ဇူလိုင် ၁၂ ရက် နောက်ဆုံးရသတင်းတွေကို တိုက်ရိုက်တင်ဆက်မှုပြီးဆုံးပါပြီ။ ဘီဘီစီက တင်ဆက်ခဲ့တဲ့သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် ထွက်စာတင်
ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် ထွက်စာတင်တဲ့ သတင်းအပါအဝင် ဇူလိုင် ၁၂ ရက်နောက်ဆုံးရ မြန်မာနဲ့ နိုင်ငံတကာ သတင်းများ တိုက်ရိုက်တင်ဆက်ပေးနေပါတယ်။
အနှစ်ချုပ်
- ထိုင်း၊ မြန်မာ၊အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတွေ ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကာလအတွင်း အလွတ်သဘော တွေ့ဆုံခဲ့
- ခလရ ၅၅ ကိုသိမ်းပိုက်နိုင်ခဲ့ပြီး သံတွဲကို မြို့သိမ်းတိုက်ပွဲဆက်လက်ဆင်နွှဲမယ်လို့ အာရက္ခတပ်တော် ထုတ်ပြန်
- ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် နုတ်ထွက်သွားလို့အာဏာသိမ်းပြီးတဲ့နောက် ရေချုပ် သုံးဦးအထိ အပြောင်းအလဲ ဖြစ်
- ရန်ကုန်တိုင်းမှာ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျော ရောဂါကြောင့် ဆေးရုံတက်ရသူ ၈၄ ယောက်ထဲမှာ ၁၁ ယောက်က ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျောရောဂါတွေ့
- စစ်ကောင်စီဖမ်းဆီးထားတဲ့ အီယွန်ဈေးဝယ်စင်တာ အကြီးအကဲ၊ ဂျပန်နိုင်ငံသား မစ္စတာ ကာဆာမာဆုကို ဇွန် ၁၁ ရက်က ရုံးထုတ်
- မတ္တရာမြို့နယ်ထဲက မြောက်တံငါ တပ်စခန်းနဲ့ အယ်ဖာဘိလပ်မြေ စက်ရုံ၊ ကာကင်းစခန်းကုန်းတွေကို သိမ်းပိုက်နိုင်တယ်လို့ MDY-PDF ထုတ်ပြန်
- တရုတ် နိုင်ငံကို ရှေ့ဆင့်နောက်ဆင့် သွားခဲ့ကြတဲ့ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တို့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဇူလိုင် ၁၀ ရက်က တွေ့ဆုံခဲ့
- ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ရေကြောင့် မြို့နယ် ၁၂ ခု မှာ ရက်ပိုင်းအတွင်း စိုးရိမ်ရေမှတ်ရောက်နိုင်တယ်လို့ မိုးဇလသတိပေး
တိုက်ရိုက် ထုတ်လွှင့်ချက်
စစ်ကြောရေးမှာလျှို့ဝှက်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ဆယ်ခုအကြောင်းFortify Rights ထုတ်ပြန်

ဓာတ်ပုံ ရင်းမြစ်, Fortify Rights
ဓာတ်ပုံ ပုံစာ, အမျိုးသမီး၂ ဦးအပါအဝင် လူ ၄၈ ဦးကို စစ်ကြောရေးမှာနှိပ်စက်နေတဲ့ ဗီဒီယိုဖိုင်ဆယ်ခုရရှိထားတယ်လို့ဆို မန္တလေးတိုင်းတစ်နေရာက စစ်ကြောရေးမှာနှိပ်စက်နေတာတွေကို စစ်ကောင်စီတပ်သားတစ်ဦးလျှို့ဝှက်ရိုက်ကူးထားတဲ့ဗီဒီယိုဖိုင်ဆယ်ခုအကြောင်းလူ့အခွင့်အရေးအဖွဲ့ Fortify Rights ကထုတ်ပြန်ပါတယ်။
