ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။

ပင်မဝက်ဘ်ဆိုက်သို့သွားရန်။

ဒေတာကုန်ကျမှုသက်သာစေသည့် ဤဝက်ဘ်ဆိုက်အကြောင်းထပ်မံသိလိုလျှင်

အစိုးရဖွဲ့ဖို့ အများစု နိုင်ခြေရှိနေတဲ့ NLD

၂၀၂၀ မြန်မာရွေးကောက်ပွဲ သတင်းများ တင်ဆက်မှု

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ၂၀၂၀ မြန်မာ ရွေးကောက်ပွဲ - အနိုင်အရှုံးတွေကို မြေပုံပေါ်မှာ ကြည့်မယ်

  2. တိုက်ရိုက်တင်ဆက်မှုကို ဒီမှာပဲ ရပ်နားပါမယ်။ နောက်ထပ် ဖြစ်ပေါ်တိုးတက်မှုတွေကို www.bbcburmese.com စာမျက်နှာနဲ့ ဘီဘီစီမြန်မာပိုင်းဖေ့စ်ဘွတ်ခ်တို့မှာ ဆက်လက်တင်ဆက်ပေးသွားမှာပါ။ ဖတ်ရှု၊ ကြည့်ရှု၊ အားပေးခဲ့သူများအားလုံးကို ကျေးဇူးတင်ပါတယ်။

  3. ရွေးကောက်ပွဲဥပဒေ ချိုးဖောက်သူတွေထဲမှာ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေပါ

    ၂၀၂၀ ရွေးကောက်ပွဲအတွင်း ရွေးကောက်ပွဲဥပဒေ ချိုးဖောက်ခဲ့သူ ၁၅ ဦးကို အမှုဖွင့် အရေးယူထားတယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်ပါတယ်။

    အဲဒီထဲမှာ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေ ပါဝင်ပြီး ချောင်းဦးမြို့နယ် ငါးလုံးတင်ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးရွှေထွန်းနဲ့ ရာအိမ်မှူး ဦးသန်းထွန်းစိန်၊ တန့်ဆည်မြို့နယ် ရွာသာယာကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေ ဖြစ်တဲ့ ဦးသန်းစိုး၊ ဦးဖိုးပြား(ခ) ဦးထွန်းလှ၊ အတွင်းရေးမှူး ဦးမြင့်၊ ဦးဝင်းမင်းဦးတို့ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    အဲဒီလူတွေအပါအဝင် လူ ၁၅ ဦးဟာ ကြိုတင်မဲနဲ့ ရွေးကောက်ပွဲနေ့ မဲပေးစဉ် UEC အမှတ်တံဆိပ် မပါတဲ့ တံဆိပ်တုံး အသုံးပြုတာတွေ၊ သူတပါးအယောင်ဆောင် မဲပေးတာတွေ၊ မဲပေးပြီးသား နောက်တကြိမ် ထပ်မံမဲပေးတာတွေ လုပ်ခဲ့ကြတဲ့အတွက် ရာဇသတ်ကြီး ပုဒ်မ ၄၃၀/၄၆၈ နဲ့ လွှတ်တော်ရွေးကောက်ပွဲဥပဒေ ၅၈၊ ၅၉ တို့နဲ့အညီ အမှုဖွင့် အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။

  4. ကယားပြည်နယ် ဝန်ကြီးချုပ်‌ဟောင်း အပါအဝင် အနိုင်ရသူ ကိုယ်စားလှယ် ၂၅ ဦးစာရင်း ကော်မရှင် ထုတ်ပြန်

    ရွေးကောက်ပွဲ အနိုင်ရသူတွေရဲ့ စာရင်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က နိုဝင်ဘာလ ၉ ရက်နေ့ ညက ထုတ်ပြန်ရာမှာ ကယားပြည်နယ် မယ်စဲမြို့က ပြည်နယ်လွှတ်တော်နေရာ မဲဆန္ဒနယ် ၂ မှာ ကယားပြည်နယ် ဝန်ကြီးချုပ်‌ဟောင်း ဦးအယ်လ်ဖောင်းရှို အနိုင်ရသွားကြောင်း ဖော်ပြပါရှိပါတယ်။

    ရွေးကောက်ပွဲ မတိုင်မီ NLD နဲ့ USDP ပါတီအကြား တစ်ဘက်နဲ့ တစ်ဘက် အပြန်အလှန် တိုင်ကြားမှုတွေ ရှိခဲ့တဲ့ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်မှာ NLD ပါတီက ဦးသန့်ဇင်ထွန်း အနိုင်ရသွားတယ်လို့လည်း နောက်ထပ် ထုတ်ပြန်ချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

    ရန်ကုန်၊ ကယား၊ ချင်း၊ နေပြည်တော်၊ ဧရာဝတီ စတဲ့ ပြည်နယ်တိုင်းဒေသကြီးတွေက ကိုယ်စားလှယ် စုစုပေါင်း ၂၀ ကျော်က မဲရလဒ်တွေကို အတည်ပြု ထုတ်ပြန်ခဲ့ပြီး ဖြစ်ပါတယ်။

