PR စနစ်ကို အမျိုးသား လွှတ်တော် စတင် ဆွေးနွေး

Burma Parliament

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, PR စနစ်ကို အမျိုးသား လွှတ်တော်မှာ စတင် ဆွေးနွေး

ရွေးကောက်ပွဲမှာ ရတဲ့ မဲ အရေ အတွက်ကို မူတည်ပြီး လွှတ်တော်အမတ် အချိုးကျ ခွဲဝေတဲ့ စနစ် သုံးသင့် မသင့် အမျိုးသားလွှတ်တော်မှာ စတင်ဆွေးနွေးခဲ့ ရာမှာ ကန့်ကွက်သူရော ထောက်ခံသူတွေပါ ရှိခဲ့ပါတယ်။

အမျိုးသား လွှတ်တော် အမတ်တွေကို မဲဆန္ဒနယ် အလိုက် တိုက်ရိုက် မရွေးဘဲ Proportional Representation (PR) ဆိုတဲ့ အချိုးကျ ခွဲဝေတဲ့ စနစ်ကို ကန့်ကွက်သူတွေ ထဲမှာ တပ်မတော်သား ကိုယ်စားလှယ် ၃ ယောက် ပါဝင်ပါတယ်။

PR စနစ်ကြောင့် ပါတီတွေက ထောက်ခံမဲ အပြတ် အသတ်မရဘဲ ညွှန့်ပေါင်း အစိုးရပဲ ဖြစ်လာရင် နိုင်ငံရေး ပါတီတွေ အားပြိုင်မှု ဖြစ်ပြီး အာဏာသိမ်းမှု အထိဖြစ်ခဲ့တဲ့ ၁၉၆၂ က အခြေအနေမျိုး ပြန်ဖြစ် နိုင်တာကို သတိပြုသင့်တယ်လို့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး ကျော်နိုင်ဌေးက လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။

ချင်းပြည်နယ် မဲဆန္ဒနယ် အမှတ် ၂ က ဦးဇုန်လယ်ထန်း ကတော့ ဒီစနစ်ဟာ လက်ရှိဖွဲ့စည်းပုံနဲ့ မကိုက်ညီသလို လူမျိုးစု လူမျိုးငယ် တွေရဲ့ အခွင့်အရေးကို ထိခိုက်နိုင်တယ်လို့ ထောက်ပြ ပါတယ်။

အလားတူပဲ ရခိုင်ပြည်နယ် လွှတ်တော်အမတ် ဦးအုန်းတင် ကလည်း ကန့်ကွက်ခဲ့ ပါတယ်။

ထောက်ခံသူတွေ ဘက်မှာတော့ ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီအမတ် နှစ်ယောက် ပါဝင်ပါတယ်။

PR စနစ်ဟာ အင်အားကြီးပါတီ တွေကို ထိန်းညှိနိုင်တဲ့ စနစ် ဖြစ်တယ်လို့ ကရင်တိုင်းရင်းသား အမျိုးသားလွှတ်တော်အမတ် ဦးစောထွန်းအောင်မြင့်က ပြောဆိုပြီး ထောက်ခံဆွေးနွေးခဲ့ပါတယ်။

PR စနစ်နဲ့ပတ်သက်ပြီး ဇွန်လ ၉ ရက်နေ့က အမျိုးသား လွှတ်တော်မှာ ပထမဆုံး စတင် ဆွေးနွေးခဲ့တာ ဖြစ်ပြီး နောက်ထပ် ဆွေးနွေးမယ့်သူ ၂၅ ယောက် ကျန်သေးတဲ့ အတွက် ဆက်လက် ဆွေးနွေးဖို့ ရှိပါ သေးတယ်။