ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

ကျားဖြန့်မှာသုံးတယ်လို့ ယူဆပြီး မြန်မာက စတားလင့်ခ် စက် ၂,၅၀၀ ကို SpaceX ပိတ်

ကျားဖြန့်မှာသုံးတယ်လို့ ယူဆပြီး မြန်မာက စတားလင့်ခ် စက် ၂,၅၀၀ ကို SpaceX ပိတ်လိုက်ပါတယ်၊ ရခိုင်ဒေသမှာ အေအေကျူးလွန်တယ်လို့စွပ်စွဲခံရမှုတွေကို လာရောက်စစ်ဆေးနိုင်တယ်ဆိုပြီး အေအေက ဖိတ်ခေါ်ခဲ့တယ်လို့ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ထုတ်ပြော၊ပဋိပက္ခဒေသ ၁၀ ခုထက်မနည်းမှာ ကြံ့ခိုင်ရေးအမတ်လောင်းတွေ ပြိုင်ဘက်မရှိဖြစ်နေ တဲ့ သတင်းအပါအဝင် အောက်တိုဘာ ၂၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အနှစ်ချုပ်

  • ပဋိပက္ခဒေသ ၁၀ ခုထက်မနည်းမှာ ကြံ့ခိုင်ရေးအမတ်လောင်းတွေ ပြိုင်ဘက်မရှိဖြစ်နေ တယ်လို့ သိရပါတယ်
  • ပြည်တွင်းနိုင်ငံရေးနဲ့ အကျပ်အတည်းတွေကို နိုင်ငံတကာပါလီမန်များညီလာခံမှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု CRPH အမတ်တွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်
  • လုဗ် ပြတိုက်က အခိုးခံလိုက်ရတဲ့ရတနာတန်ဖိုး ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုးရှိတယ်လို့ ပြင်သစ် အစိုးရရှေ့နေတွေက ပြောပါတယ်။ လုဗ် ပြတိုက်က ရတနာတွေ အခိုးခံရမှုကြောင်း ဒီလင့်ခ် မှာ ဝင်ဖတ်နိုင်ပါတယ်
  • ရခိုင်ပြည်နယ်ထဲ အေအေ ကျူးလွန်တယ်လို့ဆိုတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု စွပ်စွဲချက်တွေအတွက် လာရောက်စုံစမ်းစစ်ဆေးနိုင်တယ်လို့ အေအေခေါင်းဆောင်က ဖိတ်ကြားတယ်လို့ဆိုပြီး ကုလလူ့အခွင့်အရေးကိုယ်စားလှယ်က ပြောပါတယ်
  • မြဝတီမြို့တောင်ဘက်ခြမ်းက KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက်မှာ KK Park လုပ်ငန်းတွေက အလုပ်သမားတွေနဲ့ တရုတ်နိုင်ငံသားတွေ ရွှေ့ပြောင်း
  • ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန် ရှင်နာဝပ်ဟာ ဖုအာထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ပြီ
  • ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းက မင်းလက်ပံ ရွာအနီးမှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. အောက်တိုဘာ ၂၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။

    ဒီနေ့ တစ်နေ့တာ တိုက်ရိုက်တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာပဲ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။

    ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. မြန်မာမှာ သုံးနေတဲ့ စတားလင့်ခ် စက် ၂၅၀၀ ကို ပိတ်လိုက်ပြီလို့ SpaceX ပြော

    အွန်လိုင်းငွေလိမ်လုပ်ငန်း ကျားဖြန့်တွေမှာ အသုံးပြုနေတယ်လို့ သံသယဝင်တာကြောင့် မြန်မာက စတားလင့်စက် အလုံးရေ ၂၅၀၀ ကို အင်တာနက် အသုံးမပြုနိုင်အောင် ပိတ်လိုက်တယ်လို့ စတားလင့်ခ်ကို ပိုင်တဲ့ SpaceX ကုမ္ပဏီက ပြောပါတယ်။

    စတားလင့်ခ် အင်တာနက်ကို လက်ခံနိုင်လောက်တဲ့အခြေအနေမှာ သုံးစွဲနေတာ ဟုတ် မဟုတ် သိအောင်လုပ်တဲ့ မူဝါဒ ရှိနေပြီး ဒါကို ချိုးဖောက်နေတာကို တွေ့ရင်လည်း ထိုက်သင့်တဲ့အရေးယူမှုလုပ်နေတယ်လို့ ကုမ္ပဏီဘက်က သတင်းထုတ်ပြန်ပါတယ်။

    မြန်မာက ကျားဖြန့်လုပ်တဲ့စင်တာတွေမှာ သုံးနေတယ်ဆိုတဲ့ သံသယနဲ့ စတားလင့်ခ် စက်တွေကို အင်တာနက် သုံးမရအောင် ပိတ်လိုက်တာက ဒီလိုလုပ်ဆောင်မှုရဲ့ နမူနာဖြစ်တယ်လို့ SpaceX ကုမ္ပဏီ ဒုတိယ ဥက္ကဋ္ဌ လော်ရန် ဒရေယာက ပြောပါတယ်။

    ထိုင်း - မြန်မာ နယ်စပ်က ကျားဖြန့်လုပ်ငန်းတွေမှာ စတားလင့်ခ်ကို အသုံးချပြီး အွန်လိုင်းငွေလိမ်လုပ်ငန်းတွေ လုပ်နေတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေကြတာကြာပါပြီ။

    ဒီအသံတွေဟာ မြန်မာမှာ စစ်အာဏာသိမ်းမှုဖြစ်အပြီးနောက် ပိုပြီး ကျယ်လောင်လာပါတယ်။

    SpaceX ကုမ္ပဏီရဲ့ စကားလင့်ခ် စက်တွေကို ပိတ်တဲ့ဆုံးဖြတ်ချက်ဟာ ထိုင်း -မြန်မာ နယ်စပ် မြဝတီမြို့တောင်ဘက်ခြမ်းက KK Park စီမံကိန်းထဲကို မြန်မာစစ်တပ်က ဝင်ရောက်စီးနင်းမှုဖြစ်အပြီး ရက်ပိုင်းအကြာမှာ ထွက်ပေါ်လာတာဖြစ်ပါတယ်။

    ကရင်နယ်ခြားစောင့်တပ်(BGF)နဲ့ ကရင်လက်နက်ကိုင်တပ် (DKBA) တို့ ထိန်းချုပ်တဲ့ မြဝတီမြို့ တောင်ဘက်ခြမ်းနဲ့ မြောက်ဘက်ခြမ်းတို့က ဖလူး၊ မင်းလက်ပံ၊ ကျောက်ခတ်တို့မှာ အိမ်နီးချင်း ထိုင်းနဲ့ တရုတ်တို့ရဲ့ဖိအားကြောင့် BGF နဲ့ DKBA ဦးဆောင်ပြီး အခုနှစ်အစောပိုင်းက စလို့ ကျားဖြန့် နှိမ်နင်းရေးတွေ လုပ်နေပါတယ်။

    ဒီနှိမ်နင်းမှုကြောင့် တရုတ်နိုင်ငံသားအများစုပါဝင်တဲ့ ထောင်သောင်းချီတဲ့ ကျားဖြန့် စင်တာတွေမှာ လုပ်ကိုင်သူတွေကို သက်ဆိုင်ရာနိုင်ငံတွေဆီ လွှဲပြောင်းရတဲ့အထိ ဖြစ်ခဲ့ပါတယ်။

    BGF နဲ့ DKBA ကတော့ သူတို့ နယ်မြေတွေထဲ ကျားဖြန့်တွေ လုပ်ခွင့်ပြုထားတဲ့ဆိုတဲ့အချက်ကို ငြင်းဆိုကြပြီး ဒေသဖွံ့ဖြိုးရေးနဲ့ စီးပွားရေးလုပ်ငန်းတွေကိုသာ ရင်းနှီး မြှုပ်နှံခွင့်ပြုတာလို့ အစောပိုင်းကတည်းက တုံ့ပြန်ထားပါတယ်။

  3. ထိုင်း - မြန်မာနယ်စပ်၊ မင်းလက်ပံရွာအနီးမှာ တိုက်ပွဲပြင်းထန်

    ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ပိုင်းက မင်းလက်ပံ ရွာအနီးမှာ စစ်တပ် စစ်ကြောင်းထိုးလာလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) အောက်က ကရင်အမျိုးသားလွတ်မြောက်ရေးတပ် (KNLA) ပူးပေါင်းတပ်တွေနဲ့ စစ်တပ်တို့ တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ စစ်ရေးအခြေအနေသိရှိသူတွေက ပြောပါတယ်။

    “ကျောက်ခတ်ဘက်ကို ပြန်ဖို့ ပြင်နေတာ။ (မင်းလက်ပံ) မှာ တိုက်ပွဲဖြစ်လို့ ပြန်လို့ မရဘဲ မြဝတီမှာ သောင်တင်နေတာ သုံးလေးရက်ရှိပြီ။ စစ်တပ်က အင်အားအလုံးအရင်းနဲ့ တက်လာတာ။ နှစ်ဖက်အကျအဆုံးရှိတယ်။ မင်းလက်ပံ ထဲကိုတော့ ဝင်လို့မရသေးဘူး” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    စစ်တပ်ဟာ လေးကေ့ကော် ငြိမ်းချမ်းရေးမြို့သစ်က စွယ်တော်ကုန်းကို ထိန်းချုပ်ပြီးတဲ့နောက် မြဝတီကနေ ဝေါလေမြိုင်တလျှောက်ကို အခုလိုစစ်ကြောင်းထိုးနေတာဖြစ်တယ်လို့ သူကပြောပါတယ်။

    ဒါပေမဲ့ မင်းလက်ပံရွာအကျော်ဟာ စစ်တပ်နဲ့ ငြိမ်းချမ်းရေးယူထားတဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)ရဲ့ထိန်းချုပ်နယ်မြေ ရောက်ပြီဖြစ်တာကြောင့် ရှေ့ဆက်တိုး နယ်မြေထိန်းချုပ်ဖို့ အကန့်အသတ်ရှိနိုင်တယ်လို့ နောက်ထပ် စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

    “မင်းလက်ပံ နောက်ပိုင်းက ဆက်ပြီး တိုးမှာ မဟုတ်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ DKBA နယ်မြေတွေ ဖြစ်နေလို့။ သူတို့လိုချင်တဲ့နေရာတွေ ၆၀ ရာခိုင်နှုန်းလောက်တော့ ပြည့်ပြီလို့ ထင်တယ် ” လို့ နောက်ထပ် စစ်‌ရေးသတင်းအရင်းအမြစ်တစ်ဦးက လည်း ပြောပါတယ်။

    မြို့တောင်ပိုင်းက အခုတိုက်ပွဲကြောင့် မြဝတီမြို့ပေါ်မှာ စစ်ရှောင်စခန်း ၇ ခုရှိပြီး စစ်ရှောင်ဦးရေ အနည်းဆုံး ၃,၀၀၀ ကျော်ရှိနေပါတယ်။

