မြန်မာငလျင် သေဆုံးသူ ၁,၆၀၀ ကျော်လာ

မြန်မာငလျင် သေဆုံးသူ ၁,၆၀၀ ကျော်လာပြီး ဘန်ကောက်မြို့က ဆောက်လက်စ အဆောက်အဦပြိုကျမှုမှာ ပျောက်ဆုံးနေတဲ့ မြန်မာလုပ်သားတွေကို သက်ဆိုင်ရာမိသားစုဝင်တွေက စောင့်ဆိုင်းနေကြတဲ့သတင်းနဲ့အတူ မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှု ဆက်တွဲထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်ပေးနေပါပြီ။

အနှစ်ချုပ်

  • တရုတ်က မြန်မာနိုင်ငံသို့ အရေးပေါ်အကူအညီများပေးရန် ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့များ စေလွှတ်ခဲ့ပြီးတဲ့နောက် အဖွဲ့ဝင် ၃၇ ဦး ပါတဲ့ ကယ်ဆယ်ရေးအဖွဲ့ကို ထပ်လွှတ်ပေးတာဖြစ်
  • နေပြည်တော် အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အခြေအနေသိရဖို့ ရှေ့နေအဖွဲ့ ကြိုးပမ်း
  • ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနဲ့ ဓာတ်အားလိုင်းတွေ ချို့ယွင်းပျက်စီးခဲ့လို့ရန်ကုန်မှာ တစ်ရက် ၄ နာရီပဲ အလှည့်ကျ မီးပေးနိုင်
  • သမိုင်းဝင် မြသိန်းတန်စေတီဟာ မတ် ၂၈ ရက် အင်အားပြင်းငလျင် ကြောင့် အကြီးအကျယ် ပျက်စီး
  • ပြင်းအားမြင့်ငလျင်ကြောင့် မန္တလေးတိုင်းထဲမှာ သေဆုံးသူ ၈၃၈ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၈ ယောက် ရှိ
  • မန္တလေးမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက် မနက်အစောပိုင်းမှာ ရောက်ရှိ
  • ငလျင်အတွက် စာနာကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖုန်းဆက်ပြော
  • မနက် ၁၁ နာရီဝန်းကျင်အထိ စစ်ကောင်စီကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံး မှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀၀၂ ယောက်ရှိလာ
  • ကျောက်ဆည်အနောက် အေးမြကြည်လင် မူကြိုကျောင်းလည်း ပါဝင်ခဲ့ပြီး ဒီနေ့မနက်မှာတော့ မူကြိုကလေး ၁၂ ယောက်နဲ့ ဆရာမတစ်ယောက်
  • စဉ့်ကိုင်မြို့က လူနေအိမ် ၃ ပုံ ၁ ပုံခန့်ဟာ မတ် ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ပျက်စီး
  • အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု အခြေအနေကို အမြန်ဆုံး စစ်ဆေးရာမှာ ပါဝင်ဖို့ စေတနာ့ဝန်ထမ်းဂျင်အင်နီယာတွေကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်ဖိတ်ခေါ်
  • စစ်ကိုင်းမြို့မှာ မတ် ၂၈ ရက် ငလျင်ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီး
  • စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ငယ်တွေ ဒီနေ့မှာ ဆက်ပြီး လှုပ်ခတ်နေ

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ရာစုနှစ်အတွင်း အပြင်းဆုံးငလျင်လှုပ်ခတ်ခဲ့မှု နောက်ဆုံးသိရသမျှ

    • မြန်မာမှာ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် သေဆုံးသူ အရေအတွက် ၁,၆၀၀ ကျော်အထိမြင့်တက်လာတယ်လို့ စစ်ကောင်စီက ပြောပါတယ်။
    • ဒီအတောအတွင်းမှာပဲ မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်မှာ ပြီးခဲ့တဲ့နာရီပိုင်းအတွင်း ငလျင်ငယ် လှုပ်ခတ်မှုတွေ ရှိခဲ့တယ်လို့ သဲတော(ရွာ)ဒေသခံတွေက လူမှုကွန်ရက်ပေါ်မှာ ရေးသားနေကြပါတယ်။
    • ဘီဘီစီက ဒီနေ့မှာ စကားပြောဆက်သွယ်ခဲ့တဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေရဲ့အပြောအရ ငလျင်ဒဏ်သင့်ဒေသတွေမှာ အပျက်အစီးတွေ‌အောက် ပျောက်ဆုံးသူတွေရှိနေသေးတာကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် မြင့်တက်လာနိုင်ခြေရှိနေပါတယ်။
    • မန္တလေးတိုင်းထဲက မန္တလေးမြို့၊ အမရပူရမြို့၊ တံတားဦးမြို့၊ စဥ့်ကိုင်မြို့နယ်တို့အပြင် စစ်ကိုင်းမြို့ပေါ် မှာလည်း ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုတွေ များပြားနေတယ်လို့ အကူအညီပေးရေးအဖွဲ့တွေဆီကနေ သိရပါတယ်။
    • ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသထဲမှာလည်း ငလျင်လှုပ်ချိန် အင်းလေးကန်ရေပြင် ဘောင်ဘင်ခတ် လှိုင်းထလို့ သာသနိကနဲ့ နေအိမ်အဆောက်အဦ ရာနဲ့ချီ ပြိုကျပျက်စီးနေပြီး သေဆုံးသူ ဆယ်ချီအထိ ရှိနေတယ်လို့ ကနဦး သတင်းတွေအရ သိရပါတယ်။
    • မန္တလေးမြို့ပေါ် အပါအဝင် ငလျင်ဒဏ်အပြင်းဆုံးခံခဲ့ရတဲ့ဒေသတွေမှာ ဖုန်းလိုင်းအပြင် လျှပ်စစ်မီးလည်း ပြတ်တောက်နေသလို လမ်းတွေလည်း ပျက်စီးနေလို့ ဒီအခြေအနေဟာ ကူညီကယ်ဆယ်ရေး လုပ်သူတွေအတွက် အဟန့်အတားဖြစ်နေစေတယ်လို့လည်း သိရပါတယ်။
  2. Sky Villa ကွန်ဒိုကနေ သေဆုံးသူ ရုပ်အလောင်း ၉ လောင်းတွေ့

    ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ Sky Villa

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, ငလျင်ဒဏ်ကြောင့် ပြိုကျသွားတဲ့ Sky Villa

    မန္တလေးတိုင်း၊ အောင်မြေသာစံမြို့နယ်က Sky Villa ကွန်ဒိုအဆောက်အဦမှာ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့ပြီး သေဆုံးသူ ၉ ယောက်ရဲ့ ရုပ်အလောင်းကို ရှာတွေ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်ဦးစီးဌာနက မတ် ၂၉ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

    ငလျင်လှုပ်ခတ်ခဲ့တဲ့ မတ် ၂၈ ကနေစပြီး မတ် ၂၉ ရက် နေ့လယ်ပိုင်းအထိ အသက်ရှင်ရက် ကယ်တင်နိုင်သူ ၄၃ ယောက်ရှိပြီး သေဆုံးသူ ရုပ်အလောင်း ၉ လောင်းရှိခဲ့တာလို့ သိရပါတယ်။

