လူထုမပါတဲ့ အတိုင်ပင်ခံလွှတ်တော်များနဲ့ မဲပုံးမထောင်တဲ့အမတ်များ

burma

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese

ဓာတ်ပုံ ပုံစာ, ၁၉၆၂ မတိုင်ခင်က လွှတ်တော်အဆောက်အအုံ
    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

လွှတ်တော်ကို ရွေးကောက်တင်မြှောက်တဲ့ အမတ်တွေနဲ့ ဖွဲ့စည်းရတယ်လို့ အစဉ်အလာ နားလည်မှု ရှိခဲ့ပေမယ့် မရွေးကောက်ဘဲ အာဏာရှိသူတွေက ရွေးတဲ့စနစ်နဲ့ ဖွဲ့စည်းခဲ့တဲ့ လွှတ်တော်တွေလည်း မြန်မာပြည်မှာ ရှိခဲ့ ပါတယ်။

ဒီလို ဖွဲ့တဲ့လွှတ်တော်တွေဟာ ဒီမိုကရေစီနည်းကျ ဖွဲ့တဲ့လွှတ်တော်တွေမဟုတ်တဲ့အတွက် ရုပ်သေးလွှတ်တော်တွေလို့ ဝေဖန်ခံရသလို ဗြိတိန်က ဘုရင့်အတိုင်ပင်ခံ ပရီဗီကောင်စီ အဆင့် အတိုင်ပင်ခံလွှတ်တော်မျိုးလို့လည်း သတ်မှတ် ခံခဲ့ရပါတယ်။

မြန်မာပြည် နိုင်ငံရေးသမိုင်းကို ပြန်ကြည့်ရင်လည်း မရွေးကောက်ဘဲ အမတ် ခန့်တဲ့ခေတ်တွေ ၁၉၆၂ အထိ ရှိခဲ့တာကို တွေ့ရပါတယ်။

လွှတ်တော်အဆင့်ဆင့်

ဘုရင်ခံကရက်ဒေါက် လက်ခုပ်ထဲက ဦးဘတူတို့ အမတ်တစုကာတွန်း

ဓာတ်ပုံ ရင်းမြစ်, ရွှေရိုးဘကလေး၊ လူထုဒေါ်အမာ

ဓာတ်ပုံ ပုံစာ, ဘုရင်ခံကရက်ဒေါက် လက်ခုပ်ထဲက ဦးဘတူတို့ အမတ်တစုကာတွန်း

မြန်မာနိုင်ငံမှာ ပဒေသရာဇ်ခေတ်ကတည်းက လွှတ်တော်ရှိခဲ့ပေမယ့် ဘုရင်စေခိုင်းတာကို လုပ်ရတဲ့ ဝန်ကြီးအဖွဲ့ရုံး သဘောပိုသက်ရောက်ခဲ့ပါတယ်။ ၁၈၈၅ မှာ မြန်မာနိုင်ငံ အထက်ပိုင်းကို သိမ်းပြီးနောက် မန္တလေးက ဘုရင့်လွှတ်တော်ကို ၁၈၈၆ မှာ ဖျက်သိမ်းခဲ့ပါတယ်။ အဲဒီနောက် တနိုင်ငံလုံးကို မဟာဝန်ရှင်တော်မင်းကြီး တဦးတည်း သဘောနဲ့ အုပ်ချုပ်ခဲ့ရာက ၁၈၉၇ မှာ ဒုတိယဘုရင်ခံခန့်ပြီး ဥပဒေပြုကောင်စီနဲ့ တိုင်ပင်အုပ်ချုပ်တဲ့ ခေတ်ကို ရောက်ပါတယ်။

