ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ပြည်တွင်း ဘဏ် ၇ ခုကို စစ်ကောင်စီအရေးယူ

အိမ်ရာ‌ချေးငွေ ပိုထုတ်ချေးလို့ဆိုပြီး ပြည်တွင်း ဘဏ် ၇ ခုကို စစ်ကောင်စီအရေးယူတဲ့သတင်းအပါအဝင် ဇူလိုင် ၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မန္တလေး - မိုးကုတ်ကားလမ်းမှာ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေ
  • မြန်မာတွေကို ကာကွယ်ဖို့ R2P ရဲ့ မူဝါဒကို ကျင့်သုံးရေး ဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း
  • မြန်မာက အိန္ဒိယ စီမံကိန်းတွေလုံခြုံရေး စစ်ကောင်စီကို အိန္ဒိယတိုက်တွန်း
  • အွန်လိုင်းလောင်းကစားလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၂၉၅ ဦးနဲ့ မြန်မာ ၁၂ ဦးကို စစ်ကောင်စီဖမ်းဆီး
  • ၂၀၂၀ ရွေးကောက်ပွဲ ပြည်နယ်အဆင့်မှာ အများဆုံးနိုင်ခဲ့တဲ့ ရခိုင်ပါတီ ANP မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရ
  • ၈ ရက်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက စစ်တပ်စခန်း ၈ ခုကို မန္တ‌လေး PDF သိမ်း
  • မြစ်ကြီးနားရေကြီးမှု - ရပ်ကွက် ၅ ခုထက်မနည်းမှာ ဒေသခံတွေ ပိတ်မိနေ
  • မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ တဖြည်းဖြည်းပြန်ကျနေပေမယ့် စိုးရိမ်ရေမှတ်ထက် ၄ ပေ‌အကျော်မှာ ဆက်ရှိနေဆဲ
  • ဗဟိုဘဏ်သတ်မှတ်တဲ့ အိမ်ရာ‌ချေးငွေပမာဏထက် ပိုထုတ်ချေးတဲ့ ဘဏ် ၇ ခုကို စစ်ကောင်စီအရေးယူ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇူလိုင် ၂ ရက် ဘီဘီစီမြန်မာပိုင်းရဲ့နောက်ဆုံးရသတင်းများ တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မန္တလေး - မိုးကုတ်ကားလမ်းမှာ ၂ ရက်ဆက် တိုက်ပွဲပြင်းထန်နေ, စဉ့်ကူးမြို့အထိ တိုက်ပွဲတွေ နီးကပ်လာ

    မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက မန္တလေး-မိုးကုတ် ကားလမ်းမှာ မနေ့ ဇူလိုင် ၁ ရက်ကစပြီး လက်ရှိအချိန်အထိ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားနေတယ်လို့ စစ်ရေးရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

    တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ မြေပြင်အခြေအနေသိရှိသူတစ်ဦးက ပြောပါတယ်။

    စဉ့်ကူးမြို့နယ်က မန္တလေးမြို့နဲ့ ကပ်လျက် မတ္တရာမြို့မြောက်ဘက်မှာ တည်ရှိတာဖြစ်ပါတယ်။

    MDY PDF ပူးပေါင်းတပ်ဖွဲ့တွေက တိုက်ပွဲစတင်တဲ့ ဇွန် ၂၅ ရက်ကနေ ၈ ရက်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲက စစ်တပ်စခန်း ၈ ခုကို သိမ်းပိုက်ထားတယ်လို့ ဒီကနေ့မနက်ပိုင်းမှာပဲ သတင်းထုတ်ပြန်ထားပါတယ်။

    မန္တလေးမြို့ကို ဦးတည်တဲ့ မန္တလေး-မတ္တရာ-စဉ့်ကူး-မိုးကုတ်လမ်းပိုင်းတွေမှာ စစ်ကောင်စီတပ်နဲ့ MDY PDF ပူးပေါင်းတပ်တို့ တိုက်ပွဲပြင်းထန်နေပြီး မန္တလေး-မေမြို့-နောင်ချို-ကျောက်မဲ တကြောမှာတော့ တအာင်းတပ်(TNLA)နဲ့ စစ်တပ်တို့ကြား စစ်ရေး တင်းမာနေပါတယ်။