၂၀၂၁ ခုနှစ် အောက်တိုဘာနဲ့ နိုဝင်ဘာမှာ ရိုက်ကူးခဲ့တဲ့ အဲဒီရုပ်သံတွေမှာအမျိုးသမီး၂ဦးအပါအဝင်လူ၄၈ဦးကို စစ်ကောင်စီတပ်သားတွေကရိုက်နှက်တာ၊ဝါယာရှော့ခ်တိုက်တာအပြင်လိင်ပိုင်းဆိုင်ရာခြိမ်းခြောက်တာတွေလုပ်ခဲ့တဲ့မြင်ကွင်းတွေပါဝင်တယ်လို့လည်းFortify Rights အဖွဲ့ကရေးထားသားပါတယ်။
အဲဒီထဲက နှစ်ဦးကတော့ ရိုက်နှက်ခံရလို့ နောက်မနက်မှာသေဆုံးခဲ့တယ် လို့ ထုတ်ပြန်ချက်မှာ ပါဝင်ပါတယ်။
စစ်ကောင်စီလေတပ်သားဟောင်းတစ်ဦးဆီကနေ မနှစ်ကရခဲ့တာလို့ ဆိုတဲ့ အဲဒီရုပ်သံဖိုင်တွေကို Fortify Rightsကထုတ်မပြခဲ့ဘဲ အသေးစိတ်ရေးသားချက်တွေနဲ့ပဲ ဖော်ပြခဲ့တာဖြစ်ပါတယ်။
စက္ကန့်၂၀ကနေလေး၊ငါးမိနစ်အထိကြာချိန်ရှိတဲ့ဗီဒီယိုဆယ်ဖိုင်ကို ဥပဒေကြောင်းအရဆောင်ရွက်နိုင်တဲ့သက်ဆိုင်ရာအဖွဲ့အစည်းတွေဆီ ပေးပို့ဖို့ အသင့်ဖြစ်နေပြီလို့ Fortify Rights က ဆိုပါတယ်။
စစ်ကြောရေးစခန်းတည်ရှိတဲ့နေရာ၊ နှိပ်စက်ညှဉ်းပန်းဖို့ အမိန့်ပေး ကြီးကြပ်ခဲ့တဲ့ လေတပ်အပါအဝင် စစ်ကောင်စီတပ်သားငါးဦး၊ စရဖ ဗိုလ်မှူး၊ ဗိုလ်ကြီး၊ တပ်ကြပ်၊ ဝရမ်းအရာရှိတို့ရဲ့ အမည်တွေကို Fortify Rights က မှတ်တမ်းတင်ထားတယ် လို့ သိရပါတယ်။
တော်လှန်ရေးသမားလို့စွပ်စွဲခံရတာ၊တော်လှန်ရေးအဖွဲ့တွေနဲ့ပတ်သက်တာ၊ ကူညီထောက်ပံ့တာ နဲ့ ငွေလှူတာအစရှိတဲ့စွပ်စွဲချက်တွေနဲ့ စစ်ကြောခံခဲ့ရတာလို့ ထုတ်ပြန်ချက်အရသိရပါတယ်။
နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)ဟာရိုဟင်ဂျာတွေကိုကျူးလွန်တဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့စုံစမ်းစစ်ဆေးနေပေမယ့်အာဏာသိမ်းပြီးနောက်ပိုင်းစစ်တပ်ကကျူးလွန်တဲ့ပြစ်မှုတွေနဲ့ပတ်သက်လို့စစ်ဆေးတာမရှိသေးဘူးလို့ ဆိုပါတယ်။
မြန်မာနိုင်ငံမှာစစ်ရာဇဝတ်မှု၊လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ပြစ်မှုနဲ့လူမျိုးတုန်းသတ်ဖြတ်မှုတွေကျူးလွန်တာနဲ့ပတ်သက်လို့သက်ဆိုင်သူတွေကိုတာဝန်ခံလာစေရေးအတွက်အထောက်အထားရှိတဲ့မြန်မာကသက်သေတွေကိုသင့်လျော်စွာအကာအကွယ်ပေးနိုင်ရေးနိုင်ငံတကာရာဇဝတ်ခုံရုံး(ICC) နိုင်ငံတွေကလုပ်ဆောင်ပေးဖို့Fortify Rights ကတိုက်တွန်းထားပါတယ်။
Fortify Rights ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကို ဘီဘီစီက မေးမြန်းဖို့ကြိုးစားနေပါတယ်။
မြို့တစ်ဒါဇင်မှာ စိုးရိမ်ရေမှတ်ရောက်နိုင်တယ်လို့ မိုးဇလသတိပေး, ချင်းတွင်းမြစ်ရေဝင်လို့ ဆားလင်းကြီးမြို့နယ်ထဲက ကျေးရွာ ၅၀ ကျော် ရေနစ်မြုပ်

ဓာတ်ပုံ ရင်းမြစ်, Thet Paing Soe