ဒီလို ဥပဒေပြုကောင်စီ ဖွဲ့စည်းရာမှာလည်း လူထုက ရွေးကောက်တာ မဟုတ်ဘဲ ဒုတိယဘုရင်ခံ စိတ်ကြိုက်ရွေးထားတဲ့ ဗြိတိသျှ အရာရှိတွေနဲ့ မြန်မာအရာရှိတွေ၊ မင်းစိုးရာဇာလူတန်းစားအလွှာတွေပဲပါတဲ့ အကြံပေး အဖွဲ့တွေ ဖြစ်ကြ ပါတယ်။ ကင်းဝန်မင်းကြီးနဲ့ ရွှေတိုက်အတွင်းဝန်လို မြန်မာဘုရင်ရဲ့ မှူးမတ်ဟောင်းတွေနဲ့ ညောင်ရွှေနဲ့ သီပေါလို ရှမ်းစော်ဘွားတွေကိုလည်း ဒီဥပဒေပြုကောင်စီမှာ အမတ်အဖြစ် ခန့်ထားခဲ့ပါတယ်။ အစပိုင်းမှာ အမတ် (၉) ယောက်နဲ့ စခဲ့ပေမယ့် နောက်ပိုင်းမှာ (၁၇) ယောက်၊ အယောက် (၃ဝ) ထိ တိုးချဲ့ ခန့်ထားခဲ့ပါတယ်။ တိုးချဲ့ ခန့်လိုက်တဲ့ အမတ်တွေထဲမှာ မြန်မာပြည် ကုန်သည်ကြီးများအသင်း၊ အိန္ဒိယ၊ တရုတ် ၊ ဥရောပသား ကိုယ်စားလှယ်တွေ ပါဝင်လာ တာကိုလည်း တွေ့ရပါတယ်။

ဘုရင်ခံခန့်အမတ် ညောင်ရွှေစော်ဘွား ဆာစောမောင်

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဘုရင်ခံခန့်အမတ် ညောင်ရွှေစော်ဘွား ဆာစောမောင်

နောက် မြန်မာပြည်ကို အိန္ဒိယအင်ပါယာရဲ့ ပြည်နယ်တခုအဖြစ် အဲဒီအချိန်က သတ်မှတ်ထားတဲ့အတွက် အိန္ဒိယဥပဒေပြုလွှတ်တော်ကိုလည်း မြန်မာပြည်က ကိုယ်စားလှယ်တွေ ရွေးချယ်လွှတ်ပေးရပါတယ်။ မြန်မာထဲက ပထမဆုံး ခန့်အပ် ရတဲ့ လွှတ်တော်အမတ်ဟာ မော်လမြိုင်က ဦးအူဖြစ်တယ်လို့ (၂ဝ) ရာစု မြန်မာပြည် ပုံရိပ်လွှာများ စာအုပ်မှာ ဖော်ပြပြီး သူ့သား စစ်ကဲကြီး မောင်ဘတူလည်း ၁၉ဝ၇ မှာ အိန္ဒိယလွှတ်တော်အမတ် ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးဘတူဟာ အမတ်ဘဝနဲ့ ဘုရင်ခံအိမ်တော်မှာ အစည်းအဝေးတက်ရင်း အမောဖောက်ပြီး ကွယ်လွန်ခဲ့ပါတယ်။

ဒီလို လက်ထောက်ဘုရင်ခံက အမတ်တွေကို ခန့်တဲ့ခေတ်က အမတ်တွေမှာ မြန်မာပြည်အရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးရုံသက်သက်ပဲ အာဏာရှိတယ်လို့လည်း ဦးမြဟန်က ကိုလိုနီခေတ် မြန်မာသမိုင်းအဘိဓာန်မှာ မှတ်ချက်ချပါတယ်။ ဒီအတိုင်ပင်ခံ လွှတ်တော်တွေဟာ မြန်မာအကျိုးထက် အင်္ဂလိပ်ကုန်သည်ကြီးတွေအကျိုးကိုသာ ရှေ့ရှုတယ်လို့လည်း မြန်မာ့စွယ်စုံကျမ်းက ဆိုပါတယ်။ လွှတ်တော်တခုရဲ့ အရေးကြီးဆုံး တာဝန်တခု ဖြစ်တဲ့ ရသုံးငွေစာရင်းဘက်ဂျက်ကိုလည်း မဲမပေးနိုင်ဘူးလို့ ဦးအုန်းဖေရဲ့ ပင်လုံစစ်တမ်းမှာပါရှိပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Bo Bo BBC Burmese