    လက်ရှိ နယ်စပ်က တိုက်ပွဲတွေကို ထိုင်းစစ်တပ်က လည်း လုံခြုံရေးတိုးမြှင့်ထားပြီး အနီးကပ်စောင့်ကြည့်နေတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။

    စစ်တပ်ဟာ လေးကေ့ကော် မြို့သစ်ကို KNLA/PDF ပူးပေါင်းအဖွဲ့တွေထဲကနေ ပြန်သိမ်းပြီးတဲ့နောက် အင်ကြင်းမြိုင်နဲ့ မယ်ထော်သလေးတို့ အနီးက KK Park ကို စီးနင်းခဲ့ပါတယ်။

    အဲဒီနောက် မင်းလက်ပံအထိ တိုးလာပြီးတဲ့နောက် တိုက်ပွဲဖြစ်နေတာဖြစ်ပါတယ်။

  4. ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန် ဖုအာထိုင်း ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်

    ထိုင်းဝန်ကြီးချုပ်ဟောင်း ပေထုန်တန် ရှင်နာဝပ်ဟာ ဖုအာထိုင်းပါတီ ခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်ပြီလို့ ဆိုပြီး ပါတီက ဒီနေ့ အောက်တိုဘာ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ပေထုန်တာ ပါတီခေါင်းဆောင်အဖြစ်ကနေ နုတ်ထွက်တဲ့အကြောင်းကို သူရဲ့ မိခင်ပါတီ ဖုအာထိုင်းက သူတို့ရဲ့ ဖေ့ဘွတ်ခ် လူမှုကွန်ရက်ကနေ ပြီးခဲ့တဲ့နာရီပိုင်းမှာ ကြေညာလိုက်တာဖြစ်ပါတ်။

    ပေထုန်တန်ကတော့ ထိုင်းနိုင်ငံဟာ လာမယ့်ရွေးကောက်ပွဲတွေ ကျင်းပဖို့ရှိနေတာကြောင့် နိုင်ငံအတွက် ကိုက်ညီမယ့် ပါတီမူဝါဒ၊ ခေါင်းဆောင်ပိုင်းနဲ့ တခြား ပြုပြင်ပြောင်းလဲရေးလုပ်နိုင်ဖို့လည်း ရည်ရွယ်တယ်လို့ ပါတီခေါင်းဆောင်ရာထူးကနေ နုတ်ထွက်ကြောင်းစာမှာ ပြောထားပါတယ်။

    အသက် ၃၉ နှစ်အရွယ် ပေထုန်တန်ဟာ ဝန်ကြီးချုပ်ရာထူးယူချိန်မှာ ထိုင်း- ကမ္ဘောဒီးယားနယ်စပ်အရေးကို ကိုင်တွယ်ခဲ့တာနဲ့ဆက်နွှယ်ပြီး ဖွဲ့စည်းပုံခုံရုံးရဲ့ သြဂုတ်လ ၂၉ ရက် ဆုံးဖြတ်ချက်ကြောင့် ရာထူးကနေ ဖယ်ရှားခံလိုက်ရတာဖြစ်ပါတယ်။

    ဒီဖြစ်ရပ်ကြောင့် ပေထုန်တန်ဟာ ထိုင်းဝန်ကြီးချုပ်အဖြစ်တာဝန်ယူပြီး တစ်နှစ်ပြည့်ဖို့ တစ်လပဲ လိုတော့တဲ့အချိန် ဇူလိုင် ၁ ရက်မှာ ရာထူးကနေ ကနဦး ဆိုင်းငံ့ခံခဲ့ရပါတယ်။

    ထိုင်း - ကမ္ဘောဒီးယားနယ်စပ်ပြဿနာနဲ့ပတ်သက်ပြီး ဝန်ကြီးချုပ်ပေထုန်တန်နဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်တို့ ဖုန်းပြောဆိုမှု အသံဖိုင်ပေါက်ကြားခဲ့ပါတယ်။

    ထိုင်းဝန်ကြီးချုပ်ပြောခဲ့တဲ့စကားတချို့ဟာ နိုင်ငံသားတွေအပေါ် ကာကွယ်မှုမရှိတာ၊ စစ်တပ်ကို ပြစ်တင်ဝေဖန်တာမျိုးတွေရှိခဲ့တာက ကျင့်ဝတ်နဲ့မညီဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထိုင်းအတိုက်အခံလွှတ်တော်အမတ်တွေရဲ့ အသံကို စုစည်းပြီး အထက်လွှတ်တော် ဥက္ကဋ္ဌက ဖွဲ့စည်းပုံဆိုင်ရာခုံရုံးကို တိုင်ကြားခံခဲ့ရတာဖြစ်ပါတယ်။

  5. ရှေးရိုးစွဲဝါဒီ ဆာနာအီ တာ ကိုင်ချီ - ဂျပန်နိုင်ငံရဲ့ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်

    ဆာနာအီ တာကိုင်ချီ ကို ဂျပန်ဝန်ကြီးချုပ်အဖြစ် သူ့ရဲ့ ပါလီမန် ကက်ဘိနက်ဝန်ကြီးအဖွဲ့က ရွေးကောက် တင်မြှောက်လိုက်တဲ့အတွက် ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။

