ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

‘‘တရုတ် -အမေရိကန်ဆက်ဆံရေးဟာ ကမ္ဘာမှာအရေးကြီး’’ - ရှီ

Fentanyl မူးယစ်ဆေးထုတ်နိုင်တဲ့ဓာတုပစ္စည်းတွေ အမေရိကန်ကို ဝင်လာနေတဲ့ကိစ္စ၊ ဟော်မုဇ်ရေလက်ကြားနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်တဲ့ကိစ္စတွေကို သမ္မတထရမ့်နဲ့ သမ္မတရှီတို့ ဆွေးနွေးထားတယ်လို့ အိမ်ဖြူတော်ဘက်ကပြောတဲ့သတင်းအပါအဝင် မေလ ၁၄ ရက်နောက်ဆုံးရ မြန်မာနဲ့ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • တရုတ်သမ္မတ ရှီကျင့်ဖျင်က အမေရိကန်နဲ့ တရုတ်တို့ကြား ပြိုင်ဘက်ထက် မိတ်ဖက်ဖြစ်ရေးကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးမှု မလုပ်ခင် တိုက်တွန်းပါတယ်
  • ဒါကို တုံ့ပြန်တဲ့အနေနဲ့ သမ္မတ ထရမ့်က ရှီဟာ ခေါင်းဆောင်ကောင်းလို့ပြောပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ ရှေ့မှာ ပိုကောင်းဖို့ပဲ ရှိလာမယ်လို့ ဆိုပါတယ်
  • ဒီဆွေးနွေးပွဲ မတိုင်ခင်လေးမှာပဲ တရုတ်နိုင်ငံမီဒီယာက ထိုင်ဝမ်နဲ့ပတ်သက်ပြီး အမေရိကန်နဲ့ ဖြစ်လာနိုင်ခြေ သမ္မတရှီရဲ့မှတ်ချက်ကို သတင်းထုတ်ပါတယ်
  • ထိုင်ဝမ်အရေးဟာ အခွန်၊ နည်းပညာနဲ့ အီရန်စစ်ပွဲအပါအဝင် တရုတ်နဲ့ အမေရိကန် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြမယ့်အကြောင်းအရာထဲ ပါဝင်ပါတယ်
  • ထရမ့်ဟာ သူနဲ့အတူ တက်စ်လာ သူဌေး အီလွန် မက်စ်၊ အန်ဗီဒီယာ သူဌေးတို့ကိုလည်း ဘေကျင်းကို ခေါ်လာပါတယ်
  • အမေရိကန် သမ္မတ ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့တွေ့ဆုံဖို့ ဘေကျင်းမြို့ကို ရောက်နေတာဖြစ်ပါတယ်
  • ၂၀၁၇ နောက်ပိုင်းမှာ ပထမဆုံး အမေရိကန်သမ္မတ တစ်ဦးအဖြစ် နောက်တစ်ခေါက် ထရမ့် ပြန်ရောက်လာချိန်မှာ တရုတ်ဟာလည်း အခုဆို သူ့ကိုယ်သူ ကမ္ဘာလုံးဆိုင်ရာတည်ငြိမ်တဲ့အင်အားတစ်ရပ်အဖြစ် ပုံဖော်ထားတဲ့တရုတ်ဖြစ်နေပြီလို့ တရုတ်နိုင်ငံဆိုင်ရာ ဘီဘီစီ သတင်းထောက်ကရေးပါတယ်
  • အခုခရီးစဥ်ဟာ မတ်လကတည်းက စတင်ဖို့ရှိခဲ့ပေမဲ့ အီရန်စစ်ပွဲကြောင့် ရွှေ့ဆိုင်းခဲ့ရတာဖြစ်ပါတယ်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ မေလ ၁၄ ရက် တရုတ်ခရီးစဉ် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်လို့ ပြီးပါပြီ။

    ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. တရုတ်ဟာ အီရန်ရဲ့ တိုးတိုးဖော်လား

    ပြီးခဲ့တဲ့တစ်ပတ်မှာ အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာရာချီ ဘေကျင်းမြို့ကို အလည်အပတ်သွားခဲ့တဲ့အခါ အရှေ့အလယ်ပိုင်းမှာ တရုတ်ရဲ့လွှမ်းမိုးမှုရှိတယ်ဆိုတာကိုလည်း ထုတ်ပြလာရာ ရောက်ပါတယ်။

    အမေရိကန်ကတော့ နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ ''တရုတ်ဘက်ကတော့ သူ့ကို ပြောသင့်တာတွေ ပြောလိုက်မယ်လို့ ထင်ပါတယ်'' လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောပါတယ်။

    "ဟော်မုဇ်ရေလက်ကြားမှာ ခင်ဗျားတို့ လုပ်နေတာတွေဟာ တစ်ကမ္ဘာလုံးနဲ့ တစ်ယောက်ဖြစ်နေပြီဆိုတာမျိုး၊ ဒီကိစ္စမှာ ခင်ဗျားက လူဆိုးဆိုတာမျိုး ပြောလိုက်မယ် ထင်ပါတယ်။"

    ''အီရန်ကို ညှိနှိုင်းရေးစားပွဲဝိုင်းဆီကို ပြန်ခေါ်ဖို့ ကြိုးစားမယ်ဆိုရင်တော့ တရုတ်ရဲ့အခန်းကဏ္ဍကို အမေရိကန်ဘက်က အသိအမှတ်ပြုရလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်'' လို့ International Crisis Group က အမေရိကန်-တရုတ်ဆက်ဆံရေး အကြီးတန်းသုတေသန အကြံပေး အလီ ဝိန်းက ပြောပါတယ်။

    ဒါပေမဲ့ ထရမ့်ဘက်မှာတော့ တဟီရန်နဲ့ တရုတ်ကြား ဆက်ဆံရေး နီးစပ်မှုကို ဘာမှမဖြစ်တဲ့ပုံပါ။ အီရန်ရေနံကို သယ်ပို့လို့ဆိုပြီး တရုတ်အခြေစိုက် ရေနံချက်လုပ်ငန်းတစ်ခုကို အမေရိကန်က မကြာသေးခင်တုန်းက အရေးယူပိတ်ဆို့ခဲ့ပေမဲ့ သမ္မတ ထရမ့်ကတော့ အီရန်ပဋိပက္ခအတွင်း တရုတ်ရဲ့ထောက်ပံ့မှုကို လျှော့ပြောပါတယ်။