    လက်ရှိအချိန်အထိလည်း ဗဟိုမီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ အရံမီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ရှာဖွေရေးတွေ လုပ်နေတယ်လို့လည်း ထုတ်ပြန်ပါတယ်။

    Sky Villa ကွန်ဒိုမှာ နေထိုင်ပြီး ငလျင်ဒဏ်ကြောင့် တိုက်ပြိုပြီးနောက် အဆက်အသွယ် ပြတ်တောက်နေတဲ့သူ အယောက် ၄၀ ဝန်းကျင်လောက် ရှိနေတယ်လို့လည်း ရှာဖွေပေးဖို့ လူမှုကွန်ရက်ကနေ အကူအညီတောင်းနေတဲ့ မိသားစုဝင်တွေရဲ့ စာတွေကနေ သိရပါတယ်။

    Sky Villa ကွန်ဒို တိုက်ခန်းတွေကို ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီကစပြီး အရစ်ကျရောင်းချခဲ့တာဖြစ်ပြီး ငလျင်ဒဏ်ခံ ဖောင်ဒေးရှင်းစနစ်တွေနဲ့ ဆောက်လုပ်ထားတာ ဖြစ်တယ်လို့လည်း ကုမ္ပဏီကြော်ညာချက်တွေအရ သိရပါတယ်။

    ဒါ့အပြင် Sky Villa ကွန်ဒိုမှာ နေထိုင်တဲ့ သုခဒိုင်းမွန်း စိန်တိုက်ပိုင်ရှင် ဒေါ်မိုးသီတာရွှေနဲ့ သားသမီး၊ မြေးတို့ဟာ မတ် ၂၈ ရက် သဘာဝဘေးကြောင့် ကွယ်လွန်အနိစ္စရောက်သွားပြီလို့လည်း စိန်တိုက်က သတင်းထုတ်ပြန်ထားပါတယ်။

  3. သတင်းထူး, မြန်မာငလျင် သေဆုံးသူ ၁,၆၀၀ ကျော်အထိ မြင့်တက်လာ

    မြန်မာမှာ မနေ့က လှုပ်ခတ်ခဲ့တဲ့အားပြင်းငလျင်ကြောင့်သေဆုံးသူ အရေအတွက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ မိနစ်ပိုင်းကပဲ ထပ်မံထုတ်ပြန်လာပါတယ်။

    နောက်ဆုံးထုတ်ပြန်လိုက်တဲ့ အရေအတွက်အရ သေဆုံးသူ စုစုပေါင်းဟာ ၁,၆၄၄ ဦးရှိတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

    ဒါဟာ ငလျင်ဒဏ်သင့်ဒေသအားလုံးမှာ ငလျင်ဘေးကြောင့် ဆုံးပါးခဲ့ကြရသူအရေအတွက်လို့ ဆိုပါတယ်။

    ဒဏ်ရာရသူအရေအတွက်လည်း ၃,၄၀၀ ကျော်အထိရှိနေပါတယ်။

    ဒီနေ့ မနက်ခင်းပိုင်းအထိ စစ်ကောင်စီ ထုတ်ပြန်ချက်အရ သေဆုံးသူ ၁,၀၀၀ အထိရှိခဲ့တာကြောင့် အခုနောက်ဆုံး ထုတ်ပြန်ချက်အရဆိုရင် သေဆုံးသူအရေအတွက်ဟာ နာရီပိုင်းအတွင်း လူပေါင်း ရာနဲ့ချီ တိုးလာနေတာဖြစ်ပါတယ်။

  4. ငလျင်လှုပ်ချိန် စစ်တပ်လေကြောင်းဗုံးကြဲလို့ ဓနုတပ်ဖွဲ့ဝင်ရဲမေ ၆ ဦး ရဲ‌ဘော် ၁ ဦး သေဆုံး

    မတ် ၂၈ ရက် လေကြောင်းဗုံးထိမှန် သေဆုံးသူတွေရဲ့အလောင်းတွေ

    ဓာတ်ပုံ ရင်းမြစ်, DPLF/DPLA

    ဓာတ်ပုံ ပုံစာ, မတ် ၂၈ ရက် လေကြောင်းဗုံးထိမှန် သေဆုံးသူတွေရဲ့အလောင်းတွေ

    မတ် ၂၈ ရက် ငလျင်လှုပ်နေချိန် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ဝန်းကျင်မှာ စစ်ကောင်စီရဲ့ ဂျက်ဖိုက်တာ လှည့်ပတ် ပျံသန်းပြီး ဗုံးကြဲချတာကြောင့် ဗုံးခိုကျင်းထဲက ဓနုတပ်ဖွဲ့ (DPLA) က ရဲမေ ၅ ဦး ပွဲချင်းပြီးသေဆုံးကာ နောက် ၁ ဦးက ဆေးခန်းရောက်ချိန် ဆုံးပါးသွားတယ်လို့ DPLFပြောရေးဆိုခွင့်ရှိသူ ကိုအမောင်က ဘီဘီစီကို ပြောပါတယ်။

    “ဗုံးခိုကျင်းတစ်ခုထဲက ရဲမေ ၅ ယောက်အစုလိုက် ဆုံးတာ။ နောက်ထပ်ရဲဘော်၁ယောက်လည်း ဗုံးခို ကျင်းထဲဆုံးတယ်”လို့ သူကပြောပါတယ်။

    မတ် ၂၈ ရက်၊နေ့လည် ၁ နာရီဝန်းကျင်မှာ နောင်ချိုမြို့နယ်ထဲက နေရာ ၅ ခုကို လေကြောင်းဗုံး ၈ လုံး ကြဲချခဲ့တာလို့ သူကပြောပါတယ်။

    TNLA ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းဖိအားပေးနေပြီး သဘာဝဘေးကြုံနေချိန် ပါမချန် တိုက်ခိုက်ခံခဲ့ရတာဖြစ်ပါတယ်။

    “အားလုံးက ရူးမတတ်ဘဲ။ ကလေးတချို့ဆိုအမောဖောက်တာတို့ သတိလစ်တာတို့ဖြစ်ကုန်ကြတယ်” လို့ ကိုအမောင်ကပြောပါတယ်။

    ဗုံးခိုကျင်းထဲမှာ ငလျင်လှုပ်ချိန်မနေသင့်မှန်း သိကြပေမဲ့ လေယာဥ်ဗုံးကြဲတာကြောင့် မြေပြင်ပေါ်မနေရဲဘဲ အကုန်ဆင်း ပြေးကြရတယ်လို့ သူကပြောပါတယ်။

    စစ်ကောင်စီဟာ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း၊ ရှမ်းပြည်နယ် အရှေ့မြောက်၊ နေပြည်တော်နဲ့ ပဲခူးတိုင်းတို့ကို အရေးပေါ်အခြေအနေ ကြေညာခဲ့ပေမဲ့ ဒီထဲက ‌ဒေသ ၃ ခုမှာ လေကြောင်း တိုက်ခိုက်တာတွေ လုပ်ခဲ့ပါတယ်။

  5. ဓာတ်ပုံစုစည်းချက်- ဘန်ကောက်မြို့၊ ချက်တူချက်အရပ်က ဆောက်လက်စစာရင်းစစ်ရုံး ပြိုကျမှု

