“တရားတဲ့သူသာ နိုင်ကြေးဟေ့” - ၈၈ ရဲ့ကြယ်တစ်ပွင့် ဦးဂျင်မီ

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း(ဒဿနိက)

ဓာတ်ပုံ ပုံစာ, ဦးဂျင်မီဟာ ယုံကြည်ရာနိုင်ငံရေးခရီးလမ်းကိုအဆုံးထိ လျှောက်ခဲ့သူတစ်ဦးပါ။

"နိုင်တဲ့သူတရားကြေး ဆိုပြီးတော့ ကျည်ဆံနဲ့ သမိုင်းရေးချင်ကြသလား။ ဟောဒီ ကျောင်းသားမျိုးဆက်ကုန်မှ အဲဒီတရားကို မင်းတို့ရမယ်။ နိုင်တဲ့သူတရားကြေး ဆိုပြီး အမြောက်တွေနဲ့ သမိုင်းရေးချင်ကြသလား။ ကောင်းကင်ပေါ်က မိုးစက်တွေခြောက်ခန်းမှ အဲဒီသမိုင်းကိုမင်းတို့ရမယ်။ တရားတဲ့သူသာနိုင်ကြေးဟေ့"

၈ လေးလုံးအရေးတော်ပုံနှစ်ပတ်လည်အခမ်းအနားတစ်ခုမှာ လူအုပ်ကြား မာန်ပါပါ ကြွေးကြော်နေတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီပါ။

အခုတော့ ဒီစကားတွေဒီကြွေးကြော်သံတွေက တကျော့ပြန်စစ်အာဏာသိမ်းမှုအောက် မြန်မာ့ဒီမိုကရေစီအရေး အားယူလှုပ်ရှားကြမယ့် ဆောင်ပုဒ် ဖြစ်လာခဲ့ပါပြီ။

၈၈ အရေးအခင်းလို့ ဆိုလိုက်ရင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေကိုပါ တပါတည်း ယှဥ်တွဲမြင်မိတတ်ကြပါတယ်။ ဒီထဲမှာ ဦးဂျင်မီလည်းအပါအ၀င်ပါ။

အခုတော့ ၈ လေးလုံး အရေးတော်ပုံ ၃၄ နှစ်ပြည့်ဖို့ ရက်ပိုင်းအလိုမှာပဲ သူတစ်လျှောက်လုံး တိုက်ပွဲ၀င်ခဲ့တဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် စစ်တပ်ရဲ့သေဒဏ်စီရင်မှုကို ခံလိုက်ရပါတယ်။

နာမည်ရင်း ကျော်မင်းယုထက် ပိုလူသိများတဲ့ ဂျင်မီဆိုတဲ့ အမည်ပိုင်ရှင် ရန်ကုန်တက္ကသိုလ် ရူပဗေဒ တတိယနှစ် ကျောင်းသား ကိုဂျင်မီကနေ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ဖြစ်လာခဲ့တဲ့ သူ့ရဲ့နိုင်ငံရေးဖြတ်သန်းမှုကို သူ့ရဲ့မိသားစု၀င်တွေနဲ့ သူငယ်ချင်းတွေကို ဘီဘီစီ က မေးမြန်းပြီး စုစည်းရေးသားထားပါတယ်။

မင်းမင်းလတ်သီချင်းတွေအော်ဆိုတတ်သူ

ပုဆိုးခပ်တိုတိုနဲ့ ရှပ်အဖြူလက်တိုကို တွဲဖက်၀တ်ဆင်ထားပြီး လွယ်အိတ်တစ်လုံးလွယ်လို့ လက်နောက်ပစ်ထားတဲ့ ဆံပင်ခပ်ထူထူနဲ့ လူငယ်လေးတစ်ဦး ဒေါ်အောင်ဆန်းစုကြည်၊ နောက်ထပ်လူငယ်နှစ်ဦးနဲ့ ယှဥ်တွဲပြီး ကင်မရာကိုကြည့်နေတဲ့ဓာတ်ပုံ ဒီရက်ပိုင်းအတွင်း လူမှုကွန်ရက်မှာ ထင်ထင်ရှားရှား ပြန်လည်ထွက်ပေါ်လာခဲ့ပါတယ်။

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, Ko Chinn

ဓာတ်ပုံ ပုံစာ, ၁၉၈၈ ခုနှစ် က ဒေါ်အောင်ဆန်းစုကြည် နေအိမ်မှာ တွေ့ရတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားကိုဂျင်မီ

ဒါဟာ ၁၉၈၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်ရှေ့မှာ တွေ့ရတဲ့ အသက် ၁၈ နှစ်အရွယ် နုငယ်တဲ့ ကိုဂျင်မီပါ။

ပုဆိုးခပ်တိုတို၀တ်တတ်ပြီး ရေဘင်မျက်မှန် တပ်ထားတတ်တဲ့၊ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဖွဲ့၀င် ကိုဂျင်မီဟာ ပါတီနိုင်ငံရေးထက် စည်းရုံးဟောပြောရေးမှာ ပိုအားသန်သူဖြစ်တယ်လို့ သူ့ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်၊ လူ့ဘောင်သစ်ဒီမို ရက်တစ်ပါတီ ဌာနချုပ်မှာအတူလက်တွဲခဲ့တဲ့၊ ၁၉၈၈ နောက်ပိုင်း ထောင်တွင်းမှာ အတူတူ ဖြတ်သန်းဖူးခဲ့တဲ့ နိုင်ငံရေးအကျဥ်းသားဟောင်း ဦးဇော်သက်ထွေးက ပြောပြပါတယ်။