ဓာတ်ပုံ ပုံစာ, လွှတ်တော်အတွင်းခန်းမြင်ကွင်း

၁၉၂၃-၁၉၄၂ ရွေးကောက်တဲ့ လွှတ်တော်များ

မြန်မာပြည်ကို နှစ်ဦးနှစ်ဖက် ပူးတွဲအုပ်ချုပ်ရတဲ့ ဒိုင်အာခီအုပ်ချုပ်ရေး ပေးပြီးနောက် ရွေးကောက်ပွဲတွေ စလုပ်ပါတယ်။ အဲဒီမှာ အမတ် (၁ဝ၃) ယောက် ထိ ခန့်ထားပေမယ့် ဘုရင်ခံခန့်တဲ့ အမတ်က (၂၂) ယောက်နဲ့ ရာထူးအရဖြစ်တဲ့ အမတ်က (၂) ယောက် ပါပါသေးတယ်။ ဝန်ကြီးချုပ်ခေါ် ဝန်ကြီးအဆင့်နှစ်ယောက်ကိုလည်း ဒုတိယဘုရင်ခံကပဲ ခန့်အပ်ပါတယ်။ ၁၉၃၇ မှာ မြန်မာပြည်ကို အိန္ဒိယက ခွဲထုတ်ပြီးနောက် အထက်နဲ့ အောက်လွှတ်တော်နှစ်ရပ် ပေါ်ထွန်း လာပါတယ်။ ဒီမှာလည်း ဘုရင်ခံခန့်တဲ့ အမတ်က ပါနေပါသေးတယ်။ အထက်လွှတ်တော်အမတ် (၃၆) ယောက်မှာ (၁၈) ယောက်ကို ဘုရင်ခံကခန့်ပြီး အစိုးရအဖွဲ့ထဲက အတိုင်ပင်ခံ ဝန်ကြီးလေးနေရာနဲ့ ရှေ့နေချုပ်ရာထူးတွေကိုလည်း ဘုရင်ခံက ခန့်နိုင်ပါသေးတယ်။

နောက် အဲဒီခေတ် မဲဆန္ဒနယ်ခွဲပုံအရ မြန်မာ၊ ကရင်၊ အိန္ဒိယ၊ ဥရောပ၊ ဥရောပ၊ အင်္ဂလိပ်-မြန်မာကပြား၊ ကုန်သည်ကြီးအသင်းနဲ့ အလုပ်သမား အမတ်၊ တက္ကသိုလ်အမတ် ဆိုတာတွေ ရှိတဲ့အတွက် အင်္ဂလိပ်ကုန်သည် တရာက အမတ် တယောက် ရွေးနိုင်ပေမယ့် မြန်မာသုံးသောင်းမှ အမတ်တယောက် ရွေးနိုင်တဲ့ခေတ် ရှိခဲ့တယ်လို့ ဦးမြဟန်က သုံးသပ်ပါတယ်။ ပြီးတော့ အခွန်ဆောင်နိုင်သူ၊ စာတတ်သူတွေသာ မဲပေးခွင့် ရှိတဲ့အတွက် လူလတ်တန်းစားနဲ့ အထက်အဆင့် တွေသာ မဲပေးနိုင်ကြလို့ တနိုင်ငံလုံး လူ (၁၂) သန်းရှိတဲ့ခေတ်မှာ နှစ်သန်းပဲ မဲပေးခွင့်ရခဲ့တယ်လို့ သိရပါတယ်။

ဒိုင်အာခီနဲ့ (၉၁) ဌာန နှစ်ခေတ်လုံးမှာ တောင်တန်းဒေသတွေကို အုပ်ချုပ်ရေးတိုးမပေးဘဲ ဘုရင်ခံရဲ့ အုပ်ချုပ်မှုအောက်မှာသာ ထားခဲ့တဲ့အတွက် လွတ်လပ်ရေးရတဲ့အထိ ကချင်တောင်တန်း၊ ကရင်နီ၊ သံလွင်ခရိုင်၊ ချင်းတောင်ခရိုင်၊ ရခိုင် တောင်တန်း၊ ရှမ်းပြည်နယ်စုနဲ့ နာဂ စတဲ့ဒေသတွေမှာ ရွေးကောက်ပွဲမရှိ ဖြစ်ခဲ့ပါတယ်။

