ လေဘာပါတီက ဦးဆောင်နေ

    ဇူလိုင် ၄ ရက် အထွေထွေရွေးကောက်ပွဲအပြီး ဇူလိုင် ၅ ရက် အစောပိုင်းမှာ ထွက်လာတဲ့မဲရလဒ်တွေမှာတော့ လေဘာပါတီက ဦးဆောင်နေပါတယ်။

    လက်ရှိဝန်ကြီးချုပ် ရီရှီဆူးနက်ခ်ရဲ့ ကွန်ဆာဗေးတစ်ပါတီကတော့ ဒုတိယလိုက်နေပါတယ်။ သူ့နောက်မှာ လစ်ဘ်ဒမ်ပါတီနဲ့ စကော့တလန် SNP ပါတီ တို့ဆက်ရှိနေပါတယ်။

    ဒီရွေးကောက်ပွဲမှာ Reform UK ဆိုတဲ့ လက်ယာယိမ်းနိုင်ငံရေးပါတီလည်း ပါတီကြီး ၂ ခုနောက်မှာ လူကြိုက်များတဲ့အထဲ ပါဝင်တာကို မဲဆန္ဒရှင်သဘောထားစစ်တမ်းတွေမှာ တွေ့ရပါတယ်။

    အခု မဲရလဒ်တွေအရတော့ Reform UK ပါတီက ပါတီခေါင်းဆောင် နိုင်ဂျယ်ဖယ်ရာ အနိုင်ရထားပါတယ်။

    အနိုင်ရတဲ့သူတွေက လန်ဒန်မှာရှိတဲ့ ဝက်စမင်စတာနန်းတော် လို့ခေါ်တဲ့ ပါလီမန်မှာ ကိုယ့်ရဲ့မဲဆန္ဒနယ်အသီးသီးရဲ့ ကိုယ်စားလှယ်အနေနဲ့ ရောက်ရှိမှာ ဖြစ်ပါတယ်။

    ယူကေ အထွေထွေရွေးကောက်ပွဲက အောက်လွှတ်တော်အတွက် အမတ်တွေကို ရွေးချယ်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

    အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ မြောက်ပိုင်းအိုင်ယာလန်ဆိုတဲ့ နိုင်ငံ ၄ နိုင်ငံစလုံးမှာ စုစုပေါင်း မဲဆန္ဒနယ် ၆၅၀ ကနေ တစ်ခုစီအတွက် ပါလီမန် အမတ်တစ်ဦးကို ရွေးချယ်ပါတယ်။

  14. ယူကေက ပါတီများ

    လေဘာနဲ့ ကွန်ဆာဗေးတစ် ပါတီတွေကတော့ အစဉ်အလာအားဖြင့် အကြီးမားဆုံး နိုင်ငံရေးပါတီတွေ ဖြစ်ပြီး သူတို့နောက်မှာတော့ ၂၀၁၉ ရွေးကောက်ပွဲတုန်းကဆိုရင် စကော့တလန်က စကော့တလန်အမျိုးသားပါတီ (SNP) နဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီ (Lib Dem) တို့က နောက်က လိုက်ပါတယ်။

    တခြားပါတီငယ်တွေလည်း ရှိသလို တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေလည်း ပါဝင်ယှဥ်ပြိုင်ကြပါတယ်။

    ဒီရွေးကောက်ပွဲမှာတော့ Reform UK ဆိုတဲ့ လက်ယာယိမ်းနိုင်ငံရေးပါတီလည်း ပါတီကြီး ၂ ခုနောက်မှာ လူကြိုက်များတဲ့အထဲ ပါဝင်တာကို မဲဆန္ဒရှင်သဘောထားစစ်တမ်းတွေမှာ တွေ့ရပါတယ်။

    မြောက်ပိုင်းအိုင်ယာလန်မှာ ရှင်ဖိန်းပါတီနဲ့ ဝေလနယ်မှာ ပလိုက်ကင်မရီပါတီတို့လည်း ထင်ရှားပါတယ်။