    စစ်ကောင်စီကတော့ မန္တလေးတိုင်းထဲက တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီရက်ပိုင်းအတွင်း သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  3. မြန်မာတွေကို ကာကွယ်ဖို့ R2P ရဲ့ မူဝါဒကို ကျင့်သုံးရေး ဦးကျော်မိုးထွန်း ထပ်မံတိုက်တွန်း

    နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတွေရဲ့ အသက်ကိုကယ်တင်ဖို့ လိုအပ်နေပြီး စစ်တပ်က ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်မှုအန္တရာယ်တွေကနေ ကာကွယ်ဖို့ ဘာတွေစောင့်ဆိုင်းနေလဲဆိုပြီး ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက မေးခွန်းထုတ်လိုက်ပါတယ်။

    စစ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်းစစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု၊ လူမျိုးစုအလိုက် ရှင်းလင်းမှုအပြင် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ပြစ်မှုတွေနဲ့ပတ်သက်လို့ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ဇူလိုင် ၁ ရက်ကကျင်းပခဲ့တဲ့ ကာကွယ် တားဆီးရေးဆိုင်ရာအစည်းအဝေးပွဲ(R2P)မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလို ပြောခဲ့တာပါ။

    ၂၀၀၅ ခုနှစ် ကမ္ဘာ့ထိပ်သီးညီလာခံမှာ အတည်ပြုခဲ့တဲ့ R2P ( ကာကွယ်ပေးရန်တာဝန်ရှိမှု) အရ ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို တားဆီးပြီး ပြည်သူကိုကာကွယ်ဖို့ နိုင်ငံတကာက အရေးယူဆုံးဖြတ်ချက် ချမှတ်နိုင်ရေးအတွက် အဆင်သင့်ရှိနေဖို့ အရေးပါတယ်လို့လည်း ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောပါတယ်။

    မြန်မာအပါအဝင် ကမ္ဘာ့နေရာဒေသတွေမှာ ဖြစ်ပွားခဲ့တဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကုလသမဂ္ဂအနေနဲ့ တားဆီးပေးနိုင်ခဲ့ခြင်းမရှိဘူးလို့ သံအမတ်ကြီးက ထောက်ပြထားပါတယ်။

    တစ်ဖက်မှာလည်း မြန်မာမှာ စစ်ကောင်စီက ရိုဟင်ဂျာအပါအဝင် မြန်မာပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေတာက နိုင်ငံတကာ အသိုင်းအဝိုင်းက ပြည်သူတွေကို စောင့်ရှောက်ဖို့ ပျက်ကွက်နေတဲ့ ထင်ရှားတဲ့သာဓက တစ်ခုဖြစ်တယ်လို့လည်း ထပ်ပြောပါတယ်။

    ဒါ့ကြောင့် လုံခြုံရေးကောင်စီရဲ့ ပျက်ကွက်မှုတွေကို ပြည်သူတွေက ခါးစည်းခံနေရတယ်လို့ ဖော်ပြထားပြီး ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ ၂၀၀၅ ခုနှစ်မှာ ပေးအပ်ခဲ့တဲ့ R2P ကတိကဝတ်အတိုင်း မြန်မာနိုင်ငံအပေါ် ကတိတည်ထိန်းသိမ်းကျင့်သုံးကြဖို့ ဦးကျော်မိုးထွန်းက တိုက်တွန်းထားပါတယ်။

  4. မြန်မာက အိန္ဒိယ စီမံကိန်းတွေလုံခြုံရေး စစ်ကောင်စီကို အိန္ဒိယတိုက်တွန်း

    မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ အိန္ဒိယရဲ့ လုပ်လက်စ စီမံကိန်းတွေအတွက် အပြည့်အဝလုံခြုံမှုရှိရေး လုပ်ဆောင်ပေးဖို့ မြန်မာစစ်ကောင်စီကို အိန္ဒိယက တိုက်တွန်းလိုက်ပါတယ်။

