ဇန်နဝါရီလ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကိုလည်း အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အာရက္ခတပ်တော်- အေအေနဲ့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်နေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ထဲကို စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သွားခဲ့ပြီး ရွေးကောက်ပွဲမှာ မဲပေးဖို့ ပြောခဲ့တဲ့ သတင်းအပါအဝင် ဇန်နဝါရီ ၉ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်း ထူးခြားသတင်းတွေကို တိုက်ရိုက်ထုတ်လွှင့် တင်ဆက်ပေးနေပါတယ်။
ဇန်နဝါရီလ ၉ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။
ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကိုလည်း အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည်ဖတ်ရှုနိုင်ပါတယ်။
ဘီဘီစီသတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။
မိနီယာပိုလစ်မြို့မှာ အသက် ၃၇ နှစ်အရွယ် ရီနီး နီကိုးလ် ဂွတ်ဒ် ပစ်သတ်ခံရမှုကြောင့် ဆန္ဒပြမှုတွေဖြစ်ပွားခဲ့ပြီးနောက် အမေရိကန် လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် စည်းကြပ်မှု အေဂျင်စီ (ICE)က အဲဒီအခင်းနေရာမှာ စစ်ဆေးမှုတွေ တိုးမြှင့်လုပ်ဆောင်နေပါတယ်။
သမ္မတထရမ့် အိမ်ဖြူတော်ကို တကျော့ပြန် ပြန်လည်ဝင်ရောက်လာပြီးနောက်မှာ ICE အေဂျင်စီဟာ လူထောင်ပေါင်းများစွာကို ဖမ်းဆီးခဲ့ပါတယ်။ ဖမ်းဆီးမှုအများစုကို အများပြည်သူတွေ အထိတ်တလန့်ဖြစ်နိုင်တဲ့လူမြင်ကွင်းနေရာတွေမှာ ဆောင်ရွက်ခဲ့ကြပါတယ်။
အဲဒီလို ICE အရာရှိတွေရဲ့လူမြင်ကွင်းက လုပ်ဆောင်မှုတွေကြောင့် သူတို့လုပ်ရပ်ကို ဆန့်ကျင်ကန့်ကွက်နေသူအချို့နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေလည်း မကြာခဏ ပေါ်ပေါက်လာခဲ့ပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
ရွေးကောက်ပွဲအလွန်မှာတပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရာထူးအပြောင်းအလဲအကြောင်းကိုပဲလူပြောများကြပြီး တပ်ချုပ်ကိုဝန်းရံမယ့် ထိပ်တန်းဗိုလ်ချုပ်ကြီးတချို့အကြောင်းကိုတော့လူပြောနည်းပါတယ်။
ဒီထဲမှာအလားအလာအရှိဆုံးကတော့စစ်တက္ကသိုလ်အပတ်စဥ် ၃၈ DSA-38 ဆင်းတွေ ဖြစ်ပါတယ်။
လက်ရှိမှာကိုပဲအပတ်စဥ် ၃၈ ဆင်းတွေထဲမှာ ဒုတိယဗိုလ်ချုပ်ကြီးငါးဦးအထိ ရှိနေပါတယ်။
ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမှာ အခြေစိုက်ထားတဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) ကာကင်းစခန်း နှစ်ခုကို အာရက္ခတပ်တော်- အေအေက ဇန်နဝါရီ ၉ ရက်မှာ သိမ်းပိုက်လိုက်တယ်လို့ အေအေနဲ့ နီးစပ်သူတစ်ယောက်က ဘီဘီစီကို ပြောပါတယ်။
စစ်တွေမြို့ထဲက ဒကစ နဲ့ ၂ မိုင်အကွာက ကာကင်းစခန်းတစ်ခုနဲ့ ၄ မိုင်အကွာက ကာကင်းစခန်းကို သိမ်းပိုက်နိုင်တာလို့ ပြောပါတယ်။
စစ်တပ် တပ်စခန်းနှစ်ခုက ဒဏ်ရာရရှိသူနဲ့ စစ်သုံ့ပန်း စုစုပေါင်း ၃၄ ယောက်ရှိတယ်လို့လည်း သိရပါတယ်။
“စခန်းနှစ်ခုပေါင်းမှာ စစ်အင်အား ၄၀၀ လောက်ရှိတယ်လို့ ပြောတယ်၊ အခု ဒဏ်ရာရသူနဲ့ စစ်သုံ့ပန်းတွေပဲ ကျန်တယ်ဆိုပြီး အဖမ်းခံတဲ့ စစ်ကော်မရှင် တပ်ဖွဲ့ဝင်တွေက ပြောတယ်”လို့ အေအေနဲ့ နီးစပ်သူက ပြောပါတယ်။
ဒေသကွပ်ကဲမှု အခြေစိုက် (ဒကစ) ရဲ့ ကာကင်းစခန်းတွေကို အေအေက ဆက်တိုက် တိုက်ခိုက်တာရှိပေမဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကစပြီး တိုက်ပွဲတွေ ပြင်းထန်လာတာလို့လည်း ပြောပါတယ်။
ဒကစရဲ့ ဝင်ပေါက်ဖြစ်တဲ့ တောကန်၊ ကြံတောနားက ကာကင်းစခန်းနဲ့ ဂန့်ဂေါ်ကျွန်း ကာကင်းစခန်းတွေကို အေအေက ဝင်တိုက်နေတာလို့ ဒေသတွင်း သတင်းဌာနတွေက ရေးသားထားပါတယ်။
ဒကစ ကာကင်းစခန်းတွေ တိုက်ခိုက်၊ သိမ်းပိုက်တာနဲ့ ပတ်သက်လို့ အာရက္ခတပ်တော်- အေအေ ရော၊ စစ်တပ်ဘက်ကပါ ထုတ်ပြန်တာ မရှိသေးပါဘူး။
တရုတ်စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့နယ်ထဲက ဓညဝတီ ရေတပ်စခန်းနဲ့ အမှတ် ၃၂ ရဲတပ်ရင်း ကို အာရက္ခတပ်တော်- အေအေ က ဇန်နဝါရီ ၈ ရက်ကစပြီး တပြိုင်တည်း ထိုးစစ်ဆင်နေတယ်လို့ အေအေနဲ့ နီးစပ်သူတစ်ယောက်က ပြောပါတယ်။
“တိုက်ပွဲက မြို့နားကို ကပ်လာပြီ၊ ဓညဝတီက ထွက်လာတဲ့ စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်လို့ သူတို့ဘက်က သေတာတွေ များတယ်။ ဘယ်လောက်လဲလို့တော့ မသိရသေးဘူး” လို့ သူက ပြောပါတယ်။
အမှတ် ၃၂ ရဲစခန်းဟာ ကျောက်ဖြူ- မအီလမ်းခွဲမှာရှိပြီး ကျောက်ဖြူမြို့နဲ့ ဆယ်မိုင်ဝန်းကျင်သာ ဝေးပါတော့တယ်။
ဓညဝတီ ရေတပ်စခန်းကတော့ ကုန်းလမ်းကသွားမယ်ဆိုရင် ကျောက်ဖြူမြို့နဲ့ မိုင် ၂၀ ဝန်းကျင်မှာ ရှိပါတယ်။
အေအေ ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးတွေကြောင့် ဓညဝတီ ရေတပ်စခန်းထဲက အဆောင်တွေ ပျက်စီးတာရှိတယ်လို့လည်း အေအေနဲ့ နီးစပ်သူက ပြောပါတယ်။
စစ်တပ်ဘက်ကလည်း အဆင့်မြင့်တဲ့ ဒရုန်းတွေနဲ့ ဗုံးကြဲတာ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ပြောပါတယ်။
