စစ်ကောင်စီ ဘယ်ကငွေဝင်လဲ၊ ဘာတွေသုံးမလဲ

ကာကွယ်ရေးဘတ်ဂျတ်ကို ကျပ် ဘီလီယံ ၃၇၀၀ ကျော်အထိ သုံးဖို့ခွင့်ပြုထားတာပါ။

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, ကာကွယ်ရေးဘတ်ဂျတ်ကို ကျပ် ဘီလီယံ ၃၇၀၀ ကျော်အထိ သုံးဖို့ခွင့်ပြုထားတာပါ။

ဧပြီ ၁ ရက်ကစတင်တဲ့ ဘတ်ဂျတ်နှစ်ဟာ အာဏာသိမ်းထားတဲ့ စစ်ကောင်စီက ရေးဆွဲတဲ့ ဘတ်ဂျတ်နှစ်အဖြစ် မှတ်တမ်းဝင်သွားပါတယ်။

NLD ရဲ့ အောက်တိုဘာ ၁ ရက် က စတဲ့ ဘတ်ဂျတ်နှစ်ကို ဧပြီ ၁ ရက်က စတဲ့ဘတ်ဂျတ်နှစ်အဖြစ် ပြန်ပြောင်းခဲ့လို့ ခြောက်လ ဘတ်ဂျတ်ကို စစ်ကောင်စီက ရေးဆွဲခဲ့ပါသေးတယ်။

ဒါကတော့ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ် တစ်နှစ်လုံးစာအတွက် စစ်ကောင်စီက ပထမဆုံးရေးဆွဲတဲ့ ဘတ်ဂျတ်လည်းဖြစ်ပါတယ်။

စစ်ကောင်စီ ဘယ်ကငွေဝင်လဲ၊ ဘာတွေသုံးမလဲ ကြည့်ကြရအောင်ပါ။

ဝင်ငွေရလမ်း

အစိုးရအဆက်ဆက်ရဲ့ ဝင်ငွေရလမ်းဟာ အခွန်အကောက်နဲ့ ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေက ရငွေတွေကို အဓိက အားထားပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိ ဘတ်ဂျတ်နှစ်အတွက် ကျပ် ဘီလီယံ တစ်သောင်းတစ်ထောင်ကျော် ရဖို့မျှော်မှန်းထားပါတယ်။

ပြည်တွင်းထွက်ကုန်နဲ့ ပြည်သူတွေသုံးစွဲတဲ့အပေါ် ကောက်ခံတဲ့အခွန်အကောက်ကနေ ကျပ် ဘီလီယံ ၃၇၀၀ ကျော် ဝင်ငွေရဖို့ မျှော်မှန်းထားပြီး အများဆုံး မျှော်မှန်းချက်ဖြစ်ပါတယ်။

ဒုတိယအများဆုံး မျှော်မှန်းထားတာက ဝင်ငွေနဲ့ ပိုင်ဆိုင်မှုအပေါ် ကောက်ခံတဲ့ အခွန်အကောက်ဖြစ်ပြီး ကျပ် ဘီလီယံ ၂၃၀၀ ကျော် ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ ပြည်ထောင်စုရဲ့ စီးပွားရေးအဖွဲ့အစည်းတွေက ရငွေ ကျပ်ဘီလီယံ ၁၂၀၀ ကျော် မှန်းထားပါတယ်။

စီမံကိန်းနဲ့ဘဏ္ဍာရေး ဝန်ကြီးဌာနက ကျပ် ဘီလီယံ တစ်ထောင်ကျော် ရငွေဝင်ဖို့ မှန်းထားပြီး ဝန်ကြီးဌာနတွေမှာတော့ အများဆုံးဝင်ငွေရှာပေးတဲ့ ဌာနဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကနေ ရငွေ ကျပ်ဘီလီယံ ငါးရာနီးပါး နဲ့ အကောက်ခွန် ကနေ ကျပ် ဘီလီယံ ၄၆၀ ရဖို့မှန်းထားတာပါ။

