ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

စစ်ခေါင်းဆောင်နဲ့အထူးကိုယ်စားလှယ်တွေ့

စစ်ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ်တွေ့ တဲ့သတင်း အပါအဝင် ဩဂုတ် ၉ ရက် နိုင်ငံတဝန်းနဲ့ နိုင်ငံတကာက ထူးခြားသတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

အနှစ်ချုပ်

  • တရုတ်အထူးကိုယ်စားလှယ် တိန့်ရွီကျွင်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်မှာ တွေ့
  • မူဆယ်မြို့ နားမှာ ဩဂုတ် ၈ ရက်ညက ကိုးကန့်တပ် (MNDAA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်
  • ပင်လည်ဘူးမြို့မှာ စစ်ကောင်စီရဲ့ Mi-17 ထောက်ပို့ ရဟတ်ယာဉ်ကို NUG ရဲ့ စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းဗုံးသီးချတိုက်ခိုက်
  • ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း ကွယ်လွန်
  • သံတွဲထောင်မှာ ပိတ်မိနေတဲ့ နိုင်ငံ‌ရေးအကျဉ်းသား၄၁ ယောက် အပါအဝင် အကျဉ်းသား ၃၇၂ ယောက်ကို အာရက္ခတပ်တော် (AA)က ကယ်တင်ထား
  • မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့နဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ တိုင်းရင်းသား အဖွဲ့သုံးဖွဲ့ ပြော
  • ဩဂုတ် လဆန်းပိုင်းကနေ ဒီနေ့အထိ ရွှေနဲ့နိုင်ငံခြားငွေဈေးတွေ စံချိန်တင် မြင့်တက်လာ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဘီဘီစီမြန်မာပိုင်းရဲ့ သြဂုတ် ၉ ရက် သတင်းများ တိုက်ရိုက်တင်ဆက်မှု ဒီမှာတင်ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုပေးခဲ့လို့ ကျေးဇူးတင်ပါတယ်။

  2. ဒုရဲအုပ်ချယ်ရီထက်ကို ရမည်းသင်းထောင်က ပြန်လွှတ်ပေမယ့် ညနေပိုင်းအထိ မိသားစုနဲ့ မတွေ့ရသေး

    ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့် ဒုရဲအုပ်ချယ်ရီထက်ကို လွတ်ရက်စေ့လို့ ရမည်းသင်းထောင်က ဒီကနေ့ပြန်လွှတ်ပေးလိုက်ပေမယ့် ထောင်အပြင်ကို ညနေပိုင်းအထိ မရောက်လာသေးဘူးလို့ မိသားစု နဲ့ နီးစပ်သူတွေထံက သိရပါတယ်။

    လျှော့ရက်တွေ နဲ့ ထောင်ကပြန်လွှတ်ပေးခဲ့ပေမယ့် နေပြည်တော်ကအာဏာပိုင်တချို့ ရမည်းသင်းထောင်ကို ရောက်လာပြီးတဲ့နောက် မချယ်ရီထက် မိသားစုနဲ့ ဆုံခွင့်မရသေးတာဖြစ်ပါတယ်။

    သြဂုတ် ၉ ရက်မှာ လွတ်မယ်လို့ ထောင်က အကြောင်းကြားလို့ မိသားစုက မနက်ကတည်းက ထောင်ရှေ့မှာ သွားစောင့်နေပေမယ့် ညနေ ၄ နာရီအထိ တွေ့ခွင့်မရသေးတာလို့ မိသားစု နဲ့ နီးစပ်တဲ့ ဘီဘီစီ သတင်းအရင်းအမြစ်က ပြောပါတယ်။

    ‘’သူတို့က နိုင်ငံ့ခေါင်းဆောင်တွေရဲ့ လုံခြုံရေးကို အနီးကပ်ယူခဲ့ရတဲ့ အတွင်းလူတွေဆိုတော့ တခြားသူတွေနဲ့တော့မတူဘူး။ အပြင်ကို မလွှတ်ခင် သေချာမှာတာတွေရှိနိုင်တယ်’’ လို့ ဘီဘီစီ သတင်းအရင်းအမြစ်တစ်ဦးက သုံးသပ်ပါတယ်။

    နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးတာဝန်ယူခဲ့သူ ဒုရဲအုပ်ချယ်ရီထက်ကို ရဲစည်းကမ်းဖောက်ဖျက်မှု နဲ့ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ထောင်ဒဏ် ၃နှစ် ချမှတ်ခဲ့ပါတယ်။