ကျောက်ဖြူမြို့မှာ တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံထားတဲ့ အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း၊ ရေနံပိုက်လိုင်း စတဲ့ စီမံကိန်းနေရာတွေ ရှိနေတာပါ။
ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ရန်ကုန်-မန္တလေးလမ်းဟောင်းဘေးမှာရှိတဲ့ တောကျွဲအင်းမြို့မှာ စစ်တပ်နဲ့ ပဲခူးတိုင်းအခြေစိုက်တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေတယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ဘီဘီစီကိုပြောပါတယ်။
တောကျွဲအင်းမြို့ဟာ ရန်ကုန်နဲ့နေပြည်တော်ကြားမှာရှိတဲ့ မြို့ဖြစ်ပြီး ရန်ကုန်နဲ့ နေပြည်တော် စတဲ့နေရာတွေကနေ မိုင်ပေါင်း ၁၂၀ ဝန်းကျင်သာ ကွာဝေးပါတယ်။
ဒီနေ့ မနက်အစောပိုင်းကစပြီး တောကျွဲအင်းက တပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ပွဲဖော်ဆောင်နေတာလို့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထုတ်ပြောပါတယ်။
“မြို့ကို သိမ်းဖို့တိုက်နေတာ၊ မြို့ထဲမှာတော့ တပ်ရင်းမရှိဘူး။ မြို့အစွန် ၂ ဖက်က တပ်ရင်းတွေကို လူခွဲတိုက်နေတာပေါ့” လို့ သူကဆိုပါတယ်။
စစ်တပ်ကလည်း တောကျွဲအင်းမြို့မကျအောင် လေကြောင်းကနေ တိုက်လေယာဉ်နဲ့ ပစ်ကူပေးခဲ့သလို လက်ရှိအချိန်ထိ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ မြေပြင်အခြေအနေသိသူတချို့က ပြောပါတယ်။ “၁၀ မိနစ်ကို လေယာဉ်က ၃ စီးလောက်လာတယ်။ K-8၊ MiG-29 တိုက်လေယာဉ်၊ Mi-35 ရဟတ်ယာဉ်တွေနဲ့ တိုက်ပွဲဖြစ်တဲ့နေရာတွေကို ပတ်ပြီးဗုံးကြဲနေတာ” လို့ မြေပြင်သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။
စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကနဦးအချက်အလက်တွေအရ တောကျွဲအင်းမြို့ခံ ၄ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရတဲ့အကြောင်း သိရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“မြို့ထဲကလူတွေ အကုန်ထွက်ပြေးကုန်ကြပြီ။ သေဆုံးတဲ့ ဒေသခံတွေလည်းရှိနိုင်တယ်။ အတိအကျမသိရသေးဘူး”လို့ သူက ရှင်းပြပါတယ်။,
တိုက်ပွဲအတွင်း စစ်တပ်ဘက်က သေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တချို့ ရဲ့ ရုပ်အလောင်းတွေလည်း မြေပြင်ပေါ်မှာ ပြန့်ကျဲနေပြီး စစ်တပ်က အလောင်းလာမကောက်သေးဘူးလို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
တိုက်ပွဲအတွင်း သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