ဆောက်လုပ်ရေးကတော့ ကျပ် ဘီလီယံ ၆၀၀ နီးပါးရဖို့ မှန်းထားပါတယ်။ အဲ့ဒီနောက်မှာ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီး ဌာနကနေ ကျပ် ဘီလီယံ ၂၉၀ နီးပါးရဖို့ မှန်းထားပါတယ်။

လျှပ်စစ်နဲ့ စွမ်းအင်ကနေ ကျပ်ဘီလီယံ ၂၇၀ ကျော် မှန်းထားတာပါ။

ဒါကတော့ စစ်ကောင်စီရဲ့ ဘတ်ဂျတ်မှာ ဝင်ငွေရလမ်းအများဆုံး ရှာပေးမယ့် ဌာနတွေဖြစ်ပြီး ကျန်တဲ့ ဌာနနဲ့ အဖွဲ့အစည်းတွေဆီကလည်း ရငွေတွေရရှိမှာဖြစ်ပါတယ်။

ကိုဗစ်နောက်ဆက်တွဲ စီးပွားရေးထိခိုက်မှုတွေနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကြောင့် ရငွေလျော့နည်းနိုင်ပေမယ့် အမှန်ရမယ့် အခြေအနေအပေါ်မူတည်ပြီး လျာထားတယ်လို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းကပြောပါတယ်။

၇၇ နှစ်မြောက် တပ်မတော်နေ့မှာထုတ်ပြတဲ့ စစ်လက်နက်တချို့

ဓာတ်ပုံ ရင်းမြစ်, STR

ဓာတ်ပုံ ပုံစာ, ၇၇ နှစ်မြောက် တပ်မတော်နေ့မှာထုတ်ပြတဲ့ စစ်လက်နက်တချို့

ကာကွယ်ရေးဘတ်ဂျတ်ဘယ်လောက်သုံးမလဲ

စစ်ကောင်စီကရေးဆွဲတဲ့ ဘတ်ဂျတ်မှာ ကာကွယ်ရေးအသုံးစရိတ်ကို ကျပ် ဘီလီယံ ၃၇၀၀ ကျော်အထိ သုံးဖို့ခွင့်ပြုထားတာပါ။

ပြည်တွင်းထွက်ကုန်နဲ့ ပြည်သူတွေသုံးစွဲတဲ့အပေါ် ကောက်ခံတဲ့ အခွန်အကောက်ကနေ ကျပ် ဘီလီယံ ၃၇၀၀ ကျော် ဝင်ငွေရဖို့ မျှော်မှန်းထားလို့ ဒီရငွေပမာဏနည်းတူ ကာကွယ်ရေးအတွက် သုံးမယ့် သဘောဖြစ်နေပါတယ်။

ကာကွယ်ရေးဘတ်ဂျတ်ဟာ ဝန်ထမ်းအားလုံးကို လစာထုတ်ပေးနေတဲ့ စီမံဘဏ္ဍာဝန်ကြီးဌာနရဲ့ အသုံးစရိတ် ဖြစ်တဲ့ ကျပ်ဘီလီယံ လေးထောင်ကျော်ပြီးရင် အများဆုံး သုံးမယ့် အသုံးစရိတ်လည်းဖြစ်ပါတယ်။

ကာကွယ်ရေးအသုံးစရိတ်ဟာ အစိုးရအဆက်ဆက် အများဆုံးခွင့်ပြုပေးခဲ့ရတဲ့ အသုံးစရိတ်ဖြစ်ပြီး အခုလည်း ဘတ်ဂျတ်စုစုပေါင်းရဲ့ ၂၀ % ကျော်သုံးစွဲမှာ ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်းမှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့အတွက် စစ်ကောင်စီအနေနဲ့ ကာကွယ်ရေးအသုံးစရိတ်ကို ခွင့်ပြုထားတာထက် ပိုသုံးလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် သုံးသပ်ပါတယ်။