    ချက်တူချက်က ပြိုကျ အဆောက်အဦ
    ဓာတ်ပုံ ပုံစာ, ချက်တူချက်က ပြိုကျ အဆောက်အဦ

    မနေ့က မြန်မာနိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာလည်း တ်မိနေသူတွေကို ၄၈ နာရီအတွင်းရှာဖွေမယ်လို့ ထိုင်းအစိုးရကပြောထားပြီး အင်အားရာချီသုံးရှာဖွေနေပါတယ်။

    အနံ့ခံခွေးတွေနဲ့ရှာဖွေတဲ့ သမရိုးကျနည်းကကစလို့ 3D ကင်မရာနဲ့ ရိုဘော့စက်ရုပ်တွေအထိ ရှာဖွေနေ
    ဓာတ်ပုံ ပုံစာ, အနံ့ခံခွေးတွေနဲ့ရှာဖွေတဲ့ သမရိုးကျနည်းကကစလို့ 3D ကင်မရာနဲ့ ရိုဘော့စက်ရုပ်တွေအထိ ရှာဖွေနေ
    ဝန်ချီစက်တွေ အသုံးပြုပြီး အပျက်အစီးတွေဖယ်ရှား
    ဓာတ်ပုံ ပုံစာ, ဝန်ချီစက်တွေ အသုံးပြုပြီး အပျက်အစီးတွေဖယ်ရှား
    ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေ
    ဓာတ်ပုံ ပုံစာ, ရှာဖွေရေးတွေ ဆက်လက်လုပ်ဆောင်နေ

    ထိုင်းဒုတိယဝန်ကြီးချုပ်ရော၊ ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးပါ အခင်းဖြစ်ရာနေရာကို ဒီကနေ့ရောက်ရှိလာပါတယ်။

    မနေ့က ငလျ‌င်ကြောင့် ဘန်ကောက်မြို့ ဘန်ဆူးအရပ်က လုပ်ငန်းခွင်ပြိုကျမှုမှာ မြန်မာ တစ်ဦးသေဆုံးခဲ့တယ်လို့ ထိုင်း သတင်းတွေကဖော် ပြပါတယ်။

  6. သတင်းထူး, နေပြည်တော်မှာ ငလျင်ငယ်တွေ လှုပ်ခတ်နေလို့ ဒေသခံတွေ စိုးရိမ်

    စစ်ကောင်စီ ရုံးစိုက်ရာ နေပြည်တော်မှာ ငလျင်ငယ်တွေ ဒီနေ့မှာ ဆက်ပြီး လှုပ်ခတ်နေလို့ဒေသခံတွေ စိုးရိမ်နေကြပါတယ်။

    အခုနေ့လယ် ၃ နာရီကျော်အထိ ငလျင်ငယ်တွေ လှုပ်ခတ်တာကြောင့် စိုးရိမ်နေကြတာပါ၊

    ''ညကလည်း တညလုံးမှာ အများဆုံး ၆ ကြိမ်ထက်မနည်းလှုပ်ခဲ့တယ်။ အခု အများစုက ဘုန်းကြီးကျောင်းတွေ၊ အပြင်တွေ ပြေးနေကြရတယ်'' လို့ ‌‌ဒေသခံတစ်ဦးက ‌ပြောပါတယ်။

    နေပြည်တော်ဟာ မနေ့က အင်အားပြင်း ငလျင်ကြောင့် ဒဏ်ရာရသူမြင့်မားရာ ‌‌နေရာတစ်ခုဖြစ်ခဲ့ပြီး ‌နေပြည်‌တော်က ဆေး ရုံတွေ မှာ ကုသမှု ‌ပေး နေတွေကို စစ်ခေါင်ဆောင် ကိုယ်တိုင် ဒီနေ့ မနက်ပိုင်းက ကြီးကြပ်ခဲ့ပါတယ်။

    စစ်ကောင်စီရဲ့ ဒီနေ့ မနက်နှောင်းပိုင်း နောက်ဆုံးထုတ်ပြန်ချက်အရ မြန်မာ့ ငလျင်ကြောင့် သေဆုံးသူ လူပေါင်း ၁,၀၀၀ ကျော်အထိရှိပြီး ဒဏ်ရာရသူ နောက်ထပ် လူထောင်ချီရှိနေပါတယ်။

  7. စစ်ကိုင်းမြို့ ငလျင်အပျက်အစီး - ‘‘မြို့ပျက်ကြီးထဲမှာ အကုန်ပိတ်မိနေကြပါတယ်’’

    စစ်ကိုင်းမြို့ထဲမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူတွေ

    ဓာတ်ပုံ ရင်းမြစ်, ပေးပို့

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့ထဲမှာ ငလျင်ဒဏ်ကြောင့် သေဆုံးသွားသူတွေ

    စစ်ကိုင်းမြို့မှာ မတ် ၂၈ ရက် ငလျင်ကြောင့် တစ်မြို့လုံးနီးပါး ပျက်စီးသွားသလို သေဆုံးသူ ရာချီရှိနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

    နေအိမ်တွေနဲ့ ဗလီတွေထဲကနေ သေဆုံးသူအရေအတွက်က ၅၀၀ ဝန်းကျင်ရှိနိုင်တယ်လို့ ပြောပေမဲ့ ဘီဘီစီအနေနဲ့ သီးခြားအတည်ပြုနိုင်တာ မရှိသေးပါဘူး။

    စစ်ကိုင်းတံတားအဟောင်းကလည်း လုံးဝပြိုကျ ပျက်စီးသွားသလို တံတားအသစ်ကလည်း အက်ကြောင်းတွေ ရှိနေတာကြောင့် ဖြတ်သန်းသွားလာလို့ မရတဲ့အတွက် ရေကြောင်းကိုသာ အသုံးပြုနေကြရပါတယ်။

    “အခုက အရေးပေါ် ကယ်ဆယ်ရေးအတွက်တောင် လူမလောက်ဖြစ်နေတာပါ။ အလောင်းကောက်လို့ မရတာတွေ၊ ပိတ်မိနေတာတွေ အများကြီးပါပဲ။ တံတားနှစ်စင်းလုံးကလည်း ဖြတ်မရတော့ မြို့ပျက်ကြီးထဲမှာ အကုန်ပိတ်မိနေကြပါတယ်။ အရေးပေါ် ကယ်ဆယ်ရေးသမားတွေ လာကယ်နိုင်ဖို့ ကူညီပေးကြပါ”လို့ ရှိတဲ့အခြေအနေနဲ့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေရသူတစ်ယောက်က ပြောပါတယ်။

    လက်ရှိအခြေအနေမှာ အပျက်အစီးနည်းတဲ့ မြို့ခံတွေကပဲ အချင်းချင်း ဦးဆောင်ပြီး ကူညီကယ်ဆယ်ရေး လုပ်နေကြရပါတယ်။

    ပြိုကျပျက်စီးနေတဲ့ နေအိမ်တွေနဲ့ ဗလီတွေထဲက ပိတ်မိသူတွေကလည်း အချိန် ၂၄ နာရီ ကျော်လွန်သွားပြီဖြစ်တာကြောင့် အသက်သေဆုံးဖို့သာ များနေပြီလို့လည်း သူက မှတ်ချက်ပေးပါတယ်။