တော်လှန်ရေးပူးပေါင်းတပ်တွေဘက်က စစ်တပ်ရဲ့ မြေပြင်စစ်ကူလာမယ့် လမ်းကြောင်းတွေကိုလည်း ဖြတ်တောက်ထားနိုင်သလို မြို့ကိုလည်း ထိန်းထားနိုင်ပြီလို့ သူက ဆိုပါတယ်။
စစ်ကော်မရှင်ကတော့ တောကျွဲအင်းမြို့မှာ တိုက်ပွဲပြင်းထန်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်လို့ သတင်းမထုတ်ပြန်သေးပါဘူး။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်ကစပြီး ဒီနေ့ ဇန်နဝါရီ ၉ ရက်အထိ ပဲခူးတိုင်းထဲက မြို့နယ် ၅ မြို့နယ်ထက်မနည်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေကြား စစ်ရေးတင်းမာနေပြီး တချို့နေရာတွေမှာ တိုက်ပွဲပြင်းထန်နေပါတယ်။
နတ်တလင်း၊ ဇီးကုန်းနဲ့ မင်းလှမြို့နယ်တွေမှာ ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေက ဇန်နဝါရီ ၇ ရက်မှာ တိုက်ပွဲဖော်ဆောင်လို့ စစ်တပ်နဲ့ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး လက်ရှိအချိန်ထိ စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်က ပြောပါတယ်။
ဒီနေ့မနက်အစောပိုင်းတုန်းကလည်း အုတ်တွင်းမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က စစ်တပ်ရဲ့ ကာကင်းစခန်း ၄ ခုကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်တပ်ရဲ့ သာလွန်စစ်ကူအင်အားတွေကြောင့် နာရီပိုင်းအကြာမှာပဲ ပြန်ဆုတ်ခွာခဲ့ရပါတယ်။
ပုလဲမြို့နယ်ထဲက ဗိုလ်နဂါးဦးဆောင်တဲ့ ဗမာအမျိုးသား တော်လှန်ရေးတပ်- BNRA စစ်ဆေးရေးဂိတ် နှစ်ခုကို NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ယင်းမာပင်ခရိုင် ကွပ်ကဲရေးတပ်တွေက ဇန်နဝါရီ ၉ ရက်မှာ ဝင်စီးတယ်လို့ နှစ်ဖက် အဖွဲ့အစည်းတွေက အတည်ပြုပါတယ်။
BNRA က စစ်ဆေးရေးဂိတ်တွေကို ပုပ္ပါနဲ့ မရိုးတုံးရွာတွေမှာ ဒီရက်ပိုင်းအတွင်းက ဖွင့်ထားတာဖြစ်ပြီး ပုပ္ပါဂိတ်ကနေ သေနတ် ၉ လက်၊ မရိုးတုံးရွာကနေ M-80 စက်လက်နက် ၁ လက် သိမ်းဆည်းခံရတယ်လို့ BNRA တပ်ဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။
“BNRA ဌာနချုပ် အကြီးအကဲကနေ တွေ့ဆုံစကားပြောတဲ့အနေနဲ့ မေးမြန်းတဲ့အခါ သေနတ် အငယ် ၉ လက်ပြန်ပေးပြီး စက်လက်နက်ကြီးတော့ ခဏနေရင် ပြန်ပေးမယ်လို့ပြောတယ်” လို့ သူက ပြောပါတယ်။
ပုလဲမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ယောက်ဖြစ်တဲ့ ဦးဇော်ထက်က “BNRA က တရားမဝင် ဂိတ်တွေဖွင့်ပြီး ပြည်သူတွေဆီက ငွေကြေးကောက်ခံတာတွေလုပ်နေလို့ ခရိုင်ကနေ တရားမဝင်ဂိတ်တွေကို ရှင်းလင်းတာပါ” လို့ ပြောပါတယ်။
