ဧပြီ ၅ ရက်အတွက် ဘီဘီစီမြန်မာပိုင်းရဲ့တိုက်ရိုက်တင်ဆက်မှု ပြီးဆုံးပါပြီ။ ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ကို တရုတ်သံအမတ်ကြီးသွားတွေ့
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ကို တရုတ်သံအမတ်ကြီးသွားတွေ့တဲ့ သတင်းတွေအပါအဝင် ဧပြီ ၅ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။
အနှစ်ချုပ်
- အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ကို တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် က နေပြည်တော် ခြောက်လုံးတန်းမှာ သွားတွေ့
- နေပြည်တော် ဒရုန်းတိုက်ခိုက်မှု တော်လှန်ရေးရဲ့ ကြီးမားတဲ့အရွေ့လို့ NUG ပြော
- မြန်မာမှာ ပဋိပက္ခတွေကြောင့် လူဦးရေ ၂ ဒသမ ၈ သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်
- လေယာဉ်ဆီတွေ စစ်ကောင်စီတပ်ကို ရောင်းချတာတွေမလုပ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆုံးဖြတ်
- လွယ်ဂျယ်က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို KIA ချိပ်ပိတ်
တိုက်ရိုက် ထုတ်လွှင့်ချက်
အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ကို တရုတ်သံအမတ်ကြီးသွားတွေ့

ဓာတ်ပုံ ရင်းမြစ်, Chinese Embassy
ဓာတ်ပုံ ပုံစာ, အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် 
ဓာတ်ပုံ ရင်းမြစ်, Chinese Embassy
ဓာတ်ပုံ ပုံစာ, ဒေါ်သန်းသန်းနု နဲ့ တရုတ်သံအဖွဲ့ အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေ နဲ့ သမ္မတဟောင်းဦးသိန်းစိန်တို့ကို တရုတ်သံအမတ်ကြီး မစ္စတာချန်ဟိုင် က မြန်မာနှစ်သစ်ကူး အထိမ်းအမှတ်အဖြစ် နေပြည်တော် ခြောက်လုံးတန်းမှာ သွားတွေ့တဲ့အကြောင်း တရုတ်သံရုံးက ဒီကနေ့မှာ သတင်းထုတ်ပြန်လာပါတယ်။
‘’ဧပြီ ၃ ရက် မနက်ဆယ်နာရီမှာ လာတွေ့သွားပါတယ်’’ လို့ ခြောက်လုံးတန်း နဲ့ နီးစပ်သူ ဘီဘီစီသတင်းအရင်းအမြစ်က အတည်ပြုပါတယ်။
တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်ထဲ အငြိမ်းစားဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေး နဲ့ နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်း ဦးနု ရဲ့သမီး ဒေါ်သန်းသန်းနု တို့ကိုပါ သွားရောက်တွေ့ဆုံကြောင်း ဖော်ပြထားပါတယ်။
‘’သံအမတ်အဆက်ဆက်က အခုလိုသင်္ကြန်နီးရင် လာတွေ့ကြပါတယ်။ ကျွန်မကိုလာတွေ့တာထက် အဖေ့(ဝန်ကြီးချုပ်ဦးနု)လက်ထက်က နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ဆက်လက်ထိန်းသိမ်းတဲ့သဘောပါ။’’ လို့ ဒေါ်သန်းသန်းနုက ဘီဘီစီကိုပြောပါတယ်။
ဒေါ်သန်းသန်းနု ကို ရန်ကုန်အိမ်မှာ မတ် ၂၆ ရက်က လာတွေ့ခဲ့ပြီး ဓာတ်ပုံတွေတင်မယ်လို့ ဒီမနက်မှာပဲ သံရုံးက ဖုန်းဆက်အကြောင်းကြားတယ် လို့ သူက ဘီဘီစီကို ပြောပါတယ်။