ဓာတ်ပုံ ပုံစာ, ချင်းတွင်းမြစ်ရေတက်တာကြောင့် ရေနစ်မြုပ်နေတဲ့ နေအိမ်တွေ ဧရာဝတီမြစ်နဲ့ချင်းတွင်းမြစ်ရေဟာမြို့နယ်၁၂ခု မှာနောက်တစ်ရက်ကနေနှစ်ရက်အတွင်းစိုးရိမ်ရေမှတ်ကိုရောက်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဇူလိုင်၁၂ရက်ညနေပိုင်းမှာထုတ်ပြန်ပါတယ်။
ဧရာဝတီမြစ်ကမ်းဘေးမှာရှိတဲ့မြင်းမူ၊ပခုက္ကူ၊ညောင်ဦးမြို့နယ်တွေမှာနောက်တစ်ရက်အတွင်းတစ်ပေခန့်မြင့်တက်နိုင်ပြီးစိုးရိမ်ရေမှတ်မှာဆက်ရှိနေမှာပါ။
ချောက်၊မင်းဘူး၊မကွေး၊အောင်လံ၊ပြည်၊ဆိပ်သာ၊ဟင်္သာတ၊ဇလွန်မြို့နယ်တွေမှာလည်းဧရာဝတီမြစ်ရေဟာနောက်နှစ်ရက်အတွင်းစိုးရိမ်ရေမှတ်ကိုရောက်ရှိမယ်လို့မိုးဇလကထုတ်ပြန်ပါတယ်။
ချင်းတွင်းမြစ်ရေဟာကနီမြို့နယ်မှာလက်ရှိအချိန်မှာကိုစိုးရိမ်ရေမှတ်ကျော်နေပါတယ်။
ငါးသိုင်းချောင်းမြို့နယ်မှာငဝန်မြစ်ရေကနောက်နှစ်ရက်အတွင်းစိုးရိမ်ရေမှတ်ကိုရောက်ရှိနိုင်တယ်လို့သိရပါတယ်။
ချင်းတွင်းမြစ်ရေဝင်ရောက်တဲ့ဆားလင်းကြီးမြို့နယ်ထဲကအေးကုန်း၊ထနောင်းကုန်း၊သာယာကုန်း၊တောင်ပလူအပါအဝင်ကျေးရွာပေါင်း၅၀ကျော်မှာရေဝင်နေတာကြောင့်ရေလွတ်တဲ့နေရာတွေကိုပြောင်းရွှေ့နေကြရပါတယ်။
လက်ရှိရေဝင်ရောက်နေတဲ့ကျေးရွာအများစုဟာစစ်ဘေးကြောင့်ထွက်ပြေးနေကြရတဲ့ရွာတွေဖြစ်ပြီးအခုဆိုရင်ရေဘေးနဲ့ပါကြုံတွေ့နေကြရတာပါ။
ရေဘေးကြောင့် ကွမ်းစိုက်ခြံတွေပျက်စီးဆုံးရှုံးခဲ့တယ်လို့ဒေသခံတွေဆီကနေသိရပါတယ်။
တရုတ်က ပြန်လာတဲ့ ဒုချုပ် နဲ့ ဦးသိန်းစိန် စစ်ခေါင်းဆောင် နဲ့ တွေ့

ဓာတ်ပုံ ရင်းမြစ်, cincds
ဓာတ်ပုံ ပုံစာ, တရုတ်သံအမတ်နဲ့တွေ့တဲ့ စစ်ခေါင်းဆောင် တရုတ် နိုင်ငံကို ရှေ့ဆင့်နောက်ဆင့် သွားခဲ့ကြတဲ့ သမ္မတဟောင်း ဦးသိန်းစိန် နဲ့ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တို့ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နဲ့ ဇူလိုင် ၁၀ ရက်က တွေ့ဆုံခဲ့တယ်လို့ နေပြည်တော်က ဘီဘီစီသတင်းအရင်းအမြစ်တွေက ပြောပါတယ်။
‘’တာဝန်နဲ့ ခရီးသွားရင် ခရီးစဉ်အတွေ့အကြုံကို တာဝန်အရှိဆုံးလူဆီ သတင်းပြန်ပို့ရတာ တပ်ရဲ့ ထုံးစံပဲ’’ လို့ စစ်ရုံး နဲ့ နီးစပ်တဲ့ ဘီဘီစီသတင်းအရင်းအမြစ်က ပြောပါတယ်။
သူတို့ ဘာတွေဆွေးနွေးခဲ့ကြလဲဆိုတာ အသေးစိတ် မသိရသလို စစ်ကောင်စီဘက်ကလည်း ဒီသတင်းကို မထုတ်ပြန်ပါဘူး။
ဦးသိန်းစိန်ရဲ့တရုတ်ခရီးစဉ်ကတော့ ‘’ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ရပ်ချမှတ်ခဲ့တဲ့နှစ်(၇၀)ပြည့်အထိမ်းအမှတ်အခမ်းအနား’’ ကို တက်ရောက်တာဖြစ်ပြီး သမ္မတ ရှီကျင်းပင် နဲ့ လက်ဆွဲနှုတ်ဆက်ခဲ့ပါတယ်။
