ထောင်နံရံကြားက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
သြဂုတ်လ ၃ရက်ညနေပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေးမကောင်းဘူးဆိုတဲ့ သတင်းတွေကြောင့် လူထုကြားမှာ လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့သလို စိုးရိမ်ကြတာ၊ နေကောင်းဖို့ ဆုတောင်းတာတွေကို လုပ်ကြပါတယ်။
ဒါကလည်းဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအသက်အရွယ်ကြောင့် အဓိကဖြစ်သလို မြန်မာ့နိုင်ငံရေးမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခန်းကဏ္ဍ အရေးပါနေတယ်ဆိုတာကို ထင်ဟပ်ပြနေပါတယ်။
အာဏာသိမ်းပြီးကတည်းက သီးသန့်နေအိမ်အကျယ်ချုပ်နဲ့ အမှုဒါဇင်ချီ စွပ်စွဲခံရပြီး တရားရင်ဆိုင်နေရတဲ့ အသက် ၇၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်ကောင်စီက နေပြည်တော်အချုပ်ထောင်ထဲကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ၊ ဇွန် ၂၂ရက်ဝန်းကျင်က ရွှေ့ပြောင်းခဲ့ပါတယ်။
အဲဒီအချုပ်ထောင်ဟာ အရင် သမ္မတရုံးနဲ့ သိပ်အလှမ်းမဝေးလှပါဘူး။
အာဏာသိမ်းပြီးကတည်းက နိုင်ငံတော်သမ္မတရုံးကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးလို့ နာမည်ပြောင်းပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရုံးထိုင်နေပြီး အဲဒီစစ်ကောင်စီရုံးကနေ ၆ မိုင်ကျော်အကွာ၊ ကားနဲ့သွားရင်မိနစ် ၂၀ လောက် အကွာအဝေး ရှိတဲ့ ဇမ္ဗူသီရိမြို့နယ် ဉာဏသိဒ္ဓိရပ်ကွက် မှာ နေပြည်တော်အချုပ်ထောင် ရှိပါတယ်။
ဂူဂဲလ်မြေပုံမှာဖော်ပြချက်အရ အချုပ်ထောင်ဘေးပတ်လည်မှာ နေပြည်တော်မြို့ပတ်လမ်းက တဖြောင့်တည်းရှိနေပြီး ကွင်းပြင်ထဲ အချုပ်ထောင်ဆောက်ထားလို့ အရိပ်အာဝါသမရှိ၊ ပတ်ဝန်းကျင်မှာလည်း သစ်ပင်ကြီးတွေ မရှိပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ကိုတော့ လေးထောင့်ကျကျရှိနေတဲ့ ထောင်ပရဝဏ်ထဲမှာမှ သီးသန့်အဆောင်တခုနဲ့ ထားထားတာပါ။
သြဂုတ်လ ပထမပတ်မှာဆိုရင် ဒေါ်အောင်ဆန်းစုကြည် အကျဉ်းထောင်ထဲနေရတာ ၁ လနဲ့ ၁၀ရက်ကျော်ရှိနေပါပြီ။

ဓာတ်ပုံ ရင်းမြစ်, Screen grab
ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေး
တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ကျန်းမာနေတယ်လို့ အတည်ပြုကြပါတယ်။ လူမှုကွန်ရက်မှာပျံ့နှံ့နေတဲ့ အစားမဝင်ဘဲ အရည်ပဲသောက်နေရတယ်ဆိုတာ မဟုတ်သလို အားနည်းတာမျိုးလည်း မရှိဘူးလို့ ပြောပါတယ်။
ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်သတ္တပတ်ကတော့ ရေချိုးခန်းထဲ ခြေချော်လဲမလို ဖြစ်ခဲ့ပါသေးတယ်။ မူးလဲတာမျိုးမဟုတ်ဘဲ အခန်းကြမ်းပြင်ချောနေလို့ လဲမလို ဖြစ်တာမျိုးပါ။ ဒါပေမဲ့ အသက်အရွယ်အရ လဲသွားတဲ့အထိ ထပ်ဖြစ်မှာကို စိုးရိမ်လို့ ထောင်ဝင်စာပို့တဲ့အခါ ရေချိုးခန်းကြမ်းခင်းခင်းဖို့ အခင်းကို ပို့ပေးထားကြတယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
'' ရှေ့အပတ်ကတော့ သူ့ကိုထားတဲ့ အခန်းက ရေချိုးခန်းထဲ ချော်လဲမလို ဖြစ်တယ်လို့ ပြောတယ်။အဲဒါကြောင့် ထောင်ဝင်စာပို့တဲ့သူတွေက ရေချိုးခန်းခင်းဖို့အခင်းတွေ ပို့ရတယ်။ မူးပြီးလဲတာ၊ အားနည်းလို့ လဲတာမဟုတ်ဘဲ ။ အခင်း ချော်တာလို့ပြောတယ်။ ဒါပေမဲ့ စိတ်ပူရတယ်လေ။သူ့အသက်အရွယ်နဲ့ဆိုတော့ လဲသွားရင် အဆင်မပြေဘူး'' လို့ တရားရုံးနဲ့နီးစပ်သူက ပြောပြပါတယ်။
'' သူတို့ထောင်ဘက်ကတော့ ဆရာဝန် ၂ယောက်နဲ့ ပုံမှန် ဆေးစစ်တာမျိုးနဲ့ ကျန်းမာရေး စောင့်ရှောက်တာမျိုး ရှိတယ် သိရတယ်။ သူက နဂိုကတည်းက သွားကိုက်တတ်တာတော့ ရှိတယ်။ သွေးကျတာမျိုး ရှိတယ်။ဒါပေမဲ့ သူလိုအပ်တဲ့ဆေးတွေ ဘာတွေကို ထောင်ဝင်စာပို့ပေးတဲ့သူတွေကိုပဲ မှာတယ်'' လို့ နီးစပ်သူတချို့က ပြောပါတယ်။
သူ့ရဲ့ ကျန်းမာရေးကို အမြဲဂရုတစိုက်ရှိပြီး အစားအသောက် အနေအထိုင် ဆင်ခြင်တဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် သူ့ကိုယ်သူစောင့်ရှောက်မှုကြောင့် အခုလို ကျန်းမာနေတာလို့ ဆိုပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်း ကတော့ '' ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ပုံမှန်အတိုင်း ကောင်းပါတယ်။ ဆရာဝန်နဲ့တော့ ဆေးစစ်တာရှိပါတယ်။ အဲဒါကလည်း ပုံမှန်စစ်တာပါ။ အရည်ပဲသောက်နေရတယ်ဆိုတာလည်း မဟုတ်ပါဘူး'' လို့ ဖြေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုဘယ်လိုထား
ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော် အကျဥ်းထောင် ပရဝဏ်ထဲမှာ သီးသန့် အဆောင်နဲ့ထားတာဖြစ်ပြီး သူနေရတဲ့အခန်းက ၁၄ ပေ နဲ့ ၁၅ ပေပတ်လည်လောက်ပဲ ကျယ်ပါတယ်။
အဲဒီအခန်းက မိုးရွာ၊ နေပူတာနဲ့ လေပြင်းတိုက်တာတွေအတွက် အကာအကွယ်မရတဲ့ အနေအထားပါ။ အခန်းမှာ ပြတင်းပေါက် ၆ ပေါက်ရှိပြီး ၃ပေါက်မှာပဲ ခန်းစီးလိုက်ကာရှိတယ်လို့ ဆိုပါတယ်။
အခုနှစ် ဇူလိုင်လမှာ အပူချိန် ၃၆ ဒီဂရီစင်တီဂရိတ် နဲ့ ၃၅ ဒီဂရီစင်တီဂရိတ် နဲ့ အပူချိန် အမြင့်ဆုံးဖြစ်တဲ့ မြို့ပေါင်း ၂၀ထဲ နေပြည်တော်ပါခဲ့လို့ အဲဒီကာလတွေမှာ ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