NUG လက်အောက်က ခရိုင်ကွပ်ကဲရေးနဲ့ ပုလဲမြို့နယ် ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်ရှိသူတွေက BNRA ကို တိုက်ခိုက်ဖို့ အစည်းအဝေးလုပ်နေတယ်လို့ BNRA ရဲ့ ဦးဆောင်သူ ဗိုလ်နဂါးက သူ့ရဲ့ လူမှုကွန်ရက်မှာ ဇန်နဝါရီ ၈ ရက်က ရေးထားပါတယ်။
BNRA တပ်ကို NUG ရဲ့ ခရိုင်တပ်ရင်းတွေက ၂၀၂၄ ခုနှစ်တုန်းကလည်း ဝိုင်းဝန်းပိတ်ဆို့ခဲ့ပေမဲ့ သူတို့တပ်တွေ ပြန်ဆုတ်သွားအောင် BNRA က ဖြေရှင်းခဲ့တာဖြစ်ပြီး အဖွဲ့အချင်းချင်းကြား ပဋိပက္ခမဖြစ်အောင် သည်းခံခဲ့တာလို့ ဗိုလ်နဂါးရဲ့ ရေးသားချက်မှာ တွေ့ရပါတယ်။
အဲလိုရေးသားပြီး ဒီဇင်ဘာ ၉ ရက်မှာပဲ BNRA ရဲ့ စစ်ဆေးရေးဂိတ်နှစ်ခု ဝင်စီးခံရတာ ဖြစ်ပါတယ်။
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုတာပြည်နယ်၊ မီနီယာပိုလစ်မြို့ မှာ ICE အေဂျင်စီက အရာရှိတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် အသက် ၃၇ နှစ်အရွယ် အမေရိကန်အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့ပြီးနောက် မင်နီဆိုတာမှာ ဆန္ဒပြမှုတွေနဲ့ ဆုတောင်းပွဲတွေ ဖြစ်လာပါတယ်။
မင်နီဆိုတာ အာဏာပိုင်တွေရဲ့ အပြောအရ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ပြည်နယ်အာဏာပိုင် ရာဇ၀တ်မှုဆိုင်ရာ အရေးယူဖမ်းဆီးရေးဗျူရို (BCA) ရဲ့ ဝင်ရောက်စစ်ဆေးခွင့်ကို FBI က တားမြစ်ထားတယ်လို့ ဆိုပါတယ်။
မီနီယာပိုလစ်မြို့မှာ အသက် ၃၇ နှစ်အရွယ် ရီနီး နီကိုးလ် ဂွတ်ဒ် ဗုဒ္ဓဟူးနေ့က သူရှိနေတဲ့ ကားထဲကို သေနတ်နဲ့လှမ်းပစ်ခံခဲ့ရလို့ သေဆုံးခဲ့ပြီးတဲ့နောက် အဲဒီလုပ်ရပ်ကို ကန့်ကွက်တဲ့အနေနဲ့ မီနီယာပိုလစ်မြို့မှာ လမ်းပေါ်ထွက်ဆန္ဒပြမှုတွေလည်း ရှိနေပါတယ်။
ပြည်နယ် ရဲတပ်ဖွဲ့က ထုတ်ပြန်ချက်အရ အမျိုးသမီးရဲ့ ဦးခေါင်းကို ကျည်ထိမှန်ခဲ့တာလို့ဆိုပါတယ်။
မင်နီဆိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝေါ့ဇ်က ထရမ့် အစိုးရက အဲဒီဖြစ်စဥ်စုံစမ်းစစ်ဆေးမှုမှာ ပြည်နယ်တာဝန်ရှိသူတွေ ပါဝင်ပတ်သက်တာကို FBI က ပိတ်ပင်တယ်လို့ ပြောနေချိန်မှာပဲ အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်ကတော့ စုံစမ်းစစ်ဆေးမှုက ဖက်ဒရယ်အဆင့်လုပ်ရမယ့် ကိစ္စဖြစ်တယ်လို့ တုံ့ပြန်ထားပါတယ်။
ICE အဖွဲ့ဟာ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ စီးနင်းရှာဖွေမှုတစ်ခု ပြုလုပ်နေချိန်မှာ အဲဒီအမျိုးသမီး ပစ်ခတ်ခံရတာဖြစ်ပြီး သူက ပစ်မှတ်ထား ဖမ်းဆီးခံရမယ့်သူ မဟုတ်ကြောင်းသိရပါတယ်။
ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်ထဲက ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ ဒီနေ့ ဇန်နဝါရီ ၉ ရက် မနက်အစောပိုင်းမှာ စစ်တပ်နဲ့ ပဲခူးတိုင်းအခြေစိုက် တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တချို့က ပြောပါတယ်။
အုတ်တွင်းမြို့နယ်ထဲက စည်ပင်သာရွာအနီးက စစ်တပ်ရဲ့ ကာကင်းစခန်း ၄ ခုကို တိုက်ခိုက်ခဲ့တာဖြစ်ပြီး နှစ်ဖက်ပစ်ခတ်မှုတွေကြောင့် လမ်းဘေး ထမင်းဆိုင်တွေအနီးမှာရပ်ထားတဲ့ ကုန်တင်ယာဉ်တချို့လည်း မီးလောင်ခဲ့တယ်လို့ စည်ပင်ရွာခံတချို့က ပြောပါတယ်။
စစ်တပ်ရဲ့ ကာကင်းစခန်းတချို့ကိုတော့ တော်လှန်ရေးတပ်ဘက်က ထိန်းခဲ့ပေမယ့် အဲဒီစခန်းတွေကို အလုံးစုံ သိမ်းပိုက်နိုင်တဲ့ အခြေအနေမရှိခဲ့ဘဲ ဆုတ်ခွာခဲ့ရတယ်လို့ မြေပြင်မှာရှိတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။
အဲဒီတိုက်ပွဲအတွင်း စစ်တပ်ဘက်က ၂ ဦးထက်မနည်းသေဆုံးခဲ့တယ်လို့ဆိုပြီး တော်လှန်ရေးရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရသွားတယ်လို့ သူက ဆက်ပြောပါတယ်။
“စည်ပင်သာရွာခံ အမျိုးသမီးတစ်ဦးလည်း ခြေထောက်ထိသွားတယ်” လို့ သူကဆိုပါတယ်။
စစ်တပ်ရဲ့ တောင်ငူလေတပ်ကနေ တက်လာတဲ့ တိုက်လေယာဉ်တချို့ တိုက်ပွဲဖြစ်တဲ့နေရာအနီးမှာ ဝဲပျံစောင့်ကြည့်နေတယ်လို့ ရွာခံတချို့က ပြောပါတယ်။
စောနယ်ဒါးမြ ဦးဆောင်တဲ့ ကော်သူးလေတပ်မတော်ကနေ “ကော်သူးလေ အစိုးရ” ဖွဲ့စည်းတာ၊ ကော်သူလေနိုင်ငံ ထူထောင်တာတွေဟာ ကရင်အမျိုးသား အစည်းအရုံး- KNU နဲ့ လုံးဝ မပတ်သက်ဘူးလို့ KNU က ထုတ်ပြန်ပါတယ်။
ကော်သူးလေအစိုးရ ဖွဲ့စည်းသလို ကော်သူးလေနိုင်ငံ တည်ထောင်တဲ့အကြောင်း ကော်သူးလေတပ်မတော် (KTLA) က ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်မှာ ထုတ်ပြန်ခဲ့တာပါ။
စောနယ်ဒါးမြဟာ စစ်ရာဇဝတ်မှု ကျူးလွန်တယ်လို့ စွတ်စွဲခံထားရသလို KNU ရဲ့ စည်းကမ်းတွေကို အကြိမ်ကြိမ် ချိုးဖောက်ခဲ့တဲ့အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က စစ်ဦးစီးချုပ် ရာထူးကနေ ထုတ်ပယ်ခဲ့တာလို့လည်း KNU က ဆိုပါတယ်။
KNU က ထုတ်ပယ်ထားတဲ့ စောနယ်ဒါးမြရဲ့ လုပ်ဆောင်ချက်တွေဟာ ကရင်အမျိုးသား တော်လှန်ရေးအပေါ် ထင်ဟပ်တာမရှိဘူးလို့ ထုတ်ပြန်ထားပါတယ်။
လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရ တိုင်းပြည်တည်ဆောက်တဲ့ စံနှုန်းတွေနဲ့ မကိုက်ညီသလို ကရင့်တော်လှန်ရေးအပေါ် ဂုဏ်သိက္ခာကျဆင်းအောင်လုပ်တာဖြစ်တယ်လို့ KNU က ဆိုပါတယ်။