ဂျပန်ခေတ် လွှတ်တော်

ဒေါက်တာဘမော်နဲ့ ဂျပန်ခေါင်းဆောင်တွေ တွေ့ဆုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါက်တာဘမော်နဲ့ ဂျပန်ခေါင်းဆောင်တွေ တွေ့ဆုံ

၁၉၄၂ ဒုတိယကမ္ဘာစစ်ကြီးအတွင်း မြန်မာပြည်ကို ဂျပန်သိမ်းပြီးနောက် လွတ်လပ်ရေး ပေးဖို့ ပြင်ပါတယ်။ ၁၉၄၃ ဩဂုတ်လမှာ လွတ်လပ်ရေးကြေညာတဲ့အခါမှာ နိုင်ငံ အကြီးအကဲ အဓိပတိ ဒေါက်တာဘမော်ကို ကူညီဖို့ အစိုးရနဲ့ အတိုင်ပင်ခံ လွှတ်တော် ဖွဲ့ပေးပါတယ်။

ဒီမှာလည်း တသွေးတသံတမိန့် ဆိုတဲ့ စစ်အတွင်းအာဏာရှင်ခေတ်ဖြစ်တဲ့အတွက် ရွေးကောက်ပွဲ မရှိဘဲ ခေါင်းဆောင်က ရွေးတဲ့ ရွေးခန့်အမတ်တွေ ဖြစ်ကြပါတယ်။ ဂျပန်ခေတ်အမတ်အများစုဟာ စစ်ကြီးမဖြစ်ခင်က ထင်ရှားတဲ့ နိုင်ငံရေး ခေါင်းဆောင်တွေနဲ့ စီးပွားရေးသမားကြီးတွေ၊ အရာရှိဟောင်းတွေ ပါတာကိုလည်း တွေ့ရပါတယ်။ နောက် ဗြိတိသျှခေတ်မှာ လွှတ်တော်အမတ်၊ ဥက္ကဋ္ဌနဲ့ ဝန်ကြီး ဖြစ်ခဲ့သူတွေလည်း ပြန်ပါခဲ့ပါတယ်။

သားဖြစ်သူ တက်ဒီတင်သိန်းက ဗြိတိသျှလေတပ်ဗိုလ်ဖြစ်နေချိန်မှာ ဖခင် တက္ကသိုလ် အမတ်ဟောင်းဦးထွန်းဖေကို အမတ်ပြန်ခန့်ခဲ့တာကလည်း ဂျပန်ခေတ်ရဲ့ ထူးခြားချက် ဖြစ်ပါတယ်။ သီပေါမင်းခေတ်က မြင်းစုကြီးဝန်ရဲ့သား သမဝါယမ အမည်ကို တီထွင်သူ ဦးမောင်မောင်ပြားခေါ် မောင်မောင်ဗြားလည်း ဂျပန်ခေတ်မှာ အမတ် ဖြစ်ခဲ့ပါတယ်။

ဒီအတိုင်ပင်ခံလွှတ်တော်အမတ် (၂ဝ) မှာ ထင်ရှားသူတွေကတော့ သခင်ကိုယ်တော်မှိုင်း၊ ဆာဦးသွင်၊ ဒေါက်တာ ဆာစံစီဖိုး၊ ဂျီစီဘီအေခေတ်က သမ္မတဟောင်း ဦးချစ်လှိုင်၊ ဒီးဒုတ်ဦးဘချိုစတဲ့သူတွေ ဖြစ်ပါတယ်။ အသက် (၇ဝ) နဲ့ (၆ဝ) ကျော် လူကြီးပိုင်းတွေကို ရုပ်ပြသဘောထည့်သွင်းတဲ့ လွှတ်တော် ဖြစ်ပေမယ့် ခေတ္တဘုရင်ခံဟောင်း ဆာဂျေအေမောင်ကြီးနဲ့ နန်းရင်းဝန်ဟောင်း ဦးပုတို့လို လူကြီးတချို့ ကတော့ စစ်အတွင်းမှာ နိုင်ငံရေးမလုပ်ဘဲ နေခဲ့ကြပါတယ်။