    အိန္ဒိယပြည်ပရေးရာဝန်ကြီး ဒေါက်တာ အက်စ် ဂျိုင်ရှန်ကာက စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့မှာ ဇွန်လ ၂၇ ရက်တုန်းက တွေ့ဆုံချိန် အခုလိုတိုက်တွန်းလိုက်တာဖြစ်ပါတယ်။

    ဒီလိုတိုက်တွန်းတဲ့အကြောင်းကိုလည်း အိန္ဒိယဝန်ကြီးက သူ့ရဲ့ လူမှုကွန်ရက်စာမျက်မှာ X (အရင်က တွစ်တာ)မှာ ရေးပါတယ်။

    ဒါ့အပြင် အိန္ဒိယ-မြန်မာနှစ်နိုင်ငံ နယ်စပ်မှာ မတည်ငြိမ်မှုနဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတာကို အတော်လေး စိုးရိမ်ကြောင်းလည်း အိန္ဒိယဘက်က ပြသခဲ့တဲ့အကြောင်း ဝန်ကြီးက ပြောပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့တော်စစ်တွေနဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့ထဲမှာတော့ အိန္ဒိယအစိုးရဲ့ကုလားတန်ဘက်စုံသုံးစီမံကိန်းရှိသလို ထိုင်း-မြန်မာ- အိန္ဒိယ သုံးနိုင်ငံ အဝေးပြေးလမ်းမကြီးစီမံကိန်းလည်း ရှိနေပါတယ်။

  5. အွန်လိုင်းလောင်းကစားလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၂၉၅ ဦးနဲ့ မြန်မာ ၁၂ ဦးဖမ်းဆီးခံရ

    မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ်နဲ့ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တို့မှာ တရားမဝင် အွန်လိုင်းလောင်းကစားလုပ်ငန်းလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၂၉၅ ဦးနဲ့ မြန်မာ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဇူလိုင် ၁ ရက်မှာ ထုတ်ပြန်ပါတယ်။

    ပြည်ကြီးတံခွန်မြို့နယ် (ဃ) ရပ်ကွက်၊ (၆၁ လမ်းနဲ့ ၆၂ လမ်းကြား) ၁၁၇ လမ်းက နေအိမ်တစ်အိမ်မှာ လောင်းကစားလုပ်ငန်းလုပ်ကိုင်နေသူတွေနဲ့ လောင်းကစားဂိမ်းဝန်ထမ်းတွေအပါအဝင် အိမ်ရှင် ၁ ဦး စုစုပေါင်း ၁၂ ဦးကို လိမ်လည်တဲ့နေရာမှာ သုံးတဲ့ပစ္စည်းတွေနဲ့အတူ စစ်‌ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းမိခဲ့တယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    ဖမ်းဆီးရရှိတဲ့ ပစ္စည်းတွေထဲမှာ လက်ပ်တော့ ၆ လုံး၊ လက်ကိုင်ဖုန်း ၆၃ လုံး၊ ကျပ်ငွေ သိန်း ၁၁၀၊ နိုင်ငံသားစိစစ်ရေးကတ် ၆ နဲ့ အခြားဆက်စပ်ပစ္စည်းတွေ ပါဝင်တယ်လို့ သိရပါတယ်။

    တာချီလိတ်မြို့နယ်၊ ပါဆတ်ရပ်ကွက်၊ လွန်းကျိုင်းလမ်းထဲက နေအိမ်တစ်အိမ်မှာတော့ အွန်လိုင်း‌လောင်းကစားလုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား အမျိုးသား ၂၈၈ ဦးနဲ့ အမျိုးသမီး ၇ ဦး စုစုပေါင်း ၂၉၅ ဦးတို့ကို လိမ်လည်ရာမှာ သုံးတဲ့ လက်ကိုင်ဖုန်း အလုံး ၉၀၀ အပြင် ဆက်စပ်ပစ္စည်းတွေနဲ့အတူ ဖော်ထုတ်ဖမ်းဆီးရမိခဲ့တယ်လို့ စစ်ကောင်စီက ဖော်ပြထားပါတယ်။