    အသက် ၆၄ နှစ်အရွယ် ဆာနာအီ တာကိုင်ချီ ဟာ လစ်ဘရယ် ဒီမိုကရက်တစ် အစိုးရပါတီ (LDP) ရဲ့ ခေါင်းဆောင်အဖြစ် သြဇာအရှိန်အဝါ ကြီးမားတဲ့ အောက်လွှတ်တော်မှာ ထောက်ခံမဲ ၂၃၇ မဲ၊ အထက်လွှတ်တော်မှာ နောက်ထပ် ထောက်ခံမဲ ၁၂၅ မဲနဲ့ ဒီကနေ့ အင်္ဂါနေ့မှာ အပြတ်အသတ် အနိုင်ရခဲ့တာ ဖြစ်ပါတယ်။

    နေထိုင်မှု စရိတ်မြင့်တက်လာမှုတွေ၊ ပြည်သူလူထုအကြား စိတ်ရှုပ်ထွေးမှုတွေ ရှိလာနေတဲ့ ဂျပန်နိုင်ငံမှာ စီးပွားရေးအရ စိန်ခေါ်မှုတွေ ကြုံနေရချိန်မှာပဲ ပြင်းထန်တဲ့ ရှေးရိုးစွဲဝါဒီ တစ်ဦးလည်းဖြစ် ကွယ်လွန်သူ ယူကေဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာကို လေးစားကြည်ညိုသူလည်း ဖြစ်တဲ့ ဆာနာအီ တာကိုင်ချီ က ဝန်ကြီးချုပ်ရာထူးကို လွှဲပြောင်းယူရတာ ဖြစ်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  6. အမတ်လောင်းတွေ လုံခြုံရေးနဲ့မဲဆွယ်မယ်

    မဲဆွယ်စည်းရုံးရေးကာလမှာ အမတ်လောင်းတွေ လုံခြုံရေးနဲ့ မဲဆွယ်ကြမယ်လို့ ပါတီတချို့ဆီက စုံစမ်းသိရှိရပါတယ်။

    စည်းရုံးမယ့်နေရာ၊ အချိန်နဲ့ လူအင်အားကို တင်ပြရမှာဖြစ်ပြီး လုံခြုံရေးချပေးမယ် လို့ပြောထားကြောင်း အမတ်လောင်းတစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ ပါတီတွေက မြေပြင်မဲဆွယ်ပွဲထက် အွန်လိုင်းကနေပိုမိုအားပြုမဲဆွယ်နေကြတာ တွေ့ရပါတယ်။

    စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲကော်မရှင်(UEC)ကတော့ လူထုတွေကြား စုဝေးဟောပြောပြီး မဲဆွယ်စည်းရုံးရေးမှာ ရွေးကောက်ပွဲနည်းဥပဒေပါ ပြဋ္ဌာန်းချက်တွေကို လိုက်နာကြဖို့ ပါတီတွေကို သတိပေးပါတယ်။

    နေပြည်တော်မှာ အောက်တိုဘာ ၁၈ ရက်က ရွေးကောက်ပွဲကော်မရှင်နဲ့ ပါတီတွေတွေ့ဆုံဆွေးနွေးတဲ့ပွဲမှာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးသန်းစိုးက သတိစကားပါးခဲ့တာပါ။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  7. စစ်တပ် ဝင်စီးပြီးနောက် KK Park ကနေ ထွက်ခွာသူတွေရှိနေ

    ထိုင်း - မြန်မာ နယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းခဲ့ပြီးတဲ့နောက်မှာ KK Park လုပ်ငန်းတွေက အလုပ်သမားတွေနဲ့ တရုတ်နိုင်ငံသားတွေ ရွှေ့ပြောင်းနေကြတယ်လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    “အခု KK park ထဲက လူတွေ ရွှေ့နေတယ်။ တရုတ်တွေရော၊ မြန်မာအလုပ်သမားတွေလည်း နီးစပ်ရာ နီးစပ်ရာနဲ့ ရွေ့နေကြတယ်။ KK Park အနီးမှာ BGF စခန်းက သုံး၊ လေးခု လောက်ရှိတယ်။ တော်ရုံ မဖွင့်ပေးတဲ့နေရာက အခု ဂိတ်ဖွင့်လိုက်တယ်” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    မြဝတီမြို့နယ်ထဲက ကေကေပါ့ခ်(KK Park) ထဲကို စစ်တပ်က ဝင်‌ရောက်စီးနင်းမှုမှာ စတားလင့်ခ် စက်ပစ္စည်းတွေနဲ့အတူ အလုပ်သမား ၂,၁၉၈ ဦးကို တွေ့ရှိခဲ့တယ်လို့ စစ်ကော်မရှင်က အောက်တိုဘာ ၂၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

    ကရင်မျိုးသား လွတ်မြောက်ရေးတပ်(KNLA/PDF) ပူးပေါင်းတပ်တွေထိန်းချုပ်ထားတဲ့ လေးကေ့ကော်မြို့သစ်နဲ့ မြို့သစ်အနီး စွယ်တော်ကုန်းကို စစ်တပ်က ပြန်ထိန်းချုပ်ပြီးတဲ့နောက် နယ်စပ်က တရားမဝင် လုပ်ငန်းတွေမရှိ အောင် နှိမ်နင်းမှု ခေါင်းစဉ်အောက်ကနေ စစ်တပ်က ကေကေပါ့ခ် ကို စီးနင်းခဲ့တာဖြစ်ပါတယ်။

    KK Park ရှိတဲ့နေရာဟာ ကရင်နယ်ခြားစောင့်တပ်(BGF) ထိန်းချုပ်မှုအောက်မှာရှိပြီး အထူးသဖြင့် BGF က အမှတ် ၂ စစ်ဒေသမှူး ဗိုလ်မှူးစောတင်ဝင်း ကွပ်ကွဲမှုအောက်မှာရှိတဲ့ဒေသလို့ BGF ခေါင်းဆောင်တစ်ဦးက ဘီဘီစီကို အစောပိုင်းမှာ ပြောထားပါတယ်။