ဂျပန်ခေတ် လွှတ်တော်အမတ် ကိုယ်တော်မှိုင်း

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, ဂျပန်ခေတ် လွှတ်တော်အမတ် ကိုယ်တော်မှိုင်း

ဒီအတိုင်ပင်ခံလွှတ်တော်မှာ စက်သူဌေးဆာဦးသွင်ကို ဥက္ကဋ္ဌ၊ အလုပ်သမားအမတ် ဦးဘလှိုင်ကို ဒုတိယ ဥက္ကဋ္ဌ အဖြစ် ပြိုင်ဘက်မရှိ တင်မြှောက်ခဲ့တယ်လို့လည်း လူထုဦးလှရဲ့ သတင်းစာများ ပြောပြတဲ့ စစ်အတွင်း ဗမာပြည် (တတိယတွဲ) မှာ ဖော်ပြပါတယ်။ လွှတ်တော်မှာ စည်းမျဉ်းဥပဒေရေးဆွဲဖို့ ဦးသွင်၊ ဦးချစ်လှိုင်၊ မြန်မာ့အလင်းဦးတင်တို့ ခုနစ်ဦးပါ အဖွဲ့ငယ်ရှိတယ်လို့လည်း ဆိုပါတယ်။

ဂျပန်ခေတ် ဗမာနိုင်ငံတော် အုပ်ချုပ်ရေးစည်းမျဉ်း ဥပဒေအရ ဒီလွှတ်တော်ဟာ အခွန်တော်၊ ဝင်ငွေထွက်ငွေနဲ့ ချေးငွေကိစ္စ၊ စစ်ပြေငြိမ်းရေးနဲ့ တခြားစာချုပ်များချုပ်ခြင်းနဲ့ သာမန်ဥပဒေပြုခြင်းကိစ္စတွေမှာ အဓိပတိကို အကြံပေးဖို့ဖွဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးတွေနဲ့ တိုင်ပင်ပြီး ဒီအမတ်တွေကို အဓိပတိက ခန့်ရမယ်၊ ဒီအမတ်တွေဟာ သက်ကြီးဝါရင့် အုပ်ချုပ်ရေး သုခမိန်အရည်အချင်းနဲ့ ပြည့်စုံရမှာဖြစ်ပြီး အနည်းဆုံး အသက် (၄ဝ) ရှိရမယ်လို့လည်း ပါပါတယ်။ ဥပဒေပြု တာကတော့ အဓိပတိရဲ့ တာဝန်ဖြစ်ပြီး သာမန်ဥပဒေပြုရေးမှာ ဝန်ကြီးအဖွဲ့က အဓိပတိကို အကြံမပေးခင် လွှတ်တော်နဲ့ တိုင်ပင်ရမယ်၊ သာမန်မဟုတ်တဲ့ စစ်ရေးဆိုင်ရာ ဥပဒေတွေ မှာတော့ လွှတ်တော်ကို မတိုင်ပင်ဘဲ ဆောင်ရွက်နိုင်တယ်လို့ ဆိုတဲ့အတွက် ဒီလွှတ်တော်ဟာ ဥပဒေပြုရေးမှာ ဩဇာမညောင်းဘူးဆိုတာ သိနိုင်ပါတယ်။