    အဲဒီတရုတ်နိုင်ငံသားတွေက မြန်မာနိုင်ငံထဲ တရားမဝင်နေထိုင်နေကြတဲ့ အထောက်အထားမဲ့သူတွေဖြစ်တယ်လို့ သိရပါတယ်။

    ဖမ်းဆီးရမိတဲ့သူတွေကို ဥပ‌ဒေနဲ့အညီ အရေးယူဖို့အတွက် စစ်ဆေးဆောင်ရွက်နေတယ်လို့ စစ်ကောင်စီကပြောပါတယ်။

    တစ်ဖက်မှာလည်း ထိုင်းနိုင်ငံ၊ ချင်းမိုင်ခရိုင်ထဲက ဒွိုင်စကတ်မြို့နယ်ထဲမှာ အွန်လိုင်းငွေလိမ်လုပ်ကိုင်တဲ့ တရုတ်နိုင်ငံသား ၇ ဦးနဲ့ မြန်မာ ၆ ဦးကိုလည်း နည်းပညာဆိုင်ရာ ရာဇဝတ်မှုတွေကို နှိမ်နင်းတဲ့ ထိုင်းရဲတပ်ဖွဲ့က ဇွန်လကုန်ပိုင်းမှာ ဖမ်းဆီးထားတာဖြစ်ပါတယ်။

  6. ၂၀၂၀ ရွေးကောက်ပွဲ ပြည်နယ်အဆင့်မှာ အများဆုံးနိုင်ခဲ့တဲ့ ရခိုင်ပါတီ ANP မှတ်ပုံတင်ခွင့် ငြင်းပယ်ခံရ

    ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်လွှတ်တော် အမတ်နေရာအများစုကို အနိုင်ရခဲ့တဲ့ ရခိုင်အမျိုးသားပါတီ(ANP)ရဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ခွင့် လျှောက်ထားချက်ကို စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ငြင်းပယ်လိုက်ပါတယ်။

    ဝန်ကြီးဌာနတွေရဲ့ စိစစ်ပြန်ကြားချက်တွေကို အခြေခံပြီး နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ၊ နည်းဥပဒေပါ ပုဒ်မတွေနဲ့ မညီညွတ်တာကြောင့် ငြင်းပယ်လိုက်တာလို့ ရွေးကောက်ပွဲကော်မရှင်က ဇူလိုင် ၁ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    အာဏာသိမ်းအစောပိုင်းကာလမှာ ရခိုင်အမျိုးသားပါတီက ဒေါ် အေးနုစိန်ကို နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်အဖြစ်ပါဝင်ဖို့ စစ်ကောင်စီက ကမ်းလှမ်းခဲ့သလို ပါတီဘက်ကနေ စစ်ကောင်စီကို အချက် ၆ ချက်တောင်းဆိုတာ ရှိခဲ့ပါတယ်။

    အဲဒီထဲမှာ ပြီးခဲ့တဲ့အရပ်သားအစိုးရလက်ထက်မှာ ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဖြစ်တဲ့ ဦးစံကျော်လှကို ပြန်လွှတ်ပေးဖို့၊ ပြည်နယ်ကောင်စီ ဥက္ကဋ္ဌနေရာနဲ့ ကောင်စီဝင် ၂ နေရာမှာ ANP ပါတီဝင်ကို ခန့်အပ်တာဝန်ပေးဖို့၊ ULA/AA အဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ ပြန်လည်ရုတ်သိမ်းပေးဖို့ အချက်တွေ ပါဝင်ပါတယ်။

    ဦးစံကျော်လှဟာ အာရက္ခတပ်တော်(အေအေ) စစ်ဦးစီးချုပ်ဖြစ်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ယောက္ခမ တော်စပ်သူလည်း ဖြစ်ပါတယ်။

    ANP ဘက်က စစ်ကောင်စီရဲ့ လုပ်ဆောင်မှုတွေကို အားရကျေနပ်မှု မရှိတဲ့အတွက် ပူးပေါင်းဆောင်ရွက်တာတွေ ရပ်တန့်ဖို့ ဆုံးဖြတ်တယ်လို့ဆိုပြီး ၂၀၂၁ ခုနှစ်၊ မေလ အတွင်းမှာပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ကြေညာခဲ့ပါတယ်။