    အဲဒီနောက် ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) အမှုအတွက် နောက်ထပ် ထောင်ဒဏ်နှစ်နှစ်ချမှတ်ခံခဲ့ရပါတယ်။

    ပြစ်ဒဏ်တွေကို တပေါင်းတည်းကျခံစေမှု နဲ့ လျှော့ရက်တွေကြောင့် အခုနှစ် သြဂုတ်လထဲမှာပဲ လွတ်ရက်စေ့တာ လို့ ရှေ့နေအသိုင်းအဝိုင်းကနေ သိရပါတယ်။

  3. ရွှေနဲ့ငွေဈေး စံချိန်တင် မြင့်တက်

    ပြည်တွင်းရေး မတည်ငြိမ်တာတွေ၊ ကျပ်ငွေဈေး ထိုးကျတာတွေကြောင့် ဩဂုတ် လဆန်းပိုင်းကနေ ဒီနေ့အထိ ရွှေနဲ့နိုင်ငံခြားငွေဈေးတွေ စံချိန်တင် မြင့်တက်လာတယ်လို့ ရွှေနဲ့ငွေကြေး ဈေးကွက်တွေကနေ သိရပါတယ်။

    ရွှေဈေးဆိုရင်လည်း ဒီနေ့ ဩဂုတ် ၉ ရက်မှာ ကျပ် ၇၁ သိန်းဝန်းကျင်အထိ စံချိန်တင်မြင့်တက်နေတာပါ။

    ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်းရဲ့ ဩဂုတ် ၉ ရက် နေ့လယ်ပိုင်း ထုတ်ပြန်ထားတဲ့ အကယ်ဒမီ မီးလင်းရွှေဈေးနှုန်းက ၄၆ သိန်းကျော် ဖြစ်ပါတယ်။

    ဒီကနေ့ ပြင်ပပေါက်စျေးအရ အမေရိကန်တစ်ဒေါ်လာ ၆၀၀၀ ကျပ် ဝန်းကျင်၊ ထိုင်းတစ်ဘတ်ကို ၁၆၅ ကျပ် ဝန်းကျင်ရှိပြီး အချိန်နဲ့အမျှ အပြောင်းလဲဖြစ်နေတယ်လို့ ဈေးကွက်ကနေ သိရပါတယ်။

    “ဒီငွေဈေးက ဘယ်တုန်းကမှ မပေါက်ဖူးတဲ့ဈေး။ စက္ကူကို စက်ရုံက လိုသလောက်ရိုက်ထုတ်ပြီး စစ်ဖြစ်နေတဲ့ နိုင်ငံ ဘယ်လိုလုပ် ကျနိုင်မလဲ” လို့ ထိုင်းငွေလဲလှယ်တဲ့ ဝန်ဆောင်မှုလုပ်ငန်း လုပ်ကိုင်သူတစ်ယောက်က ပြောပါတယ်။

    အရင်က ထိုင်းဘတ်ငွေကိုဝယ်ယူသူတွေဟာ ထိုင်းနိုင်ငံမှာ ဆေးကုဖို့ ၊ ထိုင်းကို ခရီးသွားဖို့၊ အရောင်းအဝယ်လုပ်ဖို့သာ ဝယ်ကြတာ များခဲ့ပေမဲ့ လက်ရှိအခြေအနေမှာတော့ ရသမျှငွေတွေကို ဘတ်ငွေဝယ်ပြီး စုဆောင်းသူတွေ ပိုများလာတယ်လို့လည်း သူက ပြောပါတယ်။

  4. မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ လက်တွဲမယ်လို့ မွန် နဲ့ ပအိုဝ်းအဖွဲ့တွေပြော

    ရှမ်းပြည်နယ်(မြောက်ပိုင်း)နဲ့ ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်စခန်းတွေကို သိမ်းပိုက်နိုင်နေတဲ့ မြောက်ပိုင်းမဟာမိတ်ညီနောင် သုံးဖွဲ့နဲ့အတူ လက်တွဲတိုက်ပွဲဝင်သွားမယ်လို့ တိုင်းရင်းသား အဖွဲ့သုံးဖွဲ့က ပူးတွဲထုတ်ပြန်ပါတယ်။

    ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နဲ့ မွန်ပြည်သစ်ပါတီ (NMSP-AD) တို့ရဲ့ သြဂုတ်လ ၇ ရက်နေ့ ထုတ်ပြန်ခဲ့တာပါ။