မင်းမင်းလတ်သီချင်းတွေကိုအားရပါးရ ဆိုညည်းလေ့ရှိပြီး လွတ်လပ်ပေ့ါပါးတဲ့၊ သီချင်းတွေ ကဗျာတွေနဲ့ စာအုပ်တွေကိုချစ်တဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသား ကိုဂျင်မီဟာ သူ့ထက် အသက်ငယ်ပေမဲ့ ထောင်တွင်းတိုက်ပွဲတွေမှာ အမြဲတမ်းခေါင်းခံ ဖြေရှင်းတာ၀န်ယူတတ်သူလို့ ၁၉၈၈ နောက်ပိုင်း ထောင်တွင်းမှာ အတူတူ ဖြတ်သန်းဖူးခဲ့တဲ့ ဦးဇော်သက်ထွေးကပြောပါတယ်။

ထောင်တွင်း အခွင့်အရေးတွေအတွက် အာဏာပိုင်တွေကို တိုက်ပွဲ၀င်တိုင်း ဘယ်သူ့အခွင့်အရေးအတွက်ပဲဖြစ်ဖြစ် သူက ဦးဆောင်တတ်လေ့ရှိပြီး အဲဒီလို ဦးစီးဦးဆောင်လုပ်လို့ အာဏာပိုင်တွေကငြှိုးပြီး အစွန်အဖျားထောင်တွေ ပို့မှာကိုလည်း တွေးမမှုတတ်ဘူးလို့ ဦးဇော်သက်ထွေးက ပြန်ပြောပြပါတယ်။

တစ်ခုခုဆို ဘယ်တော့မှမတွေ၀ေတတ်သလို လုပ်စရာရှိတာ ခပ်မြန်မြန်ဆုံးဖြတ်လုပ်တတ်လို့ နိုင်ငံရေးအကျဥ်းသား အချင်းချင်းမှာတောင် သတ္တိပိုရှိသူလို့ သူငယ်ချင်းအကြောင်း သူက ပြောပါတယ်။

နိုင်ငံရေးခရီးအစ ၈၈ က

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP/Getty Images

ဓာတ်ပုံ ပုံစာ, ၈၈ အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေလည်းပါ၀င်ခဲ့ပါတယ်။

၈၈ အရေးအခင်းစတော့ ဒီမိုကရေစီရရေး လူထုလူတန်းစားအစုံ လမ်းပေါ်ထွက် ဆန္ဒပြကြပါတယ်။ ရန်ကုန်တက္ကသိုလ်ကျောင်းသားတွေလည်း အပါအ၀င်ပါ။

ဒါပေမဲ့ စစ်တပ်က ၁၉၈၈ ခုနှစ် စက်တင်ဘာ ၁၈ ရက်မှာ အာဏာသိမ်းလိုက်တော့ နိုင်ငံရေး ပလက်ဖောင်းပြောင်းသွားခဲ့ရပြီး တချို့က လက်နက်ကိုင်လမ်းစဥ်ကိုရွေးလို့ နယ်စပ်ကို ထွက်ခွာခဲ့ကြပြီး နောင်မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကျောင်းသားတပ်မတော် ဖြစ်လာပါတယ်။

ကိုဇော်သက်ထွေး၊ ကိုဂျင်မီ၊ ကိုမိုးသီးဇွန် တို့အပါအ၀င် ကျောင်းသားခေါင်းဆောင်တချို့ကတော့ မြေပေါ်နိုင်ငံရေး ပါတီလမ်းကြောင်းကို ရွေးချယ်ခဲ့ပြီး ကျောင်းသားပါတီကြီးတစ်ခုအဖြစ် အသိများခဲ့ကြတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှာ ပါ၀င်ခဲ့ပါတယ်။

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီဟာ NLD ပါတီပြီးရင် ဒုတိယ အင်အား အကြီးဆုံးဖြစ်လာချိန် ပါတီကိုဦးဆောင်သူ အားလုံးနီးပါး အဖမ်းခံကြရ၊ အဖမ်းမခံရ သူတွေလည်း လွတ်မြောက် နယ်မြေတွေဆီ ထွက်ပြေးကြရနဲ့ ပါတီရပ်တည်ရေး အတော်ရုန်းကန်ခဲ့ရပါတယ်။

ဒါကြောင့် ပါတီကိုထိန်းသိမ်းဖို့ ခက်ခဲပြီး တရားမ၀င်အသင်းအဖြစ် နအဖ စစ်အစိုးရရဲ့ ဖျက်သိမ်းမခံရအောင် မြို့ပေါ်မှာ ကျန်ရစ်တဲ့ပါတီ၀င်တချို့က ကျားကန်ရပ်တည်ဖို့ကြိုးစားကြ ပါတယ်။ ဒါကို ကိုဂျင်မီက လက်မခံဘဲ လူထုလှုံ့ဆော်ရေးကိုသာ အင်တိုက်အားတိုက် လုပ်ဆောင်ခဲ့ပါတယ်။

ဒါကြောင့်လည်း စစ်အစိုးရက အငြှိုးတကြီးနဲ့ ထောင်ဆယ်စုနှစ်တစ်ခုကျော်ကြာ အကျဥ်းချခံခဲ့ရ သူတွေထဲ ကိုဂျင်မီပါ၀င်ခဲ့ပါတယ်။

ဂျင်မီ လို့ လူထုဘယ်လိုစသိခဲ့ကြလဲ

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း (ဒဿနိက)

ဓာတ်ပုံ ပုံစာ, အာဏာဖီဆန်ရေးလှုပ်ရှားမှုကနေစလိုက်တဲ့ နိုင်ငံရေးအကျဥ်းသားဘ၀အစမှာတင် အကျဥ်းထောင်ထဲ ၁၆ နှစ်ကြာခဲ့

၈၈ အရေးအခင်း ကနေ ပေါ်ပေါက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေ ၊ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေ များစွာရှိခဲ့ပါတယ်။