    လက်ရှိမှာတော့ ANP ပါတီရဲ့ ဒုတိယဥက္ကဋ္ဌဒေါ်အေးနုစိန်ဟာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးအဖြစ် ဆက်ရှိနေပါတယ်။

    ANP ပါတီဘက်ကတော့ ဒေါ်အေးနုစိန်ဟာ ကောင်စီအဖွဲ့ဝင် ဖြစ်ပြီးကတည်းက ပါတီလုပ်ငန်းတွေ ဆက်လုပ်တာမျိုးမရှိတော့ဘူးလို့ ၂၀၂၁ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ချိန်ကတည်းက ပြောထားပါတယ်။

    ဒါပေမဲ့ သူ့ကို ပါတီဒုတိယဥက္ကဋ္ဌနေရာကနေ တရားဝင်ဖယ်ရှားခံရတာမျိုးမရှိသေးပါဘူး။

    အခုရွေးကောက်ပွဲကော်မရှင်ရဲ့ ကြေညာချက်နဲ့ပတ်သက်ပြီး ANP ပါတီရဲ့ မှတ်ချက်တစုံတရာရအောင် ပါတီဥက္ကဋ္ဌ ဦးသာထွန်းလှကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမဲ့ ဖုန်းခေါ်ဆိုလို့ မရသေးပါဘူး။

    ရခိုင်မျိုးသားပါတီက ပြည်နယ်လွှတ်တော်မှာ ၇ နေရာ၊ ပြည်သူ့လွှတ်တော်မှာ ၄ နေရာ၊ အမျိုးသားလွှတ်တော်မှာ ၄ နေရာ၊ အနိုင်ရခဲ့ပြီး ပြည်နယ်လွှတ်တော်မှာ ကိုယ်စားလှယ် နေရာအများစုကို အနိုင်ရခဲ့ပါတယ်။

  7. ၈ ရက်အတွင်း စစ်တပ်စခန်း ၈ ခုကို မန္တ‌လေး PDF သိမ်း

    ဇွန် ၂၅ ရက်က စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ၈ ရက်အတွင်း မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အတွင်းက စစ်ကောင်စီရဲစခန်းနဲ့ တပ်စခန်း စုစုပေါင်း ၈ ခုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် - မန္တလေး (MDY PDF) က သိမ်းပိုက်ခဲ့တယ်လို့ ဒီနေ့ ဇူလိုင် ၂ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

    ၁၀၁၄ လေကြောင်းရန်ကာကွယ်ရေး အင်ကြင်းမြိုင်တပ်စခန်း၊ ဆည်တော်တပ်စခန်း၊ ပန်းသလဲတောင်တပ်စခန်း၊ ရေစိုတောင်တပ်စခန်း၊ နေကျော်တောင် တပ်စခန်း၊ ရွှေပုထိုးတပ်စခန်း၊ ကျောက်ခလုတ်တပ်စခန်းနဲ့ မြေနီတောင်တပ်စခန်း အစရှိတဲ့ တပ်စခန်းတွေကို သိမ်းပိုက်နိုင်ခဲ့တာလို့ MDY PDF က ကြေညာထားပါတယ်။

    မတ္တရာမြို့တိုက်ပွဲအတွင်း စစ်ကောင်စီထံမှ လက်နက်မျိုးစုံ ၁၂၅ လက်နဲ့ လက်နက်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိထားတယ်လို့ ဓာတ်ပုံတွေနဲ့တကွ MDY PDF က ဖော်ပြထားပါတယ်။

    ဒါ့အပြင် အရှင်ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအပါအဝင် လက်နက်ချတဲ့လူ ၆၄ ဦးနဲ့ တပ်မိသားစုဝင်တွေဖြစ်တဲ့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုနဲ့ အမျိုးသမီးစုစုပေါင်း ၁၁၀ ကျော်ကိုလည်း ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ထုတ်ပြန်ချက်ကဆိုပါတယ်။