    အပျက်အစီးတွေကို ဖယ်ရှားဖို့ ဝန်ချီစက်ကြီးတွေလည်း မရှိသလို လာကူညီမယ့် စက်တွေကလည်း တံတားဖြတ်မရတာကြောင့် ကယ်ဆယ်ရေးအပိုင်းမှာ အခက်အခဲ ဖြစ်နေကြတာပါ။

    ဒါ့အပြင် သဘာဝဘေးအန္တရာယ်တွေမှာ ကူညီကယ်ဆယ်ရေးတွေ လုပ်ဆောင်ပေးနေတဲ့ စစ်ကိုင်းမီးသတ်ဌာနကပါ ပြိုကျပျက်စီးသွားတဲ့အတွက် သူတို့လည်း ကူညီနိုင်တဲ့ အခြေအနေ မရှိကြဘူးလို့ မြို့ခံတွေက ပြောပါတယ်။

  8. မြန်မာ့ငလျင် ၂၄ နာရီအလွန် - မန္တလေး ကယ်ဆယ်ရေးအဖွဲ့တွေ ဘာတွေ ကြုံနေရလဲ

    မတ်လ ၂၈ ရက် ငလျင်လှုပ်ခတ်မှုအပြီးမှာ ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးက မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    မန္တလေးတိုင်းက မြို့နယ်တွေမှာ ပျက်စီးမှုနဲ့ လူသေဆုံးမှု များပြားခဲ့တဲ့ မြန်မာ့ ငလျင် လှုပ်ခတ်တာ ၂၄ နာရီ ‌ကျော်လာပြီဖြစ်ပါတယ်။

    ၂၄ နာရီကျော်လာတဲ့ မြန်မာ့ ငလျင်မှာ‌မြေပြင်က ကူညီ ကယ်ဆယ် ရေးအဖွဲ့တွေ ဘာ‌ေတွေ ကြုံနေရပါသလဲ။

    ရန်ကုန် အခြေစိုက် ဘီဘီစီ သတင်း‌ထောက်က မန္တလေးမြို့ပေါ်မှာ ကူညီ ကယ်ဆယ်ရေး လုပ်နေ သူတစ်ဦးကို ဆက်သွယ် ‌အွန်လိုင်းကနေ ဆက်သွယ် ‌မေးမြန်းထားပါတယ်။

    ''အဓိကတော့ ကျွန်တော်တို့ ဒီမှာ လိုင်းမရဘူးဗျ။ အင်တာနက်လိုင်းတွေမရဘူး၊ ဖုန်းလိုင်းတွေ မရဘူးဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ချိတ်ဆက်ဖို့က တော်တော်ခက်ခဲတယ်။ ကိုဗစ်လိုမဟုတ်ဘူး။ ကိုဗစ်တုန်းက ဆက်သွယ်ရေးတွေရနေတော့ တစ်နေရာနဲ့တစ်နေရာ ချက်ချင်းအကြောင်းကြားလုပ်နိုင်တယ်။ ပြီးတော့ ဝတ်စုံပိုင်းပေါ့။ ကိုဗစ်တုန်းက PPE တို့ဘာတို့ လူအင်အားအဓိကလိုအပ်တာ။''

    ''ဒီမှာကျတော့ ကျွန်တော်တို့က စက်ပစ္စည်းတွေနဲ့ လုပ်ရတာကို။ တချို့အိမ်အောက်မှာ ပိနေတာတွေဆို အခုချိန်ထိ ဆယ်လို့မရသေးဘူး။ ဘာလို့တုန်းဆို စက်ပစ္စည်းမရှိလို့ပေါ့။ အဲဒီဟာတွေကတော့ ကျွန်တော်တို့ တော်တော်လိုအပ်တဲ့အထဲမှာပါတယ်ဗျ။ (ကယ်ဆယ်ရေးအဖွဲ့အစုံ) ရောက်တော့ရောက်နေပြီ။ ဒါပေမယ့်သူက ဘယ်ကိုသွားလို့သွားရမှန်းမသိဘူး။ ခုနကပြောသလို ဖုန်းလိုင်းတွေက ဆက်သွယ်လို့ မရဘူးဖြစ်နေတော့လေ။ ''

    ''ဖုန်းလိုင်းတွေက မနေ့ကဆို တနေကုန်မရဘူး။ ညနေပိုင်း၊ ညပိုင်းလောက်မှရတာပေါ့။ ဖုန်းလိုင်းတွေမရတဲ့အပေါ်မှာ ဘယ်သူမှဆက်သွယ်လို့မရတော့ ကိုယ်နဲ့နီးရာကို ကိုယ်လုပ်နေရသလိုဖြစ်တာပေါ့။ နောက်မှဒီတိုင်းထွက်ကြည့်လိုက်တော့မှ ဒီထက်ပိုပြီးတော့ ဆိုးတဲ့နေရာတွေကရှိနေတာကို။ အဲဒီတော့ အခုကလူတွေသာရှိနေတာ၊ ကျွန်တော်တို့မှာက စက်ပစ္စည်းမရှိဘူးဖြစ်နေတာ။ အဓိကက ကရိန်းတွေ၊ ဘက်ဟိုးတွေ၊ ခွဲတဲ့စက်တွေနဲ့ ခွဲပြီးလူထုတ်ရမှာ။ အဲဒါကို မထုတ်နိုင်ဘူးဖြစ်နေတာ။''

  9. ငလျင်ကြောင့် ပျက်စီးအတိုင်းအဆတွေကို စစ်ဆေးဖို့ စေတနာ့ဝန်ထမ်း အင်ဂျင်နီယာတွေကို ဖိတ်ခေါ်နေ

    မန္တလေးတိုင်းထဲ ဗဟိုပြုလှုပ်ခတ်တဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် အဆောက်အအုံတွေ ထိခိုက်ပျက်စီးမှု အခြေအနေကို အမြန်ဆုံး စစ်ဆေးရာမှာ ပါဝင်ဖို့ စေတနာ့ဝန်ထမ်းဂျင်အင်နီယာတွေကို မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းချုပ်က ဒီနေ့မှာပဲ စာထုတ်လာပါတယ်။

    ငလျင်ဒဏ်သင့်အဆောက်အအုံတွေကို စိစစ်ရေးဟာ အလွန်ကြီးမားတဲ့လုပ်ငန်းဖြစ်တာကြောင့် အင်ဂျင်နီယာတွေရဲ့ စေတနာလုပ်အား လိုအပ်တာကြောင့် အခုလို ဖိတ်ခေါ် ရတာလို့ ဆိုပါတယ်။

    ဒီအဆောက်အအုံတွေကို စစ်ဆေးမှု စနစ်တကျနဲ့တပြေးညီဖြစ်စေဖို့ အွန်လိုင်းသင်တန်းတစ်ခုကိုလည်း အမြန်ဆုံး စီစဥ်ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါကြောင့် နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့နဲ့ တခြားမြို့ကြီးတွေက စိတ်ပါဝင်စားတဲ့ လုပ်အားပေးလိုသူ

    အင်ဂျင်နီယာတွေအနေနဲ့ နည်းပညာဆိုင်ရာအင်ဂျင်နီယာ ဦးဝေရာအောင်(ဖုန်း - ၀၉၄၅၆၆၇၂၂၉၃) ကို ဆက်သွယ်နိုင်တယ်လို့လည်း ကြေညာထားပါတယ်။