အဲဒီထဲကမှ ကျောင်းသားခေါင်းဆောင် ဂျင်မီ ရယ်လို့ မြန်မာတစ်နိုင်ငံလုံး စသိခဲ့ကြတာကတော့ တံတားဖြူအရေးအခင်းနဲ့ ဆက်စပ်ပါတယ်။

"၁၉၈၉ ခုနှစ်မှာ တံတားဖြူအရေးအခင်း ဟောပြောပွဲလုပ်တဲ့အချိန် သူ တက်ပြီး စကားပြောတယ်။ သူက ဒီနေရာမှာ ကျောင်းသားတွေ သွေးမြေကျခဲ့လို့ ရန်ကုန်တက္ကသိုလ်ရဲ့ တံတားဖြူကနေ တံတားနီ ဆိုပြီး တင်စားပြောခဲ့တယ်။ သူပြောခဲ့တဲ့ မိန့်ခွန်းက မြန်မာနိုင်ငံရဲ့ အချိုးအကွေ့၊ ဒီမိုကရေစီရဲ့အချိုးအကွေ့မှာ သူ့ရဲ့ထင်ရှားတဲ့ မိန့်ခွန်းတစ်ခုဖြစ်ခဲ့တာပေါ့" လို့ ဦးဇော်သက်ထွေးကပြောပါတယ်။

စစ်အစိုးရက နိုင်ငံရေးသမားမှန်သမျှ အကုန်ဖမ်းဆီးဖိနှိပ်ပြီး စစ်တပ်ထိန်းချုပ်မှုအောက်ကနေ ပြည်လုံးကျွတ်ရွေးကောက်ပွဲ လုပ်ဖို့ ကြိုးစားနေချိန် ၁၉၈၉ နှစ်လယ်ပိုင်းမှာ NLD ပါတီ ထူထောင်သူတစ်ဦးဖြစ်တဲ့ ဟံသာ၀တီ ဦး၀င်တင်ရဲ့ 'မတရားတဲ့အမိန့်အာဏာဟူသမျှ တာ၀န်အရ ဖီဆန်ကြ' ဆိုတဲ့ ဆောင်ပုဒ်နဲ့ စစ်အစိုးရ ဆန့်ကျင်ရေးလှုပ်ရှားမှု နိုင်ငံတ၀န်း ထွက်ပေါ်လာပါတယ်။

အဲဒီလှုပ်ရှားမှုမှာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး ကျောင်းသားခေါင်းဆောင်တချို့ ပူးပေါင်းတဲ့ အာဏာဖီဆန်ရေး ဟောပြောပွဲတွေ ဆက်တိုက် ပြုလုပ်ပါတယ်။

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း(ဒဿနိက)

ဓာတ်ပုံ ပုံစာ, ၁၉၈၉ မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှုဟောပြောပွဲအပြီးမှာပဲ ဖမ်းဆီးခံခဲ့ရပါတယ်။

၁၉၈၉ ခုနှစ်၊ ဇွန်လမှာ ရန်ကုန်မြို့၊ ဆူးလေဘုရားလမ်းမပေါ်မှာရှိတဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီဌာနချုပ်မှာ အာဏာဖီဆန်ရေးလှုပ်ရှားမှုဟောပြောပွဲလုပ်ဖို့ပြင်ပါတယ်။

ဒီဟောပြောပွဲမှာ မိန့်ခွန်းထွက်ပြောပြီးရင် ဖမ်းဆီးခံရမယ်ဆိုတာ သေချာသိပေမဲ့ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့ရဲဘော်အဖွဲ့ချုပ်က ဗိုလ်အောင်နိုင်၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ကိုဂျင်မီနဲ့ ကိုအောင်ဇေယျတို့ လူထုကို မိန့်ခွန်းထွက်ပြောခဲ့ပါတယ်။

"မျှော်လင့်ထားသလိုပဲ ဒေါ်အောင်ဆန်းစုကြည်၊ ဂျင်မီအပါအ၀င် အားလုံး ရက်ပိုင်းအတွင်း အကုန်ဖမ်းခံလိုက်ရပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအပြီးမှာ ကျွန်တော်လည်းဖမ်းခံရတော့ ဂျင်မီနဲ့ အင်းစိန်ထောင်မှာ ပြန်တွေ့ပါတယ်။ ကျွန်တော်က ဂျင်မီ့အစ်ကို မျိုးမင်းယု (စာရေးဆရာမျိုးကိုမျိုး) နဲ့ အတူတူ တစ်ဆောင်တည်းပါ။ ဂျင်မီဟာ ထောင်ထဲမှာကိုပဲ ဆန္ဒဆက်ပြတယ်။ Signature campaign လုပ်တာ။ အဲဒါကြောင့် ထပ်တိုးပြစ်ဒဏ်တွေချခံရပြီး သာယာ၀တီထောင်ကို ပြောင်းသွားရတယ်"လို့ ဦးဇော်သက်ထွေးက ပြောပြပါတယ်။

ဦးဂျင်မီဟာ ၁၉၈၉ ခုနှစ် သြဂုတ်လ ၁၅ ရက်မှာ ဖမ်းဆီးခံခဲ့ရပြီး ထောင် နှစ် ၂၀ ချခံခဲ့ရတာပါ။ ၁၉၉၆ ခုနှစ်မှာ ထောင်တွင်းမှာပဲ နိုင်ငံရေးလှုပ်ရှားမှုအဖြစ် ဆန္ဒပြတာတွေ ဆက်လုပ်လို့ နောက်ထပ် ထောင် ၁၂ နှစ် ထပ်မံချမှတ်ခံရပြီး သာယာဝတီထောင်ကို ရောက်ခဲ့ရပါတယ်။