  3. တရုတ် - အမေရိကန် ဆက်ဆံရေးဟာ ကမ္ဘာမှာ အရေးအကြီးဆုံးလို့ ရှီပြော

    တရုတ် - အမေရိကန် ဆက်ဆံရေးဟာ ကမ္ဘာမှာ အရေးအကြီးဆုံး နှစ်နိုင်ငံဆက်ဆံရေးဖြစ်တယ်လို့ သမ္မတရှီကျင့်ဖျင်က ပြောပါတယ်။

    အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့တရုတ်ခရီးစဉ်မှာ နိုင်ငံတော်အဆင့်ညစာစားပွဲနဲ့ ဧည့်ခံချိန် သမ္မတ ရှီက အခုလိုပြောလိုက်တာဖြစ်ပါတယ်။

    ဘာကြောင့်လဲဆိုရင် နှစ်နိုင်ငံဆက်ဆံရေးဟာ နှစ်နိုင်ငံလူဦးရေ ၁.၇ ဘီလျံနဲ့ ကမ္ဘာတလွှား ၈ ဘီလျံရှိတဲ့လူသားတွေရဲ့အကျိုးစီးပွားနဲ့လည်း ဆက်နွှယ်နေတာကြောင့်လို့ သူက ထပ်လောင်းပြောပါတယ်။

    တရုတ်သမ္မတဟာ သူ့မိန့်ခွန်းကို နှစ်နိုင်ငံ အနာဂတ်တိုးတက်ရာ ကြီးပွားကြောင်းဆုတောင်းပြီး နိဂုံးချုပ်ပါတယ်။

    အမေရိကန် သမ္မတ ထရမ့်ကတော့ တရုတ် သမ္မတ ရှီနဲ့ သမ္မတကတော် ပန်လီယွမ်တို့ကို လာမယ့် စက်တင်ဘာလ ၂၄ ရက်မှာ အိမ်ဖြူတော်ကို လာရောက်လည်ပတ်ဖို့ ဖိတ်ကြားပါတယ်။

    ထရမ့်ကတော့ သူ့ရဲ့ တရုတ်ခရီးစဉ်ဟာ တကယ့်ကို ဂုဏ်ယူရတဲ့ခရီးစဉ်ဖြစ်ပြီး ဘယ်တုန်းကမှ မတူတဲ့ ကြိုဆိုမှုမျိုးကို ကြုံရတဲ့အကြောင်း ချီးကျူးစကားပြောပါတယ်။

    ပြီးတော့ ဒီနေ့ မနက်ပိုင်းမှာ သူနဲ့ ရှီ တွေ့ဆုံ စကားပြောနိုင်ခဲ့တာဟာ အကျိုးဖြစ်ထွန်းပြီး နောင်ကိစ္စရပ်တွေအတွက် အခွင့်အလမ်းသာနိုင်လိမ့်မယ်လို့လည်းဆိုပါတယ်။

  4. ရုရှားသမ္မတ ပူတင်လည်း တရုတ်ကို လာဖို့ရှိ

    ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ဟာ တရုတ်နိုင်ငံကို မကြာခင်မှာ သွားရောက်လည်ပတ်ဖို့ရှိတယ်လို့ ကရင်မလင် နန်းတော်ဘက်က ကြေညာတဲ့အကြောင်း ရုရှားကျောထောက်နောက်ခံပြု RT သတင်းဌာနက သတင်းဖော်ပြပါတယ်။

    ဒီခရီးနဲ့ပတ်သက်ပြီး ရက်အတိအကျကို မပြောပေမဲ့ ကရင်မလင် နန်းတော် ပြောခွင့်ရ ဒီမီထရီ ပတ်စ်ကော့ဗ်ကတော့ ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်လို့ ပြီးပြီလို့ ပြောပါတယ်။

    ပူတင်ရဲ့နောက်ဆုံးအကြိမ် တရုတ်ခရီးစဉ်ဟာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတုန်းက ဖြစ်ပါတယ်။ အဲဒီတုန်းက ပူတင်ဟာ ဘေကျင်းက စစ်ရေးပြပွဲကို တက်ရောက်ပြီး ရုရှား- တရုတ် ထိပ်သီးဆွေးနွေးပွဲကိုလည်း ပြုလုပ်ခဲ့ပါတယ်။

    ရုရှားမီဒီယာတွေမှာတော့ ပူတင်ရဲ့တရုတ်ခရီးဟာ လာမယ့်သီတင်းပတ်အတွင်းဖြစ်နိုင်မယ်လို့ ဆိုပါတယ်။

  5. ဖန်တနီလ် မူးယစ်ဆေး၊ ဟော်မုဇ် ရေလက်ကြားကိစ္စနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအကြောင်း ဆွေးနွေး - အိမ်ဖြူတော်

    ဒေါ်နယ်ထရမ့်နဲ့ ရှီကျင့်ဖျင်တို့ရဲ့တွေ့ဆုံမှုဟာ ‘‘ကောင်းမွန်တဲ့ဆွေးနွေးပွဲဖြစ်ခဲ့တယ်’’ လို့ အိမ်ဖြူတော်ဘက်က စာထုတ်ပါတယ်။

    နှစ်နိုင်ငံခေါင်းဆောင်တွေဟာ ‘‘စီးပွားရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်ရေးကို ဆွေနွေးခဲ့ကြတယ်’’လို့လည်း ဆိုပြီး အမေရိကန်ကုမ္ပဏီတွေ တရုတ်စျေးကွက်ထဲ ဝင်နိုင်ဖို့၊ အမေရိကန်လုပ်ငန်းနယ်ပယ်တွေမှာ တရုတ်ရင်းနှီးမြှုပ်နှံမှုကိစ္စတွေကိုလည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    နှစ်နိုင်ငံခေါင်းဆောင်တွေရဲ့ဆွေးနွေးပွဲမှာ အမေရိကန်ကုမ္ပဏီကြီးအချို့လည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