  5. အစိုးရဖွဲ့ဖို့ အများစု နိုင်ခြေရှိနေတဲ့ NLD

    ပြည်ထောင်စုလွှတ်တော်မှာ ၃၉၀ ကျော်နေရာ အနိုင်ရထားပြီလို NLD ပါတီ ကပြောပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ပြည်ထောင်စုလွှတ်တော်မှာ နေရာ ၃၉၀ ကျော်အနိုင်ရရှိထားပြီလို့ NLD ပါတီရဲ့ ဗဟိုအောင်နိုင်ရေးအဖွဲ့ဝင် ဦးကျော်ထွေးက ဘီဘီစီကို ပြောပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြည်ထောင်စု လွှတ်တော်မှာ ရွေးကောက်ခံ ကိုယ်စားလှယ် ၄၇၆ ဦးနဲ့ (ရွေးကောက်ပွဲ မလုပ်ဖြစ်တဲ့ မြို့နယ်တွေ က ကိုယ်စားလှယ် ၂၂ ဦးနုတ်ထားပြီး) တပ်မတော်သားအစုအဖွဲ့က ကိုယ်စားလှယ် ၁၆၆ ဦးရှိပါတယ်။ အဲဒီထဲက NLD ပါတီအနေနဲ့ အနည်းဆုံး ၃၂၂ ဦး နိုင်ခဲ့ရင် သူတို့ပါတီက တင်မြှောက်ချင်တဲ့ သမ္မတကို ရွေးချယ်နိုင်ပြီး အစိုးရအဖွဲ့ကို ဖွဲ့စည်းနိုင်မှာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာ NLD ပါတီအနေနဲ့ပြည်ထောင်စုလွှတ်တော်မှာ ၃၉၀ သာအနိုင်ရရှိခဲ့ပြီး အများစုကတော့ တိုင်းဒေသကြီး ၇ ခုမှာ ဖြစ်ပါတယ်။

    ၂၀၂၀ ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးတွေမှာ နှစ်နေရာသာရှုံးထားပြီး ၂၈၉ ဦး အနိုင်ရရှိနေတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲမှာတော့ တိုင်းဒေသကြီး ပြည်သူ့လွှတ်တော်မှာ ၉ နေရာနဲ့ အမျိုးသားလွှတ်တော်မှာ ၂ နေရာ စုစုပေါင်း ပြည်ထောင်စုလွှတ်တော်မှာ ၁၁ နေရာ ရှုံးခဲ့ပါတယ်။

    ဒါ့အပြင် ၂၀၂၀ ရွေးကောက်ပွဲမှာလည်း မဲတွေပေါင်းပြီးတဲ့အချိန်ထိ ပြည်နယ်တွေထဲက ချင်း၊ ကချင်နဲ့ ကရင် ပြည်နယ်တွေမှာ အများစု အနိုင်ရခဲ့တယ်လို့ ပါတီဘက်က ပြောပါတယ်။

    ဒါပေမဲ့ ကယားပြည်နယ်နဲ့ ရခိုင်ပြည်နယ်မှာတော့ ၂၀၁၅ တုန်းက နိုင်ခဲ့တဲ့ နယ်မြေအချို့ ၂၀၂၀ မှာ ရှုံးတာရှိပါတယ်။ ရှမ်းပြည်နယ်မှာတော့ ၂၀၁၅ ခုနှစ်ကထက် ပိုမိုနိုင်တာရှိတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရှမ်းပြည်နယ် အောင်နိုင်ရေး တာဝန်ခံ ဦးစိုးညွန့်လွင်က ပြောပါတယ်။

    ဒီရလဒ်တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အတည်ပြု ထုတ်ပြန်ဖို့ တော့ လိုပါသေးတယ်။

  6. ကယားပြည်နယ်မှာ ဒေသခံ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက လွှတ်တော် ၈ နေရာအထိ အနိုင်ရထား

    ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီက လွှတ်တော်နေရာ စုစုပေါင်း ၈ နေရာမှာ အနိုင်ရထားတယ်လို့ ပါတီပြောခွင့်ရ ခူးသဲရယ်က ဘီဘီစီကိုပြောပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း မြင်းစီးကြေးရုပ်ထုကိစ္စ အပါအဝင် ပြည်နယ်အစိုးရအဖွဲ့နဲ့ ကရင်နီလူထုအကြား မကြေလည်မှုတွေရှိခဲ့တဲ့အတွက် ၂၀၂၀ ရွေးကောက်ပွဲမှာ NLD ပါတီ အရေးနိမ့်နိုင်တယ်လို့ နိုင်ငံရေးလေ့လာသူတွေဘက်က သုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့်လည်း နိုဝင်ဘာ ၉ ရက်နေ့ မနက်ပိုင်းအထိ UEC က တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပေမဲ့ သက်ဆိုင်ရာပါတီတွေရဲ့ ထုတ်ပြန်ချက်တွေအရ လွိုင်ကော်မြို့နယ်၊ ဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်တွေမှာ NLD ဘက်က အနိုင်ရနေတယ်လို့ သိရပြီး ဘော်လခဲမြို့နယ်မှာတော့ ပြည်ထောင်စုကြံခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက အနိုင်ရနေတယ်လို့ သိရပါတယ်။

