တပ်မတော်နေ့ နဲ့ တော်လှန်ရေးနေ့ သီးခြား ကျင်းပ

ဓာတ်ပုံ ရင်းမြစ်, Xinhua
မတ်လ ၂၇ ရက်နေ့ မှာ ကျရောက်တဲ့ ၇၁ နှစ်မြောက် တပ်မတော် နေ့ ကို နေပြည်တော်မှာ ကျင်းပခဲ့သလို NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ကလည်း ဖက်ဆစ် တော်လှန်ရေး နေ့ အဖြစ် ရန်ကုန် ရုံးချုပ် မှာ ကျင်းပ ခဲ့ပါတယ် ။
နေပြည်တော် က တပ်မတော်နေ့ အခမ်းအနား ကို NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်၊ သူရ ဦးရွှေမန်းနဲ့ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး တက်ရောက် တာ မတွေ့ရပါဘူး ။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ လွှတ်တော် ကိုယ်စားလှယ် ဖြစ်ပြီး ကတည်းက နှစ်စဉ် တပ်မတော်နေ့ အခမ်းအနား ကို တက်ရောက် ခဲ့ပါတယ် ။
တပ်မတော်ဘက် ကလည်း နှစ်စဉ် ဒေါ်အောင်ဆန်း စုကြည်ကို ရေးရာကော်မတီ ဥက္ကဋ္ဌ တဦး အနေနဲ့ ဖိတ်ကြား ခဲ့ပါတယ် ။
ဒီနှစ် မှာတော့ လေးလေးစားစား မဖိတ်ကြားတဲ့ အတွက် တက်ရောက်မှု မရှိတာ ဖြစ်တယ်လို့ NLD ပါတီရေးရာ ကော်မတီ ဥက္ကဋ္ဌ တဦးက ပြောပါတယ် ။
ဒါပေမဲ့ ပြည်သူ့ လွှတ်တော် နဲ့ အမျိုးသား လွှတ်တော် က ရေးရာကော်မတီ ဥက္ကဋ္ဌ အချို့ တက်ရောက် ကြပါတယ် ။
ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် ပြောကြားတဲ့ မိန့်ခွန်း ထဲမှာ ပြည်သူ့ အကျိုးစီးပွား ဖြစ်ထွန်း ဖို့ အစိုးရသစ် နဲ့ ပူးပေါင်း ဆောင် ရွက်သွားမယ် လို့ ထည့်သွင်း ပြောကြား ခဲ့ပါတယ်။
တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ပူးပေါင်းမယ် လို့ ပြောပေမယ့် ပြီးခဲ့တဲ့ လပိုင်းက စလို့ NLD နဲ့ တပ်မတော် ခေါင်းဆောင် တွေကြား ဆက်ဆံရေး ဟာ ကောင်းမွန်မှု ရှိတာကို မတွေ့ရပါဘူး ။
ဒါကြောင့် လက်တွေ့ တကယ် ပူးပေါင်း ဆောင်ရွက်နိုင်မလား ဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ် ။
တပ်မတော်နေ့ ကို နှစ်စဉ် ကျင်းပနေကျ နေပြည်တော် က စစ်ရေးပြကွင်းမှာ ကျင်း ပခဲ့ပြီး စစ်လက်နက် အင်အားတွေ ထုတ်ပြခဲ့ပါတယ် ။
ဒီနှစ် မှာတော့ လေကြောင်းရန် ကာကွယ်ရေး စစ်လက်နက် ပစ္စည်း အသစ်တွေကို ထုတ်ပြ လာတာ တွေ့ခဲ့ရပါတယ် ။