'' နေပူရင်တော့ တော်တော်ပူတယ်လို့ ပြောတယ်။ ပြီးခဲ့တဲ့လက အပူချိန်စံချိန်တင်တော့ စိတ်ပူကြတယ်။ မိုးရွာပြန်တော့လည်း သိတဲ့အတိုင်း နေပြည်တော်က လေကြမ်း ၊ မိုးကြမ်းဆိုတော့ စိတ်ပူရတယ်။ သူနေရတဲ့ အခန်း အနေအထားကကျဥ်းတော့ တစ်နေရာကနေ တစ်နေရာ ရှောင်ပြီးနေလို့ရတဲ့ အခြေအနေလည်း မဟုတ်ဘူး။ ပူလည်း ဒီနေရာ ၊ မိုးပက်လည်း ဒီနေရာဖြစ်နေတာ'' လို့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်က သူ့အတွက် ဘာလိုအပ်ပါတယ်ဆိုတာကို မတောင်းဆိုသလို အဆင်မပြေတာတွေကိုလည်း ထောင်အာဏာပိုင်တွေကို ဘယ်တော့မှမပြောခဲ့ဘူးလို့ အကျဥ်းထောင်နဲ့ နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပြပါတယ်။
'' သူက ထောင်ကျတယ်။ ထောင်ဆိုတာ တခြားအကျဥ်းသားနဲ့တန်းတူပဲ နေရမယ်။ သူ့အတွက်ကျမှ ဘာကပိုပြီး ဖြစ်ရမယ်ဆိုတာကို လုံးဝလက်မခံဘူး။ တောင်းဆိုတာလည်း မရှိဘူး။ ပြောလည်း မပြောဘူး။ သူ့ကိုထောင်ဝင်စာပို့တဲ့ သူတွေကသာ လိုအပ်မယ်ထင်တာတွေ ပို့နေရတာ'' လို့ အကျဥ်းထောင်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်က ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU
ထောင်ဝန်ထမ်းအမျိုးသမီး ၃ဦးနဲ့ ဒေါ်အောင်ဆန်းစုကြည်
သီးသန့်ထားတဲ့ အဲဒီအကျဉ်းခန်းထဲ ဒေါ်အောင်ဆန်းစုကြည်အတွက် အမျိုးသမီးအကျဥ်းထောင်ဝန်ထမ်း ၃ ဦး ထားရှိပေးထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြည့်တာနဲ့ လိုအပ်တာတွေ လုပ်ပေးဖို့အတွက်လို့ နားလည်ရပါတယ်။
စားသောက်ရေးကို ထောင်အာဏာပိုင်တွေရဲ့ စီစဥ်မှုနဲ့သာ ကျွေးမွေးတာရှိပြီး ဒေါ်အောင်ဆန်းစုကြည်ကျန်းမာရေးအရ မစားတာမျိုးကိုတော့ ကြိုတင်မှာကြားထားပုံရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။
'' ထောင်ဆိုတော့ ရေခဲသေတ္တာမရှိတော့ ပုပ်သိုးလွယ်တာတွေ မပေးရဘူးပေါ့။ အခြောက်အခြမ်းကို အဓိကထား ပို့ရတယ်။ ဘာပစ္စည်းပေးပါဆိုပြီး မှာခဲတယ်။ ရန်ကုန်အိမ်ပြန်သွားတဲ့အဖွဲ့တွေနဲ့ ဒီကထောင်ဝင်စာပို့ပေးတဲ့အဖွဲ့တွေက စုပေါင်းပြီး ပို့ကြတာပဲရှိတာ။ သူမှာတာ ဘာမှမရှိဘူး။ သူကအဖြူအညိုပဲဝတ်ရတော့ အဝတ်အစားတောင် ပို့ရမလားမေးတာ ဒီမှာရှိတာနဲ့ရပါတယ်။ မပို့ပါနဲ့ပြောတယ်'' လို့ အကျဥ်းထောင်နဲ့နီးစပ်သူတစ်ဦးက ပြောပြပါတယ်။
အငန် နဲ့အစပ် ၊ သားကြီးငါးကြီးနဲ့ ဝက်သား၊ အမဲသားလိုမျိုးမစားတဲ့ ဒေါ်အောင်ဆန်းစုကြည်အတွက် ကြိုတင်မှာကြားထားတာမျိုးရှိတယ်လို့ ဆိုပါတယ်။
'' အမျိုးသမီးဝန်ထမ်းတွေကတော့ တာဝန်အရ လုပ်ပေးရမှာတွေလုပ်ပေးတဲ့ အခြေအနေပါပဲ။ သူတို့ကို မှာကြားထားပုံ ရတယ်။ ရင်းရင်းနှီးနှီး မနေကြဘူး။ ဒေါ်အောင်ဆန်းစုကြည် က သူ့ကို ထောင်ဝင်စာပို့တဲ့ အစားအစာထဲက တချို့ဟာလေးတွေကို ကျွေးတာတောင် လုံးဝမစားကြဘူးတဲ့။ အန်တီစုကတော့ သူတို့မှရယ် မဟုတ်ဘူး။ သူ့ရှေ့နေတွေအတွက်တောင် စားစရာလေးတွေ တခုမဟုတ် တခု ယူလာပြီး ကျွေးတာလေ။ သူတို့ကတော့ ရင်းနှီးအောင်မနေကြတဲ့ အခြေအနေ ရှိတယ်။''