ဒါ့အပြင် ဦးသိန်းစိန်ဟာ တရုတ်ကွန်မြူနစ်ပါတီဗဟိုကော်မတီနိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊နိုင်ငံခြားရေးဝန်ကြီးမစ္စတာ ဝမ်ယိ နဲ့လည်း ဘေဂျင်းမှာ ဆွေးနွေးခဲ့ကြပါတယ်။
ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကတော့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)ရဲ့စိမ်းလန်းသောဖွံ့ဖြိုးတိုးတက်မှုဖိုရမ်ကိုတက်ရောက်ခဲ့တာဖြစ်ပါတယ်။
ခရီးစဉ်အတွင်းတရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့်ရဲ့အမျိုးသားကော်မတီဒုတိယဥက္ကဋ္ဌမစ္စရှန်ယွဲ့ယွဲ့နဲ့ဇူလိုင်၇ရက်သီးခြားတွေ့ဆုံချိန်မှာ မြန်မာမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ကိစ္စကို တရုတ်ဘက်ကို ပြောပြခဲ့ပါတယ်။
မတ္တရာမြို့နယ်ထဲက စခန်းနှစ်ခုကို သိမ်းပိုက်နိုင်တယ်လို့ MDY PDF ထုတ်ပြန်, နောင်ချိုမြို့နယ် တပ်စခန်းတွေကနေ လက်နက်မျိုးစုံ ၆၀၀ သိမ်းပိုက်နိုင်

ဓာတ်ပုံ ရင်းမြစ်, MDY PDF
ဓာတ်ပုံ ပုံစာ, နောင်ချိုမြို့နယ် စစ်ကောင်စီစခန်းတွေကို သိမ်းပိုက်ပြီးချိန် ရရှိတဲ့ စစ်သုံးပစ္စည်း မန္တလေးတိုင်း မတ္တရာမြို့နယ်၊ မြောက်တံငါ တပ်စခန်းနဲ့ အယ်ဖာဘိလပ်မြေ စက်ရုံ၊ ကာကင်းစခန်းကုန်းတွေကို သိမ်းပိုက်နိုင်တယ်လို့ ပြည်သူ့ကာကွယ်ရေး တပ်မတော် -မန္တလေး (MDY-PDF) က ဒီနေ့ ဇူလိုင် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
သိမ်းပိုက်လိုက်တဲ့ စခန်းတွေကနေ လက်နက်ခဲယမ်းတချို့ကို သိမ်းဆည်းရမိတယ်လို့လည်း သိရပါတယ်။
MDY-PDF ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေအရ အဲဒီစခန်းနှစ်ခုကနေ သေဆုံးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးယောက်ကိုလည်း တွေ့ရပါတယ်။
MDY-PDF နဲ့ တအာင်းတပ် TNLA တို့ ပူးပေါင်းပြီး နောင်ချိုမြို့ထဲက ခြေမြန်တပ်ရင်း (ခမရ) ၁၁၄၊ ခမရ (၁၁၅)၊ ဒုံးတပ်ရင်း (၆၀၆) ၊ အုမ္မတီး၊ အုမ္မခါး၊ ကျောက်ကြမ်း၊ ရွှေညောင်ပင်၊ ကံ့ကော်၊ ခဲမွန်၊ စက်ရုံ၊ တိုးဂိတ်၊ ဆေးရုံ၊ ဘူတာရုံ၊ ရဲစခန်း အပါအဝင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ရုံးတွေကို နှစ်ပတ်အကြာမှာ သိမ်းပိုက်နိုင်ခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။
နောင်ချိုမြို့ တိုက်ပွဲကာလအတွင်းမှာ စစ်ကောင်စီက ဂျက်ဖိုက်တာ နဲ့ အကြိမ် ၆၀၊ Y12 လေယာဉ်နဲ့ ၄၂ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။