    ဖန်တနီလ် မူးယစ်ဆေး ထုတ်နိုင်တဲ့ဓာတုပစ္စည်းတွေ အမေရိကန်ပြည်ထောင်စုဆီ ဝင်ရောက်နေတာကို တားဆီးရေးကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အိမ်ဖြူတော်ဘက်က ပြောပါတယ်။

    အိမ်ဖြူတော်ကြေညာချက်မှာတော့ ‘‘အီရန် နျူကလီးယားလက်နက် မပိုင်ဆိုင်ရေးကို နှစ်နိုင်ငံစလုံးက သဘောတူထားတယ်’’လို့ ထုတ်ပါတယ်။

    ဒါ့အပြင် ‘‘စွမ်းအင် လွတ်လွတ်လပ်လပ် စီးဆင်းနိုင်အောင် ဟော်မုဇ်ရေလက်ကြားကို ဆက်ဖွင့်ထားရမယ်ဆိုတဲ့အချက်ကိုလည်း နှစ်ဖက်စလုံးက သဘောတူခဲ့ကြတယ်’’ လို့လည်း အမေရိကန်ဘက်က ထုတ်ပြန်ပါတယ်။

    ဒီဆွေးနွေးမှုအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ဟော်မုဇ်ရေလက်ကြားကို တရုတ်ရဲ့မီခိုမှု လျှော့ချနိုင်အောင် အမေရိကန် ရေနံတွေကို ပိုဝယ်လိုကြောင်း ‘‘စိတ်ဝင်စားမှုကိုလည်း ပြသခဲ့တယ်’’ လို့ အိမ်ဖြူတော်ထုတ်ပြန်ချက်က ဆိုပါတယ်။

  6. ထရမ့်ရဲ့ဘေကျင်းခရီးကို တရုတ်လူမှုကွန်ရက်မှာ ဘယ်လိုတုံ့ပြန်နေကြလဲ

    ဖန်းဝမ် ဘီဘီစီသတင်း၊ စင်ကာပူ

    ထရမ့်ရဲ့ဘေကျင်းခရီးစဉ်ဟာ တရုတ်လူမှုကွန်ရက်မီဒီယာအသုံးပြုနေကြသူတွေကြား မနေ့ကတည်းက လွှမ်းမိုးပါတယ်။

    ဒီခရီးအကြောင်းရေးထားတဲ့ ဟတ်ရှ်တက်ခ်ဟာ တရုတ်လူမှုကွန်ရက် ဝေဘိုမှာ ကြည့်ရှုသူ သန်း ၄၀၀ နီးပါးအထိ ရှိပါတယ်။ ပြီးတော့ ဒီနေ့မနက် အစောပိုင်းတုန်းက တရုတ်သမ္မတရှီက အမေရိကန်သမ္မတ ထရမ့်ကို ခမ်းခမ်းနားနားနဲ့ကြိုဆိုတဲ့ပွဲကို နိုင်ငံပိုင်မီဒီယာတွေက လူမှုကွန်ရက်ကနေ တိုက်ရိုက်ပြသတော့လည်း ကြည့်ရှုသူ သန်းနဲ့ချီ ရှိနေပါတယ်။

    တရုတ်မှာ ဒီလိုလူမှုကွန်ရက်တွေကို ဆင်ဆာပိတ်တာနဲ့ အွန်လိုင်းပေါ်က အများပြည်သူတွေ ဆွေးနွေးတဲ့ပုံစံကို ပုံဖော်တဲ့နေရာမှာလည်း အာဏာပိုင်တွေဘက်က အခရာကျတဲ့ကဏ္ဍကနေ ရှိနေပါတယ်။ ဒါကြောင့်မို့ တရုတ်လူမှုကွန်ရက်ပေါ်က ဒီအခြေအနေဟာ တရုတ်လူထုရဲ့အမြင်ကို တကယ်ထင်ဟပ်တယ်လို့တော့ မယူဆနိုင်ပါဘူး။

    မှတ်ချက်ပေးတာ အများစုကတော့ ဘေကျင်းရဲ့ရပ်တည်ချက်ကို ပဲ့တင်ထပ်ပါတယ်။ တရုတ်အနေနဲ့ ကိုယ်တိုင်ကလည်း စူပါအင်အားကြီးနိုင်ငံအဖြစ် ရပ်တည်ပြီး နှစ်နိုင်ငံ လက်တွဲအလုပ်လုပ်သင့်တယ်ဆိုတဲ့အကြောင်း မှတ်ချက် ပေးကြတာပါ။

    ဒါပေမဲ့ အဲဒီအွန်လိုင်းပေါ် ကမှတ်ချက်တွေမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုက ပြောစရာ အကြောင်းဖြစ်နေပါတယ်။ သူဟာ တရုတ်ရဲ့လူ့အခွင့်အရေးပြဿနာတွေနဲ့ ဟောင်ကောင်နဲ့ပတ်သက်ပြီး သူ့မှတ်ချက်တွေကြောင့် ၂၀၂၀ မှာ ဘေကျင်းရဲ့ပိတ်ဆို့မှု ခံခဲ့ရသူဖြစ်ပါတယ်။

    အဲဒီလိုဒဏ်ခတ်ပိတ်ဆို့မှုမှာ တရုတ်ကိုပြည်ဝင်ခွင့်ပိတ်တာလည်း အကျုံးဝင်ပေမဲ့ တရုတ်အစိုးရဟာ အခုခရီးစဉ်အတွက်တော့ ခြွင်းချက်အနေနဲ့ ပြည်ဝင်ခွင့်ပေးခဲ့ပုံရပါတယ်။

    ပြီးတော့ ထရမ့်နဲ့အတူပါလာတဲ့ စီးပွားရေးသမားတွေကိုလည်း တရုတ်အွန်လိုင်းမှာ စိတ်ဝင်စားမှုရှိပြီး ဆွေးနွေးပွဲမှာ ချထားတဲ့ ရေပုလင်းအစ တခြား ထူးခြားတဲ့သေးသေးမွှားမွှားဖြစ်ရပ်တွေအဆုံး ခရီးစဉ်နဲ့ပတ်သက်တာတွေကိုလည်း စိတ်ဝင်တစားပြောဆိုနေကြတာတွေ့ရပါတယ်။