သာယာဝတီထောင်မှာတော့ သူမရောက်ခင်ကတည်းက သူ့ရဲ့ သူငယ်ချင်းလည်းဖြစ်၊ နောင်မှာ သမီးယောက်ဖတော်စပ်သူ ဖြစ်လာမယ့် ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်) က ကိုဇော်ဇော်အောင်က ရောက်နှင့်နေခဲ့ပါတယ်။

"ဂျင်မီက ထောင်ထဲမှာ နှစ်အတော်ကြာကြာနေခဲ့ရတယ်။ သူက စုစုပေါင်း ၁၉ နှစ်လောက်နေခဲ့ရတာ" လို့ ကိုဇော်ဇော်အောင်က ပြောပါတယ်။

ဒီမိုကရေစီအရေး အရွေ့ကို ၀ိုင်းတွန်း

၂၀၀၅ ခုနှစ်မှာတော့ ဦးဂျင်မီအပါအ၀င် နိုင်ငံရေးအကျဥ်းသားတချို့ ပြန်လွတ်လာကြပါတယ်။ ဒါပေမဲ့ ဒီမိုကရေစီရရှိရေးတိုက်ပွဲဟာ မပြီးဆုံးသေးဘူးဆိုတာ သူအပါအ၀င် နိုင်ငံရေး အင်အားစုတွေအားလုံးက နားလည် သဘောပေါက်ထားပါတယ်။ တိုင်းပြည်ဟာလည်း စစ်အစိုးရအောက် ပိတ်ဆို့မှုတွေနဲ့ အဖက်ဖက်က ဆုတ်ယုတ်နေဆဲပါ။

ဒါကြောင့် ပြန်လည်လွတ်မြောက်လာတဲ့ ကိုဂျင်မီနဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ လို့ စုဖွဲ့ပြီး လှုပ်ရှားလာခဲ့ပါတယ်။

U Jimmy

ဓာတ်ပုံ ရင်းမြစ်, Aung Din Facebook

ဓာတ်ပုံ ပုံစာ, စာရေးဆရာ တာရာမင်းဝေ နာရေးမှာ ရေးသားခဲ့တဲ့ ဦးဂျင်မီလက်ရေးမူ

တိုက်ဆိုင်စွာပဲ ၈လေးလုံးနှစ်ပတ်လည် ၁၉ နှစ်ပြည့်မယ့် ၂၀၀၇ ခုနှစ် သြဂုတ်လ ၈ ရက် မတိုင်ခင် သြဂုတ် ၅ ရက်မှာ နိုင်ငံရေးအကျဥ်းသားဟောင်း စာရေးဆရာ တာရာမင်းဝေ ကွယ်လွန်ခဲ့ပါတယ်။ သြဂုတ်လ ၇ ရက် ရေဝေးမှာ ပြုလုပ်တဲ့ ဆရာတာရာမင်းဝေနာရေးမှာ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေ နိုင်ငံရေးသမားတွေက တာရာမင်းဝေ ဂုဏ်ပြုအမှတ်တရအနေနဲ့ စာတွေကဗျာတွေရွတ်ကြရာကနေ တော်လှန်ရေးအင်အားစုတွေကို ပြန်လည်စုစည်းမှု ပိုအားကောင်းစေခဲ့ပြီး တော်လှန်ရေးအသွင်ဆောင်တဲ့ နာရေးတစ်ခု ဖြစ်ခဲ့ပါတယ်။

ဒါကြောင့်လည်း ထောင်ထဲ ၁၆ နှစ်ကြာ နေခဲ့ရပြီး ပြန်လွတ်တာ ၂ နှစ်အကြာမှာပဲ ကိုဂျင်မီကို နအဖစစ်အစိုးရက ထပ်ဖမ်းခဲ့ပါတယ်။

ဒီတစ်ကြိမ် အဖမ်းမခံရခင် အဲဒီကြားကာလ ၂ နှစ်အတွင်းမှာပဲ ကိုဂျင်မီဟာ သူ့ရဲ့ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် မနီလာသိန်းနဲ့ လက်ထပ်ခဲ့ပြီး သမီးတစ်ဦး ထွန်းကားခဲ့ပါတယ်။

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း(ဒဿနိက)

ဓာတ်ပုံ ပုံစာ, နိုင်ငံရေးလုပ်ဖော်ကိုင်ဖက် မနီလာသိန်းနဲ့ ၂၀၀၆ ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။

ထောင်ရေစက်ပါကြတဲ့ ဦးဂျင်မီနဲ့ ဦးဇော်သက်ထွေးတို့ဟာ ၂၀၀၇ မှာ ထောင်ထဲပြန်ဆုံပါတယ်။

ဒီတစ်ကြိမ်မှာတော့ ထောင်ပြောင်းပြီးရောက်လာတဲ့ဦးဇော်သက်ထွေးကို ကြိုနေသူက ဦးဂျင်မီပါ။

"ဂျင်မီက ၆၅ နှစ်၊ ကိုဇာဂနာက ၅၉ နှစ်၊ ကျွန်တော်က ၁၉ နှစ်။ မြန်မာတစ်နိုင်ငံလုံးက ထောင် ၃၆ ထောင်ကို ခွဲပြီး ပို့တဲ့အခါ ကျွန်တော်က တောင်ကြီးထောင်ကိုရောက်တယ်။ အဲဒီမှာ ကျွန်တော့်ကို ကြိုနေတဲ့သူက ဂျင်မီနဲ့ ကျော်ကိုကို(ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌဟောင်း)။ တောင်ကြီးတောင်လေးလုံးထောင်မှာ ကျွန်တော်၊ ဂျင်မီနဲ့ ကျော်ကိုကို တစ်နှစ်လောက်နေအပြီးမှာ ကိုမြအေးက လွိုင်ကော်ထောင်ကနေ ကျန်းမာရးအရ တောင်ကြီးထောင် ထပ်ရောက်လာတယ်။ အဲဒီအချိန်မှာ ကျွန်တော်သိတဲ့ ဂျင်မီက နိုင်ငံရေးထက် အနုပညာကဲတဲ့ ကျောင်းသားခေါင်းဆောင် တစ်ယောက်လို ဖြစ်သွားတာပေ့ါ။ ကိုမြအေးက သီချင်းတွေရေးတယ်။ ဂျင်မီကလည်း သီချင်းတွေရေးတယ်။ နယ်ထောင်ဖြစ်တော့ အတန်အသင့်လွတ်လပ်တော့ ကျွန်တော်တို့ကို ဂစ်တာတွေတောင် ပေးထားတယ်။ ထောင်နဲ့မတူတဲ့ အဆောင်လေးမှာ နေခဲ့ရသလိုပါပဲ။ ၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၁၃ မှာတော့ ကျွန်တော်တို့ အတူပြန်လွတ်လာတယ်" လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း(ဒဿနိက)