  7. ရှမ်းပြည်နယ်အတွင်းက မဲဆန္ဒနယ်တွေမှာ ဘယ်ပါတီတွေ အနိုင်ရနေသလဲ

    ရှမ်းပြည်နယ်မှာ ဘီဘီစီက လတ်တလော သိထားတဲ့ ပါတီအလိုက် အနိုင်ရနယ်မြေတွေကတော့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ရှမ်းပြည်နယ်အတွင်း ပြည်သူ့လွှတ်တော် ၁၅ နေရာ၊ အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၁ နဲ့ ၁၂ စုစုပေါင်း ၂ နေရာ၊ ပြည်နယ်လွှတ်တော်မှာတော့ ၁၇ နေရာအထိ အနိုင်ရရှိထားတယ်လို့ ပြည်ခိုင်ဖြိုးပါတီရဲ့ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက် ပြုစုနေသူ ဗဟိုကော်မတီဝင်လည်းဖြစ်သူ ဦးတင့်ဇော်ထံက သိရပါတယ်။

    ပြည်ခိုင်ဖြိုးပါတီ အနိုင်ရထားတဲ့ မြို့နယ်တွေကတော့ ရှမ်းပြည်နယ်အရှေ့ပိုင်းက မိုင်းခတ်၊ မက်မန်း၊ မိုင်းပြင်း၊ မိုင်းဖြတ်၊ မိုင်းတုံ၊ မိုးယမ်း၊ နမ့်ဆမ်၊ မိုင်းပန်၊ မောက်မယ်၊ လောက်ကိုင်၊ ကုန်ကြမ်း၊ ကွတ်ခိုင်၊ ကွမ်လုံ၊ လွယ်လင်၊ မိုင်းတုံ တို့မှာဖြစ်ပါတယ်။

    အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တောင်ကြီး၊ လားရှိုး၊ ရပ်စောက်တို့မှာ အနိုင်ရထားပြီး အခြားမဲဆန္ဒနယ် အတိအကျတွေကိုတော့ မသိရသေးဘူးလို့ ဒေါက်တာမျိုးညွှန့်ကပြောပါတယ်။ အလားတူ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ၂၀၁၅ ခုနှစ်တုန်းက အနိုင်ရရှိခဲ့တဲ့ မြို့နယ် ၂၀ ကျော်မှာ အနိုင်ရနေတယ်လို့ ပါတီဒုဥက္ကဌ ဦးစိုင်းညွှန့်လွင်က ဘီဘီစီကို ပြောထားပါတယ်။ ကျန်တဲ့ မဲဆန္ဒနယ်တွေကတော့ စောင့်နေရတုန်းပါ။

    ကျားဖြူလို့ လူသိများတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီကတော့ မိုင်းပန်ပြည်နယ် မဲဆန္ဒနယ် ၂ တစ်ခုပဲ အနိုင်ရပါတယ်။ တအောင်းပလောင် အမျိုးသားပါတီကတော့ နမ့်ဆမ်၊ မန်တုံက ပြည်သူ့လွှတ်တော်၊ ပြည်နယ်လွှတ်တော် နေရာတွေ အားလုံးကို အနိုင်ရထားပါတယ်။ ပအို့ဝ်အမျိုးသားပါတီကလည်း ရှမ်းပြည်နယ်အတွင်း ပအို့ဝ်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံး၊ ဆီဆိုင်၊ ပင်လောင်းက ပြည်သူ့လွှတ် တော်နေရာနဲ့ အဲဒီနေရာတွေရဲ့ အမျိုးသားလွှတ်တော် နေရာတစ်နေရာကို အနိုင်ရရှိထားတယ်လို့လည်း သိရပါတယ် ။

  8. ရန်ကုန်တိုင်း အနိုင်ရ ကိုယ်စားလှယ်လောင်း အမည်စာရင်း ကော်မရှင် စတင်ထုတ်ပြန်

    ရန်ကုန်တိုင်းအတွင်း ရွေးချယ် တင်မြှောက်ခြင်း ခံရတဲ့ ကိုယ်စားလှယ်လောင်း အမည်တွေကို ရွေးကောက်ပွဲကော်မရှင်က စတင် အတည်ပြု ထုတ်ပြန်လိုက်ပါတယ်။ ရန်ကုန်တိုင်းအတွင်း အမျိုးသားလွှတ်တော် ၁၂ နေရာ၊ ပြည်သူ့လွှတ်တော် ၄၅ နေရာနဲ့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်နေရာ ၉၀ နေရာ၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ၂ နေရာအတွက် ရွေးကောက်ပွဲကျင်းပခဲ့တာ ဖြစ်ပြီး ပါတီပေါင်း၄၂ ပါတီက ကိုယ်စားလှယ်လောင်း ၈၀၁ ဦးနဲ့ တစ်သီးပုဂ္ဂလ ၃၂ ဦး၊ တိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ၁၁ ဦးဝင်ပြိုင်ခဲ့ကြပါတယ်။ နိုဝင်ဘာလ ၉ ရက်နေ့က ကော်မရှင်က အတည်ပြုပေးတဲ့ ကိုယ်စားလှယ်လောင်းတွေက လသာမြို့နယ် ပြည်သူ့လွှတ်တော်မှာ ဒေါ်ခင်မို့မို့အောင်၊ တိုင်းဒေသကြီး ၁ က ဒေါ်ယဉ်ယဉ်မြင့် နဲ့ တိုင်း ၂ က ဒေါ်အေးမြမြမျိုးတို့ ဖြစ်ပြီး အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အမျိုးသမီး ကိုယ်စားလှယ် ၃ ဦးက အနိုင်ရသွားတာ ဖြစ်ပါတယ်။ ကျန်အတည်ပြု ရလဒ်တွေကို ကော်မရှင်က ဆက်လက် ထုတ်ပြန်မှာ ဖြစ်ပြီး အမျိုးသားလွှတ်တော် နဲ့ တိုင်းရင်းသားရေးရာဝန်ကြီး နေရာတွေကတော့ မြို့နယ်တွေ စုပေါင်းရေတွက်နေရလို့ နောက်ပိုင်းမှာမှ ဆက်လက် ထုတ်ပြန်နိုင်မယ်လို့ ကော်မရှင် ကပြောပါတယ်။