  7. ကောင်းကင်ကျောင်းတော်ကို သမ္မတ နှစ်ဦး သွားရောက်

    တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကောင်းကင်ကျောင်းတော် (The Temple of Heaven) ကို လိုက်လံပြသခဲ့ပါတယ်။

    ဒီကျောင်းတော်ဟာ ရှေးတရုတ်သမိုင်းမှာ အထွတ်အမြတ်ထားတဲ့နေရာလည်းဖြစ်ပါတယ်။

    ၁၅ ရာစု မင် မင်းဆက်မှာ ဆောက်လုပ်ခဲ့တဲ့ ဒီကျောင်းတော်ဟာ ကောင်းကင်နဲ့ မြေကြီး ဆက်နွှယ်မှုပြယုဂ်အဖြစ် တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မင်နဲ့ ချင်း မင်းဆက်တွေမှာ ဧကရာဇ်တွေဟာ ဆန်ရေစပါးပေါများဖို့ ဒီကျောင်းတော်ကိုလာပြီး ဆုတောင်းကြလေ့ရှိခဲ့ပါတယ်။

    ခေတ်သစ်တရုတ်ပြည်မှာတော့ ဒီနေရာကို နိုင်ငံတကာက အရေးကြီး ဧည့်သည်တော်တွေကို လိုက်ပြလေ့ရှိတဲ့နေရာဖြစ်လာပါတယ်။ ထရမ့်ဟာ သမ္မတတာဝန်ယူထားတုန်း ဒီကျောင်းတော်ကို သွားရောက်တဲ့ ဒုတိယမြောက် အမေရိကန် သမ္မတ ဖြစ်လာပါတယ်။ သူ့အရင်ကတော့ သမ္မတ ဂျဲရက် ဖော့ဒ်ဟာ ၁၉၇၅ ခုနှစ်မှာ သွားရောက်ခဲ့ဖူးပါတယ်။

    ၁၉၇၀ ပြည့်နှစ်တွေမှာ တရုတ်နဲ့ အမေရိကန်ကြားက ဆက်ဆံရေးပုံမှန်ဖြစ်အောင် ကြိုးပမ်းခဲ့သူတွေ အခရာကျခဲ့သူ အမေရိကန်သံတမန် ဟင်နရီ ကစ်ဆင်းဂျားဟာ ကျောင်းတော်ကို ၁၅ ကြိမ် သွားခဲ့ဖူးတယ်လို့ တရုတ်မီဒီယာတွေက သတင်းဖော်ပြပါတယ်။

    ထရမ့်ကတော့ ''အံ့အားသင့်စရာကျောင်းတော်'' လို့ ရှီကို ပြောပြပါတယ်။ ကျောင်းတော်ရှေ့မှာ သမ္မတ နှစ်ဦး ဓာတ်ပုံအရိုက်ခံချိန်မှာလည်း ''တရုတ်ဟာ လှပတယ်'' လို့ဆိုပြီး ထရမ့်က ချီးကျူးစကားပြောပါတယ်။

    သမ္မတ ထရမ့် ခရီးစဉ်မှာအတူလိုက်လာတဲ့သတင်းထောက်တွေက ထိုင်ဝမ်အရေးကို ဆွေးနွေးခဲ့ကြလားဆိုပြီး သမ္မတ နှစ်ယောက်ကို ၂ ကြိမ်တိုင်တိုင် မေးခဲ့ပေမဲ့ နှစ်ယောက်စလုံးက မေးခွန်းကို ပြန်မဖြေဘဲ ကျောင်းတော်ထဲ ဝင်သွားခဲ့ကြပါတယ်။

    သတင်းထောက်တစ်ယောက်က ဆွေးနွေးပွဲတိုးတက်မှုရှိလားလို့ မေးတဲ့အခါမှာတော့ ထရမ့်က ''ကောင်းမွန်တယ်'' လို့ ပြန်ဖြေခဲ့ပါတယ်။

  8. ရှီနဲ့ ထရမ့်တို့ဆွေးနွေးပွဲ ၂ နာရီနီးပါးကြာမြင့်

    တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ရဲ့တွေ့ဆုံဆွေးနွေးမှုဟာ ၂ နာရီနီးပါး ကြာမြင့်ခဲ့ပါတယ်။ ဒါဟာ အရင်က တွေ့ဖို့ စီစဉ်ထားတာထက် အချိန် ၂ ဆ ကြာမြင့်ခဲ့တာဖြစ်ပါတယ်။

    အဲဒီနောက် ရှီဟာ အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ထပ်မံတွေ့ဆုံခဲ့ပါတယ်။

    တရုတ်ဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေအတွက် တံခါးပိုဖွင့်ပေးသွားမယ်လို့ ပြောပြီး အမေရိကန် ကုမ္ပဏီတွေလည်း တရုတ်မှာ တိုးတက်ကြီးပွားမှာပါလို့ ရှီက ပြောပါတယ်။

    အမေရိကန်ကုမ္ပဏီတွေဟာ တရုတ်ရဲ့တိုးတက်မှုမှာ နက်နက်ရှိုင်းရှိုင်း ပါဝင်ခဲ့တာဖြစ်သလို နှစ်နိုင်ငံ အကျိုး ဖြစ်ထွန်းစေတာကြောင့် ဘေကျင်းဘက်ကလည်း အမေရိကန်နဲ့အတူ အလားတူ ပူးပေါင်းဆောင်ရွက်လိုကြောင်း ရှီက ပြောခဲ့တယ်လို့ တရုတ်နိုင်ငံပိုင်မီဒီယာ ဆင်ဟွာက သတင်းရေးပါတယ်။

    ထရမ့်ဟာ အမေရိကန်ထိပ်တန်းကုမ္ပဏီကြီးတွေက ခေါင်းဆောင် တစ်ဒါဇင်ခန့်ကို အခု တရုတ်ခရီးစဉ်မှာ သူနဲ့အတူ ခေါ်ခဲ့ပါတယ်။