စစ်ကောင်စီ ရေးဆွဲတဲ့ ဘတ်ဂျတ်ထဲ ပညာရေးကို ကျပ်ဘီလီယံ နှစ်ထောင်ကျော် သုံးမယ်လို့ လျာထားပါတယ်။

ကျန်းမာရေးကဏ္ဍကိုတော့ ကျပ်ဘီလီယံ ရှစ်ရာကျော်ပဲ သုံးမှာဖြစ်ပါတယ်။

လျှပ်စစ်ကဏ္ဍကို ဘီလီယံ ခုနှစ်ရာနီးပါးသုံးမှာဖြစ်လို့ မျှော်မှန်းထားတဲ့ရငွေထက် ကျပ်ဘီလီယံ လေးရာကျော် စိုက်ထုတ်သုံးစွဲရဖို့ရှိပါတယ်။ ဒါ့အပြင် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဥ်ပြင်ပကနေ ဆောင်ရွက်တဲ့လုပ်ငန်းတွေထဲမှာ ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းလည်းပါဝင်ပါတယ်။ အဲ့ဒီကနေ ကျပ်ဘီလီယံ ၁၁၀၀ ကျော် ရဖို့မှန်းထားပြီး ရငွေအားလုံးနီးပါး ပြန်သုံးမှာ ဖြစ်ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာနအတွက်တော့ ဘီလီယံ ငါးရာကျော်အထိသုံးမှာဖြစ်ပါတယ်။

လွှတ်တော်ကိုတင်ပြစရာမလိုတဲ့ စစ်ကောင်စီဘတ်ဂျတ်ဟာ အပြန်အလှန်ထိန်းကျောင်းမှုမရှိတော့လို့ အားနည်းချက်တွေရှိလာနိုင်တယ်လို့ လွှတ်တော်အမတ်ဟောင်းတစ်ဦးဖြစ်တဲ့ဦးရဲထွန်းက သုံးသပ်ပါတယ်။

''လွှတ်တော်တွေရှိတုန်းကတောင် ဒီလောက်စိစစ်ဖြတ်တောက်နေတဲ့ကြားက ဘတ်ဂျတ် အလေအလွင့်တွေများခဲ့တာလေ''လို့ သူကပြောပါတယ်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ဘတ်ဂျတ်အသုံးစရိတ်တွေကို ဘဏ္ဍာရေးစည်းမျဥ်းစည်းကမ်းတွေနဲ့အညီသုံးစွဲပြီး အစစ်ဆေးခံနိုင်ဖို့ ပြင်ဆင်ထားကြဖို့ ဘတ်ဂျတ်ဆိုင်ရာအစည်းအဝေးတွေမှာ မှာကြားခဲ့ပါတယ်။

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်တဲ့ ဘတ်ဂျတ်အစည်းအဝေးတစ်ခု

ဓာတ်ပုံ ရင်းမြစ်, cincds

ဓာတ်ပုံ ပုံစာ, ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း တက်ရောက်တဲ့ ဘတ်ဂျတ်အစည်းအဝေးတစ်ခု

နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေ

စစ်ကောင်စီရဲ့ နောက်ထပ်ဝင်ငွေရလမ်းတစ်ခုကတော့ နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေဖြစ်ပြီး ကျပ်ဘီလီယံ ၈၆၀၀ ကျော်ရဖို့ရှိပါတယ်။ဒါပေမဲ့ ဒီအဖွဲ့အစည်းတွေကပဲ ဘီလီယံ တစ်သောင်းကျော် ပြန်သုံးမှာပါ။