    ''တစိတ်တပိုင်း လွတ်မြောက်ရုံနဲ့ အားလုံးမလွတ်မြောက်နိုင်၊ အားလုံးလွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမယ်လို့ ခံယူထားတာနဲ့အညီ သူ့အရေး ကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်းတိုက်ပွဲဝင်မယ်''လို့လည်း ထုတ်ပြန်ထားပါတယ်။

    ကိုးကန့်တပ် (MNDAA)၊ အာရက္ခတပ်တော် (AA)၊ တအာင်းလွတ်မြောက်ရေးတပ် (TNLA) ပူးပေါင်းထားတဲ့ ညီနောင်မဟာမိတ်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို ကိုးကန့်တပ်က သိမ်းပိုက်ပြီးတဲ့နောက် မွန် နဲ့ ပအိုဝ်းအဖွဲ့တွေက ဂုဏ်ပြုစာပေးပို့ခဲ့တာ ဖြစ်ပါတယ်။

  5. သံတွဲထောင်က နိုင်ကျဉ်းတွေ အပါအဝင် ၃၇၀ ကျော်ကို ကယ်တင်ထားတယ်လို့ AA ပြော, နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုဝင်တွေဆီပို့

    ရခိုင်ပြည်နယ်၊ သံတွဲထောင်မှာ ပိတ်မိနေတဲ့ နိုင်ငံ‌ရေးအကျဉ်းသား၄၁ ယောက် အပါအဝင် အကျဉ်းသား ၃၇၂ ယောက်ကို အာရက္ခတပ်တော် (AA)က ကယ်ထုတ်ထားတယ်လို့ ဩဂုတ် ၈ ရက်မှာ ထုတ်ပြန်ပါတယ်။

    သံတွဲထောင်ကနေ ကယ်ထုတ်နေချိန် လက်နက်ကြီးစ ထိမှန်တာကြောင့် သေဆုံးသူ အကျဉ်းသား ၇ ယောက်ရှိတယ်လို့လည်း သိရပါတယ်။

    ကယ်တင်ထားတဲ့ထဲက နိုင်ငံရေးအကျဉ်းသား ၄၁ ယောက်ကိုလည်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အရေးပေါ်လိုအပ်တဲ့ စားဝတ်နေရေး ထောက်ပံ့ကူညီတာတွေ လုပ်ပေးပြီး ဩဂုတ် ၆ ရက်ကစလို့ မိသားစုတွေဆီကို ပို့ပေးနေတယ်လို့လည်း AA က ဆိုပါတယ်။

    အကျဉ်းထောင်ကနေ ကယ်တင်ထားတဲ့ ကာလအတွင်း တိုက်ပွဲတွေဖြစ်နေတာ၊ ရေကြီးနေတာတွေကြောင့် အကျဉ်းသားတွေကို ဘေးကင်းတဲ့နေရာမှာ နေရာချထားခဲ့တာဖြစ်ပြီး လုံခြုံရေးအာမခံချက် အတိုင်းအတာတစ်ခုရှိတဲ့ အခုချိန်မှာ နိုင်ငံရေးအကျဉ်းသားတွေကို မိသားစုတွေဆီပို့ပေးနေတာလို့လည်း ပြောပါတယ်။

    ရာဇဝတ်မှု ကျူးလွန်ထားတဲ့ ကျန်အကျဉ်းသားတွေကိုတော့ ဆက်လက်ထိန်းသိမ်းထားပြီး သူတို့ကျူးလွန်တဲ့ ပြစ်မှုတွေကို ပြန်စစ်ဆေးနေတယ်လို့လည်း AA က ထုတ်ပြန်ထားပါတယ်။

  6. ဦးဖုန်ကြားရှင် သားမက် မိုင်းလားခေါင်းဆောင် ဦးစိုင်းလင်းကွယ်လွန်

    Update - ရှမ်းပြည်နယ် (အရှေ့ပိုင်း) အထူးဒေသ (၄) မိုင်းလားအဖွဲ့ NDAA ဥက္ကဋ္ဌ ဦးစိုင်းလင်း သြဂုတ် ၇ ရက် ညပိုင်းက နေအိမ်မှာ ကွယ်လွန်သွားတယ်လို့ စျာပနစီမံရေးကော်မတီက ထုတ်ပြန်လာပါတယ်။အသက်(၇၆)နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတဲ့ ဦးစိုင်းလင်းရဲ့စျာပန အခမ်းအနားကို သြဂုတ် ၂၃ မှာ မိုင်းလားမှာ ပြုလုပ်မယ် လို့ ထုတ်ပြန်ပါတယ်။