  9. ရခိုင်မှာ ANP ပါတီကနေရာအများစုအနိုင်ရ၊ NLD က လွှတ်တော် ၃ ရပ်ပေါင်း ၇ နေရာနိုင်

    ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညီပု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဂွမြို့နယ် မှာ သူအနိုင်ရရှိခဲ့တဲ့ ပြည်နယ်လွှတ်တော် အမှတ် ၂ နေရာ အပါအဝင် (ဂွ+သံတွဲမြို့နယ်) အမျိုးသားလွှတ်တော်၊ ပြည်သူ့ လွှတ်တော်နဲ့ နောက်ထပ် ပြည်နယ် လွှတ်တော် အမှတ် (၁) နေရာတို့ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကအနိုင်ရရှိထားတယ်လို့ သက်ဆိုင်ရာ ပါတီကိုယ်စားလှယ်တွေ ထံကသိရပါတယ်။ အလားတူ သံတွဲမြို့နယ်မှာလည်း NLD ( ဂွ+သံတွဲ) ပေါင်း အမျိုးသားလွှတ်တော်၁ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာနဲ့ ပြည်နယ်လွှတ်တော် ၂ နေရာတို့မှာ အနိုင်ရရှိခဲ့တယ်လို့ NLD ရခိုင်ပြည်နယ် ပြောခွင့်ရသူလည်းဖြစ် အမျိုးသားလွှတ်တော်ကနေ အနိုင်ရရှိခဲ့တဲ့ ဦးစောဝင်း(ခ) ဦးစိုးလေးက ‘‘ ၇ နေရာရတာပေါ့။ တိုင်းဒေသကြီး (၄) နေရာ၊ ပြည်သူက (၂)နေရာ၊ အမျိုးသားက (၁)နေရာပေါ့။ မဲဆန္ဒရှင် တွေကို ကျေးဇူးတင်တာပေါ့ဗျာ။ ပြည်သူ့နိုင်ငံရေးဖြစ်လာတာ။ အရမ်းဝမ်းသာပါတယ်။ နိုင်ငံရေးအပေါ် လေးလေးနက်နက်နဲ့ဒီလိုဖြစ်လာတာ အရမ်းဝမ်းသာစရာကောင်းတယ်။ ကျေးဇူးလည်းတင်ပါတယ်’’ လို့ပြောပါတယ်။

    ဒါပေမဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အမာခံမြို့နယ် ၂ ခုဖြစ်တဲ့ တောင်ကုတ်နဲ့ မာန်အောင် မြို့နယ်တွေမှာ ရခိုင်အမျိုးသားပါတီ ANP ကို NLD က ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီမြို့နယ် ၂ ခုမှာ လွတ်လပ်ရေးရရှိပြီးတဲ့နောက်ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအတွင်း ပြည်မအခြေစိုက် ပါတီကြီးတွေသာ အနိုင်ရရှိခဲ့ပြီး ဒေသအခြေစိုက်ပါတီတွေ အရင်က အနိုင်မရရှိခဲ့ဖူးဘူးလို့ သိရပါတယ်။

    ရခိုင့်တပ်တော် အေအေက ဖမ်းထားတဲ့ NLD ပါတီက ကိုယ်စားလှယ်လောင်း တွေဖြစ်တဲ့ ဦးမင်းအောင်၊ ဒေါ်နီနီမေမြင့်နဲ့ ဒေါ်ချစ်ချစ်ချောတို့ ရှုံးသွားတယ်လို့ သိရပါတယ်။

    ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဝင်ရောက်ယှဉ်ပြိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်ရေး အရာရှိဟောင်း ဒေါက်တာတင်မာအောင်လည်း ရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။ ANP ဟာ တောင်ကုတ်၊ မာန်အောင်၊ စစ်တွေ၊ ရမ်းဗြဲ မြို့နယ် လေးခုက လွှတ်တော် ၃ ရပ်စလုံးမှာ အနိုင်ရသွားခဲ့တယ်လို့ သိရပါတယ်။ USDP ကတော့ အမ်းမြို့နယ်က ပြည်သူ့ လွှတ်တော် တစ်နေရာနဲ့ ပြည်နယ်လွှတ်တော် တစ်နေရာ အနိုင်ရရှိခဲ့သလို ရခိုင်ဦးဆောင်ပါတီ (AFP) က ကျောက်ဖြူမြို့နယ်မှာ ပြည်သူ့လွှတ်တော် ၁ နေရာ၊ ပြည်နယ်လွှတ်တော် ၂ နေရာ အနိုင်ရသွားခဲ့တယ်လို့ သိရပါတယ်။

    လွှတ်တော် ၃ ရပ်မှာ ANP က ၁၅ နေရာ၊ NLD က ၈ နေရာ (ချင်းတိုင်းရင်းသား ရေးရာဝန်ကြီးနေရာအပါအဝင)၊ AFP က ၃ နေရာ၊ USDP ၂ နေရာ အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီ ရလဒ်တွေကို UEC က တရားဝင်အတည်ပြုထုတ်ပြန်ခြင်းတော့မရှိသေးပါဘူး။

  10. ကော်မရှင်အပါအဝင် အားလုံးကို ကျေးဇူးတင်ကြောင်း PPP ပါတီ ထုတ်ပြန်

    ကပ်ရောဂါကြားက ရွေးကောက်ပွဲကို အောင်မြင်အောင်ကျင်းပလို့ ကော်မရှင်အပါဝင် အားလုံးကို ကျေးဇူးတင်ကြောင်း PPP ပါတီ ထုတ်ပြန်

  11. ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ဦးသန့်စင်မောင်တို့ အနိုင်ရ

    ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅)က ဝင်ရောက်ယှဉ်ပြိုင်တဲ့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဟာ မဲအပြတ်အသတ်အနိုင်ရရှိခဲ့တယ်လို့ ညောင်လေးပင်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက သိရပါတယ်။ ပဲခူးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်မဲဆန္ဒနယ် အမှတ် (၅) ဖြစ်တဲ့ ညောင်လေးပင်မြိုနယ် နှင့် ကျောက်တံခါးမြိုနယ် တို့မှာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာလည်း ဒီမြို့နယ်နှစ်ခုမှာပဲ ယှဉ်ပြိုင်ခဲ့တာပါ။ ညောင်လေးပင်မြိုနယ်နဲ့ ကျောက်တံခါးမြိုနယ်တွေမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ တိုင်းဒေသကြီးလွှတ်တော်တွေက ကိုယ်လှယ်လောင်းအား လုံး အနိုင်ရရှိခဲ့တယ်လို့ လက်ရှိအမျိုးလွှတ်တော်ကိုယ်စားလှယ်လဲဖြစ် ညောင်လေးပင်မြို့နယ်NLD ပါတီ ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်ကပြောပါတယ်။ ပို့ဆောင်ရေးနဲ့ဆက်သွယ်ရေးပြည်ထောင်စုဝန်ကြီး ဦးသန့်ဇင်မောင် ဝင်ရောက်ယှဉ်ပြိုင်တဲ့ မုံရွာမြို့နယ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က အနိုင်ရရှိခဲ့တယ်လို့ သိရပါတယ်။ မုံရွာမြို့နယ်မှာ ပြည်သူ့လွှတ်တော်နေရာအတွက် NLD ပါတီက ဝင်ရောက်ယှဉ်ပြိုင် တဲ့ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင် က ပြိုင်ဘက်ပါတီတွေကို မဲအရေအတွက် နှစ်သိန်းကျော်နဲ့ အနိုင်ရရှိခဲ့တာဖြစ်သလို အမျိုးသားလွှတ်တော်အတွက် ဒေါ်သီတာဝင်းက မဲအရေတွက် နှစ်သိန်းနီးပါးနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။ တိုင်း(၁) နေရာမှာတော့ ဒေါ်အမာကြည်က မဲအရေတွက် (၈) သောင်းကျော်နဲ့ အနိုင်ရရှိခဲ့ပြီး တိုင်း (၂) နေရာမှာတော့ ဒေါ်အောင်ကြည် က မဲအရေအတွက် (၁)သိန်းကျော်နဲ့ အနိုင် ရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

  12. ၀န်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှို မယ်စဲ့မှာ ပြန်နိုင်

    စွပ်စွဲပြစ်တင်ခံရပြီး ရာထူးက ဖြုတ်ချခံရတဲ့ ကယားပြည်နယ် ဝန်ကြီးချုပ်ဟောင်း ဦးအယ်လ်ဖောင်းရှိုဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ကယားပြည်နယ် မယ်စဲ့မြို့နယ်၊ ပြည်နယ်လွှတ်တော် အမှတ် ၂ နေရာကနေ ရွေးကောက်ပွဲအနိုင်ရရှိကြောင်း သူ့ဖေ့စ်ဘွတ်ကနေ ပြောပါတယ်။