စခန်းတွေ သိမ်းပိုက်ပြီးချိန်မှာ စစ်လက်နက်ပစ္စည်းမျိုးစုံ ၆၀၀ ကျော် သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ထားပါတယ်။
တိုက်ပွဲအတွင်းမှာ နောင်ချိုဒေသခံ ၁၀ ယောက် သေဆုံးပြီး ၊ ၉ ယောက် ဒဏ်ရာရခဲ့သလို ဘုန်းကြီးကျောင်း နှစ်ကျောင်းနဲ့ လူနေအိမ် ၉ လုံး ပျက်စီးခဲ့ပါတယ်။
ဆန်စျေးနှုန်းကိစ္စနဲ့ ဖမ်းထားတဲ့ ဂျပန်နိုင်ငံသားကို ရုံးထုတ်

ဓာတ်ပုံ ရင်းမြစ်, Aeon Orange
ဓာတ်ပုံ ပုံစာ, ဂျပန်အခြေစိုက် အီယွန်(AEON) လုပ်ငန်းရဲ့ မြန်မာလုပ်ငန်းခွဲ Aeon Orange စျေးဝယ်စင်တာ ဆန်စျေးနှုန်း အဆမတန်အမြတ်တင်ရောင်းတယ်ဆိုပြီး စစ်ကောင်စီ ဖမ်းဆီးထားတဲ့ Aeon Orange စျေးဝယ်စင်တာအကြီးအကဲ ဂျပန်နိုင်ငံသား မစ္စတာ ကာဆာမာဆု ကို ဇူလိုင် ၁၁ ရက်နေ့ ရုံးထုတ်ခဲ့တယ်လို့ ဂျပန်သတင်းဌာန တွေက ရေးသားပါတယ်။
အသက် (၅၃) နှစ်အရွယ်ရှိပြီဖြစ်တဲ့ မစ္စတာ ကာဆာမာဆု ကို ရန်ကုန်မြို့ က တရားရုံးတစ်ခုမှာ စစ်ကောင်စီ ကရုံးထုတ်ခဲ့တာလို့ တရားရေးသတင်းအရင်းအမြစ်တွေကို ကိုးကားပြီး ဂျပန်သတင်းဌာနတွေက ရေးသားကြပါတယ်။
မစ္စတာ ကာဆာမာဆု ဟာ ပြစ်မှုထင်ရှားရင် ထောင် ၆ လ ကနေ ၃ နှစ်အထိ ကျခံရနိုင်ဖွယ်ရှိတယ်လို့လည်း တရားရေး သတင်းအရင်းအမြစ်တွေထံကနေ သိရပါတယ်။
ဖမ်းဆီးခံထားရတဲ့ မစ္စတာ ကာဆာမာဆုနဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး တို့ ရန်ကုန်မြို့ ရဲစခန်းတစ်ခုမှာ ဇူလိုင် ၄ ရက်နေ့တုန်းက တွေ့ဆုံခွင့်ရခဲ့ပါသေးတယ်။
မစ္စတာ ကာဆာမာဆုဟာ ကျန်းမာရေးကောင်းမွန်နေတယ်လို့ သံအမတ်ကြီး မစ္စတာ အီချီရို မာရူယာမ က ပြောခဲ့ပါတယ်။
မစ္စတာ ကာဆာမာဆုဟာ ဂျပန်လက်လီလုပ်ငန်း အီယွန်နဲ့ မြန်မာကုမ္ပဏီတစ်ခု ၂၀၁၆ ခုနှစ်မှာ အကျိုးတူပူးပေါင်းလုပ်ဆောင်နေတဲ့ Aeon Orange ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ်ဖြစ်ပါတယ်။
ဆန်စျေးနှုန်း အဆမတန်ရောင်းချတယ်ဆိုပြီး Aeon Orange စူပါမားကတ်လုပ်ငန်းရဲ့ အမှုဆောင်အရာရှိချုပ် အပါအဝင် City Mart နဲ့ One Stop Mart အကြီးတန်းအရာရှိတွေကို ဇွန် ၃၀ နေ့ကတည်းက စစ်ကောင်စီ က ဖမ်းဆီးစစ်ဆေးခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီက ဆန်စျေးနှုန်းကို သတ်မှတ်စျေးနှုန်းထက် ၃၁ ရာခိုင်နှုန်းကနေ ၇၀ ရာခိုင်နှုန်းအထိ အမြတ်တင်ရောင်းချခဲ့တဲ့ ဆန်စပါးလုပ်ငန်းရှင်တွေနဲ့ စျေးဝယ်စင်တာတွေကို ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ နဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားပါတယ်။