    နောင်ချို၊ မိုးကုတ်၊ ကျောက်မဲနဲ့ မတ္တရာတို့မှာ ၁၀၂၇ စစ်ဆင်ရေး တကျော့ပြန်အဖြစ် တပြိုင်တည်းဖော်ဆောင်နေတဲ့တိုက်ပွဲတွေကို တအာင်းတပ် (TNLA)အပါအဝင် MDY PDF၊ မတ္တရာမျိုးမှန်တပ်ဖွဲ့ နဲ့ SSTF အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်နေတာဖြစ်ပါတယ်။

    စစ်ကောင်စီကတော့ မတ္တရာနဲ့ ရှမ်းပြည်နယ်(မြောက်ပိုင်း)က တိုက်ပွဲတွေနဲ့ပတ်သက်လို့ လက်ရှိအချိန်အထိ သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

  8. မြစ်ကြီးနားရေကြီးမှု - ရပ်ကွက် ၅ ခုထက်မနည်းမှာ ဒေသခံတွေ ပိတ်မိနေ

    ဧရာဝတီမြစ်ရေဟာ မြစ်ကြီးနားမြို့မှာ ဒီနေ့ ဇူလိုင် ၂ ရက် မနက်အစောပိုင်းကစပြီး စိုးရိမ်ရေမှတ်ထက် ပေချီ မြင့်တက်နေရာကနေ ကျဆင်းနေပေ‌မဲ့ ရပ်ကွက် ၅ ခု ထက်မနည်းက ဒေသခံတွေဟာ လက်ရှိအချိန်အထိ ပိတ်မိနေဆဲလို့ ကယ်ဆယ်ရေးလုပ်နေသူတွေက ဘီဘီစီကို ပြောပါတယ်။

    စီတာပူရပ်ကွက်၊ မြေမြင့်ရပ်ကွက်၊ ဒူကထောင်ရပ်ကွင်၊ ခေမာသီရိရပ်ကွက်နဲ့ မြို့သစ်ဈေးရပ်ကွက်အပြင် ကြက်ပေါင်ရပ်ကွက်က ဒေသခံတချို့ ဒီနေ့ မနက်အစောပိုင်းအထိ ကယ်ဆယ်ရေးအဖွဲ့ဝင်ဆီ ဖုန်းနဲ့ ဆက်သွယ်အကူအညီတောင်းခံနေကြတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    ဒါ့အပြင် စီတာပူရပ်ကွက်က ကျောင်းတစ်ကျောင်းမှာလည်း ကျောင်းသူကျောင်းသားတချို့နဲ့ ဆရာ၊ ဆရာမတွေအပါအဝင် စုစုပေါင်း အယောက် ၂၀၀ ကျော်ပိတ်မိနေတာကို လာရောက် ကယ်ဆယ်ဖို့ ကူညီရေးအဖွဲ့ကို ဆက်သွယ်လာတယ်လို့ကယ်ဆယ်ရေးအဖွဲ့ဝင်တစ်ဦးက ဆိုပါတယ်။

    ဒါပေမဲ့ ဖုန်းလိုင်း အဆက်အသွယ် မကောင်းတာကြောင့် မြေပြင်အခြေအနေ တိတိကျကျ မသိရနိုင်ဖြစ်နေတယ်လို့လည်း သူကပြောပါတယ်။

    “အခု စက်လှေတွေနဲ့ သွားနေပြီ၊။ လူက အရမ်းများတော့ ခေါက်ရေများများနဲ့ ကယ်ထုတ်မှ ရမှာ” လို့ သူကရှင်းပြပါတယ်။

    မြစ်ကြီးနားမြို့က မီးသတ်တပ်ဖွဲ့နဲ့ ပရဟိလူမှုကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ စက်လှေအသုံးပြုပြီး ကယ်ဆယ်ရေးတွေ မြန်မြန်ဆန်ဆန်လုပ်ဆောင်နေကြပေမယ့် စက်လှေနည်းပါးတဲ့ ပြဿနာနဲ့ ကြုံတွေ့နေရတာကြောင့် ပိတ်မိနေတဲ့သူတွေကို ကယ်ဆယ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ သိရပါတယ်။