    ဦးစိုင်းလင်းဟာ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် ရဲ့ သားမက်ဖြစ်ပြီး ၂၀၀၉ ခုနှစ် ကိုးကန့်တိုက်ပွဲအပြီး ဦးဖုန်ကြားရှင်က မိုင်းလားမှာ သွားရောက်တိမ်းရှောင်နေခဲ့ပါတယ်။

    မိုင်းလားမှာကျင်းပမယ့် ဦးစိုင်းလင်းရဲ့ နာရေးကို ဦးဖုန်ကြားရှင်ရဲ့သား MNDAA စစ်ဦးစီးချုပ် ဦးဖုန်တာ့ရွှင် တက်ရောက်မယ် လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

    ဦးစိုင်းလင်းဟာ ဗမာပြည်ကွန်မြူနစ်ပါတီ (ဗကပ) ၈၁၅ စစ်ဒေသရဲ့ တပ်မှူးတစ်ဦး ဖြစ်ပြီး ၁၉၈၉ ခုနှစ်အတွင်း ကိုးကန့်နဲ့ ဝ တပ်ဖွဲ့တို့နည်းတူ ဗကပ ကနေ ခွဲထွက်ခဲ့သူဖြစ်ပါတယ်။

    အဲဒီနောက် အမျိုးသားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA ကို တည်ထောင်ခဲ့ပြီး စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးရယူခဲ့ပါတယ်။

    မိုင်းလားကို အထူးဒေသ(၄) အဖြစ် သတ်မှတ်ပေးခဲ့ပြီး စစ်တပ် နဲ့ အပစ်ရပ်တာ ၃၅ နှစ်အထိ ရှိခဲ့ပြီ ဖြစ်ပါတယ်။

    ဦးစိုင်းလင်းရဲ့နေရာကို သားဖြစ်သူ ဦးထိန်လင်းက ဆက်ခံမှာဖြစ်ပါတယ်။

  7. ပင်လည်ဘူးမှာ စစ်ရဟတ်ယာဉ် ဒရုန်း နဲ့ တိုက်ခိုက်ခံရ

    စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့မှာ စစ်ကောင်စီရဲ့ Mi-17 ထောက်ပို့ ရဟတ်ယာဉ်ကို စစ်ကိုင်းတိုင်း ဒရုန်းလက်ရုံးတပ်ဖွဲ့က ဒရုန်းဗုံးသီးချတိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဇူလိုင် ၆ ရက်က ပြုလုပ်ခဲ့တဲ့ ဒီတိုက်ခိုက်မှု ရုပ်သံဗီဒီယိုကို ဩဂုတ် ၈ ရက် ဒီနေ့မှ ထုတ်ပြန်တာပါ။

    ဒီတိုက်ခိုက်မှုကြောင့် Mi-17 ရဟတ်ယာဥ်ရဲ့ အမြီးပိုင်းနဲ့ လူတင်နေတဲ့ အနောက်တံခါးပေါက်နားကို ဗုံးသီး ကျရောက်ပေါက်ကွဲခဲ့တာကို NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ ဗွီဒီယိုဖိုင်မှာလည်း တွေ့ရပါတယ်။

    ဒရုန်းနဲ့တိုက်ခိုက်ခံရတဲ့ ရဟတ်ယာဉ်လည်း မီးခိုးတွေထွက်ပြီး ပျံသန်းသွားတာကို ဗွီဒီယိုဖိုင်မှာ တွေ့ရပါတယ်။ထိခိုက်ပျက်စီးသွားသော Mi-17 ထောက်ပို့ရဟတ်ယာဉ်ပေါ်ကနေ ပြုတ်ကျတဲ့ အရေးပေါ် တံခါးပေါက်ကိုလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒီဖြစ်ရပ်မှာ စစ်ကောင်စီရဲ့ အရာရှိအပါအဝင် (၇) ယောက် သေဆုံးခဲ့သလို ရဟတ်ယာဥ်မှူးတစ်ယောက် အပါအဝင် (၁၇) ယောက် အပြင်းအထန် ထိခိုက်ဒဏ် ရာရတယ်လို့ ထုတ်ပြန်ထားပြီး ဘီဘီစီအနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