၂၄ နာရီအတွင်း ပြင်းထန် ဝမ်းပျက် ဝမ်းလျှောလူနာသစ် ၁၁ ယောက်ထပ်တွေ့

ဓာတ်ပုံ ရင်းမြစ်, ကျန်းမာရေးဝန်ကြီးဌာန
ဓာတ်ပုံ ပုံစာ, ရန်ကုန်တိုင်းထဲက မြို့နယ်တချို့မှာ ကလိုရင်းလိုက်ခတ် ရန်ကုန်တိုင်းဒေသကြီး မြို့နယ်တချို့မှာ ၂၄ နာရီအတွင်း ဝမ်းပျက်ဝမ်းလျှော ရောဂါကြောင့် ဆေးရုံတက်ရသူ ၈၄ ယောက်ရှိပြီး အဲဒီထဲမှာ ၁၁ ယောက်က ပြင်းထန်ဝမ်းပျက်၊ ဝမ်းလျှောရောဂါတွေ့ရတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့ ဇူလိုင် ၁၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
အဲဒီလူနာသစ်တွေဟာ ဇူလိုင် ၁၀ ရက် ညနေ ၆ နာရီကနေ ဇူလိုင် ၁၁ ရက် ညနေ ၆ နာရီအတွင်း ရန်ကုန်တိုင်းထဲက ဆေးရုံတွေမှာ ဆေးရုံတက်ရောက် ကုသရသူတွေရဲ့ စာရင်းဖြစ်ပါတယ်။
ရောဂါဖြစ်ပွားသူတွေရဲ့ ကျန်းမာရေး အခြေအနေကတော့ ကောင်းမွန်တယ်လို့လည်း သိရပါတယ်။
အရင်ရက်တွေက ရောဂါဖြစ်ခဲ့သူလူနာ ၃၃ ယောက်က သက်သာလို့ ဆေးရုံက ဆင်းခွင့်ပြုခဲ့တဲ့အတွက် ဇူလိုင် ၁၁ ရက်အထိ ဆေးရုံဆင်းလူနာ ၂၅၀ ရှိတယ်လို့ ထုတ်ပြန်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောနဲ့ ပြင်းထန်ဝမ်းပျက် ဝမ်းလျှောကြောင့် ဆေးရုံတက်ခဲ့ရတဲ့ လူနာအရေအတွက် စုစုပေါင်းကိုတော့ ထုတ်ပြန်ထားတာ မတွေ့ရပါဘူး။
ရောဂါဖြစ်ပွားတဲ့ သာကေတမြို့နယ်၊ အနော်မာရပ်ကွက်မှာ ဇူလိုင် ၅ ရက်ကနေ ၁၂ ရက်အထိ လက်သုပ်အစားအစာဆိုင်တွေကို ပိတ်ဖို့ အုပ်ချုပ်ရေးအဖွဲ့တွေက ညွှန်ကြားထားတာပါ။
“နောက်ထပ် ဇူလိုင် ၂၄ ရက် အထိ ရက်တိုးမယ်လို့တော့ကြားတယ်။ လိုက်ကြေညာတာတော့ မကြားသေးဘူး။ ဒီနေ့ မနက်မှာ ကလိုရင်းဆေးတွေ အိမ်တိုင်းလိုက်ပေးတယ်။ လူဦးရေ နည်းရင် ဆေးတစ်လုံးကနေ နှစ်လုံး၊ လူဦးရေ ၆ ယောက်၊ ၇ ယောက်လောက်ဆိုရင် သုံးလုံးကနေ လေးလုံးပေးတယ်။ ရေထဲခတ်ပြီးသောက်ဖို့ ပြောတယ်။ သောက်တဲ့ရေသန့်အမျိုးအစား၊ ရေသန့်ထုတ်တဲ့ စက်ရုံနာမည်ကို စာရင်းကောက်တယ်”လို့ အနော်မာရပ်ကွက် မှာ နေထိုင်သူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါတွေဟာ သာကေတ၊ ဒေါပုံ၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ တာမွေ စတဲ့ နေရာတွေမှာ ဖြစ်ပွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ရေချုပ် ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် ထွက်စာတင်, အာဏာသိမ်းပြီးတဲ့နောက် ရေချုပ် သုံးဦးအထိ အပြောင်းအလဲ ဖြစ်

ဓာတ်ပုံ ရင်းမြစ်, MOI