  10. စဉ့်ကိုင်မြို့ က လူနေအိမ် ၃ ပုံ ၁ ပုံခန့် ငလျင်ကြောင့် ပျက်စီး

    လူပိတ်မိနေတဲ့ နေရာကို ဖြတ်တောက် ကယ်ထုတ်ဖို့ လုပ်နေတဲ့ ကယ်ဆယ်ရေး အဖွဲ့ ဝင်တွေ

    ဓာတ်ပုံ ရင်းမြစ်, NLA

    ဓာတ်ပုံ ပုံစာ, လူပိတ်မိနေတဲ့ နေရာကို ဖြတ်တောက် ကယ်ထုတ်ဖို့ လုပ်နေတဲ့ ကယ်ဆယ်ရေး အဖွဲ့ ဝင်တွေ

    မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ထဲက စဉ့်ကိုင်မြို့က လူနေအိမ် ၃ ပုံ ၁ ပုံခန့်ဟာ မတ် ၂၈ ရက်တုန်းက လှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ပျက်စီးခဲ့တယ်လို့ ကယ်ဆယ်ရေးလုပ်နေတဲ့ လူမှုကူညီရေးအဖွဲ့ ဝင်တစ်ဦးက ဒီနေ့ မွန်းလွဲပိုင်းမှာပဲ ဘီဘီစီကိုပြောပါတယ်။

    ၂၀၁၄ သန်း‌ခေါင်စာရင်းအရ စဥ့်ကိုင်မြို့နယ်ထဲ အိုးအိမ် အဆောက်ဦ ၃၃,၀၀၀ ‌‌ကျော်အထိ ရှိနေတာပါ။

    စဉ့်ကိုင်မြို့မှာ လူမှုကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ အဖွဲ့တွေမှာ ကယ်ဆယ်ရေးသုံးပစ္စည်းတွေ အခက်အခဲတချို့ ကြုံနေရတယ်လို့ လည်း သူကပြောပါတယ်။

    “လူအင်အားတော့ ရှိပေမဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ မစုံတော့ ကယ်ဆယ်ရေးမှာ ခက်ခဲတာပေါ့။ အခုထိတော့ ရှိတဲ့ ပစ္စည်းနဲ့ရအောင်ကယ်နေတယ်။ ဒီနေ့ မနက် ၁၁တည်းက ကိုယ်ပိုင်ကျောင်းပြိုတဲ့ အောက်မှာပိနေတဲ့ မိန်းကလေးတစ်ယောက်ကို ထုတ်ပေးနေတယ်” လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်က ပြောပါတယ်။

    ဒီနေ့ မနက်ပိုင်းမှာ ကယ်ဆယ်ရေးအဖွဲ့တွေက စဉ့်ကိုင်မြို့၊ ပညာစံအိမ်ကိုယ်ပိုင်ကျောင်း ပြိုကျရာမှာ ပိတ်မိနေတဲ့ သူတွေကို ကယ်ထုတ်ခဲ့ပြီး ၆ ဦးမှာ အသက်မပါလာတော့ဘူးလို့ ဆိုကြပါတယ်။

    သေဆုံးသူတွေဟာ ကျား ၁၊ မ ၅ ဖြစ်ပြီး ကျောင်းသား၊ဆရာမ နဲ့ ကျောင်းသန့်ရှင်းရေးဝန်ထမ်းတွေ ဖြစ်ကြပါတယ်။

  11. ကျောက်ဆည်မူကြိုကျောင်းပြိုကျမှု - ကလေး ၁၂ ဦးနဲ့ ဆရာမ ၁ ဦး အလောင်းတွေ့

    ငလျင်ကြောင့် ပြိုကျသွားတဲ့ မူကြိုကျောင်းက ပိတ်မိနေတဲ့ ကလေးငယ်တွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်

    ဓာတ်ပုံ ရင်းမြစ်, နန်းဉယျာဉ်

    ဓာတ်ပုံ ပုံစာ, ငလျင်ကြောင့် ပြိုကျသွားတဲ့ မူကြိုကျောင်းက ပိတ်မိနေတဲ့ ကလေးငယ်တွေကို ကယ်တင်ဖို့ ကြိုးစားခဲ့ကြပါတယ်

    မတ် ၂၈ ရက် နေ့လယ်ပိုင်းက လှုပ်ခတ်သွားတဲ့ အားပြင်းငလျင်ကြောင့် မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ အဆောက်အဦတွေပြိုကျတဲ့အထဲ အနောက်အေးမြကြည်လင် မူကြိုကျောင်းလည်း ပါဝင်ခဲ့ပြီး ဒီနေ့မနက်မှာတော့ မူကြိုကလေး ၁၂ ယောက်နဲ့ ဆရာမတစ်ယောက် အလောင်းကို ရှာတွေ့တယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတွေက ပြောပါတယ်။

    မူကြိုကျောင်းပြိုကျတဲ့အထဲမှာ ပိတ်မိပြီးသေဆုံးသူတွေလည်း ကျန်နေသေးတယ်လို့လည်း သိရပါတယ်။

    ဒေသခံတွေက လူမှုကွန်ရက်မှာ ပြောဆိုချက်အရ မူကြိုကျောင်း ပြိုကျတဲ့အထဲမှာ ကလေးငယ် အယောက် ၅၀ ဝန်းကျင်နဲ့ ဆရာမ ၆ ယောက် ပျောက်ဆုံးနေတယ်လို့ တွေ့ရပါတယ်။

    “အနီးစပ်ဆုံးလူဦးရေကတော့ စာရင်းအရ ကျောင်းမှာ လူ ၅၀ ဆယ်ရှိတယ်ဆိုပေမဲ့ ကျွန်တော်တို့မှာ ကယ်ထုတ်ခဲ့ရတဲ့ လူဦးရေစာရင်းပဲရှိတယ်ဗျ။ ကျွန်တော်တို့ ကယ်ထုတ်ခဲ့ရတာတော့ ဘော်ဒီ ၁၃ လောင်းပေါ့” ကူညီကယ်ဆယ်ရေး အဖွဲ့ဝင်တစ်ယောက်က ပြောပါတယ်။

    ကျောက်ဆည်အုပ်ချုပ်ရေးအဖွဲ့တွေ၊ ကြက်ခြေနီတွေနဲ့ လူမှုကူညီရေးအဖွဲ့တွေက နေအိမ်ပြိုကျလို့ သေဆုံးသူတွေကို ထုတ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။

    ကျောက်ဆည်မြို့ထဲမှာလည်း ငလျင်ဒဏ်ကြောင့် နေအိမ်နဲ့ဆိုင်ခန်းတွေ ပြိုကျပျက်စီးတာတွေလည်း ရှိနေပါတယ်။

  12. အိန္ဒိယရဲ့ ငလျင်အကူအညီ ပထမအသုတ် မြန်မာကို ‌ရောက်ပြီ

    မတ် ၂၉ ရက်၊ မနက် ၉ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာတဲ့ အိန္ဒိယနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ

    ဓာတ်ပုံ ရင်းမြစ်, Dr. S. Jaishankar

    ဓာတ်ပုံ ပုံစာ, မတ် ၂၉ ရက်၊ မနက် ၉ နာရီမှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကို ရောက်လာတဲ့ အိန္ဒိယနိုင်ငံရဲ့ လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ

    ဒေသ ၆ ခုကို အရေးပေါ်အခြေအနေကြေညာရတဲ့အထိ ပြင်းထန်တဲ့ ငလျင်ကြောင့် ထိခိုက် ဆုံးရှုံးနေရတဲ့ မြန်မာပြည်သူတွေအတွက် အိန္ဒိယနိုင်ငံက အရေးပေါ်လူသားချင်းစာနာထောက်ထားမှု အကူအညီ ပထမအသုတ် မတ် ၂၉ ရက်၊ မနက် ၉ နာရီမှာ လေယာဥ်နဲ့ ‌‌ရောက်ရှိလာပြီဖြစ်ပါတယ်။

    စောင်၊ တာပေါ်လင် မိုးကာ ၊သန့်ရှင်းရေးပစ္စည်း၊ အိပ်ယာအိတ်၊ နေရောင်ခြည်သုံးမီးအိမ်၊ အစားအသောက်ထုပ်နဲ့ မီးဖိုချောင်သုံးပစ္စည်းတွေ ပါဝင်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။

    “မြန်မာနဲ့ထိုင်းက ငလျင်ဒဏ်ခံရတဲ့အခြေအနေအပေါ် စိုးရိမ်ပူပန်မိသလို အားလုံးဘေးကင်းရေးအတွက် ဆုတောင်းပေးနေပါတယ်။ လိုအပ်တဲ့အထောက်အပံ့တွေအ တွက် ကူညီဖို့အဆင်သင့်ရှိနေပါတယ်” လို့ အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီက ပြောပါတယ်။

    လူသားချင်းစာနာထောက်ထားမှုအကူအညီတွေအပြင် ရှာဖွေကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာအဖွဲ့တွေလည်း ဒီလေယာဥ်မှာ လိုက်ပါလာတယ်လို့ သံရုံးက ဆိုပါတယ်။

    အိန္ဒိယနိုင်ငံအနေနဲ့ အခြေအနေတွေကို ဆက်လက်စောင့်ကြည့်ပြီး လိုအပ်တဲ့အကူအညီတွေ ဆက်လက် ပံ့ပိုးပေးသွားမယ်လို့ ထုတ်ပြန်ထားတာပါ။

  13. ချမ်းမြသာစည်လေဆိပ်မှာ ဆေးရုံနဲ့ ကယ်ဆယ်ရေးစခန်းကို စစ်ကောင်စီဖွင့်

    မန္တလေးလေဆိပ်ထဲက ယာယီဆေးရုံနဲ့ နားနေဆောင်

    ဓာတ်ပုံ ရင်းမြစ်, ထုတ်ပြန်ချက်

    ဓာတ်ပုံ ပုံစာ, မန္တလေးလေဆိပ်ထဲက ယာယီဆေးရုံနဲ့ နားနေဆောင်

    ငလျင်ဒဏ်ကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ကုသပေးဖို့ မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်ထဲက မန္တလေးလေဆိပ်ထဲမှာ ယာယီဆေးရုံနဲ့ ကယ်ဆယ်ရေးစခန်း ဖွင့်လှစ်ထားတယ်လို့ စစ်ကောင်စီက ပြောပါတယ်။

    ကိုဗစ်ကာလတုန်းကလိုမျိုး ယာယီဆေးကုသဆောင်တွေနဲ့ နားနေဆောင်တွေကိုလည်း ဖွင့်လှစ်ထားတယ်လို့ ဆိုပေမဲ့ လူဦးရေ ဘယ်နှယောက်ကိုစောင့်ရှောက်မှုပေးနိုင်မယ်ဆိုတော့ မသိရသေးပါဘူး။

    သက်ဆိုင်ရာတိုင်းဒေသကြီးတွေအလိုက် ကူညီကယ်ဆယ်ရေးတွေကို ထိထိရောက်ရောက် လုပ်ကိုင်ဖို့အတွက် လေယာဉ်ကွင်းနဲ့ လေယာဉ်ပြေးလမ်းတွေကိုလည်း အမြန်ဆုံးကောင်းမွန်အောင် လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။

    ကျန်းမာရေးမှတ်တမ်းတွေကို ပေးပို့ရန်နဲ့ ဆက်သွယ်ဖို့ဆိုပြီး ဖုန်းနံပတ်တွေကိုလည်း ဖြန့်ဝေထားတာ တွေ့ရပါတယ်။

    မန္တလေးမြို့ထဲမှာတင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၈၃၈ ယောက်ရှိနေတယ်လို့လည်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

  14. မန္တလေးက ရွှေဘုန်းရှိန်ဗလီ ပြိုကျမှု အကူအညီမရသေး

    မတ် ၂၈ ရက် ရွှေဘုန်းရှိန်ဗလီမြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, ညီညီနိုင်

    ဓာတ်ပုံ ပုံစာ, မတ် ၂၈ ရက် ရွှေဘုန်းရှိန်ဗလီမြင်ကွင်း

    မနေ့ကလှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် ပြိုကျပျက်စီးခဲ့တဲ့ မန္တလေးမြို့ပေါ် ၈၂ လမ်းနဲ့ ၄၅ လမ်းထောင့်မှာရှိတဲ့ ရွှေဘုန်းရှိန်ဗလီမှာ ပျောက်ဆုံးနေသူတွေကို ကိုယ်ထူကိုယ်ထရှာဖွေကယ်ဆယ် နေရတယ်လို့ လွတ်မြောက်လာသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

    “အခုနကမှ ကရိန်းကူညီမယ်ဆိုတဲ့တစ်ယောက်တော့ ဆက်သွယ်လာတယ်။ ကျွန်တော်တော့ လမ်းမလျှောက်နိုင်တော့ လုံခြုံတဲ့နေရာရှောင်နေရတယ်။ အဖေကလည်းကရိန်းပတ်ရှာနေတုန်းပဲ၊ ဗလီမှာရှိတဲ့သူတွေကို ဖုန်းလည်းဆက်သွယ်လို့မရဘူး” လို့ လွတ်မြောက်လာသူက ပြောပါတယ်။

    သူနဲ့အတူ မိသားစုဝင် ဆယ်ယောက်ကျော်ဟာ ရွှေဘုန်းရှိန်ဗလီမှာဝတ်ပြုဆုတောင်းနေချိန် ငလျင်ဒဏ်နဲ့အဆောက်အအုံပြိုကျခဲ့တာကြောင့် ၅ ဦးသာအသက်ရှင်လျက် ပြန်လွတ်ခဲ့ပါတယ်။

    အဒေါ်တစ်ဦးရဲ့ ရုပ်အလောင်းကိုပြန်ရရှိပေမဲ့ မိသားစုဝင် ၅ ဦးပျောက်ဆုံးနေဆဲပါ။

    မနေ့တုန်းက‌ ရွှေဘုန်းရှိန်ဗလီကိုရောက်ခဲ့သူတစ်ဦးရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ် ဖော်ပြတဲ့ ဓာတ်ပုံအရ အပျက်အစီးများတာကိုတွေ့ရပြီး ဗလီရှေ့ဆောင်ဆရာကြီးရဲ့ မိသားစုဝင် ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