    သမ္မတထရမ့်ဟာ အမေရိကန်ထုတ်ကုန်တွေကို တရုတ်ဘက်က ပိုဝယ်ဖို့ တွန်းတွန်းတိုက်တိုက်လုပ်နေတာဖြစ်ပါတယ်။

  9. ဒီနေ့ မနက် ရှီကျင့်ဖျင် ပြောခဲ့တဲ့ Thucydides ထောင်ချောက် ဆိုတာ ဘာလဲ

    တက်ဆာ ဝေါင်း (အာရှ ဒစ်ဂျစ်တယ် သတင်းထောက်)

    ရှီက ထရမ့်ကို အစောပိုင်းတုန်းက တွေ့ဆုံချိန် အဖွင့်စကားမှာ Thucydides ထောင်ချောက် ဆိုတဲ့စကားလုံးကို သုံးသွားပါတယ်။ ဆိုတော့ ဒါက ဘာကို ရည်ညွှန်းတာပါလဲ။

    ဒါဟာ လူသိများတဲ့နိုင်ငံရေးအသုံးဖြစ်ပြီး အမေရိကန် -တရုတ် ဆက်ဆံရေးကို ပုံဖော်ဖို့ အမေရိကန်ပညာရှင် ဂရမ် အယ်လီဆင် သုံးခဲ့တဲ့အသုံးအနှုန်း ဖြစ်ပါတယ်။

    အေသင်နဲ့ စပါတာတို့ကြားက စစ်ပွဲအကြောင်းကို ရေးခဲ့သူ ရှေး ဂရိသမိုင်းပညာရှင် Thucydides ကို ရည်ညွှန်းရင်း အဓိပ္ပါယ်ကတော့ အခြေမြဲမြံထားပြီးဖြစ်တဲ့နိုင်ငံတစ်နိုင်ငံဟာ နောက်တစ်နိုင်ငံအင်အားဖွံ့ဖြိုးလာတဲ့အခါ ရတက်မအေးဖြစ်ပြီး ပြိုင်ကြဆိုင်ကြရာကနေ တဖြည်းဖြည်းပဋိပက္ခထဲ ရောက်သွားတဲ့အခြေအနေကို ဖော်ပြဖို့ရာ သုံးနှုန်းပါတယ်။

    ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ တရုတ်အစိုးရဟာ ဒီအသုံးကို သုံးနှုန်းလာတာတွေ့ရပြီး အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တိုက်တွန်းတဲ့အခါ ရှီကိုယ်တိုင်လည်း ဒီအသုံးအနှုန်းကို သုံးလာပါတယ်။

    ဒါကြောင့် ''Thucydides ထောင်ချောက်ကို ကျော်လွှားဖို့'' လို့ဆိုပြီး ရှီက ထရမ့်ကို ဒီနေ့မှာ ပြောတဲ့အခါ အမေရိကန်အနေနဲ့ တရုတ်ရဲ့တိုးတက်လာမှုကို မရွံ့ဖို့ ဆိုလိုရာရောက်ပါတယ်။ နောက်ပိုင်း ရှီပြောခဲ့တဲ့ ''ပြိုင်ဘက် မဟုတ်ဘဲ မိတ်ဖက်''အဖြစ်မြင်ဖို့ဆိုတဲ့တောင်းဆိုချက်ကလည်း ဒီအသုံးအနှုန်းကို ထင်ဟပ်နေပါတယ်။

  10. ထရမ့်ကို တရုတ် ဘယ်လိုကြိုဆိုခဲ့လဲ

    ဘေကျင်းဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ကို ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံတော့မယ့် သမ္မတ ဒေါ်နယ်ထရမ့်ကို ခမ်းခမ်းနားနားကြိုဆိုခဲ့ပါတယ်။

    ဂုဏ်ပြုတပ်ဖွဲ့က အလေးပြုတာ၊ ရွှင်ရွှင်မြူးမြူးကြိုဆိုကြတဲ့ကလေးငယ်တွေနဲ့ သမ္မတ နှစ်ယောက် တစ်ယောက်နဲ့တစ်ယောက် ပြောဆိုဆက်ဆံခဲ့ကြပုံတွေကို ရုပ်သံမှာ ဆက်လက် ကြည့်ရှုနိုင်ပါတယ်။

  11. ရှီနဲ့ ထရမ့် ဘာတွေ အပေးအယူ ဆွေးနွေးနိုင်ကြသလဲ

    သမ္မတထရမ့်က သမ္မတရှီကျင့်ဖျင်ကို ပြောဆိုခဲ့တဲ့ သံတမန်စကားလုံးတွေအရ ဆွေးနွေးပွဲ မစတင်မီကတည်းက တရုတ်ကို အမေရိကန်နဲ့ တန်းတူအင်အားကြီးနိုင်ငံတစ်ခုအဖြစ် သဘောထားနေတဲ့ ပုံရိပ်ထွက်ပေါ်တယ်လို့ Stimson Center က Reimagining US Grand Strategy Program အဖွဲ့ဝင် ကယ်လီဂရီကို က ပြောပါတယ်။

    ကယ်လီဂရီကိုက ထရမ့်ဟာ တရုတ်ဘက်ကနေ အမေရိကန်ရဲ့ စိုက်ပျိုးရေးထုတ်ကုန်တွေ၊ လေယာဉ်နဲ့ အခြားကုန်ပစ္စည်းတွေ ဝယ်ယူမယ့် သဘောတူညီချက်တွေ ရယူနိုင်ရေးကို အထူးစိတ်ဝင်စားနေကြောင်း ဘီဘီစီကို ပြောပါတယ်။

    “သူက အမေရိကန်အတွက် အကျိုးရှိတဲ့သဘောတူညီချက်တွေ ယူဆောင်လာနိုင်ခဲ့တယ်လို့ ပြောခွင့်ရရေးကို လိုချင်နေပါတယ်” ကယ်လီဂရီကို က သုံးသပ်ပါတယ်။ ဒါပေမဲ့ တဖက်မှာလည်း တရုတ်အပေါ် ချမှတ်ခဲ့တဲ့ အခွန်နှုန်းထားက ထင်သလို မအောင်မြင်ခဲ့တာကြောင့် အမေရိကန်ရဲ့တရုတ်နဲ့ ညှိနှိုင်းရေးက အင်အားနည်းလာကြောင်းလည်း သူက သုံးသပ်ပါတယ်။