    “တရုတ်ခေါင်းစဉ်ရော၊ နယ်မြေစိုးမိုးမှုဆိုတဲ့ဖိအားနဲ့ လာတာ။ DKBA အဖွဲ့အစည်းခေါင်းဆောင် ကိုလည်း သူတို့က ဖိအားပေးတယ်။ KK Park ကို တကယ်ရှင်းချင်တယ်ဆိုရင် ဟိုနေ့က ဝင်စီးတုန်းက အင်အားမျိုးနဲ့ မရဘူးလေ။ လုပ်မယ်ဆို အင်အား ငါးရာ၊ တစ်ထောင် လောက်သုံးမှပဲ ရမှာ ” လို့ စစ်ရေးသတင်းအရင်းအမြစ်တစ်ဦးက ပြောပါတယ်။

    ဒါပေမဲ့ မြဝတီမြို့တောင်ဘက်ခြမ်းဒေသဟာ BGF တင်မက ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော်(DKBA)ကလည်း ထိန်းချုပ်ထားပါတယ်။

    ဒီအခြေအနေနဲ့ ပတ်သက်လို့ ကရင်နယ်ခြားစောင့်တပ်(BGF/KNA) ပြောခွင့်ရသူ ဗိုလ်မှူးကြီး နိုင်မောင်ဇော်ကို ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။

    ဘီဘီစီရဲ့ DKBA သတင်းရင်းမြစ်ကတော့ တရုတ်ရင်းနှီးမြုပ်နှံသူတွေက ဟိုတယ်၊ ကေတီဗီနဲ့ ကာစီနိုလို လုပ်ငန်းအမည်တွေနဲ့ လာရောက်ရင်းနှီးမြုပ်နှံကြတာဖြစ်လို့ သူတို့အနေနဲ့ ကျားဖြန့်လုပ်ငန်းတွေလို့မသိကြောင်း ပြီးခဲ့တဲ့လတွေအတွင်း တုံ့ပြန်ပါတယ်။

  8. ရခိုင်မှာ အေအေချိုးဖောက်တယ်ဆိုတဲ့စွပ်စွဲချက်တွေအတွက် လာရောက်စုံစမ်းနိုင်တယ်လို့ အေအေပြောကြောင်း ကုလအထူးကိုယ်စားလှယ်ပြော

    ရခိုင်ပြည်နယ်ထဲမှာ အာရက္ခတပ်တော်(အေအေ)က ရိုဟင်ဂျာတွေကို ကျူးလွန်တယ်ဆိုတဲ့ချိုးဖောက်မှု စွပ်စွဲချက်တွေအပါအဝင် တခြားစွပ်စွဲချက်တွေအတွက် လာရောက်ကြည့်ရှု စစ်ဆေးနိုင်တယ်လို့ အေအေ ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ဖိတ်ခေါ်တဲ့အကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် တွန် အမ်ဒရူးက ပြောပါတယ်။

    ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှာက်ခံရွာက ရိုဟင်ဂျာတွေကို အေအေက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့တယ်လို့ဆိုတဲ့စွပ်စွဲချက်တွေအပါအဝင် ရခိုင်ပြည်နယ်ထဲက စွပ်စွဲချက်တွေကို လာရောက် စုံစမ်းနိုင်တယ်လို့ ဖိတ်ခေါ်တဲ့အကြောင်း သူက ပြောပါတယ်။

    တွန်အမ်ဒရူးရဲ့ ကုလအထွေထွေညီလာခံကို တင်သွင်းမယ့် မြန်မာနိုင်ငံတဝန်း လူ့အခွင့်အရေးချိုးဖောက်မှုတွေအကြောင်းပြောထားတဲ့ အစီရင်အခံစာမှာ အခုလိုဖော်ပြထားတာပါ။

    အစီရင်ခံစာထဲမှာ ကုလအထူးကိုယ်စားလှယ်က ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင် အေအေ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ အကြိမ်ပေါင်းများစွာ စကားပြောဆိုခဲ့တယ်လို့လည်း ဆိုပါတယ်။

    ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက် နေ့က မွတ်ဆလင် ၆၀၀ ကျော် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှု ကျူးလွန်သူဟာ အေအေ ဖြစ်တယ်ဆိုတဲ့စွပ်စွဲမှုတွေကိုလည်း ပြင်းပြင်းထန်ထန် ငြင်းဆိုလိုက်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

    ကုလအထူးကိုယ်စားလှယ်အနေနဲ့လည်း ရခိုင်ပြည်နယ်ကဖြစ်ရပ်တွေကို သီးခြားအတည်မပြုနိုင်သေးဘူးလို့ ပြောထားပါတယ်။

    ထန်းရှောက်ခံရွာမှာ ရိုဟင်ဂျာအယောက် ၆၀၀ ကျော်ကို အေအေက သတ်ဖြတ်ခဲ့တဲ့ ဓာတ်ပုံတွေ ရရှိထားတဲ့ အကြောင်း အာရ်ကန်ရိုဟင်ဂျာအမျိုးသားကောင်စီ(ARNC) က ဒီနှစ် သြဂုတ်ပထမအပတ်အထဲမှာ စွပ်စွဲမှု ပြုလုပ်ခဲ့တာပါ။

    ရိုဟင်ဂျာတွေကို သတ်ဖြတ်ခဲ့တဲ့ဖြစ်စဥ်မရှိခဲ့ဘဲ အဲဒီရုပ်အလောင်းအကြွင်းအကျန်တွေဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အလောင်းတွေလို့အေအေ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ် ၁၁ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောထားပါတယ်။