    ဝတ်ပြုတဲ့ သောကြာနေ့မှာ ငလျင်လှုပ်ခဲ့တာကြောင့် ဗလီတွေအထိအခိုက်များပြီး ဗလီ ၅၀ ထက်မနည်း ပျက်စီးခဲ့ကာ သေဆုံးသူ ၃၀၀ နီးပါးရှိလာပြီလို့ လူမှုကွန်ရက်စာမျက်နှာမှာရေးသားနေကြပါတယ်။

    ဒါပေမဲ့ ဘီဘီစီအနေနဲ့ ဒီသေဆုံးမှုတွေနဲ့ ပတ်သတ်ပြီး သီးခြားအတည်မပြုနိုင်သေးပါဘူး။

  15. တနိုင်ငံလုံးမှာ ငလျင်ကြောင့်သေဆုံးသူအယောက် ၁၀၀၀ ကျော်လာ

    စစ်ကိုင်းမြို့မြင်ကွင်း

    ဓာတ်ပုံ ရင်းမြစ်, သူရိန်

    ဓာတ်ပုံ ပုံစာ, စစ်ကိုင်းမြို့မြင်ကွင်း

    မတ် ၂၉ ရက် မနက် ၁၁ နာရီဝန်းကျင်အထိ စစ်ကောင်စီကောက်ယူထားတဲ့ စာရင်းအရ မြန်မာတစ်နိုင်ငံလုံး မှာ အင်အားပြင်းငလျင်ကြောင့် သေဆုံးသူဦးရေ ၁၀၀၂ ယောက်ရှိလာပါပြီ။

    ဒဏ်ရာရရှိသူ ၂၃၇၆ ဦးနဲ့ ပျောက်ဆုံးသူ အယောက် ၃၀ ရှိပြီး အသေးစိတ်အချက်အလက်ကို ဆက်ကောက်ယူနေတယ်လို့ဆိုပါတယ်။

    မြေပြင်အခြေအနေမှာတော့ သေဆုံး၊ ဒဏ်ရာရရှိနဲ့ ပျောက်ဆုံးအရေအတွက်ဟာ စစ်ကောင်စီစာရင်း အချက်အလက်ထက် ပိုများနိုင်တယ်လို့ ဒေသခံတချို့ဆီကသိရပါတယ်။

    ကိုယ်ထူကိုယ်ထအပါအဝင် လူမှုကူညီရေးအသင်းတွေလည်း ကူညီကယ်ဆယ်ရေးလုပ်နေကြီး တရုတ်၊ အိန္ဒိယ၊ ရုရှားစတဲ့နိုင်ငံတွေကလည်း ကူညီရေးတွေမြန်မာကိုစေလွှတ်ထားပါတယ်။

  16. မြန်မာငလျင်အတွက် စာနာကြောင်း တရုတ်သမ္မတ ဖုန်းဆက်ပြော

    မြန်မာနိုင်ငံမှာဖြစ်တဲ့ ငလျင်အတွက် စာနာကြောင်း တရုတ်သမ္မတ ရှီကျင့်ပင်က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ဖုန်းဆက်ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

    ဖုန်းခေါ်ဆိုမှုအကြောင်း ရန်ကုန်မှာရှိတဲ့ တရုတ်သံရုံးက ပြီးခဲ့တဲ့မိနစ်ပိုင်းမှာပဲ သတင်းထုတ်ပြန်လာတာဖြစ်ပါတယ်။

    ဒီအတောအတွင်းမှာပဲ တရုတ်ဟာ မြန်မာမှာဖြစ်ပွားတဲ့ ငလျင်မှာ ကူညီကယ်ဆယ်ရေးလုပ်ဖို့ ယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့ကို မြန်မာကို စေလွှတ်ထားပါတယ်။

  17. စစ်ခေါင်းဆောင် မန္တလေးရောက်ရှိ

    အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အစည်းအဝေးလုပ်နေတဲ့ စစ်ခေါင်းဆောင်နဲ့ မန္တလေးတိုင်းဌာနဆိုင်ရာ တာဝန်ရှိသူတွေ

    ဓာတ်ပုံ ရင်းမြစ်, CINCDS

    ဓာတ်ပုံ ပုံစာ, အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ အစည်းအဝေးလုပ်နေတဲ့ စစ်ခေါင်းဆောင်နဲ့ မန္တလေးတိုင်းဌာနဆိုင်ရာ တာဝန်ရှိသူတွေ

    အင်အားပြင်းငလျင်ကြောင့် ထိခိုက်သေဆုံးမှုတွေရှိနေတဲ့ မန္တလေးမြို့ကို စစ်ခေါင်းဆောင် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် မတ် ၂၉ ရက် မနက်အစောပိုင်းမှာ ရောက်ရှိနေပါပြီ။

    မန္တလေးမြို့အခြေအနေကို ရဟတ်ယာဥ်ပေါ်က ကြည့်ပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ ကူညီကယ်ဆယ်ရေးအစည်းအဝေးလုပ်ခဲ့ပါတယ်။

    ထိခိုက်ပျက်စီးခဲ့တဲ့ အခြေအနေတွေ၊ကူညီကယ်ဆယ်ရေးအခြေအနေတွေကို မန္တလေး မြို့ တော်ဝန်၊အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးတို့နဲ့ အစည်းအဝေးလုပ်ခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

    ငလျင်ကြောင့် သေဆုံးသူ ရှစ်ရာကျော်လာပြီး ပျောက်ဆုံးသူ ၆၈ ဦး ရှိတယ်လို့ အသေးစိတ်စာရင်းတွေ ကောက်ယူနေဆဲပဲလို့ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။

  18. ငလျင်ကြောင့် မန္တလေးတိုင်းအတွင်း သေဆုံးသူ ၈၀၀ ကျော်ရှိလာ, ၁၆၀၀ ကျော်ဒဏ်ရာရ

    Myanmar Rescue

    ဓာတ်ပုံ ရင်းမြစ်, Myanmar Rescue

    ဓာတ်ပုံ ပုံစာ, မန္တလေးကယ်ဆယ်ရေးမြင်ကွင်း

    ပြင်းအားမြင့်ငလျင်ကြောင့် မန္တလေးတိုင်းထဲမှာ သေဆုံးသူ ၈၃၈ ယောက်ရှိပြီး ပျောက်ဆုံးသူ ၆၈ ယောက် ရှိတယ်လို့ စစ်ကောင်စီက မတ် ၂၉ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

    ဒဏ်ရာရသူပေါင်း ၁၆၄၀ လည်း ရှိနေပါတယ်။

    နေအိမ်ပေါင်း ၁၅၉၁ လုံး၊ ဘုန်းတော်ကြီးကျောင်းပေါင်း ၆၇၀၊ စာသင်ကျောင်းပေါင်း ၆၀ ၊ တံတား ၃ စင်း၊ ဘုရားစေတီ ၂၉၀ တို့ ပျက်စီးဆုံးရှုံးသွားတယ်လို့ ဆိုပါတယ်။

    ကူညီကယ်ဆယ်ရေးတွေ ဆက်လုပ်နေပြီး အသေးစိတ်စာရင်းတွေကိုလည်း ဆက်ကောက်ယူနေတယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