  9. ရေဘေး - ရေကြီးမှု ဘာကြောင့်ဖြစ်တာလဲ၊ ရေကြီးလာရင် ဘာတွေလုပ်ရမလဲ

    ရာသီဥတုပြောင်းလဲမှုကြောင့် မိုးကြီးတဲ့အဖြစ်က ကမ္ဘာနေရာ အနှံ့အပြားမှာ အရင်ကထက် ပိုဖြစ်လာကြောင်း လေ့လာမှုတွေက တဆင့် တွေ့လာရသလို ဒီလို အဖြစ်တွေက ရှေ့မှာ ပိုပြီးဆက်ဖြစ်လာနိုင်တယ်လို့ ပညာရှင်တွေက သတိပေးနေပါတယ်။

    မိုးကြီးမှုနဲ့အတူ တွဲပါလာတဲ့ရေကြီးမှုဖြစ်ရပ်တွေကြောင့် ပျက်စီးမှုက အကြီးအမားဖြစ်ခဲ့သလို လူထောင်ပေါင်းများစွာ အိုးအိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။

    မြန်မာနိုင်ငံမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးသည်းပြီးတဲ့နောက် နိုင်ငံမြောက်ဖျားကနေ တောင်ပိုင်းကို ဖြတ်သန်းစီးဆင်းတဲ့ ဧရာဝတီမြစ်ရဲ့ မြစ်ရေဟာ မြစ်ကြီးနားနဲ့ ဝိုင်းမော်မြို့တို့မှာ စိုးရိမ်ရေမှတ်ထက် ပေချီ မြင့်တက်ပြီး ဒေသခံတွေ ရေဘေးကြုံနေရပါတယ်။

    မိုးသည်းတာကြောင့် ရေကြီးတာအပြင် တခြားဘယ်လို အကြောင်းရင်းခံတွေကြောင့် ရေကြီးမှုဖြစ်တတ်ပါသလဲ၊ ရေကြီးလာရင် ဘေးကင်းအောင် ဘယ်လိုနေထိုင်သင့်ပါသလဲ၊ ဘီဘီစီ ရှင်းပြချက် ဆောင်းပါးကို ဒီလင့်ခ်ကနေ ဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

  10. မြစ်ကြီးနားမြို့မှာ ဧရာဝတီမြစ်ရေ တဖြည်းဖြည်းပြန်ကျနေ

    ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့က ဧရာဝတီမြစ်ရေဟာ ဒီနေ့ ဇူလိုင် ၂ ရက် မနက်အစောပိုင်းကစလို့ တဖြည်းဖြည်းကျဆင်းနေပြီလို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုးဦးစီးဌာနကနေ ထုတ်ပြန်လာပါတယ်။

    မြစ်ကြီးနား မြစ်ရေက ဒီနေ့ ဇူလိုင် မနက် ၇ နာရီခွဲအထိ တိုင်းတာချက်အရ တစ်နာရီအတွင်း ၄ လက်မ ဝန်းကျင်ခန့် ပြန်ကျနေပေမယ့် စိုးရိမ်ရေမှတ်ထက် ၄ ပေ‌‌ကျော်အထက်မှာ ရှိနေတုန်းပဲဖြစ်တယ်လို့ သိရပါတယ်။

    ဧရာဝတီမြစ်ဖျားပိုင်းမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးဆက်တိုက်ရွာသွန်းခဲ့အပြီးမှာ မြစ်ရေကြီးမှုဖြစ်ပွားနေတာ ဖြစ်ပါတယ်။

    မြစ်ရေဟာ နောက် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်ကို ပြန်လည်ကျဆင်းနိုင်တယ်လို့ မိုးဇလကဆိုပါတယ်။

    နောက်ဆုံးမြင့်တက်ခဲ့တဲ့မြစ်ရေချိန်အရ မြစ်ကမ်းအနိမ့်ပိုင်းနေရာတွေအပါအဝင် ဗန်းမော်၊ ရွှေကူ၊ ကသာ၊ ထီးချိုင့်၊ တကောင်း၊ မန္တလေးနဲ့ စစ်ကိုင်းနဲ့ မြစ်တစ်လျှောက်မှာ နေထိုင်တဲ့သူအားလုံးအနေနဲ့ ကြိုတင်ပြင်ဆင်ပြီး ပြောင်းရွှေ့ဖို့လိုအပ်လာလျှင် ပြောင်းရွှေ့ကြဖို့ မိုးလေ၀သစောင့်ကြည့်လေ့လာသူတွေက သတိပေးထားပါတယ်။