  9. စစ်တပ်က ရေတပ်အင်အားသုံးလာတဲ့ ရခိုင်စစ်မျက်နှာ

    အဆင့်မြင့်စစ်သင်္ဘောတွေနဲ့ ကင်းလှည့်ရေယာဉ်တွေကို နှစ်စဉ်နီးပါး တပ်တော်ဝင် အင်အားဖြည့်တင်းနေတဲ့ မြန်မာစစ်တပ်ဟာ အာရက္ခတပ်တော် (အေအေ)နဲ့ တိုက်ပွဲဖြစ်နေတဲ့ ရခိုင်စစ်မျက်နှာပြင်မှာ ရေတပ်အင်အား တိုးလို့ ဖြန့်ကြက်နေပါတယ်။

    အရေးပေါ် ချိန်မှာ ရေတပ်ကိုအကူအညီပေးဖို့ ကမ်းခြေစောင့်တပ်ကိုပါ ဖွဲ့စည်းခဲ့တဲ့ မြန်မာစစ်တပ်ဟာ သူ့ထိန်းချုပ်မှုအောက်ရှိနေသေးတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင် ရေပိုင်နက်ထဲမှာ စစ်သင်္ဘောတွေကို ပိုထားလာတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

    အာရက္ခတပ်တော်(အေအေ) သိမ်းပိုက်ထားတဲ့ သံတွဲနဲ့ ဂွမြို့နယ်တွေ ရှိတဲ့ပင်လယ်ပြင်မှာ ဆိုရင် ပြီးခဲ့တဲ့လပိုင်းကစပြီး စစ်သင်္ဘောတွေ ဆယ်စင်းထက််မနည်း မြင်လာရတယ်လို့ စစ်ရေးအရင်းအမြစ်နဲ့ ဒေသခံအခြေအနေသိရှိသူတွေပြောပြချက်အရ သိရပါတယ်။

    ပင်လယ်ပြင်ဘေးက ရခိုင်ပြည်နယ်ဟာ မြန်မာစစ်တပ်အတွက် ရေတပ်အင်အားကို အသုံးပြုဖို့ အခွင့်အလမ်းပိုစေပြီး ကုန်းတွင်းကနေ ထိုးဖောက်မလာနိုင်တဲ့နေရာတွေကို ရေပြင်ကနေ စုဖွဲ့အင်အားတွေ ပြင်ဆင်လာတာတာလို့ စစ်ရေးကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    ဒီအချိန်မှာပဲ ရခိုင်ပြည်နယ်ထဲ နယ်မြေအများစုကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော်(အေအေ)ကလည်း စစ်တပ်ရဲ့လေကြောင်းအပြင် ရေကြောင်းကိုပါ သတိထားဖို့နဲ့ ကမ်းဝေး ငါးဖမ်းလုပ်ငန်းတွေကိုလည်း သွားလာချိန် ကန့်သတ်လိုက်ပါတယ်။

    အပြည့်အစုံကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  10. ပြည်တွင်းနိုင်ငံရေးနဲ့ အကျပ်အတည်းတွေကို နိုင်ငံတကာပါလီမန်များညီလာခံမှာ CRPH အမတ်တွေ ဆွေးနွေး

    ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာ မြို့မှာ ကျင်းပနေတဲ့ နိုင်ငံတကာပါလီမန်များညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)ရဲ့ အမတ်အချို့ တက်ရောက်နေပြီး စစ်အာဏာသိမ်းမှုအောက်က မြန်မာအမျိုးသမီးတွေ ဖိနှိပ်ခံရမှုနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

    ၁၅၁ ကြိမ်မြောက်ကျင်းပတဲ့အဲဒီညီလာခံကို CRPH ကို ကိုယ်စားပြုပြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဒေါ်ဇင်မာအောင်တို့ တက်ရောက်ခဲ့တာလို့ CRPH က သတင်းဖော်ပြပါတယ်။

    မြန်မာလွှတ်တော်ကိုယ်စားလှယ်အဖွဲ့ က အာရှ-ပစိဖိတ်အုပ်စု (Asia-Pacific Group) နဲ့ အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်၊ အမှုဆောင်ကောင်စီအစည်းအဝေး၊ ညီလာခံအစည်းဝေး နဲ့ ဒီဘိတ်အစီအစဉ်တွေကို တက်ရောက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

    အမျိုးသမီးလွှတ်တော်ကိုယ်စားလှယ်ဖိုရမ်ကို ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ ရန်ကင်းအမတ် ဒေါ်ဇင်မာအောင် မြန်မာအမျိုးသမီးတွေရဲ့အကျပ်အတည်းကို မီးမောင်းထိုး ပြောခဲ့တာတွေ့ရပါတယ်။

    “အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ အလွန်မြင့်မားနေတဲ့ လိင်အကြမ်းဖက်ခံရမှု အန္တရာယ်၊ စားဝတ်နေရေးအခက်အခဲ၊ ပညာသင်ခွင့်တွေ၊ ကျန်းမာရေးနဲ့ တခြားသော လိုအပ်တဲ့ အစောင့်အရှောက်တွေ ကန့်သတ်ခံနေရပါတယ်။ အများစုဟာ နေရပ်စွန့်ခွာခဲ့ကြရပြီး အိမ်ထောင်ဦးစီးနေရာကနေ မိသားစုတာဝန်တွေ သယ်ပိုးထမ်းရွက်ရင်း စိန်ခေါ်မှုတွေ ကြုံနေရပါတယ်။ ဒီလိုစိန်ခေါ်မှုတွေရှိနေပေမယ့် မြန်မာအမျိုးသမီးတွေဟာ အံ့မခန်းလောက်တဲ့ ရဲစွမ်းသတ္တိတွေ နဲ့ ခေါင်းဆောင်မှုပိုင်းတွေ ပြသနေတယ်” လို့ ဒေါ်ဇင်မာအောင်က ဆွေးနွေးပါတယ်။