    NLDပါတီကိုယ်စားပြုပြီး ဝင်ပြိုင်တဲ့ ဦးအယ်လ်ဖောင်းရှိုဟာ မယ်စဲ့ပြည်နယ်လွှတ်တော် အမှတ် ၂ နေရာအတွက် ကြိုတင်မဲနဲ့ ဆန္ဒမဲ အားလုံးမှာ ခိုင်လုံမဲရရှိမှု ၇၄ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရတာဖြစ်တယ်လို့ သူက ပြောပါတယ်။

    အားနည်းချက်တွေကို အကောင်းဆုံး ပြင်ဆင်ပြီး တာဝန်ကို ထမ်းဆောင်သွားမယ်လို့ ကတိပြုကြောင်း ဝန်ကြီးချုပ်ဟောင်းက ပြောပါတယ်။

  13. တိုင်းဒေသကြီးနေရာအားလုံးမှာ NLD က မဲပိုရပြီး ၂၀၁၅ ကထက် ပိုနိုင်တယ်လို့ ပါတီပြောခွင့်ရသူပြော

    ရန်ကုန်အပါအဝင် တိုင်းဒေသကြီးအားလုံးမှာ NLD ပါတီဟာ ၂၀၁၅ ကထက် မဲ အရေအတွက်ပိုရပြီး ၂၀၁၅ ကထက်လည်း အနိုင်ရတဲ့မဲဆန္ဒနယ်အရေအတွက် ပိုများတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့်က ဘီဘီစီကို နိုဝင်ဘာ ၉ ရက် မနက် ၁၀ နာရီခွဲမှာ ပြောပါတယ်။ ပြည်နယ်တွေမှာတော့ ချင်းမှာ ပြည်နယ်လွှတ်တော် နှစ်နေရာကလွဲပြီး တစ်ပြည်နယ်လုံး NLD ကနိုင်ပြီး မွန်မှာလည်း ယခင်ရွေးကောက်ပွဲတုန်းကလို ရလဒ်မျိုး ရတယ်လို့ ကနဦးသိရကြောင်း ဒေါက်တာမျိုးညွန့်က ပြောပါတယ်။ ချောင်းဆုံမြို့နယ်မှာတော့ နေရာတချို့မှာ NLD ပါတီက ရှုံးနိမ့်ထားတယ်လို့ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

  14. NLD ရခိုင် ဝန်ကြီးချုပ် ဦးညီပု ထပ် အနိုင်ရ, အခုချိန်ထိသိရသမျှ ရခိုင်ပြည်နယ်က မဲရလဒ်များ

    ဂွမြို့နယ်

    • NLD က ၃ နေရာ အနိုင်ရ
    • ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် (၂) မှာ NLD ဝန်ကြီးချုပ် ဦးညီပု ထပ် အနိုင်ရ
    • အမျိုးသားလွှတ်တော်မဲ ဆန္ဒနယ် မသိရသေး

    စစ်တွေမြို့နယ်

    • ရခိုင်အမျိုးသားပါတီANP လေးနေရာလုံး အနိုင်ရ

    အမ်းမြို့နယ်

    • ပြည်သူ့ လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၁ နေရာစီမှာ ပြည်ခိုင်ဖြိုးပါတီ အနိုင်ရ
    • ပြည်နယ်လွှတ်တော် ၁ နေရာ မကျင်းပ
    • အမျိုးသားလွှတ်တော်အတ္ွက် ရခိုင်အမျိုးသားပါတီANP အနိုင်ရ

    ကျောက်ဖြူမြို့နယ်

    • ပြည်သူ့ လွှတ်တော်နဲ့ ပြည်နယ်လွှတ်တော် ၁ နေရာစီ ဒေါက်တာအေးမောင်ပါတီ ရခိုင့်ဦးဆောင်ပါတီ AFP က အနိုင်ရ
    • ကျန်ပြည်နယ်လွှတ်တော် ၁ နေရာ AFPကပဲ အနိုင်ရနိုင်ခြေရှိနေ
    • အမျိုးသားလွှတ်တော် ANP အသာစီးရနေ

    မာန်အောင်မြို့နယ်

    • အမျိုးသားလွှတ်တော်အတွက်ANP အသာစီးရနေ

    သံတွဲမြို့နယ်

    • ပြည့်သူ့လွှတ်တော် နဲ့ အမျိုးသားလွှတ်တော် ရေတွက်နေဆဲ

    ရမ်းဗြဲမြို့နယ်

    • ၄ နေရာ ANP အနိုင်ရ

    တောင်ကုတ်မြို့နယ်

    • AAရခိုင့်တပ်တော်ကဖမ်းဆီးသွားတဲ့NLD ကကိုယ်စားလှယ်လောင်း ၃ ဦးစလုံးရှုံး

    ရခိုင်ပြည်နယ်က မြို့နယ် ၉ ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ခဲ့ဘဲ ကျန် ၈ မြို့နယ်မှာ ကျင်းပခဲ့ရာမှာ မဲပေးနိုင်သူ လေးသိန်းကျော် ရှိပါတယ်။ မဲရုံပေါင်း ၇၇၀ ရှိပါတယ်။ မကျင်းပနိုင်တဲ့နေရာတွေကြောင့် ဒေသခံ ၁၂ သိန်းကျော် မဲပေးခွင့် ဆုံးရှုံးခဲ့ပါတယ်။