၁၉၄၆ လွှတ်တော်

၁၉၄၅ စစ်ကြီးအပြီးမှာ ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ် ပြန်ရောက်လာပြီး ဖဆပလနဲ့ အဝေမတည့်ဖြစ်ပြီးနောက် နိုဝင်ဘာမှာ ဆာပေါ်ထွန်းနဲ့ အစိုးရဖွဲ့ပါတယ်။ ၁၉၄၅ နှစ်ကုန်ပိုင်းမှာတော့ လွှတ်တော်ဖွဲ့ဖို့ စီစဉ်ပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်သေးချိန်မှာ ဘုရင်ခံတဦးတည်းသဘောနဲ့ အုပ်ချုပ်ခွင့်ရတဲ့အတွက် အုပ်ချုပ်ရေးနဲ့ ဥပဒေပြုရေးမှာ ကူဖို့ အစိုးရနဲ့ လွှတ်တော်တွေ ဖွဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်အတွက် ဖဆပလကို ဦးဘဘေ၊ ဦးအောင်ဆန်း၊ စောဘဦးကြီးနဲ့ သခင်သန်းထွန်းဆိုပြီး အမတ်လေးနေရာပေးပေမယ့် လက်မခံတဲ့အတွက် တခြားလူတွေနဲ့ လွှတ်တော် ဖွဲ့ပါတယ်။ ဒီလွှတ်တော်မှာ အမတ် (၃၄) ယောက်ပါပြီး အမျိုးသမီး အမတ်အဖြစ် ဒေါ်မမခင် ပါပါတယ်။ ဒေါ်မမခင်ဟာ စစ်မဖြစ်ခင်ကလည်း ဒေါက်တာဘမော်ရဲ့ ဆင်းရဲသားပါတီကနေ အမတ်အရွေးခံခဲ့ရဖူးပါတယ်။ ဝန်ကြီး ဆာပေါ်ထွန်းနဲ့ ခင်တဲ့အတွက် အမေရိကန်ကို အာဟာရဗေဒပညာသင်ဆုရပြီး ပြန်လာပြီးနောက် ဒေါ်မမခင် အမ်အက်စီ (ချီကာဂို) အဖြစ် ထင်ရှားပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Archive

ဓာတ်ပုံ ပုံစာ, လွှတ်တော်ဥက္ကဋ္ဌ ဦးချစ်လှိုင်

၁၉၄၅ နှစ်ကုန်တဲ့နေ့၊ ၁၉၄၄ ကတည်းက မြန်မာပြည်မှာ ဗြိတိသျှ ပြန်သိမ်းမိတဲ့နေရာတွေမှာ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးနောက်ဆုံးနေ့မှာပဲ လွှတ်တော်အမတ် နာမည်တွေကို ကြေညာခဲ့တာပါ။ လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုတိယဥက္ကဋ္ဌ အဖြစ် ဦးချစ်လှိုင်နဲ့ ဦးကြာခိုင်ကို တင်မြှောက်ပါတယ်။ ဦးချစ်လှိုင်အတွက် ဒါဟာ စတုတ္ထအကြိမ် လွှတ်တော်ဥက္ကဋ္ဌ ဖြစ်တာပါ။ ဒီလွှတ်တော်မှာ စစ်မဖြစ်ခင်က နိုင်ငံရေးသမားဟောင်းတွေနဲ့အတူ တို့ဗမာ အစည်းအရုံးခေါင်းဆောင် တချို့လည်း ပါပါတယ်။ သူတို့ကတော့ ဗိုလ်ချုပ်ကြီးနေဝင်းရဲ့ဦးလေး သခင်ညီ၊ သခင်အေး၊ သခင်ကျော်စိန်၊ သခင်လူထွန်း စတဲ့သူတွေဖြစ်ပါတယ်။ နောက် တရုတ်နဲ့ အိန္ဒိယ၊ ဥရောပသား အမတ်တွေလည်း ခုနစ်ယောက်လောက်ပါပါတယ်။