  15. အစဥ်အလာတွေကိုချိုးဖျက်လိုက်တဲ့ ယူကေမဲဆန္ဒရှင်တွေလို့ ကျွမ်းကျင်သူတွေ ရှုမြင်

    မဲရလဒ်တွေကို စိစစ်တွက်ချက်မှုကျွမ်းကျင်တဲ့ ပါမောက္ခ ဆာဂျွန်ကာတစ် ကတော့ အခုအချိန်အထိ ရလဒ်တွေအရ ကွန်ဆာဗေးတစ်တွေဟာ လေဘာထက် မဲရလဒ် ၃၀ ရာခိုင်နှုန်းအောက်ဆုံးရှုံးနေတယ်လို့ ပြောပါတယ်။

    ဒါက ‌ပါတီကြီးနှစ်ခုကြားမှာ မဲရလဒ်ကြီးမားတဲ့ ကွာဟမှုဖြစ်ပါတယ်။

    လစ်ဘရယ်ဒီမိုကရက်ပါတီ (Lib Dem) ကလည်း အလားတူအခြေအနေဖြစ်ပါတယ်။ မဲဆန္ဒရှင်တွေရဲ့ ပြောင်းလဲလိုစိတ်ကြီးမားမှုတွေက အစဥ်အလာတွေကိုချိုးဖျက်လိုက်ပြီလို့ ဆာဂျွန်ကာတစ် ကပြောပါတယ်။

    နိုင်ငံကို အစိုးရသက်တမ်း ၁၄ နှစ်အုပ်ချုပ်နေတဲ့ ကွန်ဆာဗေးတစ်ပါတီဟာ အခုရွေးကောက်ပွဲမှာ လေဘာပါတီကို မဲရလဒ် အပြတ်အသတ်နဲ့ ရှုံးနိမ့်နေတာဖြစ်ပါတယ်။

  16. လေဘာပါတီအပြတ်အသတ်အနိုင်ရလာတဲ့နောက် ပြိုင်ဘက်ပါတီတွေကလည်း စိုးရိမ်လာ

    ပါတီကို ခပ်မြန်မြန်ပြန်ဖွဲ့ရမယ်လို့ စကော့တလန်ကျန်းမာရေးဝန်ကြီး ‌Neil Gray ကပြောလိုက်ပါတယ်။ သူက စကော့တလန်က စကော့တလန်အမျိုးသားပါတီ (SNP) ကဖြစ်ပါတယ်။

    ဇူလိုင် ၄ ရက်ညရဲ့ မဲရလဒ်တွေက SNP အတွက်လည်း ခက်ခဲတဲ့ ညတစ်ညဖြစ်ခဲ့တယ်လို့ သူက ဝန်ခံပြီးသူ့ပါတီအနေနဲ့ “ပါတီကို အမြန်ပြန်ဖွဲ့” ဖို့ လိုအပ်တယ်လို့ အလေးပေးပြောပါတယ်။

    စကော့တလန်မှာလည်း ကွန်ဆာဗေးတစ်တွေ ဆက်မရှိစေချင်တော့တာကို ရှင်းရှင်းလင်းလင်းမြင်ခဲ့ရတယ်ဆိုပြီး လေဘာပါတီအပြတ်အသတ်အနိုင်ရလာတဲ့နောက် အခြေအနေကို သူကပြောပါတယ်။

    ဗြိတိန်မှာ လေဘာနဲ့ ကွန်ဆာဗေးတစ် ပါတီတွေကတော့ အစဉ်အလာအားဖြင့် အကြီးမားဆုံး နိုင်ငံရေးပါတီတွေ ဖြစ်ပါတယ်။

    သူတို့နောက်မှာတော့ ၂၀၁၉ ရွေးကောက်ပွဲတုန်းကဆိုရင် စကော့တလန်က စကော့တလန်အမျိုးသားပါတီ (SNP) နဲ့ လစ်ဘရယ်ဒီမိုကရက်ပါတီ (Lib Dem) တို့က နောက်က လိုက်ပါတယ်။

    ယူကေ အထွေထွေရွေးကောက်ပွဲက အောက်လွှတ်တော်အတွက် အမတ်တွေကို ရွေးချယ်တဲ့ ရွေးကောက်ပွဲဖြစ်ပါတယ်။