    ဒီရလဒ်တွေဟာ သက်ဆိုင်ရာပါတီတွေ၊ ပါတီကိုယ်စားလှယ်တွေဆီက ရရှိတာ ဖြစ်ပြီး ကော်မရှင်ကတော့ တရားဝင် မထုတ်ပြန်ရသေးပါဘူး။

  15. ကချင်ပြည်နယ်က မဲဆန္ဒနယ်တချို့မှာ NLD အနိုင်ရ၊ အင်ဂျန်းယန်မှာ ၃ နေရာလုံးရှုံး

    ကချင်ပြည်နယ်၊ မြစ်ကြီးနား၊ မိုးညင်းနဲ့ ဝိုင်းမော်တို့မှာ လွှတ်တော်နေရာအားလုံး NLD ပါတီ အနိုင်ရရှိတယ်လို့ ကချင်ပြည်နယ်အခြေစိုက် ဘီဘီစီသတင်းထောက်ကပြောပါတယ်။ တနိုင်းမှာ လွှတ်တော် နေရာ လေးနေရာအနက် ပြည်နယ်လွှတ်တော်တစ်နေရာကလွဲလို့ ကျန် ၃ နေရာမှာ NLD ပါတီ အနိုင်ရတယ်လို့ သိရပါတယ်။ ချီဖွေမှာတော့ ပြည်နယ်လွှတ်တော်နေရာနဲ့ ပြည်သူ့လွှတ်တော်နေရာတွေမှာ အခြေအနေကောင်းနေပြီး မိုးကောင်း၊ ဖားကန့်၊ ရွှေကူ၊ ဗန်းမော် ၊ ပူတာအို၊ မချမ်းဘော့ တို့မှာလည်း NLD အနိုင်ရရှိကြောင်း ဒေသခံသတင်းထောက်က ပြောပါတယ်။ မိုးမောက်မှာတော့ အမျိုးသားနဲ့ပြည်သူ့လွှတ်တော်နှစ်နေရာလုံး အနိုင်ရတယ်လို့ သိရပါတယ်။ အင်ဂျန်းယန် မဲဆန္ဒနယ်မှာတော့ ၃ နေရာလုံး NLD ပါတီ ရှုံးနိမ့်သွားပါတယ်။ ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်နေရာအတွက် ကချင်ပြည်နယ်ပြည်သူ့ပါတီ က အနိုင်ရသွားတာဖြစ်ပြီး ပြည်နယ်လွှတ်တော်နေရာအတွက် ယခင် KIO ဥက္ကဋ္ဌဟောင်း ဘရန်ဆိုင်း သမီးဖြစ်သူ ဒေါ် ဂျာဆိုင်းခေါင်န်က တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် အနိုင်ရသွားတာဖြစ်ပါတယ်။ ဆွမ်ပရာဘွမ်မှာလည်း နေရာ ၄ နေရာလုံးမှာ NLD ပါတီ ရှုံးနိမ့်သွားတယ်လို့ သိရပါတယ်။ ချီဖွေ၊ မံစီ၊ ခေါင်လန်ဖူးနဲ့ ဆော့လော်ဘက်က ရလဒ်တွေကိုတော့ ပြတ်ပြတ်သားသားမသိရသေးတဲ့အခြေအနေဖြစ်ပါတယ်။

  16. ရန်ကုန် လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း အနိုင်ရ

    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် သာကေတ မဲဆန္ဒနယ် ( ၁) မှာ ရန်ကုန်တိုင်း အစိုးရ အဖွဲ့က လူမှုရေးဝန်ကြီး NLD ပါတီ ကိုယ်စားလှယ် ဦးနိုင်ငံလင်း အနိုင်ရတယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ မဲရလဒ် ဖော်ပြမှုအရ သိရပါတယ်။

    ဒါ့အပြင် သာကေတ မြို့နယ်မှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် မဲဆန္ဒနယ် ( ၂ ) က ကိုယ်စားလှယ်တွေလည်း အနိုင်ရတယ်လို့ မဲရလဒ်တွေ အရသိရပါတယ်။

    ဒီရလဒ်တွေဟာ အနိုင်ရ ကိုယ်စားလှယ်က ဖော်ပြတာ ဖြစ်ပြီး ကော်မရှင်ကတော့ တရားဝင် မထုတ်ပြန်ရသေးပါဘူး။