  8. မူဆယ်မှာ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့နယ် နမ့်ခွမ်းကျေးရွာအနီးမှာ ဩဂုတ် ၈ ရက် ညပိုင်းက ကိုးကန့်တပ် (MNDAA)နဲ့ စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

    မူဆယ်မြို့အနီးမှာဖြစ်တဲ့ တိုက်ပွဲက ပစ်ခတ်သံတွေက မြို့ထဲကနေ ကြားနေကြရတယ်လို့လည်း ပြောပါတယ်။

    “သေနတ်သံတွေ ဆက်တိုက်ကြားရတယ်။ မူဆယ် စက်မှုဇုန် အကျော်မှာ ဖြစ်တာလို့ သိထားတယ်။ ဒီနေ့မနက်ပိုင်းတော့ ပုံမှန် အေးအေးဆေး‌ဆေးပါပဲ” လို့ မူဆယ်မြို့ခံတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

    မူဆယ်မြို့ဝန်းကျင်မှာဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ပတ်သက်လို့ ကိုးကန့်တပ် (MNDAA) နဲ့ စစ်ကောင်စီတို့က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

    လက်ရှိအခြေအနေမှာတော့ လားရှိုးအခြေစိုက် အရှေ့မြောက်ပိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ထားတဲ့ ကိုးကန့်တပ်နဲ့ စစ်ကောင်စီတို့ကြားက စစ်ရေးတင်းမာနေပါတယ်။

    မူဆယ်မြို့ဟာ ရှမ်းမြောက်မှာ စစ်ကောင်စီ တပ်စခန်းတချို့ရှိနေသေးတဲ့ ရှားရှားပါးပါးမြို့တစ်မြို့လည်း ဖြစ်ပါတယ်။

  9. စစ်ခေါင်းဆောင်နဲ့ တရုတ်အထူးကိုယ်စားလှယ်တွေ့

    တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် တိန့်ရွီကျွင်းနဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဩဂုတ် ၈ ရက်က နေပြည်တော်မှာ တွေ့ဆုံပါတယ်။

    ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်ကို ကိုးကန့်အဖွဲ့က သိမ်းပိုက်လိုက်ပြီးတဲ့နောက် တရုတ်အထူးကိုယ်စားလှယ်ရဲ့ ပထမဆုံးခရီးစဉ်လည်း ဖြစ်ပါတယ်။

    ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တရုတ်အထူးကိုယ်စားလှယ်ကို မန္တလေးကျုံးပန်းချီကားရှိရာ ဧည့်ခန်းမမှာ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    တွေ့ဆုံချိန်မှာ မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းဖို့ ရှေ့လုပ်ငန်းစဉ်တွေ၊ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ဖို့တွေကို ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    ဒါ့အပြင် နှစ်နိုင်ငံကြား ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ရေးဆိုင်ရာ ကိစ္စတွေ၊ မြန်မာပြည်တွင်း ငြိမ်းချမ်းရေး၊ နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ အွန်လိုင်းလောင်းကစားတွေ၊ အွန်လိုင်းလိမ်လည်တာတွေ၊ အခြားငွေကြေးလိမ်လည်တာတွေနဲ့ တရားမဝင်လုပ်ငန်းတွေ ပပျောက်အောင် နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတာနဲ့ပတ်သက်လို့ ဆွေးနွေးကြပါတယ်။

    ပြီးခဲ့တဲ့ ဇွန် တုန်းက ရောက်လာခဲ့သေးတဲ့ တရုတ်အထူးကိုယ်စားလှယ်ရဲ့ နေပြည်တော်ခရီးစဥ်တုန်းက စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ခွင့်မရခဲ့ဘဲ နိုင်ငံခြားရေးဝန်ကြီးဦးသန်းဆွေနဲ့သာ တွေ့ခွင့်ရခဲ့ပါတယ်။

    ပြီးခဲ့တဲ့ ၂၀‌၂၃ စက်တင်ဘာ က တိန့်ရွှီကျွင်းရဲ့ ခရီးစဉ်အပြီး ၁၀၂၇ စစ်ဆင်ရေး ပေါ်ပေါက်ခဲ့သလို ၂၀၂၄ ဇွန် ခရီးစဉ်အပြီးမှာတော့ ၁၀၂၇ ဒုတိယပိုင်းပေါ်ပေါက်လာတာတွေကို စစ်ကောင်စီထောက်ခံသူတွေက ထောက်ပြဝေဖန်နေကြပါတယ်။