    အင်္ဂလန်၊ စကော့တလန်၊ ဝေလ၊ မြောက်ပိုင်းအိုင်ယာလန်ဆိုတဲ့ နိုင်ငံ ၄ နိုင်ငံစလုံးမှာ စုစုပေါင်း မဲဆန္ဒနယ် ၆၅၀ ကနေ တစ်ခုစီအတွက် ပါလီမန် အမတ်တစ်ဦးကို ရွေးချယ်ပါတယ်။

  17. ဇူလိုင် ၄ ရက်မှာ ကျင်းပတဲ့ ယူကေ အထွေထွေရွေးကောက်ပွဲ ရလဒ်တွေ သက်ဆိုင်ရာမဲဆန္ဒနယ်အသီးသီးက ထွက်လာပြီဖြစ်လို့ တရားဝင်အပြီးသတ်မဲရလဒ်လည်းထွက်လာ‌တော့မှာပါ။

    ဒေသစံတော်ချိန် ည ၁၁ နာရီကျော်မှာ ပထမဆုံးကြေညာတဲ့ မဲဆန္ဒနယ်က ဆန်းဒါးလန်းတောင်ပိုင်းဖြစ်ပါတယ်။ နိုင်ငံတဝန်းမဲရလဒ်တွေ အရ လေဘာပါတီက အနိုင်ရနေပါတယ်။

    ယူကေကို ၁၄ နှစ်တာ အုပ်ချုပ်ခဲ့တဲ့ ကွန်ဆာဗေးတစ်ပါတီနေရာမှာ လေဘာပါတီရောက်လာ‌တော့ မှာဖြစ်ပါတယ်။

    ယူကေက ပါတီ‌တွေ အကြောင်း ဒီလင်ခ့် မှာ ဆက်ပြီးဖတ်ရှုနိုင်ပါတယ်။

  18. ယူကေ ရွေးကောက်ပွဲ ဘယ်လို ကျင်းပသလဲ

    ဗြိတိန်မှာ အထွေထွေ ရွေးကောက်ပွဲကို ကျင်းပခဲ့ပြီး မဲရလဒ်တွေကို အပြီးသတ် ရေတွက်နေပါတယ်။

    လက်ရှိ ဝန်ကြီးချုပ် ရီရှီ ဆူးနက်က လျှပ်တပြက် ရွေးကောက်ပွဲ ကျင်းပဖို့ ခေါ်ယူခဲ့တာလည်း ဖြစ်ပါတယ်။

    မဲဆန္ဒနယ်ပေါင်း ၆၅၀ အတွက် လွှတ်တော် ကိုယ်စားလှယ်တွေကို ဘယ်လို ရွေးချယ်ကြလဲ။ ယူကေမှာ ရွေးကောက်ပွဲကို ဘယ်လို ကျင်းပသလဲ။ ကိုကျော်ဇေယျက ရှင်းပြပေးထားတာကို ပြန်လည်ကြည့်ရှုနိုင်ပါပြီ။

  19. နိုင်ငံတဝန်းမဲရလဒ်တွေအရလေဘာပါတီ က အပြတ်အသတ်အနိုင်ရ‌နေ

    နိုင်ငံတဝန်းကနေ ကနဦးထွက်လာတဲ့မဲရလဒ်တွေအရ ၂၀၂၄ ယူကေအထွေထွေရွေးကောက်ပွဲမှာ လေဘာပါတီက မဲအပြတ်အသတ်နဲ့အနိုင်ရနေပါတယ်။

    ဒါကြောင့် ၁၄ နှစ်ကြာ ကွန်ဆာဗေးတစ်တွေဦးဆောင်ခဲ့တဲ့ အစိုးရသက်တမ်းက အဆုံးသတ်သွားတော့မယ့်အခြေအနေပါ။

    တရားဝင်မဲရလဒ်ကိုကြေညာပြီးရင်တော့ လေဘာပါတီရဲ့ ပါတီခေါင်းဆောင်ကီယာ စတားမာ က ဝန်ကြီးချုပ်ဖြစ်လာမှာပါ။

    ဗြိတိန်ပါလီမန်ရဲ့ အမတ်နေရာ ၆၅၀ မှာ လေဘာပါတီက အမတ်နေရာ ၄၀၀ ကျော် ရမယ်လို့ အစောပိုင်းမဲစစ်တမ်းတွေက ဖော်ပြပါတယ်။