စစ်ကောင်စီကို လေယာဉ်ဆီပိတ်ပင်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီဆုံးဖြတ်
နိုင်ငံတကာက လေယာဉ်ဆီတွေ မြန်မာစစ်ကောင်စီတပ်ကို ရောင်းချတာတွေမလုပ်ဖို့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အဖွဲ့ဝင် ၄၇ နိုင်ငံက ဧပြီ ၄ ရက်မှာ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
စစ်ကောင်စီကို ရောင်းလိုက်တဲ့ ဂျက်လေယာဉ်ဆီတွေကို အသုံးပြုပြီး ပြည်သူလူထုအပေါ် လူ့အခွင့်အရေးချိုးဖောက်တာတွေ လုပ်နေတာဖြစ်တယ်လို့ လူ့အခွင့်အရေးကောင်စီက ယုံကြည်တဲ့အကြောင်းလည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒ့ါအပြင် မြန်မာနိုင်ငံတင်မကဘဲ အီရန်နိုင်ငံအပေါ်ပါ ပိတ်ဆို့တာတွေလုပ်ဖို့ နှစ်နိုင်ငံလုံးရဲ့ လူ့အခွင့်အရေးကိုယ်စားလှယ်တွေကိုလည်း နောက်ထပ်သက်တမ်းတစ်နှစ်တိုးလိုက်သလို မြန်မာနိုင်ငံကို လက်နက်အပါအဝင် တခြား စစ်ဘက်ဆိုင်ရာပစ္စည်းတွေ တရားမဝင် ရောင်းချနေတာတွေကိုလည်း ဟန့်တားဖို့ လိုအပ်တဲ့အကြောင်းလည်း ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက တိုက်တွန်းထားပါတယ်။
စစ်ကောင်စီကို လေယာဉ်ဆီတွေ မတင်သွင်းဖို့ ဒဏ်ခတ်ထားတဲ့ကြားကပဲ ဆက်တင်သွင်းတာတွေရှိနေပြီး ဗီယက်နမ်ကနေတဆင့် မြန်မာကိုလေယာဉ်ဆီတင်သွင်းတာဟာ ပြီးခဲ့တဲ့နှစ်မှာ အနည်းဆုံး ၇ ကြိမ်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။
လေယာဉ်ဆီထောက်ပံ့ရေးကွင်းဆက် တင်ပို့ရောင်းချတာကို ရပ်ဆိုင်းဖို့ ကုလသမဂ္ဂအဖွဲ့ဝင်တွေရဲ့ ဆုံးဖြတ်ချက်ဟာ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ပြီးမလုပ်နိုင်တော့အောင် စပြီး ထိထိရောက်ရောက် အရေးယူနိုင်မယ့် လမ်းကြောင်းအစဖြစ်တယ်လို့ Blood Money သွေးစွန်းငွေအဖွဲ့က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် လေယာဉ်ဆီပိတ်ဆို့ရေးအတွက်လည်း နိုင်ငံတကာ အစိုးရတွေနဲ့ ကုမ္ပဏီတွေကို စာပို့တောင်းဆိုဖို့ လူထုလက်မှတ်တွေကို ဒီနေ့ကစပြီး ကောက်ယူနေတာလည်း တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ge
ဓာတ်ပုံ ပုံစာ, လေကြောင်းရန်ကို စိုးရိမ်နေရတဲ့ ကယားပြည်နယ်က စစ်ဘေးရှောင်ကလေးငယ် လွယ်ဂျယ်မြို့က စစ်ကောင်စီဌာနဆိုင်ရာရုံးတွေကို KIA ချိပ်ပိတ်

ဓာတ်ပုံ ရင်းမြစ်, PN Facebook
ဓာတ်ပုံ ပုံစာ, KIA က ချိပ်ပိတ်တာခံရတဲ့ စစ်ကောင်စီလူဝင်မှုကြီးကြပ်ရေးရုံး ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့က စစ်ကောင်စီရဲ့ ဌာနဆိုင်ရာရုံးတွေကို ကချင်လွတ်လပ်ရေးတပ် KIA က ချိပ်ပိတ်လိုက်တယ်လို့ ဒေသခံတွေနဲ့ ပျံ့နှံ့နေတဲ့ ဗွီဒီယိုဖိုင်တွေအရ သိရပါတယ်။