ဓာတ်ပုံ ပုံစာ, ခေတ်ကပေးတဲ့နိုင်ငံရေးတာ၀န်ကိုပခုံးထမ်းခဲ့ရပေမဲ့ စာပေဂီတအနုပညာဖန်တီးရတာကိုလည်း ၀ါသနာကြီးခဲ့သူပါ။

သေတဲ့အထိ အာဏာရှင်ကို ဆန့်ကျင်ခဲ့တဲ့နိုင်ငံရေးသမား

တောင်ကြီးထောင်ကလွတ်တဲ့အခါ ရန်ကုန်ကို ဟဲဟိုးကနေ လေယာဥ်စီးပြီးပြန်ခဲ့ကြပါတယ်။ လေယာဥ်ပေါ်မှာ ဦးဂျင်မီက 'ရန်ကုန်လေဆိပ်မှာ သတင်းထောက်တွေအများကြီး ရှိနေတယ်၊ အနာဂတ်မှာ ဘာဆက်မလဲလို့ မေးရင် မင်းဘယ်လိုဖြေမလဲ' လို့ ဦးဇော်သက်ထွေးကို တွေးတွေးဆဆ မေးခဲ့ပါတယ်။

"ဂျင်မီ့ကို ကျွန်တော်က ငါကတော့ မီဒီယာနဲ့အနုပညာပဲ လုပ်တော့မယ်။ နိုင်ငံရေးက တစ်ယောက်နဲ့တစ်ယောက် ညှိနှိုင်းဆွေးနွေးရတာ အရမ်းပင်ပန်းတယ်။ ငါ ထောင်လည်း သုံးခါကျပြီးပြီ။ သေဒဏ်လည်းကျပြီးပြီ။ လုံလောက်ပြီကွာ ဆိုတော့ သူက အေးကွာ ငါလည်း အနုပညာချစ်တယ်။ ကဗျာတွေ စာတွေချစ်တယ်။ ဒါပေမဲ့ ဟေ့ရောင်တဲ့။ ငါတို့တိုင်းပြည်က အဲဒီလို လွယ်လွယ်ကူကူ ကျောခိုင်းသွားလို့မရသေးဘူး။ မင်းရော ငါရော လုပ်စရာတွေကျန်သေးတယ်တဲ့။ မင်းရောငါရော ကိုမြအေးရော ကိုယ့်အလုပ်ပဲ ကိုယ်လုပ်မယ်ဆိုရင် တိုင်းပြည်က ဘယ်တော့မှစစ်ကျွန်ဘ၀က လွတ်မှာမဟုတ်ဘူး။ အာဏာရှင်စနစ်အောက်က လွတ်မြောက်မှာမဟုတ်ဘူး။ ဒါကြောင့် ငါကတော့ သေတဲ့အထိ နိုင်ငံရေးပဲလုပ်မယ်လို့ ပြောခဲ့တယ်"

တကယ်လည်း နောက်ဆုံးအကြိမ်ထောင်ကလွတ်ပြီး ဒီဆယ်နှစ်အတွင်း ဦးဂျင်မီဟာ သူ့စကားအတိုင်း သေတဲ့အထိ နိုင်ငံရေးကို လုပ်ခဲ့ပါတယ်။

တစ်ကျော့ပြန်အာဏာသိမ်းမှု မတိုင်ခင်ထိ နိုင်ငံရေးရော သူတစ်သက်လုံး၀ါသနာကြီးခဲ့တဲ့ အနုပညာ အလုပ်တွေကိုပါ အင်တိုက်အားတိုက် တွဲလုပ်ခဲ့ပါတယ်။ ပထမအကြိမ်ထောင်ကလွတ်ချိန် ၂၀၀၅ မှာ ဘုန်းသုခ ကလောင်နဲ့ ကဗျာတွေဆောင်းပါးတွေ ရေးခဲ့ပြီး နောက်ဆုံးအကြိမ် ထောင်က လွတ်ချိန် ၂၀၁၂ နောက်ပိုင်း ဂျင်မီ ကလောင်နဲ့ ဘာသာပြန်စာအုပ်တွေေရော 'လမင်းစန္ဒာ အင်းလေးကန်သာ' ပင်ကိုရေးလုံးချင်း၀တ္ထုအပါအ၀င် ကဗျာစုစည်းမှု၊ ဆောင်းပါးရှည်တွေကိုပါ စုစည်း ရေးသား ထုတ်ဝေခဲ့ပါတယ်။ ဒါ့အပြင် ကိုယ်တိုင်ရေးသီချင်းတွေကိုလည်း ကိုယ်တိုင်ဆိုပြီး အခွေထုတ်ပါတယ်။

သူ့သက်တမ်းရဲ့ တစ်၀က်ကျော် သံတိုင်တွေနောက်မှာ နေခဲ့ရပေမဲ့ တည်ငြိမ်စပြုပြီလို့ ထင်ခဲ့တဲ့ အခြေအနေဟာ ၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့ မနက်ခင်းမှာ အဆုံးသတ်သွားခဲ့ပါတယ်။

