စစ်ကိုင်းမြို့မှာ
မတ် ၂၈ ရက် ငလျင်ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားသလို သေဆုံးသူ ရာချီရှိနေတယ်လို့
ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။
နေအိမ်တွေနဲ့
ဗလီတွေထဲကနေ သေဆုံးသူအရေအတွက်က ၅၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြောပေမဲ့ ဘီဘီစီအနေနဲ့
သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။
စစ်ကိုင်းတံတားအဟောင်းကလည်း
လုံးဝပြိုကျ ပျက်စီးသွားသလို တံတားအသစ်ကလည်း အက်ကြောင်းတွေ ရှိနေတာကြောင့် ဖြတ်သန်းသွားလာလို့
မရတဲ့အတွက် ရေကြောင်းကိုသာ အသုံးပြုနေကြရပါတယ်။
“အခုက အရေးပေါ်
ကယ်ဆယ်ရေးအတွက်တောင် လူမလောက်ဖြစ်နေတာပါ။ အလောင်းကောက်လို့ မရတာတွေ၊ ပိတ်မိနေတာတွေ
အများကြီးပါပဲ။ တံတားနှစ်စင်းလုံးကလည်း ဖြတ်မရတော့ မြို့ပျက်ကြီးထဲမှာ အကုန်ပိတ်မိနေကြပါတယ်။
အရေးပေါ် ကယ်ဆယ်ရေးသမားတွေ လာကယ်နိုင်ဖို့ ကူညီပေးကြပါ”လို့ ရှိတဲ့အခြေအနေနဲ့ ကူညီကယ်ဆယ်ရေး
လုပ်ဆောင်နေရသူတစ်ယောက်က ပြောပါတယ်။
လက်ရှိအခြေအနေမှာ
အပျက်အစီးနည်းတဲ့ မြို့ခံတွေကပဲ အချင်းချင်း ဦးဆောင်ပြီး ကူညီကယ်ဆယ်ရေး လုပ်နေကြရပါတယ်။
ပြိုကျပျက်စီးနေတဲ့
နေအိမ်တွေနဲ့ ဗလီတွေထဲက ပိတ်မိသူတွေကလည်း အချိန် ၂၄ နာရီ ကျော်လွန်သွားပြီဖြစ်တာကြောင့်
အသက်သေဆုံးဖို့သာ များနေပြီလို့လည်း သူက မှတ်ချက်ပေးပါတယ်။
အပျက်အစီးတွေကို
ဖယ်ရှားဖို့ ဝန်ချီစက်ကြီးတွေလည်း မရှိသလို လာကူညီမယ့် စက်တွေကလည်း တံတားဖြတ်မရတာကြောင့်
ကယ်ဆယ်ရေးအပိုင်းမှာ အခက်အခဲ ဖြစ်နေကြတာပါ။
ဒါ့အပြင်
သဘာဝဘေးအန္တရာယ်တွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ စစ်ကိုင်းမီးသတ်ဌာနကပါ ပြိုကျပျက်စီးသွားတဲ့အတွက်
သူတို့လည်း ကူညီနိုင်တဲ့ အခြေအနေ မရှိကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။