ဒီလွှတ်တော်ကျင်းပဖို့ နေရာအတည်တကျမရှိသေးတဲ့အတွက် ရန်ကုန်မြို့တော်ခန်းမ ထဲမှာပဲ ၁၉၄၆ ဇန်နဝါရီလမှာ ကြိုးတားပြီး လွှတ်တော်ကျင်းပရကြောင်း လူထုဦးလှရဲ့ သတင်းစာများပြောပြတဲ့ စစ်ပြီးစဗမာပြည် (ဒုတိယတွဲ) စာမူမှာ ဖော်ပြပါတယ်။ လွှတ်တော်ဖွင့်တဲ့နေ့က တက်ရောက်သူတွေထဲမှာ လင်းပင်မင်းသမီးကြီးလည်း ပါတယ် ဆိုတဲ့အတွက် လင်းပင်မင်းသားရဲ့ သမီးတော် ထိပ်တင်မလတ်ဖြစ်ဖွယ်ရှိပါတယ်။ ၁၉၄၆ ဖေဖော်ဝါရီမှာ ကျင်းပတဲ့ နောက် အစည်းအဝေးကိုတော့ အတွင်းဝန်ရုံးထဲက အရင်လွှတ်တော် အဆောက်အဦမှာပဲ ကျင်းပတာကို တွေ့ရပါတယ်။ နောက် မြန်မာ့အလင်းသတင်းစာ ဂျိုကာအခန်းကနေ လွှတ်တော်ကို ဝေဖန်တဲ့အတွက် မြန်မာ့အလင်း သတင်းထောက်ကို လွှတ်တော်ထဲ ဝင်ခွင့်မပြုလို့ မြန်မာသတင်းစာတွေ ဝိုင်းပြီး လွှတ်တော်ကို သပိတ်မှောက်၊ လွှတ်တော်သတင်းမထည့်တာလည်း ၁၉၄၆ လွှတ်တော်မှာ ဖြစ်ပွားခဲ့ပါတယ်။

ဒီလွှတ်တော်ရဲ့ ဆောင်ရွက်ချက် ထွေထွေထူးထူးမရှိခဲ့ပေမယ့် မြန်မာပြည် ရွေးကောက်ပွဲ ဥပဒေနဲ့ ပတ်သက်ပြီး အရေးကြီးတဲ့ အပြောင်းအလဲတခုကိုတော့ ဒီလက်ထက်မှာ တွေ့ခဲ့ရပါတယ်။ အရင် ၁၉၃၅ မြန်မာနိုင်ငံဥပဒေမှာ အခွန် မဆောင်သူ၊ စာမတတ်သူတွေကို မဲပေးခွင့်မပြုဘဲ ကန့်သတ်ထားရာက ဝန်ကြီးဦးပုခေါင်းဆောင်တဲ့ မဲဆန္ဒပေးရေးစုံစမ်းရေးကော်မတီတရပ် ပေါ်ထွန်းခဲ့ပါတယ်။ နောက် ဖဆပလ ခေါင်းဆောင်တွေရဲ့ တောင်းဆိုမှု နဲ့အတူ အသက် (၁၈) နှစ်ပြည့်သူတိုင်း မဲပေးခွင့် ရှိကြောင်း ၁၉၄၇ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒီဆာပေါ်ထွန်းခေတ်လွှတ်တော် ဘယ်ချိန်မှာ သက်တမ်းကုန်သွားတယ် မသိပေမယ့် ၁၉၄၆ မှာ အထွေထွေသပိတ်ကြီးဖြစ်ပြီးနောက် စက်တင်ဘာမှာ ဗိုလ်ချုပ်အောင်ဆန်း အစိုးရ တက်လာခဲ့ပါတယ်။

လွှတ်တော်ရေစီး

ဒီစစ်အတွင်းနဲ့ စစ်ပြီးစ အရွေးကောက်မခံ လွှတ်တော်နှစ်ရပ်လုံးမှာ ပါဝင်ခဲ့သူတွေအဖြစ် ဦးချစ်လှိုင်ကို တွေ့ရသလို စစ်အတွင်းအမတ် အတွင်းဝန်ဟောင်း ဦးကျော်လည်း စစ်ပြီးစမှာ အမတ်ပြန်ဖြစ်ပုံရပါတယ်။ စစ်အတွင်းမှာ လွှတ်တော် အမတ် ဖြစ်ခဲ့တဲ့ မြန်မာ့အလင်းဦးတင်ဟာ ၁၉၅၈ မှာ ဖဆပလ နှစ်ခြမ်းကွဲပြီးနောက် လွှတ်တော် ဥက္ကဋ္ဌဖြစ်ခဲ့ပြီး စစ်အတွင်းအမတ် ပဲခူးဦးသာဒင်ဟာလည်း ၁၉၄၇ နဲ့ ၁၉၅၆ မှာ ဖဆပလနဲ့ ပမညတအမတ် ဖြစ်ခဲ့သလို ၁၉၇၄ ဆိုရှယ်လစ် ခေတ်မှာ နိုင်ငံတော် ကောင်စီဝင် ပြန်ဖြစ်လာပါတယ်။ စစ်အတွင်းအမတ် ဟင်္သာတဦးမြကတော့ စစ်ပြီးခေတ် ဝန်ကြီးနဲ့ လွတ်လပ်ရေးခေတ်မှာ ပြည်ထောင်စုဘဏ် ဥက္ကဋ္ဌ ဖြစ်ခဲ့ပါတယ်။ စစ်ပြီးစမှာ ဖြစ်တဲ့ အမတ်အများစုကတော့ မြန်မာပြည်နိုင်ငံရေးမှာ ပြန်နေရာရမလာတော့ဘဲ ၁၉၅၂ မှာ ဦးချစ်လှိုင် သမ္မတဝင်အရွေးခံပြီး ရှုံးနိမ့်သွားတာပဲ ရှိခဲ့ပါတယ်။