ဓာတ်ပုံ ပုံစာ, ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် ဗိုလ်ချုပ်ကြီး မိုးအောင်နေရာကို အစားဝင်တာ ခြောက်လစွန်းစွန်းပဲရှိသေးတဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် နုတ်ထွက်စာ တင်သွားတယ် လို့ စစ်ရုံး နဲ့ ရေတပ်အသိုင်းအဝိုင်းကတဆင့်သိရပါတယ်။
၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးတဲ့နောက် ရေချုပ် သုံးဦးအထိ အပြောင်းအလဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၁) ဝန်ကြီး ဖြစ်သွားတဲ့ ရေချုပ်ဟောင်း ဗိုလ်ချုပ်ကြီးမိုးအောင် နေရာကို ဇန်နဝါရီလက မှ ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့်က အစားဝင်လာတာ ဖြစ်ပါတယ်။
ဒုတိယဗိုလ်ချုပ်ကြီးဇွဲဝင်းမြင့် နုတ်ထွက်ရတဲ့ အကြောင်းရင်းကို စစ်ကောင်စီဘက်ကလည်း တရားဝင်မထုတ်ပြန်သေးပါဘူး။
ဒါပေမဲ့ သံတွဲ အပါအဝင် ရခိုင်ကမ်းရိုးတန်းမှာ အာရက္ခတပ်တော်ကို ရှုံးနိမ့်တဲ့ ကိစ္စတွေနဲ့ ဆက်စပ်နေနိုင်တယ် လို့ စစ်ရေးအကဲခတ်တချို့က သုံးသပ်နေကြပါတယ်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ရေချုပ်ဟောင်းတွေ ဖြစ်တဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်း နဲ့ ဗိုလ်ချုပ်ကြီး မိုးအောင် တို့ကို အနားပေးခဲ့ပေမယ့် လုံခြုံရေးနဲ့ ဆိုင်တဲ့ ဝန်ကြီးနေရာတွေ ဆက်ပေးခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီး တင်အောင်စန်းက ကာကွယ်ရေးဝန်ကြီး ဖြစ်ပြီး ဗိုလ်ချုပ်ကြီးမိုးအောင်ကတော့ အမျိုးသားလုံခြုံရေးကောင်စီရဲ့ အကြံပေးအဖြစ်ပါ တာဝန်ယူထားတာဖြစ်ပါတယ်။
ငပလီကမ်းခြေက ခလရ (၅၅) ကို အေအေ သိမ်းပိုက်

ဓာတ်ပုံ ရင်းမြစ်, AA Info Desk
ဓာတ်ပုံ ပုံစာ, AA သိမ်းပိုက်နိုင်တဲ့ သံတွဲအခြေစိုက် ခလရ ၅၅ ရခိုင်ပြည်နယ် သံတွဲမြို့နယ် ငပလီကမ်းခြေအနီးက စစ်ကောင်စီ အမှတ်(၅၅) ခြေလျင်တပ်ရင်းကို သိမ်းပိုက်နိုင်ပြီ လို့ အာရက္ခတပ်တော် (အေအေ) က ဇူလိုင် ၁၁ ရက်က ထုတ်ပြန်ပါတယ်။
ခလရ (၅၅) ဟာ စစ်ကောင်စီရဲ့သံတွဲအခြေစိုက် တပ်ရင်းတွေထဲက နောက်ဆုံးကျန်တဲ့ တပ်ရင်းဖြစ်ပြီး သိမ်းပိုက်ရရှိတဲ့ လက်နက်တွေကိုပါ အေအေ က ထုတ်ပြန်ပါတယ်။
အဲဒီနောက် ငပလီကမ်းခြေရဲ့ အထင်ကရနေရာတွေဖြစ်တဲ့ စစ်တပ်ပိုင် အဏ္ဏဝါရိပ်သာ နဲ့ ရေသူမရုပ်တွေ နောက်ခံထားပြီး ရိုက်ထားတဲ့ အေအေ တပ်သားတွေ ရဲ့ ပုံတွေပါ အေအေ က ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ သံတွဲမြို့တစ်ခုလုံးကိုတော့ အပြီးသတ်မသိမ်းနိုင်သေးဘဲ ခမရ (၅၆၆) တပ်ရင်းက ထွက်ပြေးသွားသူတွေ၊ တပ်ကူ တွေ နဲ့ သံတွဲမြို့ထဲက စစ်ကောင်စီလက်ကျန်တပ်တွေ ကျန်နေသေးတယ် လို့ အာရက္ခ တပ်တော် (အေအေ)က ပြောပါတယ်။