    တရုတ်ဘက်ကလည်း အီလက်ထရောနစ်နဲ့ လျှပ်ကူးပစ္စည်းများကို ထုတ်လုပ်ရာမှာ အရေးပါတဲ့မြေရှားသတ္တုကို သူတို့အတွက် ဖိအားပေးသုံးနိုင်တဲ့ကတ်အဖြစ်အသုံးပြုနေတယ်လို့လည်း သူက ဆိုပါတယ်။

    ဒါတင်မက ထရမ့်ဟာ အီရန်နဲ့ပတ်သက်တဲ့ စစ်ပဋိပက္ခအဆုံးသတ်ရေးအတွက် ဘေဂျင်းဘက်က ဖိအားပေးကူညီလာစေဖို့လည်း လိုလားနေတယ်လို့ ကောက်ချက်ချပါတယ်။ ဒါပေမဲ့ “တရုတ်ဘက်က ဒါကို ကူညီပေးမယ်ဆိုရင်လည်း တစ်ခုခုပြန်လည်ရယူချင်မှာ သေချာပါတယ်” လို့ သူက ဆက်ပြောပါတယ်။

  12. “သမ္မတရှီနဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်” - အမေရိကန်သမ္မတဒေါ်နယ်ထရမ့်

    သမ္မတဒေါ်နယ်ထရမ့်ရဲ့ အဖွင့်မိန့်ခွန်းမှာ သမ္မတရှီနဲ့ တွေ့ဆုံရတာကို “ဂုဏ်ယူစရာ” ဖြစ်ကြောင်းစဖွင့်ပါတယ်။

    “အဆွေတော်ရဲ့ မိတ်ဆွေဖြစ်ရတာ ဂုဏ်ယူပါတယ်” လို့ ထရမ့်က ပြောခဲ့ပါတယ်။ ထရမ့်က အခုခရီးစဉ်မှာ “ကမ္ဘာ့ကြီးရဲ့ ထိပ်တန်းစီးပွားရေးခေါင်းဆောင်တွေ” ကို ခေါ်ဆောင်လာခဲ့ကြောင်း ပြောပြီး “ဒီနေ့ ဒီမှာရှိနေကြတာဟာ အဆွေတော်ကို လေးစားဂုဏ်ပြုဖို့ ရောက်လာတဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေချည်းပဲ” လို့ ထရမ့်ကဖြည့်ပြောပါတယ်။

    ဒါအပြင် အခုတွေ့ဆုံမှုကို “သမိုင်းတစ်လျှောက် အကြီးမားဆုံး ထိပ်သီးဆွေးနွေးပွဲ” လို့ ကမ္ဘာကြီးက ခေါ်ဆိုနေကြကြောင်းနဲ့ တွေ့ဆုံပွဲအတွက် မျှော်လင့်ထားတဲ့အကြောင်းလည်း ထရမ့် က ပြောကြားခဲ့ပါတယ်။

  13. ရှီ နဲ့ ထရမ့် တွေ့ဆုံကြပြီ၊ သမ္မတရှီကျင့်ဖျင် ဘာတွေပြောခဲ့လဲ

    တရုတ်သမ္မတရှီကျင်ဖျင့်နဲ့ အမေရိကန် သမ္မတထရမ့်တို့ ဒီကနေ့ တရုတ်နိုင်ငံ၊ဘေဂျင်းမြို့ တီယန်နန်မင်ရင်ပြင်က Great Hall of the People အဆောက်အဦကြီးမှာတွေ့ဆုံနေကြပါပြီ။

    တရုတ်သမ္မတ ရှီကျင့်ဖျင်က သူရဲ့ အဖွင့်မိန့်ခွန်းမှာ “ကျွန်တော်တို့ရဲ့ ဒီတွေ့ဆုံမှုကို ကမ္ဘာတစ်ဝန်းက စောင့်ကြည့်နေပါတယ်။ အခုအချိန်မှာ ရာစုနှစ်တစ်ခုအတွင်း မမြင်ဖူးတဲ့ အပြောင်းအလဲတွေ ကမ္ဘာတဝန်း အရှိန်မြင့်ပြောင်းလဲလာနေပြီး နိုင်ငံတကာအခြေအနေကလည်း မတည်ငြိမ်ဘဲ ရှုပ်ထွေးနေပါတယ်” လို့ စဖွင့်ပါတယ်။

    ရှီက “ကမ္ဘာကြီးဟာ လမ်းဆုံတစ်ခုကို ရောက်ရှိလာပါပြီ။တရုတ်နဲ့ အမေရိကန်တို့ဟာ ‘Thucydides Trap’ ကို ကျော်လွှားပြီး ဆက်ဆံရေးပုံစံသစ်တစ်ခု ဖန်တီးနိုင်မလား။ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုတွေကို အတူတကွ ရင်ဆိုင်ပြီး ကမ္ဘာကြီးအတွက် ပိုမိုတည်ငြိမ်မှု ပေးနိုင်မလား။ ကျွန်တော်တို့ နှစ်နိုင်ငံ၊ ပြည်သူနှစ်ရပ်နဲ့ လူသားမျိုးနွယ်အနာဂတ်အတွက် နှစ်နိုင်ငံဆက်ဆံရေးမှာ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တစ်ခု တည်ဆောက်နိုင်မလား” ဆိုတာအရေးကြီးတယ်လို့ မေးခွန်းထုတ်ပြောဆိုခဲ့ပါတယ်။

    “ဒီမေးခွန်းတွေဟာ သမိုင်းအတွက်၊ ကမ္ဘာအတွက်၊ ပြည်သူတွေအတွက် အရေးကြီးတဲ့ မေးခွန်းတွေဖြစ်ပါတယ်။ ဒါတွေဟာ ကျွန်တော်နဲ့ သမ္မတကြီးတို့လို အင်အားကြီးနိုင်ငံခေါင်းဆောင်တွေ ဖြေကြားရမယ့် ယနေ့ခေတ်ရဲ့မေးခွန်းတွေ ဖြစ်ပါတယ်” လို့လည်းသူကပြောပါတယ်။