    ဒဏ်ရာရသူတွေကို နီးစပ်ရာဆေးရုံ၊ ဆေးခန်းတွေ ပို့ဆောင်ပြီး ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးဖို့ လိုအပ်နေသလို နေအိမ် ပျက်စီးဆုံးရှုံးသွားတဲ့ သူတွေကိုလည်း သက်ဆိုင်ရာ နေရာအလိုက် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးသွားဖို့ လိုအပ်တယ်လို့လည်း စစ်ကောင်စီက ဆိုပါတယ်။

  19. မြသိန်းတန်စေတီ ငလျင်ဒဏ်ကြောင့် အကြီးအကျယ် ပျက်စီး

    မတ် ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် အကြီးအကျယ် ပျက်စီးသွားတဲ့ မြသိန်းတန်စေတီ

    ဓာတ်ပုံ ရင်းမြစ်, CJ

    ဓာတ်ပုံ ပုံစာ, မတ် ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် အကြီးအကျယ် ပျက်စီးသွားတဲ့ မြသိန်းတန်စေတီ

    စစ်ကိုင်းတိုင်း၊မင်းကွန်းဒေသက သမိုင်းဝင် မြသိန်းတန်စေတီဟာ မတ် ၂၈ ရက် အင်အားပြင်းငလျင် ကြောင့် အကြီးအကျယ် ပျက်စီးသွားတယ်လို့ ဒေသခံတွေ တင်ထားတဲ့ ဓာတ်ပုံမှာတွေ့ရပါတယ်။

    စေတီတော် ထိပ်ပိုင်းနဲ့တောင်ဘက်ခြမ်း ပြိုကျသွားခဲ့တာ ဖြစ်ပါတယ်။

    မြသိန်းတန်စေတီကို နိုင်ငံခြား ခရီးသွားတွေကြားမှာ ဆင်ဖြူမယ်စေတီလို့ လူသိများကြပြီး အထူးစိတ် ဝင်တစား လာရောက်လေ့လာကြတဲ့ စေတီတစ်ဆူလည်းဖြစ်ပါတယ်။

    ဒါအပြင် အရှေ့တောင်အာရှရဲ့ သမိုင်းဝင် အမွေအနှစ်တစ်ခုလည်းဖြစ်ပါတယ်။

    မတ် ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် မင်းကွန်းဒေသက မြသိန်းတန်စေတီအပြင် ပုထိုးတော်ကြီး၊ မင်းကွန်း ဆရာတော်ကြီး သတင်းသုံးခဲ့တဲ့ မင်းကွန်းတိနိကျောင်းခေါ် တိပိဋကနိကာယ ကျောင်းတိုက်၊ သိမ်၊ လွမ်းစေတီနဲ့ သာသနိက အဆောက်အဦတွေ ပြိုကျ ပျက်စီးခဲ့တယ်လို့ ဒေသတွင်းသတင်းတွေက ဖော်ပြပါတယ်။

    မင်းကွန်းက ပြိုကျ သာသနိကအဆောက်အဦတွေထဲမှာ ပိတ်မိနေသူတွေကို ဒီနေ့ မနက်ပိုင်းအထိ ကယ်ထုတ်နေရဆဲဖြစ်ပြီး သေဆုံးသူ ၉ ဦးရှိနေပြီ ဖြစ်ပါတယ်။

  20. ရန်ကုန်မှာ တစ်ရက် ၄ နာရီပဲ အလှည့်ကျ မီးပေးနိုင်မယ်, မန္တလေးနဲ့ ရန်ကုန်မှာ လျှပ်စစ်မီးပြတ်တောက်လို့ ဆက်သွယ်ရေးခက်ခဲ

    ပျက်စီးသွားတဲ့ တာဝါတိုင် တစ်ခု

    ဓာတ်ပုံ ရင်းမြစ်, YESC

    ဓာတ်ပုံ ပုံစာ, ပျက်စီးသွားတဲ့ တာဝါတိုင် တစ်ခု

    ပြင်းအားမြင့် မြေငလျင်ဒဏ်ကြောင့် ဓာတ်အားပေးစက်ရုံ၊ ခွဲရုံနဲ့ ဓာတ်အားလိုင်းတွေ ချို့ယွင်းပျက်စီးခဲ့လို့ရန်ကုန်မှာ တစ်ရက် ၄ နာရီပဲ အလှည့်ကျ မီးပေးနိုင်မယ်လို့ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းက ထုတ်ပြန်ပါတယ်။

    ဓာတ်အားစနစ်ကနေ ဓာတ်အားချိတ်ဆက်မပို့နိုင်ခင်မှာ Gas Turbine တွေကနေ ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးပေးဖို့ ကြိုးစားနေတယ်လို့ ထုတ်ပြန်ပါတယ်။

    ငလျင်လှုပ်ခတ်ပြီးနောက် မန္တလေးမြို့နဲ့ ရန်ကုန်မှာ လျှပ်စစ်မီးလုံးဝပြတ်တောက်နေပြီး တယ်လီဖုန်းလိုင်းတွေလည်းဆက်သွယ်မရဖြစ်နေတယ်လို့ ရန်ကုန်နဲ့ မန္တလေးမြို့ခံတွေကပြောပါတယ်။

    မန္တလေးမှာဆိုရင် ငလျင်ပြင်းအားကြောင့် လျှပ်စစ်မီးပြန်ရဖို့ မလွယ်ကူသေးသလို နောက်ရက်အတွက် လျှပ်စစ်မီးပြဿနာကြီးလာနိုင်တယ်လို့ ‌ပြောဆိုကြပါတယ်။

    ငလျင်ဘေး ပထမရက်မှာတင် တယ်လီဖုန်းနဲ့ တခြားလျှပ်စစ်မီးအထောက်အကူပြု ပစ္စည်းတွေကို အားသွင်းဖို့အတွက် အခက်အခဲတွေဖြစ်လာပြီလို့ ပြောကြပါတယ်။

    '' မီးမလာတော့ ဖုန်းအားသွင်းမရ။ အဝေးကမိသားစုတွေနဲ့ဆက်သွယ်ဖို့ခက်တယ်။ အင်တာနက်ကလည်း မီးမလာရင်သုံးလို့ရမှာမဟုတ်ဘူး။ အခုတောင်ဖုန်းအားက မကျန်တော့ဘူး။ နောက်ရက်မီးမလာမှာနဲ့ အင်ဗာတာတွေမရမှာနဲ့ဆို လုံးဝအဆက်အသွယ်ပြတ်တောက်သွားမယ်'' လို့ မန္တလေးမြို့ခံ တစ်ဦးက မတ် ၂၉ ရက်မနက်အစောပိုင်းမှာပြောပါတယ်။

    ရန်ကုန်မှာတော့ ငလျင်ဒဏ်ကို အပြင်းအထန်မခံစားရပေမဲ့ လျှပ်စစ်မီးပြတ်တောက်နေတာ နာရီနဲ့ချီကြာလာပြီး အင်တာနက်လိုင်းတွေအတွက်လျှပ်စစ်ပေးတဲ့ ဓာတ်အားလိုင်းတွေလည်း ဘတ္ထရီအားကုန်လာလို့ အင်တာနက်ပြတ်တောက်မှုတွေဖြစ်လာနိုင်တယ်လို့ လျှပ်စစ်ဓာတ်အားလိုင်းဖြန့်ဝေမှုသတင်းတွေကို မျှဝေနေသူတွေက သတိပေးနေကြပါတယ်။