တရုတ်-မြန်မာနယ်စပ် လွယ်ဂျယ်မြို့အတွင်းမှာလည်း KIA အဖွဲ့တွေက လုံခြုံရေးယူထားတာ တွေ့ရပြီး စစ်ကောင်စီရဲ့ လူဝင်မှုကြီးကြပ်ရေးရုံး ၊ ပြည်သူ့ဆေးရုံ အပါအဝင် ဌာနဆိုင်ရာရုံးတွေကို စာကပ်တာ၊ ဝင်ခွင့်မပေးတာနဲ့ လွယ်ဂျယ်မြို့ထဲမှာ KIA အလံကို လွှင့်တင်ထားတာလည်း တွေ့ရ ပါတယ်။
“ယခုနေရာအား သိမ်းပိုက်စိုးမိုးထားပြီး တာဝန်ရှိသူမှအပ မည်သူမျှ ဝင်ထွက်သွားလာ အသုံးပြုခွင့်မရှိ”ဆိုတဲ့ ဗမာဘာသာ သာမက ကချင်ဘာသာ နဲ့ပါ ရေးသားထားတာ တွေ့ရပါတယ်။
လွယ်ဂျယ်မြို့ထဲက ဌာနဆိုင်ရာဝန်ထမ်းတွေကလည်း ထွက်သွားကြပြီလို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ကချင်ပြည်နယ် ဗန်းမော် - လွယ်ဂျယ်ကားလမ်းပေါ်က စစ်ရေးဗျူဟာမြောက် စိန်လုံ ( စိန်လုံကဘား ) တပ်စခန်းကို ဧပြီ ၁ရက်မှာ KIA က သိမ်းပိုက်ခဲ့ပြီး နေရာတော်တော်များများကို ထိန်းချုပ်ထားတာဖြစ်ပါတယ်။
KIA နဲ့ စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲတွေကြောင့် မိုးမောက်မြို့နယ်နဲ့ လွယ်ဂျယ်မြို့က ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြပါတယ်။
မြန်မာတဝန်းမှာ လူဦးရေ ၂ ဒသမ ၈ သန်း အိုးမဲ့အိမ်မဲ့ဖြစ်

ဓာတ်ပုံ ရင်းမြစ်, ဂဠုန်စစ်ကြောင်း
ဓာတ်ပုံ ပုံစာ, အိမ်ခြေသုံးရာကျော် မီးလောင်ရှုံးဆုံးခဲ့တဲ့ မွန်ပြည်နယ် ဓမ္မသကျေးရွာ မြန်မာနိုင်ငံမှာ လက်ရှိ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကြောင့် လူဦးရေ ၂ ဒသမ ၈ သန်းကျော်ဟာ အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်လို့ ကုလသမဂ္ဂရဲ့ အာရှနဲ့ပစိဖိတ်ဒေသ မတ် ၂၆ ရက်ကနေ ဧပြီ ၁ ရက်အတွက် အပတ်စဉ် လူသားချင်းစာနာမှုဆိုင်ရာ အခြေအနေတွေဖော်ပြချက်မှာ တွေ့ရပါတယ်။
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော်တို့ဟာ လက်ရှိမှာ ဘူးသီးတောင်၊ မောင်တောနဲ့ အမ်းမြို့တွေမှာလည်း ဆက်တိုက်ဖြစ်ပွားနေသလို နိုဝင်ဘာလကတည်းကနေ ဖြစ်ပွားလာတဲ့တိုက်ပွဲတွေကြောင့် လူပေါင်း တစ်သိန်းငါးသောင်းခုနှစ်ထောင်နီးပါး အိုးအိမ်စွန့်ခွာနေရတယ်လို့ ထုတ်ပြန်ပါတယ်။
ဒါ့အပြင် တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ ပေါက်ကွဲစေတတ်တဲ့ စစ်လက်နက်အကြွင်းအကျန်နဲ့ မြေမြှပ်မိုင်းတွေကလည်း အရပ်သားတွေ ဘေးကင်းလုံခြုံရေးအတွက် ကြီးမားတဲ့အန္တရာယ်ဖြစ်သလို အပူပြင်းဆုံးရာသီဖြစ်လာတာကြောင့် သောက်သုံးရေရှားပါးမှုဒဏ်ကို ရင်ဆိုင်နေကြရပါတယ်။
မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း မိုးမောက်မြို့နယ်မှာလည်း စစ်ကောင်စီနဲ့ ကချင်လွတ်လပ်ရေးတပ်မတော် ပူးပေါင်းတပ်ဖွဲ့တွေပြင်းထန်လာပြီး လွယ်ဂျယ်မြို့ကနေ စွန့်ခွာရတဲ့ပြည်သူ တစ်ထောင်ကျော်ဟာ စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။