    ဒါ့အပြင် ရှီက အမေရိကန်နိုင်ငံရဲ့ လွတ်လပ်ရေးနှစ် ၂၅၀ ပြည့်အထိမ်းအမှတ်အတွက် သမ္မတ အမေရိကန်ပြည်ထောင်စုနဲ့ သမ္မတထရမ့်ကို ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။

    “ကျွန်တော်အမြဲယုံကြည်တာက ကျွန်တော်တို့ နှစ်နိုင်ငံကြားမှာ ကွာခြားချက်တွေထက် တူညီတဲ့အကျိုးစီးပွားတွေ ပိုများပါတယ်။

    တစ်နိုင်ငံရဲ့ အောင်မြင်မှုဟာ အခြားတစ်နိုင်ငံအတွက် အခွင့်အလမ်းတစ်ခုဖြစ်ပြီး တည်ငြိမ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးဟာ ကမ္ဘာကြီးအတွက် ကောင်းမွန်ပါတယ်” လို့ ရှီက ဆက်ပြောပါတယ်။

    “တရုတ်နဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းဆောင်ရွက်မှုကနေ အကျိုးရနိုင်ပြီး ထိပ်တိုက်ရင်ဆိုင်မှုကတော့ ဆုံးရှုံးမှုသာ ဖြစ်စေပါလိမ့်မယ်” လို့လည်းသူကသတိပေးပြောပါတယ်။

    ဒါတင်မက “ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေမဟုတ်ဘဲ မိတ်ဖက်တွေဖြစ်သင့်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် အောင်မြင်တိုးတက်အောင် ကူညီပေးသင့်ပြီး ခေတ်သစ်အတွင်း အင်အားကြီးနိုင်ငံတွေ အတူတကွ ဘယ်လိုနေထိုင်ဆက်ဆံသင့်တယ်ဆိုတဲ့ မှန်ကန်တဲ့လမ်းကြောင်းကို ရှာဖွေသင့်ပါတယ်” လို့လည်း ဆိုပါတယ်။

    ရှီက ထရမ့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ မျှော်လင့်ထားကြောင်းနဲ့ “တရုတ်-အမေရိကန် ဆက်ဆံရေးဆိုတဲ့ သင်္ဘောကြီးရဲ့ ဦးတည်ရာကို အတူတကွ သတ်မှတ်ပြီး လမ်းညွှန်မောင်းနှင်သွားနိုင်ဖို့၊ ၂၀၂၆ ခုနှစ်ကို သမိုင်းမှတ်တိုင်တစ်ခုအဖြစ် ပြောင်းလဲစေပြီး ဆက်ဆံရေးအခန်းသစ်တစ်ခု ဖွင့်လှစ်နိုင်ဖို့” အတူလက်တွဲဆောင်ရွက်လိုကြောင်းလည်း ပြောဆိုခဲ့ပါတယ်။ ၉ နှစ်အကြာမှာ တရုတ်ကို သမ္မတထရမ့် ပြန်ရောက်ခဲ့တာဖြစ်ပါတယ်။

  14. ထရမ့်ကို ရှီက ဂုဏ်ပြုတပ်ဖွဲ့နဲ့ တရားဝင် ခရီးကြို

    တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ကို ဘေကျင်းမြို့မှာ ဂုဏ်ပြုတပ်ဖွဲ့နဲ့ တရားဝင် ခရီးကြိုဆိုလိုက်ပါတယ်။

  15. အရင် အမေရိကန် သမ္မတတွေရဲ့ တရုတ်ခရီးစဥ် မြင်ကွင်းများ

    ရစ်ချက် နစ်ဆင်ဟာ ၁၉၇၂ ခုနှစ်မှာ တရုတ်ကို ပထမဆုံးသွားတဲ့ အမေရိကန်သမ္မတပါ။ အဲဒီတုန်းက နှစ်နိုင်ငံသံတမန်ဆက်ဆံရေး မရှိသေးပါဘူး။

    ‘‘ကျွန်တော်တို့ကြား ရန်သူတွေဖြစ်စရာအကြောင်းမရှိပါ’’လို့ နစ်ဆင်က သူ့ခရီးစဉ်အတွင်းပြောပါတယ်။

    သူက ဥက္ကဋ္ဌကြီး မော်စီတုံးနဲ့ ဆုံခဲ့သလို ဝန်ကြီးချုပ် ချူအင်လိုင်းနဲ့လည်း ညစာစားခဲ့ပါတယ်။

    ၁၉၇၉ မှာတော့ အမေရိကန်နဲ့ တရုတ် သံတမန်ဆက်ဆံရေးထူထောင်ပါတယ်။ ၅ နှစ်အကြာမှာ သမ္မတ ရော်နယ် ရေဂင် ဘေကျင်းကို ရောက်ပါတယ်။

    ကွန်မြူနစ်ဝါဒကိုဝေဖန်သူဖြစ်ပေမဲ့ အမေရိကန်-တရုတ် ဆက်ဆံရေးကောင်းမွန်မှုဟာ အမေရိကန်တွေအတွက် ‘‘အလုပ်တွေပိုဖန်တီးပြီး ငြိမ်းချမ်းတဲ့ကမ္ဘာဖြစ်ဖို့အခွင့်ကောင်း’’ လို့ သူက ပြောခဲ့ပါတယ်။

    ဘီလ် ကလင်တန်ဟာ သမ္မတကျန်းဇီမင်းနဲ့တွေ့ဖို့ ၁၉၉၈ ခုနှစ်မှာ တရုတ်ကိုသွားပါတယ်။ သူဟာ တီရန်နန်မင် ရင်ပြင် သတ်ဖြတ်မှုအပြီး တရုတ်ရောက်တဲ့ ပထမဆုံး အမေရိကန်ခေါင်းဆောင်လည်းဖြစ်ပါတယ်။