အာဏာသိမ်းတဲ့ညကတည်းက အိမ်ကိုစွန့်ခဲ့သူ

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း (ဒဿနိက)

ဓာတ်ပုံ ပုံစာ, သူရဲ့နိုင်ငံရေး ယုံကြည်ရာကိုအဆုံးထိ တိုက်ပွဲ၀င်သွားခဲ့သူပါ။

ဦးဂျင်မီမှာ နူးညံ့ပျော့ပြောင်းမှုနဲ့အတူ ပြတ်သားမှုကိုပါ အတူယှဥ်တွဲတွေ့ရတတ်ပါတယ်။

နိုင်ငံရေးပြင်ပဘ၀မှာတော့ သူဟာ ဘာသာတရားကိုင်းရှိုင်းပြီး ပုံမှန်ဘုရားရှိခိုးလေ့ရှိသလို နေ့စဥ်တရားထိုင်တတ်ပါတယ်။ ခြေလေးချောင်းသား မစားပါဘူး။

ဒါပေမဲ့ တိုင်းပြည်ကို စစ်အာဏာသိမ်းမှုအောက်ကနေ လွတ်မြောက်ရေး တော်လှန်တဲ့နေရာမှာတော့ ပြတ်သားပါတယ်။ ဒါကြောင့် ၂၀၂၁ ခုနှစ် တစ်ကျော့ပြန် စစ် အာဏာသိမ်းတဲ့နေ့ကစလို့ အိမ်ကနေ အ၀တ်ထုပ်ယူပြီး ထွက်သွားလိုက်တာ နောက်ထပ် ဘယ်တော့မှ ပြန်မရောက်လာတော့ဘူးလို့ သူနဲ့အတူ အဲဒီညက ရှိခဲ့တဲ့ ယောက်ဖတော်စပ်သူ ဦးဇော်ဇော်အောင်က ပြောပြပါတယ်။

စစ်တပ်က အာဏာသိမ်းမယ်ဆိုတဲ့သတင်းကို ရထားတဲ့ ဦးဂျင်မီဟာ လွှတ်တော်တွေ ခေါ်တော့မယ့် ၂၀၂၁ ခုနှစ်၊ ဖေဖော်၀ါရီ ၁ ရက် မတိုင်ခင် ဇန်န၀ါရီ ၃၁ ရက် ညကတည်းက နိုးနိုးကြားကြား ရှိနေခဲ့တာပါ။

"အာဏာသိမ်းဖို့များတယ်ဆိုတာ ကျွန်တော်တို့က တွက်ထားတယ်။ ဇန်န၀ါရီ ၃၁ ရက် ည ၁၂ နာရီလောက်က သူ ကျွန်တော့်ကို ပြောတယ်။ ငါ နေပြည်တော်ကို ဆက်သွယ်လို့ မရတော့ဘူး လို့ပြောတော့ ကျွန်တော်က ခဏလောက် စောင့်ကြည့် ကြတာပေ့ါလို့။ ၃ နာရီခွဲလောက်ကျတော့ ဟေ့ရောင်တဲ့ ငါ ဘာအဆက်အသွယ်မှ မရတော့ဘူး ထပ်ပြောတယ်။ ဖုန်းလိုင်းတွေ ဘာမှကိုဆက်မရတော့ဘူးတဲ့။ ငါ့ကိုအထုပ်ပြင်ပေးထားဆိုပြီးပြောတယ်။ အထုပ်တွေကတော့ ပြင်ထားပြီးသားပါ။ အဲဒါတွေ ကျွန်တော် သူ့ကားပေါ် တင်ပေးထားလိုက်တယ်။ လေးနာရီထိုးတော့ သူအပေါ်ထပ်က ဆင်းလာတယ်။ ကျွန်တော် တံခါးဖွင့်ပေးတယ်။ သူ ကားပေါ်တက်ပြီး မောင်းထွက်သွားတယ်။ မိသားစုက အိပ်နေတုန်း။ သူထွက်သွားတာ သူနဲ့ကျွန်တော်ပဲ သိခဲ့တာ"

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, State Owned Media

ဓာတ်ပုံ ပုံစာ, ဦးဂျင်မီ၊ ဦးဖြိုးဇေယျာသော်အပါအ၀င် လေးဦးကို ပြစ်ဒဏ်စီရင်ခဲ့ကြောင်း ၂၀၂၂ ခုနှစ် ဇူလိုင် ၂၅ ရက်က ထုတ်ပြန်ချက်

၂၀၂၁ ခုနှစ် ဖေဖော်၀ါရီ ၁ ရက်နေ့မှာ ယောက်ဖဖြစ်သူကိုနောက်ဆုံးတွေ့ခဲ့ရပြီး အခု တစ်နှစ်ကျော် အကြာမှာ သတင်းစာဖြတ်ပိုင်းတစ်ခုနဲ့ ဦးဂျင်မီ သေဆုံးပြီဆိုတာကို မိသားစုအနေနဲ့ လုံး၀ လက်မခံ သလို အသိအမှတ်လည်းမပြုဘူးလို့ ဦးဇော်ဇော်အောင်က ပြောပါတယ်။

ဦးဂျင်မီရဲ့ဇနီး ‌ဒေါ်နီလာသိန်းကလည်း ဦးဂျင်မီနဲ့ပတ်သက်လို့ 'နာရေးမလုပ်ဘူး။ ဆွမ်းမသွတ်ဘူး။ အမျှမဝေဘူး' လို့ လူမှုကွန်ရက်ကနေ သူ့သဘောထားကို ထုတ်ဖော်ပြောကြားထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ သားအမိလိုရင်းနှီးသူ