  11. ဗဟိုဘဏ်သတ်မှတ်တဲ့ အိမ်ရာ‌ချေးငွေပမာဏထက် ပိုထုတ်ချေးတဲ့ဘဏ် ၇ ခုကို စစ်ကောင်စီအရေးယူ

    ဗဟိုဘဏ်က သတ်မှတ်တဲ့ အိမ်ရာချေးငွေပမာဏထက် ငွေပို ထုတ်ချေးလို့ဆိုပြီး ပြည်တွင်းဘဏ် ၇ ခုကို စိစစ်အရေးယူနေတယ်လို့ စစ်ကောင်စီက ‌‌ပြောလာပါတယ်။

    ရိုးမဘဏ်၊ မြန်မာနိုင်ငံသားများဘဏ်၊ ဧရာဝတီဘဏ်၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်၊ ယူအေဘီဘဏ်၊ မြန်မာမက်ထရိုဘဏ်နဲ့ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့အခြေခံအဆောက်အအုံဖွံ့ဖြိုးရေးဘဏ်စတဲ့ ဘဏ် ၇ ခုကို ဗဟိုဘဏ်က သတ်မှတ်တဲ့‌ငွေပမာဏထက် ပိုထုတ်ချေးမှုနဲ့ စစ်ဆေးပြီးအရေးယူဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

    စစ်ကောင်စီရဲ့ဘဏ်အလိုက် ငွေပိုထုတ်ချေးတဲ့ ပမာဏဖော်ပြချက်တွေအရ ဆောက်လုပ်ရေး၊ အိမ်ရာနဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးဘဏ်က ဗဟိုဘဏ်သတ်မှတ်ပမာဏထက် ၁၆ ဒသမ ၃၄ ရာခိုင်နှုန်း ကျော်လွန်ထုတ်ချေးထားပြီး အများဆုံးပိုထုတ်ချေးထားတဲ့ ဘဏ်လို စစ်ကောင်စီက ပြောပါတယ်။

    ရိုးမဘဏ်က ၁၁ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံသားများဘဏ်က ၈ ဒသမ ၉၄ ရာခိုင်နှုန်း၊ ဧရာဝတီဘဏ်က ၁ ဒသမ ၉၆ ရာခိုင်နှုန်း၊ အသေးစားနှင့်အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးရေးဘဏ်က ၁ ဒသမ ၀၁ ရာခိုင်နှုန်း၊ ယူအေဘီဘဏ်က ၃ ဒသမ ၃၈ ရာခိုင်နှုန်းနဲ့ မြန်မာမက်ထရိုဘဏ်က ၀ ဒသမ ၃၉ ရာခိုင်နှုန်း အစရှိတဲ့ ရာခိုင်နှုန်းတွေ ပိုထုတ်ချေးထားတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

    ဒီလိုကျော်လွန်ထုတ်ချေးထားတဲ့ ဘဏ် ၇ ခုက တာဝန်ရှိသူတွေကို စစ်ကောင်စီက ဥပဒေနဲ့အညီ အရေးယူဆာင်ရွက်သွားမှာဖြစ်သလို စစ်ကောင်စီဗဟိုဘဏ်ရဲ့ ငွေ‌ရေးကြေးရေးအဖွဲ့အစည်းများ ဥပဒေပုဒ်မ ၁၅၄ အရ ထိရောက်တဲ့ဒဏ်ကြေးပေးဆောင်ပေးဆောင်စေမယ်လို့လည်း ဆိုပါတယ်။

    ဒါ့အပြင် ပုဂ္ဂလိကဘဏ်တွေကို စစ်ဆေးကြီးကြပ်ဖို့ အားနည်းခဲ့တဲ့ ဗဟိုဘဏ်က တာဝန်ရှိသူတွေကိုလည်း စစ်ကောင်စီက ဖော်ထုတ်အရေးယူမယ်လို့ ကြေညာထားတာဖြစ်ပါတယ်။