    အာရှမှာ အမေရိကန်ရဲ့ကုန်သွယ်မဟာမိတ်ကြီး ဂျပန်နေရာမှာ တရုတ်ကို အစားထိုးဖို့ကြိုးပမ်းရင်း တရုတ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကြား ဝေဖန်မှုတွေကို ဟန်ချက်ထိန်းဖို့ သူကြိုးပမ်းခဲ့ပါတယ်။

  16. ထရမ့်နဲ့ ရှီ တွေ့ဆုံကြမယ့် ခန်းမဆောင်ကြီးရဲ့အတွင်းပိုင်း

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဘေကျင်းမြို့မှာရှိတဲ့ ပြည်သူ့ခန်းမဆောင်ကြီးမှာ တွေ့ဆုံဖို့ရှိပါတယ်။​

    တီရင်နန်မင်ရင်ပြင် အနောက်ဘက်မှာရှိတဲ့ နိုင်ငံတော်အဆင့် ဧည့်ခန်းမဆောင်ကြီးလည်းဖြစ်ပါတယ်။ ပြည်ပခေါင်းဆောင်တွေကို ကြိုဆိုဖို့အပြင် ဥပဒေပြုရေးကိစ္စရပ်တွေမှာလည်း အသုံးပြုပါတယ်။

    ခန်းမကြီးအတွင်းပိုင်းကို ကြည့်ရအောင်ပါ။

  17. ထရမ့်နဲ့ ရှီတွေ့ဆုံမှု - စူပါအင်အားကြီး အမေရိကန်နဲ့ တရုတ်ဆက်ဆံရေးကိုဘယ်လိုပုံဖော်ပေးနိုင်မလဲ

    ဘေကျင်းမြို့က တီရန်နန်မင်ရင်ပြင်မှာ လုံခြုံရေးတိုးမြှင့်ထားတာ ရက်ပေါင်းမနည်းတော့ပါဘူး။ လူမှုကွန်ရက်မှာလည်း အထူးဂုဏ်ပြုတပ် စီတန်းလှည့်လည်တာ ဒါမှမဟုတ် အခမ်းအနားကြီးတစ်ခုကို ကျင်းပတော့မယ်ဆိုတဲ့ ကောလာဟလတွေလည်း ပျံ့နေပါတယ်။

    ဒီပွဲကြီးအတွက် ကြိုတင်ပြင်ဆင်တာက ခပ်တိုးတိုးကျိတ်ကျိတ်နဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ တရုတ်ဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို တစ်ခုခုပြသဖို့ အသင့်ဖြစ်နေတဲ့ပုံပါ။

    ထရမ့်ရဲ့တရုတ်ခရီးမှာ နှစ်ဖက်ဆွေးနွေးတာ၊ ကြိုဆိုပွဲကျင်းပတာအပြင် ဟိုးတစ်ချိန်တုန်းက တရုတ်ဧကရာဇ်တွေ သီးနှံအထွက်ကောင်းအောင် သွားရောက်ဆုတောင်းကြတဲ့ ကောင်းကင်ကျောင်းတော်ကိုလည်း လည်ပတ်မှာဖြစ်ပါတယ်။

    ပြီးတော့ ထရမ့်ရော တရုတ်သမ္မတ ရှီကျင့်ဖျင်ပါ အခုခရီးစဉ်ကနေ အသီးအပွင့်တွေ ဆောင်ကျဉ်းနိုင်ဖို့ မျှော်လင့်နေကြပါတယ်။ ကမ္ဘာ့အင်အားကြီးနိုင်ငံ နှစ်နိုင်ငံက ခေါင်းဆောင်တွေရဲ့ ဒီထိပ်သီးဆွေးနွေးပွဲဟာ လာမယ့်နှစ်တွေအတွင်း လက်ငင်းအကျိုးဖြစ်ထွန်းစေမယ့်ကိစ္စတွေကို လုပ်ဆောင်ကြဖို့ရှိနေပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်။

  18. သမ္မတ ထရမ့်ရဲ့ တရုတ်ခရီးစဥ် ပထမနေ့ ဘာတွေလုပ်ဖို့ရှိလဲ

    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ တရုတ်သမ္မတ ရှီကျင့်ဖျင်ရဲ့ ဖိတ်ကြားချက်ကြောင့် တရုတ်ကို အလုပ်သဘော ခရီးစဥ်ရောက်နေပါတယ်။

    ထရမ့်ဟာ ဘေကျင်းမှာ တစ်ည အိပ်ခဲ့ပြီးပါပြီ။ မနေ့ည ဒေသစံတော်ချိန် ည ၉ နာရီကတည်းက ဘေကျင်းမြို့ကို သူ့ လေယာဥ်ဆိုက်ရောက်ခဲ့တာဖြစ်ပါတယ်။​

    ခရီးဆိုက်ရောက်တဲ့ ထရမ့်ကို သူ ညအိပ်မယ့် Four Seasons ဟိုတယ်ကို မထွက်ခွါခင်မှာ တရုတ် ဒုတိယသမ္မတ ဟန်ကျန်းက ကြိုဆိုခဲ့ပါတယ်။​

    ဒီနေ့မှာတော့ ထရမ့်ဟာ ခရီးစဥ် ပထမနေ့ လုပ်ဆောင်စရာတွေ ရှိနေပါတယ်။​

    အဲဒီထဲမှာ

    - ထရမ့်ကို ရှီက တရုတ်ပြည်သူ့ဧည့်ခန်းမဆောင်ကြီးမှာ ခရီးကြိုအခမ်းအနားနဲ့ တရားဝင်ကြိုဆိုဖို့ရှိ

    - အဲဒီနောက် နှစ်နိုင်ငံခေါင်းဆောင်တွေ ဆွေးနွေးကြဖို့ရှိ

    - ညနေမှာတော့ နိုင်ငံတော်အဆင့် ညစာစားပွဲရှိပါတယ်။

  19. မင်္ဂလာပါ။

    မေလ ၁၄ ရက်နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။​

    ဆက်လက်ဖတ်ရှုဖို့လည်း ဖိတ်ခေါ်ပါတယ်။​