KNU ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး ကော်သူးလေတပ်မတော်- KTLA ကို ဘီဘီစီက ဆက်သွယ်မေးမြန်းထားပေမဲ့ ဆက်သွယ်လို့မရသေးပါဘူး။
ကော်သူးလေ အစိုးရဖွဲ့စည်းတယ်လို့ KTLA ရဲ့ ဇန်နဝါရီ ၅ ရက် ထုတ်ပြန်ချက်မှာ KTLA စစ်ဦးစီးချုပ်ဖြစ်တဲ့ ဗိုလ်ချုပ်စောနယ်ဒါးမြ က သမ္မတအဖြစ် တာဝန်ယူထားတာတွေ့ရပါတယ်။
ဒုသမ္မတ (၁) နဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စောဆာဂေးဖိုး၊ ဒုတိယသမ္မတ (၂) အဖြစ် စောဒေးဗစ်သာကဘော၊ ဝန်ကြီးချုပ်အဖြစ် စောဖိုးသူးလေး နဲ့ ကာကွယ်ရေးဝန်ကြီး အဖြစ် စောဒေးဗစ်လောဒူးတို့က တာဝန်ယူထားတယ်လို့ KTLA က ထုတ်ပြန်ခဲ့ပါတယ်။
အာရက္ခတပ်တော်- AA နဲ့ တိုက်ပွဲရှိနေတဲ့ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်ကို ဇန်နဝါရီ ၈ ရက်မှာ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သွားရောက်ပြီး ရွေးကောက်ပွဲမှာ မဲပေးဖို့ ပြောပါတယ်။
ပန်းတောင်းမြို့နယ်ဟာ လာမယ့် ဇန်နဝါရီ ၁၁ ရက်မှာ စစ်တပ်ရဲ့ ရွေးကောက်ပွဲ ဒုတိယပိုင်း ကျင်းပမယ့် မြို့နယ် ၁၀၀ ထဲမှာ ပါဝင်နေတာပါ။
ရွေးကောက်ပွဲမှာ စစ်တပ်နဲ့လက်တွဲလုပ်ဆောင်မယ့် ကိုယ်စားလှယ်လောင်းကို မဲပေးဖို့ သူကပြောခဲ့ပါတယ်။
ဒ့ါအပြင် စစ်ခေါင်းဆောင်ဟာ ပဲခူးတိုင်းထဲက ဆင်တဲနဲ့ ထုံးဘို မှာရှိတဲ့တပ်မတော်အကြီးစား စက်ရုံတွေကို သွားရောက်ခဲ့ပါတယ်။
စစ်ခေါင်းဆောင် ရောက်ရှိခဲ့တဲ့ ပန်းတောင်းမြို့နယ်ဟာ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်နဲ့ ပဲခူးတိုင်းတို့ ဆက်စပ်နေတဲ့နေရာဖြစ်ပါတယ်။
ပန်းတောင်းမြို့နယ်ထဲက ညောင်ကျိုးစစ်စခန်းကို အာရက္ခတပ်တော်- AA က ဧပြီ မှာ သိမ်းပိုက်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။
အာရက္ခတပ်တော်က ပန်းတောင်းမြို့နယ်အစပ်က စစ်တပ်စခန်းတွေကို ပိတ်ဆို့ဖြတ်တောက် တိုက်ခိုက်နေပြီး စစ်တပ်ဘက်ကလည်း စစ်အင်အားဖြည့်တင်းပြီး ပြန်လှန်ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
ပဲခူးတိုင်းထဲက နတ်တလင်း၊ ဇီးကုန်း၊ မင်းလှမြို့နယ်တွေထဲက စစ်တပ်စခန်းတွေကိုလည်း တော်လှန်ရေး ပူးပေါင်းအဖွဲ့တွေက ဇန်နဝါရီ ၇ ရက်မှာ တိုက်ခိုက်မှုတွေရှိခဲ့ပါတယ်။
မင်္ဂလာပါ ...
ဇန်နဝါရီလ ၉ ရက် နောက်ဆုံးရ မြန်မာနဲ့ ကမ္ဘာ့သတင်းတွေကို အခုစာမျက်နှာမှာ တိုက်ရိုက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
ဆက်လက်ဖတ်ရှုကြဖို့ကိုလည်း ဖိတ်ခေါ်အပ်ပါတယ်။