  17. တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ဘယ်လောက်ပြိုင်ခဲ့သလဲ

    • ရိုက်တာ သတင်းထောက်တွေရဲ့ အမှုနဲ့ ပတ်သက်လို့ ထောင်တစ်နှစ်ချခံရတဲ့ ဒုရဲမှူးဟောင်း မိုးရန်နိုင်
    • ဒေါ်စုစုနွေးတို့လို အလုပ်သမားနဲ့ လယ်သမားတွေကို ကိုယ်စားပြုလှုပ်ရှားနေတဲ့ တက်ကြွလှုပ်ရှားသူတွေ
    • ရခိုင်အမျိုးသားပါတီ ANP ပါတီဝင်ဟောင်း ဒေါ်ထုမေ
    • ၂၀၁၀ ရွေးကောက်ပွဲတုန်းက ဒီမိုကရက်တစ်ပါတီ( မြန်မာ)ရဲ့ ကိုယ်စားလှယ်အဖြစ် ဗဟန်းမြို့နယ်ကကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရခဲ့တဲ့ ဒေါက်တာညိုညိုသင်း စတဲ့ တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေရဲ့ ရွေးကောက်ပွဲ ပါဝင်ယှဥ်ပြိုင်ခဲ့တဲ့ ခရီးနဲ့ သူတို့ အလားအလာကို ဒီမှာ ဖတ်ရှုနိုင်ပါတယ်။
  18. ၂၀၁၅ မှာ မနိုင်ခဲ့တဲ့ မိတ္ထီလာမှာ NLD နိုင်

    ပြည်ခိုင်ဖြိုးပါတီက လက်ရှိ လွှတ်တော် ကိုယ်စားလှယ်ကို အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်း ဒေါက်တာ ဆင့်စိုးက မိတ္ထီလာ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှာ အနိုင်ရတယ်လို့ NLD ပါတီ မန္တလေး ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီ စာမျက်နှာမှာ ဖော်ပြထားပါတယ်။

    မိထ္ထီလာဟာ တပ်ရင်းတပ်ဖွဲ့တွေလည်း အခြေစိုက်တဲ့ မဲဆန္ဒနယ်ဖြစ်ပြီး ၂၀၁၅ မှာ မဲဆန္ဒနယ် အများစုအနိုင်ရခဲ့ NLD ဟာ ဒီနေရာမှာ ရှုံးနိမ့်ခဲ့တာဖြစ်လို့ စိတ်ဝင်စား စောင့်ကြည့်စရာ မဲဆန္ဒနယ် တစ်ခု ဖြစ်ခဲ့ပါတယ်။

    ဒေါက်တာဆင့်စိုးက မဲ တစ်သိန်းကျော် ရရှိခဲ့ပြီး ဒေါက်တာမောင်သင်းက မဲ ရှစ်သောင်းကိုးထောင်ကျော် ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

    ဒေါက်တာမောင်သင်းဟာ ၂၀၁၅ မှာတော့ မဲ ကိုးသောင်း ခြောက်ထောင်ကျော် ရရှိခဲ့ပါတယ်။

    မိတ္ထီလာမှာ မဲပေးနိုင်သူ အရေအတွက် နှစ်သိန်းခွဲခန့်ရှိပြီး အဲ့ဒီအရေအတွက်ရဲ့ ၃ပုံ ၁ ပုံဟာ မြို့ပေါ်က ဖြစ်သလို ကျန် ၃ ပုံ ၂ ပုံ က ရွာတွေက ဖြစ်ကြပါတယ်။

    ဒီရလဒ်တွေကို ရွေးကောက်ပွဲ ကော်မရှင်ကတော့ တရားဝင် မကြေညာရသေးပါဘူး။

  19. ရန်ကုန် တိုင်းလွှတ်တော် အင်းစိန် ( ၂) မှာ NLD နိုင်

    ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အင်းစိန်မဲဆန္ဒနယ်( ၂) မှာNLD ကိုယ်စားလှယ် ဦးဝေဖြိုးဟန် အနိုင်ရတယ်လို့ သူရဲ့ ဖေ့စ်ဘွတ်ခ်ကနေ ပြောပါတယ်။

    သူဟာ လက်ရှိလည်း အဲဒီ မဲဆန္ဒနယ်က NLD လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပါတယ်။

    ပါတီနဲ့ ရွေးကောက်ပွဲ ကော်မရှင်ကတော့ ရလဒ်ကို မကြေညာသေးပါဘူး။

  20. တိုင်းရင်းသားပါတီတွေနဲ့ အပြိုင်ကြဲရမယ့် ပြည်နယ် ၇ ခု

    မြန်မာနိုင်ငံက တိုင်းရင်းသားတွေ အများစုနေထိုင်ကြတဲ့ ပြည်နယ် ၇ခု က အမျိုးသားလွှတ်တော်နဲ့ ပြည်သူလွှတ်တော် မဲဆန္ဒနယ် ၁၈၀ ကျော်ဟာ ပါတီတစ်ရပ် အစိုးရဖွဲ့နိုင်ရေး အဆုံးအဖြတ်အတွက် အရေးပါတဲ့ မဲဆန္ဒနယ်တွေဖြစ်ပါတယ်။

    ဒေသတွင်းအားကောင်းတဲ့ တိုင်းရင်းသားပါတီတွေ စုစည်း ပြိုင်ဆိုင်လာမှုကြောင့် ၂၀၂၀ ရွေးကောက်ပွဲမှာ မဲတွေကွဲခဲ့ရင်တော့ လွှတ်တော်ထဲကို အသင့်ရောက်နေတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ နဲ့ မိတ်ဖက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအတွက် ပြည်နယ်မဲတွေဟာ အခွင့်အလမ်းဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။

    အပြည့်အစုံဖတ်ရန်ကို ဒီမှာဆက်လက် ဖတ်ရှုနိုင်ပါတယ်။