၁၉၄၇ မှာ တိုင်းပြည်ပြုလွှတ်တော် ရွေးကောက်ပွဲနဲ့အတူ ဖွဲ့စည်းအုပ်ချုပ်ပုံအသစ် ရေးဆွဲမယ့် လွှတ်တော်တရပ် ပေါ်လာပါတယ်။ ဒီဖွဲ့စည်းပုံရဲ့ ထူးခြားချက်အဖြစ် မြန်မာပြည်မနဲ့ အုပ်ချုပ်ရေးအဆက်ဖြတ်ထားခဲ့တဲ့ တောင်တန်းဒေသတွေ မြန်မာပြည်ထဲ ပြည်ထောင်စုအဖြစ် ပေါင်းစည်းလာပါတယ်။ ရှမ်းနဲ့ ကယားမှာ အစဉ်အဆက်အုပ်စိုးခဲ့တဲ့ စော်ဘွားနဲ့ စောဖျာတွေအတွက် လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်နေရာတွေကို မရွေးကောက်ဘဲ တင်မြှောက်ခွင့်ကိုလည်း ဒီဖွဲ့စည်းပုံကပဲ ပေးခဲ့ပြီး ၁၉၆၂ စစ်အာဏာသိမ်းတဲ့အထိ တည်မြဲခဲ့ပါတယ်။ စော်ဘွားတွေကို ပြည်သူ့လွှတ်တော်မှာ ဝင်အရွေးခံခွင့်မပြုပေမယ့် မဟာဒေဝီကစပြီး စော်ဘွား ညီတော်၊ တူတော်တွေနဲ့ ငယ်ကျွန်တွေအထိ လွှတ်တော်အမတ် အရွေးခံကြတယ်လို့လည်း ဦးအုန်းဖေက ပင်လုံစစ်တမ်းမှာ ရေးပါတယ်။

အဲဒီနောက် မရွေးကောက်ဘဲ ခန့်ထားတဲ့ လွှတ်တော်အမတ်တွေကို ၂ဝဝ၈ ဖွဲ့စည်းပုံအရ ပေါ်လာတဲ့ လွှတ်တော်အသစ်တွေမှာ ထပ်မံ တွေ့ရှိရပြီး တပ်မတော်ကိုယ်စားလှယ်တွေ ဖြစ်လာပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ အရွေးကောက်မခံဘဲ ဖြစ်တဲ့ အမတ်မပါတဲ့ လွှတ်တော်ဆိုလို့ ၁၉၇၄ နဲ့ ၁၉၈၈ ကြားက ဆိုရှယ်လစ်လွှတ်တော်လေးခုပဲ ရှိပြီး ဒီလွှတ်တော်တွေကို တင်မြှောက်လိုက်တဲ့ ရွေးချယ်ပွဲတွေရဲ့ လွတ်လပ်မှုနဲ့ ဒီလွှတ်တော် တွေရဲ့ ဒီမိုကရေစီကျင့်သုံးမှုတွေကလည်း အများပြောစရာ ဖြစ်ခဲ့ပါတယ်။