အဲ့ဒီအထဲ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနအောက်က စီးပွားရေးလုပ်ငန်းတွေကနေ အများဆုံး မျှော်မှန်းထားတာဖြစ်ပြီး ကျပ်ဘီလီယံ ၆၄၀၀ ကျော်ရဖို့ မှန်းထားတာပါ။ သုံးငွေကတော့ ကျပ်ဘီလီယံ ၇၁၀၀ ကျော်ပြန်သုံးဖို့ လျာထားပါတယ်။

အဲ့ဒီနောက်မှာ စီမံဘဏ္ဍာဝန်ကြီးဌာနအောက်က နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေကနေ ကျပ်ဘီလီယံ ကိုးရာ နီးပါးရဖို့မှန်းထားတာပါ။ ပြန်သုံးမှာကတော့ ကျပ်ဘီလီယံ ရှစ်ရာ ကျော်ပါ။

ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီးဌာနအောက်က နိုင်ငံပိုင်စီးပွားရေးအဖွဲ့အစည်းတွေကနေ ကျပ်ဘီလီယံ ရှစ်ရာ ကျော်ရဖို့မှန်းထားပါတယ်။ ဒါပေမဲ့ ကျပ်ဘီလီယံ ၁၁၀၀ ကျော် ပြန်သုံးမှာမို့ လိုငွေ ဘီလီယံ ရာဂဏန်းပြနေပါတယ်။

အဲ့ဒီထက်ပိုပြီး လိုငွေပြတာတော့ စက်မှုဝန်ကြီးဌာနပါ။ ရငွေက ကျပ်ဘီလီယံ ၁၅၀ တောင်မပြည့်ပေမယ့် သုံးငွေက ကျပ်ဘီလီယံ ငါးရာကျော် သုံးမှာပါ။

သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနအောက်က လုပ်ငန်းတွေကနေ

ကျပ်ဘီလီယံ လေးရာကျော် ရဖို့မှန်းထားတာတွေ့ရပါတယ်။ ဒါပေမဲ့ ပြန်သုံးမယ့်ငွေက ကျပ်ဘီလီယံ ၃၅၀ ကျော် ဖြစ်ပါတယ်။

ပြည်သူ့ဝန်ဆောင်မှုတွေ လျော့ကျလာဖို့ရှိ

ကျန်းမာရေးကဏ္ဍကို ကျပ်ဘီလီယံ ၈ ရာကျော် သုံးမှာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU/AFP

ဓာတ်ပုံ ပုံစာ, ကျန်းမာရေးကဏ္ဍကို ကျပ်ဘီလီယံ ၈ ရာကျော် သုံးမှာဖြစ်ပါတယ်။

စစ်ကောင်စီအနေနဲ့ လက်ရှိ ဘတ်ဂျတ်နှစ်အတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေကနေ ရငွေ ကျပ် ဘီလီယံ တစ်သောင်းတစ်ထောင်ကျော် လျာထားပြီး သုံးငွေကိုတော့ ဘီလီယံ တစ်သောင်း ခုနှစ်ထောင်အထိ ခွင့်ပြုထားတာပါ။

ကျပ်ဘီလီယံ ခြောက်ထောင်လောက် လိုငွေပြပါတယ်။ ဘတ်ဂျတ် လိုငွေပြနေတဲ့အထဲ ရငွေတွေပါ မျှော်မှန်းတဲ့အတိုင်း မရခဲ့ရင် စစ်ကောင်စီအနေနဲ့ ဘယ်လိုဖြေရှင်းဖို့ရှိပါမလဲ။

''အစိုးရရဲ့ အသုံးစရိတ်ကို ဖြတ်တောက်မယ်။ရရန်ရှိတဲ့ငွေတွေကို ရအောင်လုပ်မယ်။တခြား ဘယ်ကဏ္ဍကရမလဲဆိုတာကို ရှာဖွေမယ်။ ဒီ ၃ နည်းနဲ့ ဖြေရှင်းနေပါတယ်'' လို့ စစ်ကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကပြောပါတယ်။