ဇူလိုင် ၁၁ ရက်က သံတွဲမြို့ကို လက်နက်ကြီးပစ်ခတ်မှု နဲ့ လေကြောင်းတိုက်ခိုက်မှုတွေရှိခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
တခါ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးစခန်းဖြစ်တဲ့ နခခ (၅) မြို့သူကြီးစခန်းကို သိမ်းပိုက်နိုင်ဖို့ ထိုးစစ်ဆင်နေတယ်လို့ အာရက္ခတပ်တော် က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီ နခခ (၅) စခန်းအနီးက မကျည်းချောင်း(မကျီးချောင်း) နယ်ခြားစောင့်တပ်စခန်းကို ဇူလိုင် ၁၁ ရက်နေ့ က သိမ်းပိုက်နိုင်ပြီလို့ အေအေ က ပြောပါတယ်။
မကျည်းချောင်းစခန်း ကနေ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်အများအပြားလည်း သိမ်းပိုက်နိုင်ခဲ့တယ်လို့ အေအေ က ထုတ်ပြန်ပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ နီးပါး ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးသွားတယ်လို့လည်း အာရက္ခ တပ်တော် (အေအေ) က ပြောပါတယ်။
ထိုင်း၊ မြန်မာ၊ အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘောတွေ့

ဓာတ်ပုံ ရင်းမြစ်, ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန
ဓာတ်ပုံ ပုံစာ, ထိုင်း၊ အိန္ဒိယ၊ မြန်မာ နိုင်ငံခြားရေးဝန်ကြီးတွေ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ် ဆင်ညမ်ဖုန်၊ အိန္ဒိယသမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာ ဆူဘရတ် ဂျိုင်ရှန်ကာနဲ့ မြန်မာနိုင်ငံ နိုင်ငံခြားရေးရာဝန်ကြီး ဦးသန်းဆွေတို့ ဇူလိုင် ၁၁ ရက်မှာ အလွတ်သဘော တွေ့ဆုံခဲ့ကြပါတယ်။
ဦးသန်းဆွေ ခေါင်းဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ နယူးဒေလီမြို့မှာ ကျင်းပမယ့် ဒုတိယအကြိမ် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေးကို တက်ရောက်ဖို့ အိန္ဒိယနိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။
သုံးနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်ဖို့ ဆွေးနွေးခဲ့တယ်လို့ ထိုင်းနိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
မြန်မာ၊ ထိုင်းနဲ့ အိန္ဒိယနိုင်ငံကြားမှာ ကီလိုမီတာ ၁၄၀၀ ဝန်းကျင် အရှည်ရှိတဲ့ အဝေးပြေးလမ်းတည်ဆောက်ရေးနဲ့ ပတ်သက်လို့ ဒီနိုင်ငံတွေအကြား မကြာခဏတွေ့ဆုံခဲ့ကြပါတယ်။
အဓိကအားဖြင့် နိုင်ငံရေး မတည်ငြိမ်ဖြစ်နေတဲ့ မြန်မာနိုင်ငံအခြေအနေတွေကြောင့် ဒီစီမံကိန်းက စိန်ခေါ်မှုတွေရှိနေတာလည်း ဖြစ်ပါတယ်။