ဦးဂျင်မီနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ နိုင်ငံရေးအပြင် ပုဂ္ဂိုလ်ရေးအရရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်လို့ ဦးဇော်ဇော်အောင်က ပြောပါတယ်။

ဦးဂျင်မီနဲ့ ဦးမင်းကိုနိုင် တို့ဟာ ဒေါ်အောင်ဆန်းစုကြည်ထံ ပုဂ္ဂိုလ်ရေးအရ မကြာမကြာ သွားရောက်တွေ့ဆုံ လေ့ရှိကြသလို ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းအနေနဲ့ နိုင်ငံရေးကိစ္စ ဆွေးနွေးဖို့ သွားရောက်တာတွေ ရှိတယ်လို့ သူ့ကိုယ်ပိုင်မှတ်တမ်းတွေကို ကိုးကားပြီး ဦးဇော်ဇော်အောင်က ပြောပါတယ်။

"မိသားစုဆက်ဆံရေးပုံစံ အခိုင်အမာရှိပါတယ်။ ပြီးတော့တစ်ယောက်နဲ့တစ်ယောက် စိုးရိမ်မှု၊ သံယောဇဥ်၊ နိုင်ငံရေးအရ အသိအမှတ်ပြုမှု သူတို့နှစ်ယောက် (ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးဂျင်မီ) ကြားမှာရှိပါတယ်။ ကျွန်တော်တို့မှာ အဲဒီမှတ်တမ်းတွေ သိမ်းထားပါတယ်" လို့ ဦးဇော်ဇော်အောင်က ပြောပြပါတယ်။

၂၀၁၅ ခုနှစ်မှာ NLD ပါတီအောက်ကနေ ၈၈ မျိုးဆက် ငြိမ်းပွင့်က ကျောင်းသားခေါင်းဆောင်တွေကို ရွေးကောက်ပွဲ၀င်ဖို့ ပါတီက ကမ်းလှမ်းလာခဲ့ပါတယ်။

ဒါကြောင့် ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ကွယ်လွန်သွားပြီဖြစ်တဲ့ ဒေါ်မီးမီး အပါအ၀င် ၂၃ ဦးဟာ NLD ပါတီထဲ ၀င်ခဲ့ကြပြီး ရွေးကောက်ပွဲ၀င်ပြိုင်ဖို့ ကိုယ်စားလှယ်လောင်း စာရင်းပေးခဲ့ပါတယ်။

ဦးပြုံးချိုကလွဲလို့ ကျန် ၂၂ ဦးလုံး ကိုယ်စားလှယ်လောင်း စာရင်းမှာမပါခဲ့တဲ့အခါ အဲဒီ ၂၂ ဦးလုံး ပါတီ၀င်အဖြစ်ကနေ ပြန်လည်နုတ်ထွက်ပါတယ်။

ပါတီနိုင်ငံရေးထဲ၀င်ဖို့ အစီအစဥ်မရှိတဲ့ ဦးဂျင်မီနဲ့ ဦးမင်းကိုနိုင်တော့ ဒီဖြစ်စဥ်မှာမပါခဲ့ပေမဲ့ အဲဒီအဖြစ်ကနေ ၈၈ ငြိမ်းပွင့်နဲ့ NLD ကတ္တီပါလမ်းခွဲလားလို့ ထင်မြင်ချက်တွေလည်း အတော်ကိုကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။

အဲဒီဖြစ်စဥ်မှာလည်း ဦးဂျင်မီ ဦးမင်းကိုနိုင်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ခေါ်ယူရှင်းပြခဲ့တယ်လို့ ဦးဇော်ဇော်အောင်က ပြောပြပါတယ်။

Aung San Suu Kyi,Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း (ဒဿနိက)

ဓာတ်ပုံ ပုံစာ, ဦးဂျင်မီ၊ ဦးမင်းကိုနိုင်တို့ ဒေါ်အောင်ဆန်းစုကြည်ထံ ၂၀၁၇ ခုနှစ်က သွားရောက်တွေ့ဆုံစဥ်

"အန်တီက ပါတီကနေမထွက်ဖို့ တားပေးပါလို့ပြောတယ်။ ခဏစောင့်ပေးဖို့ ဆိုပြီးလည်း ပြောတယ်။ ရွေးကောက်ပွဲ ကိုယ်စားလှယ်လောင်းစာရင်းမှာ ၈၈ ငြိမ်းပွင့်တွေကို ဘာလို့ မရွေးခဲ့လဲလို့တော့ အန်တီက မပြောပြခဲ့ပေမဲ့ အန်တီ့မှာ အစီအစဥ်ရှိပုံရပါတယ်။ ဥပမာ ကြားဖြတ်တို့ဘာတို့မှာ ထည့်လိုက်ဖို့တို့ ဘာတို့ပေါ့။ ဂျင်မီတို့ကတစ်ဆင့် ငြိမ်းပွင့်ကလူတွေ ပါတီကနေ မထွက်ဖို့၊ ဆက်နေပေးဖို့ပြောခဲ့တယ်။ ဂျင်မီကတော့ အသေးစိတ်ပြန်မပြောပေမဲ့ သူတို့နှစ်ယောက်ကတော့ တကယ့်ကို သားအမိဆက်ဆံရေးပါပဲ"

အခု ဦးဂျင်မီတို့ကို သေဒဏ်ပြစ်ဒဏ်စီရင်တဲ့သတင်းကို အကျဥ်းထောင်ထဲမှာ ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည် သိရှိရချိန်မှာ အလွန်စိတ်မကောင်းဖြစ်သွားခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့အသိုင်းအ၀ိုင်းကသိရပါတယ်။