ဒါ့အပြင် မွန်ပြည်နယ် ၊ ကျိုက်မရောမြို့နယ်အထိ ပြန့်နှံ့လာတဲ့ တိုက်ပွဲတွေကြောင့် ဓမ္မသကျေးရွာက အိမ်ခြေ ၃၀၀ ကျော် ပျက်စီးသွားသလို လူပေါင်း တစ်ထောင်ကျော် အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ UN ထုတ်ပြန်ချက်အရ သိရပါတယ်။
နေပြည်တော် ဒရုန်းတိုက်ခိုက်မှု တော်လှန်ရေးရဲ့ ကြီးမားတဲ့အရွေ့လို့ NUG ပြော, နေပြည်တော်ကို တိုက်တဲ့ ဒရုန်း ၁၀၇ မီလီမီတာ လက်နက်ကြီးကျည်ထက် ပိုပြင်းထန်

ဓာတ်ပုံ ရင်းမြစ်, CINCDS
ဓာတ်ပုံ ပုံစာ, စစ်တပ်ပစ်ချထားတဲ့ ဒရုန်းတွေ လေကြောင်းရန်ကာကွယ်ရေးအပါအဝင် အဆင့်မြင့် ကာကွယ်ရေးစနစ်တွေကို ဒေါ်လာသန်းပေါင်းများစွာ အသုံးပြုထားတဲ့ နေပြည်တော်ကို ခြိမ်းခြောက်နိုင်တာက တော်လှန်ရေးရဲ့ ကြီးမားတဲ့အရွေ့ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးအမြဲတမ်းအတွင်းဝန် ဦးနိုင်ထူးအောင်က ပြောပါတယ်။
နေပြည်တော်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက လုံခြုံရေးအစီအမံတွေ သေချာလုပ်ထားတာဖြစ်ပြီး သုံးနှစ်သက်တမ်းသာရှိသေးတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ ထိုးဖောက်နိုင်တာဟာ စစ်ကောင်စီကို ကြီးကြီးမားမား ခြိမ်းခြောက်နိုင်တာလို့ လည်း ဦးနိုင်ထူးအောင်က ပြောပါတယ်။
ဧပြီ ၄ ရက် မနက်ပိုင်းက စစ်ရုံးချုပ်၊ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နေအိမ်နဲ့ အေလာလေဆိပ်တို့ကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုက “ခရီးရှည်ဒရုန်းတွေ ရဲ့ ပထမဆုံး အတွေ့အကြုံပါပဲ”လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ‘’ပစ်မှတ်တိုင်းကို မှတ်ပုံတင်ထားလို့ရပါပြီ’’ လို့ သူကပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်တွေက နေပြည်တော်ကိုတိုက်ခိုက်ခဲ့တဲ့ ဒရုန်းတစ်စင်းရဲ့ ယမ်းပေါက်ကွဲအားဟာ ၁၀၇ မီလီမီတာ လက်နက်ကြီးကျည် ထက် ၂၀ ရာခိုင်နှုန်းပိုပြင်းပြီး အနက်ဖောက်ထွင်းအားကလည်း ပိုကောင်းတယ်လို့ ဦးရည်မွန်က ပြောပါတယ်။
စစ်ကောင်စီပြန်ကြားရေး ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ “ဒရုန်းနဲ့ဝင်ရောက်တယ်ဆိုတာက ခေတ်မီနိုင်ငံတွေမှာတောင်မှ ဒရုန်းနဲ့ဝင်ရောက်တာကို ကာကွယ်နိုင်ဖို့ ခဲယဉ်းတယ်။ ဝင်ရောက်လာရင်တော့ ပစ်ချနိုင်ခြင်း၊ ပစ်မချနိုင်ခြင်းက အဓိကပဲ။ နည်းပညာနဲ့ပတ်သက်ပြီး လေ့လာဖို့၊ ဆက်လက်ပြီးတော့ ကာကွယ်ဖို့ လိုပါတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဆောင်ရွက်နေတယ်လို့ ပြောချင်ပါတယ်”လို့ ပြောပါတယ်။
