ဒေါ်စုနဲ့ ဗိုလ်ချုပ်မှူးကြီး ဒုတိယအကြိမ်တွေ့

ဓာတ်ပုံ ရင်းမြစ်, kakapyi
NLD ဥက္ကဋ္ဌ ဒေါ်အောင်ဆန်း စုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်က နေပြည်တော် ကာကွယ်ရေး ဦးစီးချုပ်ရုံးမှာ၂ နာရီကြာ တွေ့ဆုံ ခဲ့ကြ ပါတယ်။
တပ်မတော် က ထုတ်ပြန်ရာမှာ ရွေးကောက်ပွဲလွန် ကာလ တည်ငြိမ် အေးချမ်းရေး၊ လွှတ်တော်နဲ့ ပတ်သက်တဲ့ ကိစ္စတွေ၊ အစိုးရ ဖွဲ့စည်းရေး ဆိုင်ရာတွေနဲ့ NCA လက်မှတ် ထိုးပြီးနောက် ထာဝရ ငြိမ်းချမ်းရေး ရဖို့ ဆောင်ရွက်ရမယ့် ကိစ္စတွေကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေး ခဲ့ကြတယ် လို့ ပါရှိပါတယ် ။
တပ်ဘက်က ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး မြထွန်းဦးနဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး ရဲအောင်တို့ ပါဝင် ခဲ့ကြပါတယ်။
ဒုတိယ ဗိုလ်ချုပ်ကြီး ကျော်ဆွေ ဟာ နယ်စပ်ရေးရာ ဝန်ကြီး၊ ဒုတိယ ဗိုလ်ချုပ်ကြီး မြထွန်းဦး ဟာ စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်နဲ့ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် ကတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တောက်လျောက် ပါဝင်နေတဲ့ စစ်ဥပဒေချုပ် ဖြစ်ပါတယ် ။
NLD ဘက်က လည်း ဗဟို အလုပ် အမှုဆောင်တွေ ဖြစ်တဲ့ ဦးဝင်းထိန်၊ ဒေါက်တာ ဇော်မြင့်မောင် ၊ ဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆရာဝန် ဒေါက်တာ တင်မျိုးဝင်း တို့ ပါဝင် လာပါတယ် ။
ဒီဆွေးနွေးမှုနဲ့ နီးစပ်တဲ့ အငြိမ်းစား တပ်မတော် အရာရှိကြီး တဦးကတော့ ဒီတွေ့ဆုံမှုမှာ ပါလာတဲ့ ဒုတိယဗိုလ်ချုပ်ကြီး ၃ ဦးဟာ တပ်က ခန့်တဲ့ ကာလုံ အဖွဲ့ဝင် ပြည်ထောင်စု ဝန်ကြီးတွေ ဖြစ်လာမလား စဉ်းစား စရာရှိ တယ်လို့ ဆိုပါတယ် ။
လွှတ်တော်သစ် စတော့မယ်
လာမယ့် တနင်္လာနေ့ ဆိုရင် လွှတ်တော် အသစ်တွေ စတင်တော့မှာ ဖြစ်ပါတယ် ။
လွှတ်တော် သစ်မှာ တပ်မတော်သား အစုအဖွဲ့ က ဒုတိယသမ္မ တဦးနဲ့ ရွေးကောက်ခံ ကိုယ်စားလှယ် တွေက ဒုတိယ သမ္မတ နှစ်ဦးကို ရွေးချယ်ရတော့မှာပါ ။
အဲဒီဒုတိယ သမ္မတ ၃ ဦးထဲက တဦးကို သမ္မတ အဖြစ် ပြန်လည် ရွေးချယ်ပါမယ်။
ဒါကြောင့် အခုတွေ့ဆုံမှု ဟာ မကြာခင် ဖွဲ့တော့မယ့် အစိုးရ အဖွဲ့မှာ ပါမယ့်သူတွေကို တင်ပြ ဆွေးနွေး တာမျိုးလည်း ဖြစ်နိုင်ပါတယ် ။
ရွေးကောက်ပွဲပြီး ပုံမှန် ဆက်သွယ်ရေး လမ်းကြောင်းကနေ ဆွေးနွေးမှုတွေ ရှိတဲ့အတွက် ဒီ ဆွေးနွေးမှု ကနေ သဘောတူညီ မှုတွေ ရှိလာနိုင်တယ်လို့ မှန်းဆသူတွေ ရှိပါတယ် ။
နှစ်ဘက် ညှိနှိုင်းနိုင်တယ် ဆိုရင် အစိုးရသစ် ဆောင်ရွက်မယ့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ အရပ်သား အစိုးရ အကောင်အထည် ဖော်မယ့် လုပ်ငန်း စဉ် တွေ ချောမွေ့မှာ ဖြစ်တဲ့အတွက် အရေးကြီးတဲ့ တွေ့ဆုံမှုလို ဆိုရမှာ ဖြစ်ပါတယ် ။