    ထိုင်းအတိုက်ခံလွှတ်တော်ကိုယ်စားလှယ်တွေ၊ မလေးရှား၊ အီတလီ၊ ကနေဒါ၊ နယူးဇီလန်၊ ဆွီဒင်၊ ဩစတြေးလျနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်အဖွဲ့တွေနဲ့လည်း သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    တွေ့ဆုံဆွေးနွေးမှုတွေမှာ စစ်တပ်ရဲ့ လေ လေကြောင်းတိုက်ခိုက်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ နဲ့ အကြမ်းဖက်မှုတွေ ကြောင့် နေရပ်စွန့်ခွာပြီး ဒုက္ခတွေ ရင်ဆိုင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ နဲ့ ပြည်ပရောက်‌ရွှေ့ပြောင်းမြန်မာပြည်သူတွေ အရေးလည်း ရှင်းလင်းတင်ပြခဲ့တယ်လို့ ဖော်ပြပါတယ်။

    နောက်ပြီး စစ်ကော်မရှင်က လုပ်မယ့် ရွေးကောက်ပွဲ နဲ့ ရလဒ်အပေါ် ကန့်ကွက်ရေး၊ အသိအမှတ်မပြုရေး၊ ဖမ်းဆီးခံထားရတဲ့ နိုင်ငံ့ခေါင်းဆောင်တွေ လွတ်‌မြောက်ရေး၊ ပဋိပက္ခဖြေရှင်း နဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ လုပ်ငန်းစဉ် တွေအပေါ် ထိရောက် အကူအညီတွေရရှိရေး အဓိကထား ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

    နိုင်ငံတကာပါလီမန်များအဖွဲ့ကို ကမ္ဘာ့နိုင်ငံပေါင်း (၁၈၃) နိုင်ငံက နိုင်ငံတော်အဆင့်လွှတ်တော်တွေ နဲ့ ဖွဲ့စည်းထားပြီး နိုင်ငံတကာပါလီမန်များအဖွဲ့ (IPU) က လည်း CRPH ကို ဆွေးနွေးဖက် မိတ်ဖက်အဖြစ် အာဏာသိမ်းပြီးချိန်ကစလို့ အခုချိန်အထိ အသိအမှတ်ပြုထားတယ်လို့ဖော်ပြထားပါတယ်။

  11. လုဗ် ပြတိုက်က အခိုးခံလိုက်ရတဲ့ရတနာတန်ဖိုး ဒေါ်လာ သန်း ၁၀၀ ကျော်ဖိုးရှိ

    ပြင်သစ်နိုင်ငံ၊ ပါတီမြို့က လုဗ် ပြတိုက်ကနေ အခိုးခံလိုက်ရတဲ့ရတနာတွေဟာ တန်ဖိုး အမေရိကန် ဒေါ်လာ ၁၀၂ သန်း အထိရှိတယ်လို့ ပြင်သစ်အစိုးရရှေ့နေတွေက ပြတိုက်အပြောကို ကိုးကားပြီး ပြောပါတယ်။

    အစိုးရရှေ့နေ လူ ဘီကူးကတော့ အခု ပမာဏဟာ များပြားတယ်ဆိုပေပမဲ့ ပြင်သစ်ရဲ့သမိုင်းယဉ်ကျေးမှု ဆုံးရှုံးမှုက ပိုကြီးမားတယ်လို့ ပြောပါတယ်။ နပိုလီယန် ၂ ဦးက သူတို့ရဲ့ကြင်ရာတွေကို လက်ဆောင်ပေးခဲ့တဲ့ နန်းစဉ်ရတနာတွေလည်း အခိုးခံလိုက်ရတဲ့အထဲမှာ ပါဝင်ပါတယ်။

    ရတနာကို ခိုးသူတွေဟာ လုဗ်ပြတိုက်ထဲက အပိုလိုပြခန်းထဲကို လှေကားတဲ့တက်အပြီး မိနစ်ပိုင်းအတွင်း ထွက်ပြေး လွတ်မြောက်သွားခဲ့တာပါ။

    ပြတိုက်ဖွင့်ချိန် တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်ရပ် ၂ ရက်ထဲ ဝင်လာချိန်မှာ လက်သည်တွေကို မဖမ်းမိသေးတာကြောင့် ဒီရတနာတွေ ပြန်ရဖို့ ဖြစ်နိုင်ပါတော့မလားဆိုပြီး ကျွမ်းကျင်သူတွေက ပြောပါတယ်။

    လုဗ်ပြတိုက်က ရတနာတွေ အခိုးခံရမှု ဘယ်လို ဖြစ်ခဲ့လဲ၊ ဘယ်နန်းစဉ် ရတနာတွေ အခိုးခံလိုက်ရလဲ၊ ... စတာတွေကို ဒီလင့်ခ် ကို နှိပ်ပြီး ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  12. ပဋိပက္ခဒေသ ၁၀ ခုထက်မနည်းမှာ ကြံ့ခိုင်ရေးအမတ်လောင်းတွေ ပြိုင်ဘက်မရှိဖြစ်နေ