အာဏာသိမ်းတဲ့ အကျိုးဆက်အဖြစ် ဌာနပေါင်းစုံက CDM လုပ်မှု၊ ဆေးရုံ၊ကျောင်းနဲ့ အစိုးရရုံးတွေ ပုံမှန် မလည်ပတ်မှုတွေကြောင့် ပြည်သူလူထုအနေနဲ့ အစိုးရရဲ့ဝန်ဆောင်မှု လုပ်ငန်းတွေကို အရပ်သားအစိုးရလက်ထက်ကလို မရတော့ပါဘူး။

ရှေ့လျှောက် အခြေအနေပိုဆိုးဖို့ရှိတယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ ပြည်သူအများစုက မီတာမဆောင်တာ အပါအဝင် တခြားအခွန်အခတွေကိုပါ မဆောင်တော့တာကြောင့် စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ခြောက်လ ဘတ်ဂျတ်မှာ အကြပ်ရိုက်ခဲ့ပြီးပါပြီ။

မီတာမဆောင်တဲ့ အိမ်တွေကို စစ်တပ်ပါခေါ်ပြီး အိမ်တိုင်ရာ‌ရောက် လျှပ်စစ်မီးလိုက်ဖြတ်တဲ့အခြေအနေအထိပါ ရောက်ခဲ့ပါတယ်။

အရပ်သားအစိုးရလက်ထက်ကလို လျှပ်စစ်မီးပုံမှန်မပေးနိုင်တော့ဘဲ အလှည့်ကျမီးပေးတဲ့စနစ်ကို ပြန်ရောက်သွားတာဖြစ်ပါတယ်။

NLDအစိုးရ ဘတ်ဂျတ်နဲ့ နှိုင်းယှဉ်ချက်

NLD အစိုးရရဲ့ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဘတ်ဂျတ်နဲ့ စစ်ကောင်စီရဲ့ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဘတ်ဂျတ်ကို နှိုင်းယှဥ်ကြည့်ရအောင်ပါ။

NLD လက်ထက်က ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေကနေ ရငွေ ကျပ် ဘီလီယံ ၁၄၀၀၀ ကျော် လျာထားပြီး သုံးငွေကိုတော့ ဘီလီယံ နှစ်သောင်းကျော်အထိ ခွင့်ပြုခဲ့တာပါ။

စစ်ကောင်စီအနေနဲ့ လက်ရှိဘတ်ဂျတ်နှစ်အတွက် ပြည်ထောင်စုဝန်ကြီးဌာနတွေ၊ ဦးစီးဌာနတွေကနေ ရငွေ ကျပ် ဘီလီယံ ၁၁၀၀၀ ကျော် လျာထားပြီး သုံးငွေကိုတော့ ဘီလီယံ ၁၇၀၀၀ ခွင့်ပြုထားတာပါ။

နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွေဘက်မှာတော့ NLD လက်ထက်က ကျပ်ဘီလီယံ ၉၀၀၀ ကျော် ဝင်ပြီး ဘီလီယံ တစ်သောင်း ကျော် ပြန်သုံးပါတယ်။

စစ်ကောင်စီကတော့ ကျပ်ဘီလီယံ ၈၆၀၀ ကျော် ဝင်ဖို့မျှော်မှန်းပြီး ဘီလီယံ တစ်သောင်း ကျော် ပြန်သုံးဖို့မှန်းထားပါတယ်။

စစ်ကောင်စီလက်ထက်မှာ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေကနေ ဝင်ငွေလျော့သွားပြီး သုံးငွေကမလျော့တာတွေ့ရမှာပါ။

စစ်ကောင်စီအနေနဲ့ အရပ်သားအစိုးရထက် ရငွေလည်း ပိုမမျှော်မှန်းနိုင်သလို ပိုလည်းမသုံးပေးနိုင်ဘူး လို့ ကိန်းဂဏန်းတွေကပြောနေတာပါ။