အစားအသောက်တွေကိုလည်း အရင်ထောင်ကာလတွေတုန်းကလိုပဲ ဒေါ်အောင်ဆန်းစုကြည် မစားခင် အကျဥ်းထောင်ဝန်ထမ်းတွေက အရင်စားပြပြီး သူတို့စားပြပြီးမှ ဒေါ်အောင်ဆန်းစုကြည်က စားရတာလို့ ဆိုပါတယ်။
စစ်ကောင်စီအကျပ်ဆိုက်နေမှုနဲ့ ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍ
စစ်ကောင်စီရဲ့ နေအိမ်အကျယ်ချုပ်ကာလမှာတုန်းက သတင်းသိပိုင်ခွင့်တွေ ကန့်သတ်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အခုအကျဥ်းထောင်ရောက်ချိန်မှာတော့ သတင်းအချက်အလက် သိရတာလုံးဝမရှိသလောက် အခြေအနေပါ။
စစ်ကောင်စီကို အမေရိကန်၊ ဗြိတိန်အပါအဝင် အင်အားကြီးနိုင်ငံတွေနဲ့နိုင်ငံတကာ အပါအဝင် ဒေသတွင်းအာဆီယံအဖွဲ့အစည်းနဲ့ အာဆီယံနိုင်ငံအများစုကပါ ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ဆုံဆွေးနွေးရေး ကို လုပ်ဖို့ဆိုပြီး တိုက်တွန်းနေချိန်မှာပဲ စစ်ကောင်စီဘက်က ထောင်ထဲအထိ ပြောင်းရွှေ့ခဲ့တာပါ။
အထင်ကရ နိုင်ငံရေးသမား၂ ဦးအပါအဝင် အရပ်သား ၂ ဦး ကို ကွပ်မျက်စီရင်တာမလုပ်ဖို့ တားမြစ်ကန့်ကွက်နေတဲ့ကြားက သေဒဏ်စီရင်တာကိုလုပ်ခဲ့လို့ စစ်ကောင်စီနဲ့နီးစပ်တယ်လို့ဝေဖန်ခံရတဲ့ လက်ရှိအာဆီယံ ဥက္ကဋ္ဌ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုယ်တိုင်တောင် စစ်ကောင်စီကို စိတ်ပျက်ကြောင်း ပြောဆိုထားတာပါ။
ဒါတွေကြောင့်ပဲ စစ်ကောင်စီဟာ လက်ရှိမှာ အာဆီယံ အစည်းအဝေးတွေကို မတက်ရတာ ဆက်ရှိနေပြီး ဒေသတွင်းအာဆီယံနိုင်ငံတွေအားလုံးနီးပါးရဲ့ ပြစ်တင်ဝေဖန်မှုကို ခံနေရတာပါ။ အင်အားကြီးနိုင်ငံတွေကလည်း စစ်ကောင်စီကို အရေးယူပိတ်ဆို့မှု တွေထပ်လုပ်ဖို့ ရှိနေတယ်လို့ ပြောထားတာပါ။
ပြည်တွင်းတော်လှန်ရေးအင်အားစုတွေဘက်ကလည်း ဖိနှိပ်မှုတွေကြားက စစ်ကောင်စီကိုတွန်းလှန်နေလို့ ပြည်တွင်းမှာလည်း ဖိအားတွေ ရင်ဆိုင်နေရတာပါ။
ပြည်တွင်း၊ ပြည်ပ အဖက်ဖက်က ဖိအားတွေရင်ဆိုင်နေရတဲ့ စစ်ကောင်စီအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် နဲ့ပတ်သက်ပြီး ဘယ်လိုဆက်ပြီး အသုံးချဖို့စဥ်းစားနေလဲဆိုတာကိုတော့ စောင့်ကြည့်ရမယ်လို့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်နေကြပါတယ်။
နိုင်ငံရေးသုံးသပ်သူတစ်ဦးက အခုလို ပြောပါတယ်။
''၁၉၉၀ ရွေးကောက်ပွဲကစလို့ နှစ်ပေါင်း ၃၀ ကျော်လာတဲ့ တိုင်အောင် ဒီကနေ့ ကာလအထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုအများစုရဲ့ ချစ်ခင်အားကိုးမှုကိုတော့ စစ်ခေါင်းဆောင်တွေ ဘယ်လိုနည်းနဲ့မှ ကျော်လွှားနိုင်မှာ မဟုတ်ဘူး။''