ဒါ့အပြင် ဦးဂျင်မီ ဦးဖြိုးဇေယျာသော်တို့ကို သေဒဏ်စီရင်မှုဟာ ဘယ်လို ဥပဒေနဲ့လုပ်သလဲဆိုတဲ့ မေးခွန်းထုတ်တာလည်း ရှိခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့သတင်းရင်းမြစ် ပြောပါတယ်။

အမှောင်မိုက်ဆုံးခေတ်

Ko Jimmy

ဓာတ်ပုံ ရင်းမြစ်, မောင်သိန်း(ဒဿနိက)

ဓာတ်ပုံ ပုံစာ, ၈၈ ကျောင်းသားမျိုးဆက်ရဲ့ ဒီမိုကရေစီပြယုဂ် အဖြစ် ဦးဂျင်မီကို တင်စား

၁၉၈၈ မှာ ပေါ်ပေါက်ခဲ့တဲ့ အာဏာရှင်ဆန့်ကျင်ရေးဟာ ၂၀၁၀ မှာ အဆုံးသတ်ခဲ့သယောင်ပါ။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်က နိုင်ငံရေးအကျဥ်းသားတွေဆီမှာ ခဲတံလေးတစ်ချောင်းတွေ့ရင်တောင် သစ်ပင်မှာကြိုးတုပ်ပြီး အရိုက်ခံရ၊ ထောင်၀င်စာ တစ်လပိတ်ခံရတဲ့ခေတ်ပါ။ ဒါပေမဲ့ ၂၀၀၅ ခုနှစ်လောက်မှာ သတင်းစာဖတ်ခွင့်ရ၊ စာအုပ်စာတမ်းဖတ်ခွင့်ရခဲ့သလို နအဖစစ်အစိုးရနောက်ပိုင်းခေတ်တွေမှာ နိုင်ကျဥ်းတွေဟာ ထောင်ထဲမှာ သက်သာခွင့်တွေ အထိုက်လျောက်ရခဲ့ကြပါသေးတယ်။

နိုင်ငံရေးအရ သေဒဏ်ကျသူတွေ ရှိခဲ့ပေမဲ့ တကယ်မစီရင်ခဲ့သလို သေဒဏ်ကိုတစ်ကျွန်းပြောင်း၊ တစ်ကျွန်းကနေမှ လွတ်ငြိမ်းအဆင့်ဆင့်ရလို့ပြန်လွတ်သူတွေတာင်မနည်းခဲ့ဘူးလို့ ကိုယ်တိုင်သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ဦးဇော်သက်ထွေးက ပြောပါတယ်။

အခု တစ်ကျော့ပြန်အာဏာသိမ်းမှုအောက်စစ်ကောင်စီလက်ထက်မှာတော့ စစ်ကြောရေးမှာ အသက်ပျောက်ရသူတွေ၊ ဖမ်းခံရပြီးနောက်တစ်ရက် အလောင်းလာထုတ်ခိုင်းသူတွေ၊ တချို့လည်း လမ်းဘေးမှာ အလောင်းစွန့်ပစ်တာ၊ ဒါ့ပြင် အကျဥ်းထောင်ထဲ ရောက်သူမှန်သမျှ ကိုဗစ်ကိုအကြောင်းပြထားပြီး ထောင်၀င်စာလုံး၀တွေ့ခွင့်မပေးထားတာ စတာတွေကြောင့် အကျဥ်းထောင်တွင်းအခွင့်အရေး ဘာတစ်ခုမှမရှိတော့သလို ဥပဒေအကြောင်းလည်း ဘာတစ်ခုမှပြောလို့မရတော့တဲ့ အမှောင်မိုက်ဆုံးခေတ်ကို ရောက်သွားခဲ့ရတယ်လို့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။

အဲဒီလိုအခြေအနေမှာပဲ တစ်ကျော့ပြန် သေဒဏ်စီရင်မှုထဲ အထင်ကရနိုင်ငံရေးသမား တစ်ဦးဖြစ်တဲ့ ဦးဂျင်မီကို ကွပ်မျက်ခဲ့တာဟာ စစ်ကောင်စီက နောက်ပြန်လှည့်လို့မရတော့တဲ့၊ ရင်ကြားစေ့ဖို့ မဖြစ်နိုင်တော့တဲ့၊ ပဋိပက္ခကို ပိုမိုနက်ရှိုင်း သွားစေတဲ့လမ်းကို ရွေးချယ်လိုက်တာလို့ ဆိုကြပါတယ်။

၁၉၇၄ ကျောင်းသားမျိုးဆက်တစ်ခေတ်အတွက် ဆလိုင်းတင်မောင်ဦးဟာ ဒီမိုကရေစီရေး အသက်စွန့်တဲ့ပြယုဂ်တစ်ခုဆိုရင် ဦးဂျင်မီဟာ ၁၉၈၈ ကျောင်းသားမျိုးဆက်တစ်ခေတ်အတွက် ဒီမိုကရေစီပြယုဂ်တစ်ခုလို့ ဦးဇော်သက်ထွေးက တင်စားပါတယ်။

"၁၉၈၈ ခုနှစ်တည်းက အာဏာရှင်စနစ်ကို တစိုက်မတ်မတ် ဆန့်ကျင်တော်လှန်ခဲ့တဲ့ သူငယ်ချင်း ဂျင်မီ ခုလို နိဂုံးချုပ်ရမယ်လို့ ဘယ်တုန်းကမှ မတွေးထားခဲ့ပါဘူး။ နာကျင်စရာ ဒီအဆုံးသတ်ဟာ ကျွန်တော်တို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် တွေရဲ့ နိုင်ငံရေးသမိုင်းမှာရော မြန်မာ့နိုင်ငံရေးဖြစ်စဥ်မှာပါ အမြဲတမ်း နာကျင်စရာအမှတ်တရတစ်ခုအဖြစ် သမိုင်းစက်ထင် ကျန်ခဲ့ရပါပြီ"