    လာမယ့် ဒီဇင်ဘာ ရွေးကောက်ပွဲ ပထမ အပိုင်းမှာ ကျင်းပမယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားတဲ့ ရှမ်းမြောက်အပါအဝင် ပဋိပက္ခဖြစ်ပွားရာဒေသ ၁၀ ခုထက် မနည်းမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်းတွေပဲ ဝင်ပြိုင်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

    ဒီအခြေအနေကို နေပြည်တော်ကောင်စီ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးလှဆွေက အတည်ပြုပါတယ်။

    ရှမ်း၊ စစ်ကိုင်း၊ ချင်းပြည်နယ်က မဲဆန္ဒနယ်တစ်ချို့မှာလည်း ကြံ့ခိုင်ရေး ကိုယ်စားလှယ်လောင်း တစ်ဦးတည်းပဲ ဝင်ပြိုင်မယ့် အခြေအနေလို့ သူက ပြောပေမဲ့ ဘယ်မဲဆန္ဒနယ်တွေဆိုတာ တိတိကျကျ မပြောပါဘူး။

    ဒါပေမဲ့ ဒီပြည်နယ်နဲ့တိုင်းတွေဟာ ၂၀၂၁ စစ်အာဏာသိမ်းမှုအပြီး စစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ တိုက်ပွဲဖြစ်တာ၊ တိုင်းရင်းသားနက်ကိုင်တပ်တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်နေတဲ့နေရာတွေလည်းဖြစ်ပါတယ်။

    ဒါကြောင့် စစ်တပ်ထိန်းချုပ်မှုအောက်ရှိနေတဲ့မြို့နယ်တွေမှာ ကျင်းပမယ့်ရွေးကောက်ပွဲမှာ တစ်နိုင်ငံလုံးအဆင့် ပါဝင်ရွေးကောက်ခံမယ့် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း တစ်ဦးတည်း ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်တွေလည်း ရှိနိုင်တဲ့အခြေအနေပါ။

    စစ်ကိုင်းတိုင်းထဲ ရွှေဘိုခရိုင်၊ ရေဦးမြို့နယ်ထဲမှာဆိုရင် တိုင်းဒေသကြီးနဲ့ ပြည်သူ့လွှတ်တော် အမတ်နေရာတွေ အတွက် ကြံ့ခိုင်ရေးကိုယ်စားလှယ်လောင်း ၂ ဦးပဲ ဝင်ပြိုင်မှာ တွေ့ရပါတယ်။

    ဘီဘီစီရဲ့ လေ့လာချက်အရ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က တအာင်းတပ် (TNLA) လက်ထဲကနေပြန်သိမ်းယူထားတဲ့ ကျောက်မဲမြို့နယ်ထဲမှာဆိုရင် ပြည်နယ်နဲ့ တိုင်းလွှတ်တော်မဲ ဆန္ဒနယ်မှာလည်း ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းသာ ဝင်ရောက်ယှဉ်ပြိုင်တာ တွေ့ရပါတယ်။

    ဦးလှဆွေကတော့ ပဋိပက္ခမရှိပေမဲ့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် တစ်ဦးပဲ ဝင်ပြိုင်ဖို့ ရှိတဲ့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ မက်မန်းမြို့နယ်မှာဆိုရင်လည်း ဝင်ပြိုင်မယ့်ပါတီဟာ ပြည်ခိုင်ဖြိုးပါတီ တစ်ခုတည်းရှိတယ်လို့ဆိုပါတယ်။ ရွေးကောက်ပွဲဥပဒေအရဆိုရင် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်တစ်ခုမှာ ပြိုင်ဖက်ကိုယ်စားလှယ်လောင်း မရှိရင် အနိုင်ရရှိတယ်လို့ သတ်မှတ်ထားပါတယ်။

    ဒါကြောင့် အမတ်နေရာ ၁၀ ခုထက်မနည်းမှာ ပြိုင်ဖက်ပါတီတွေ မရှိလို့ ရွေးကောက်ပွဲမစခင် အလိုအလျောက်အနိုင်ရနေပြီလို့ နားလည်နိုင်တဲ့အကြောင်း ဦးလှဆွေက ပြောပါတယ်။

    “ပြိုင်ဖက် ပါတီတွေက မလာကြဘူး။ ကျွန်တော်တို့ ရဲ့ နယ်မြေခံ ပါတီကိုယ်စားလှယ်လောင်းတွေက ဝင်အရွေးခံကြတာပေါ့။ အလိုအလျောက်နိုင်ပြီးသားနေရာတွေ တစ်နေရာထက်မကဘူး။ ၁၀ ခုထက်မကဘူး” လို့ ဦးလှဆွေက ပြောပါတယ်။

    ရွေးကောက်ပွဲကော်မရှင်က အခုဆိုရင် ကိုယ်စားလှယ်လောင်း အမည်စာရင်းကြေညာနေပါပြီ။

    ပြည်ထောင်စုအဆင့် ဝင်ပြိုင်မယ့် ပြည်ခိုင်ဖြိုးပါတီ နဲ့ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ မှာလည်း ပယ်ဖျက်ခံရတဲ့ ကိုယ်စားလှယ်လောင်း ၁၀ ဦးထက်မနည်းရှိနေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

    လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ တစ်နိုင်ငံလုံးအဆင့် နိုင်ငံရေးပါတီ ၆ ပါတီ၊ တိုင်းနဲ့ ပြည်နယ်အဆင့်ဝင်ပြိုင် မယ့် နိုင်ငံရေးပါတီ ၅၁ ပါတီရှိပါတယ်။

  13. မင်္ဂလာပါ။ အောက်တိုဘာ ၂၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။ နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။