အချိုးကျ ကိုယ်စားပြုစနစ် လွှတ်တော်မှာ ဆွေးနွေးမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
နောင်လာမယ့် ရွေးကောက်ပွဲတွေမှာ အချိုးကျ ကိုယ်စားပြုစနစ်ကို ကျင်သုံးရေး အတွက် ဆွေးနွေးဖို့ အမျိုးသား လွှတ်တော်က သဘောတူလိုက် ပါတယ်။
ဇွန်လ ၃ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ အမျိုးသားဒီမိုကရေစီအင်အားစု အန်ဒီအက်ဖ်ပါတီ ရန်ကုန်တိုင်း ဒေသကြီး မဲဆန္ဒနယ် အမှတ်(၁) ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဒေါ်ခင်ဝိုင်းကြည်က PR လို့ လူသိများတဲ့ ပါတီ တစ်ခုချင်း အလိုက် ရွေးကောက်ပွဲမှာ ရရှိတဲ့ မဲအရေ အတွက်ပေါ်မူတည်ပြီး အချိုးကျ ကိုယ်စားလှယ်နေရာ ခွဲဝေတဲ့ စနစ် ကျင့်သုံးရေးနဲ့ ပတ်သက်တဲ့ အဆိုကို တင်သွင်းခဲ့တာပါ။
ထောက်ခံသူများတဲ့ အတွက် ဆက်လက် ဆွေးနွေးဖို့ အမျိုးသားလွှတ်တော် ဥက္ကဌက ဆုံးဖြတ် လိုက်တာ ဖြစ်ပါတယ်။
အဆိုတင်သွင်းသူ ဒေါ်ခင်ဝိုင်းကြည်က PR စနစ်ဟာ ပါတီအားလုံး အတွက် အမတ်နေရာ အချိုးကျရမှာ ဖြစ်လို့ တင်သွင်းတာလို့ ဆိုပါတယ်။
ဒါပေမဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အန်အယ်လ်ဒီပါ တီကတော့ ဒါကို သဘောမတူပါဘူး။
စစ်ကိုင်းတိုင်း ကန့်ဘလူ မြို့နယ် အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြင့်နိုင်က ရှုပ်ထွေးတဲ့ PR စနစ်ကို မဲဆန္ဒရှင်တွေ အနေနဲ့ကလည်း သိပ်ပြီး နားမလည်သေးတဲ့ အတွက် လက်ရှိ စနစ်အရ ရွေးကောက်ပွဲမှာ မဲအများစု ရတဲ့သူက အားလုံး အနိုင်ရတဲ့ စနစ်ကိုပဲ ကျင့်သုံး သင့်တယ်လို့ ပြောပါတယ်။
ဒေါ်ခင်ဝိုင်းကြည်ရဲ့ အဆိုကို ကြံခိုင် ဖွံ့ဖြိုးရေး ပါတီအမတ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား ပါတီ တချို့က ထောက်ခံခဲ့ကြပါတယ်။
ဒီစနစ်ကို အန်ဒီအက်ဖ် ပါတီကပဲ ပြီးတဲ့နှစ်က ပြည်ထောင်စုလွှတ်တော်ကို စာနဲ့တင်သွင်းခဲ့တုန်းကတော့ လွှတ်တော်ဆိုင်ရာ ဥပဒေ၊ နည်းဥပဒေတွေနဲ့ မကိုက်ညီဘူး ဆိုပြီး ပယ်ချ ခံခဲ့ရပါတယ်။








