ကလေးငယ်တွေ ဖမ်းဆီးခံနေရတာ ဘယ်သူ့မှာ တာဝန်ရှိလဲ

ဓာတ်ပုံ ရင်းမြစ်, CJ
ပြီးခဲ့တဲ့ ဧပြီလ ၅ ရက်နေ့က အသက်၃ နှစ်ပြည့်ခဲ့သူ မောင်သန့်ဘုန်းဝေယံဟာ သူ့ရဲ့မွေးနေ့မှာ မပျော်နိုင်ခဲ့ပါ။
မွေးနေ့ရှင်လေး မောင်သန့်ဘုန်းဝေယံတစ်ယောက် မူကြိုကျောင်းမှာ သုံးနှစ်ပြည့်မွေးနေ့ပွဲ လုပ်ပြီး နာရီပိုင်းအတွင်း မှာတင် အရပ်ဝတ်လူတစ်စုက အဲ့ဒီမူကြိုကျောင်းကို လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဖြစ်ပါတယ်။
မူကြိုကျောင်းထဲ ဝင်အဖမ်းခံရတဲ့ ၃ နှစ်အရွယ်ကလေးငယ် ၇ ရက်ကြာတဲ့အထိ ဘယ်မှာထားတယ်ဆိုတာ မသိရသေးဘူးလို့ မိသားစုနဲ့ နီးစပ်သူတွေက ဆိုပါတယ်။
PDF ကိုထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ကလေးငယ်ရဲ့မိခင်ဖြစ်သူကို စစ်ကောင်စီတပ်တွေက ရှာဖွေနေတာဖြစ်ပြီး အဲဒီနေ့မှာပဲ အလုံမြို့နယ်က နေအိမ်မှာ မိခင်ကို ဖမ်းဆီးလိုက်သလို ကလေးငယ်ကိုလည်း မူကြိုကျောင်းမှာ သွားဖမ်းတာဖြစ်တယ်လို့ ဆိုပါတယ်။
"မဝေက အဲမတိုင်ခင်ကတည်းက နေအိမ်ကရှောင်နေတာ၊ အဲဒီနေ့ကမှ သူ့သားလေးမွေးနေ့ ကျောင်းမှာ ကြက်ဆီထမင်း ကျွေးမယ်ဆိုပြီး ပြန်သွားတာ"လို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
စစ်ကောင်စီဘက်ကငြင်း
စစ်ကောင်စီကတော့ မိခင်ဖြစ်သူ မဝေကို ဖမ်းဆီးတာနဲ့အသက် ၃နှစ်အရွယ် ကလေးငယ်ကို ဖမ်းဆီးသွားတာတွေနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်လာတာ မရှိပါဘူး။
သူတို့သားအမိ ဘယ်နေရာမှာ ထိန်းသိမ်းခံထားရပြီလဲဆိုတာကို ဘယ်သူမှ မသိရသေးပါဘူး။
ကလေးငယ် တက်ရောက်နေတဲ့ Best Choice မူကြိုကျောင်းဟာ အလုံမြို့နယ်မှာ ရှိနေတာကြောင့် ဒီကလေးငယ်နဲ့ ပတ်သက်ပြီး အလုံမြို့နယ်ရဲစခန်းကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ "အဲ့ဒါ ဖြေလို့မရပါဘူးခင်ဗျာ"လို့သာ ခပ်တိုတိုတုံ့ပြန်ပြီး ဖုန်းချသွားခဲ့ပါတယ်။
စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကလည်း သူတို့ မောင်သန့်ဘုန်းဝေယံကို ဖမ်းဆီးထားတာမရှိဘူးလို့ ငြင်းဆိုထားပါတယ်။
စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ဒီလို မိခင်ဖြစ်သူ၊ မိသားစုဝင် တစ်ဦးဦးကို ဖမ်းဆီးလို့ဖြစ်စေ၊ ရှာဖွေမတွေ့တဲ့ အချိန်မှာဖြစ်စေ ကလေးငယ်တွေပါ ဖမ်းဆီးချုပ်နှောင်ခံရတာဟာ ပထမဆုံးအကြိမ် မဟုတ်ပါဘူး။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ စာရင်းအချက်အလက်အရလည်း အာဏာသိမ်းပြီးနောက်ပိုင်းကနေ အခုနှစ်ဧပြီ ၄ ရက်အထိ အသက် ၁၈ နှစ်အောက် ကလေးငယ် ၁၃၂ ဦး သေဆုံးခဲ့ပြီဖြစ်သလို ကလေးငယ် ၂၁၆ ဦးအထိ ဖမ်းဆီးခံထားရပါတယ်။ အဲ့ဒီထဲက အသက် ၁၅ နှစ်အောက် ကလေးငယ်နှစ်ဦးကို သေဒဏ်အမိန့်ချမှတ်ထားတယ်လို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ZL
ထောင်ထဲရောက်နေတဲ့ သုံးနှစ်သမီးလေး
ကလေးငယ်တချို့ အဖမ်းခံရတာ အစောဆုံးဖြစ်ရပ်အနေနဲ့ ၂၀၂၁ ခုနှစ် မတ်လပိုင်းမှာ အကြမ်းမဖက်အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်ပြီး ဆန္ဒပြပွဲတွေ ဦးဆောင်ခဲ့တာကြောင့် စည်ပင်ဌာန၊ သန့်ရှင်းရေးဝန်ထမ်း ဦးမင်းဇော်ဦးကို စစ်ကောင်စီက ဖမ်းဆီးဖို့ ကြိုးစားရာမှာ မတွေ့တာကြောင့် ဇနီးနဲ့ မိခင်ဖြစ်သူအပြင် အသက်သုံးနှစ်အရွယ်သာရှိသေးတဲ့ သမီးအငယ်ဆုံး မဆုမြတ်ဇော်လည်း အဖမ်းခံခဲ့ရပါတယ်။
အဲ့ဒီနောက် သုံးဦးစလုံးကို အင်းစိန်အကျဉ်းထောင်ထဲမှာ ချုပ်နှောင်ထားခဲ့ပြီး အခုနှစ်မတ်လ ၂၄ ရက်မှာ ဇနီးနဲ့ မိခင်ဖြစ်သူကို ပုဒ်မ ၅၀၅-ကနဲ့ ထောင်ဒဏ် သုံးနှစ်ချမှတ်လိုက်ပါတယ်။ ဒီတော့ အသက်သုံးနှစ် သမီးလေးပါ အကျဉ်းထောင်ထဲ နှစ်ချီ ဆက်နေရဦးမှာပါ။
"ကလေးက ကျန်းမာရေး ကောင်းတယ်၊ အသွက်ကလေး။ ဝန်ထမ်းတွေကိုတွေ့တာနဲ့ မျက်နှာသစ်၊ သွားတိုက်၊ ရေချိုး ကလေးအသံလေးကိုမှ ခပ်တည်တည်နဲ့ ပြောတတ်နေပြီ။ ဘယ်မှာနေလဲဆို မ ချုပ် ၃ မှာလို့ ဖြေတယ်။"
အကျဉ်းထောင်ထဲကြီးပြင်းနေရတဲ့ သုံးနှစ်သမီးလေး မဆုမြတ်ဇော်ရဲ့ အလေ့အကျင့်လေးတွေအကြောင်း ရုံးထုတ်ချိန်တိုင်း တွေ့ခွင့်ရခဲ့တဲ့ သူတို့ရဲ့ရှေ့နေက ဘီဘီစီကို ပြောပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
မိုးကုတ်မြို့က အဖမ်းခံရပြီး ပြန်လွတ်လာတဲ့ ငါးနှစ်သမီး
ဒီလို အကျဉ်းထောင်ထဲမှာ ရှင်သန်နေရတဲ့ ကလေးငယ်အပြင် စစ်ကောင်စီ ဖမ်းဆီးတာခံခဲ့ရပြီး ပြန်လည် လွတ်မြောက်ခဲ့တဲ့ ကလေးငယ်လေးတွေလည်း ရှိနေပါသေးတယ်။
ရှမ်းပြည်နယ်၊ မိုးကုတ်က တက်ကြွလှုပ်ရှားသူဖခင်ကို မတွေ့လို့ ငါးနှစ်သမီးလေး မစုထက်ဝိုင်းဟာ ရဲစခန်းမှာ ၁၅ ရက်လောက်နေခဲ့ရသလို တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်း ကဒက်ငယ်ထိန်ကျေးရွာမှာ နေထိုင်တဲ့ ဖခင်ကို မတွေ့လို့ ဇနီးနဲ့ နှစ်နှစ်အရွယ်ကလေး ဖမ်းဆီးစစ်ဆေးခံရတဲ့ ဖြစ်စဉ်တွေဟာ မနှစ် ၂၀၂၁ ခုနှစ်မှာတင် လအနည်းငယ်ခြားပြီး ဆက်တိုက်ကို ဖြစ်ခဲ့တာပါ။
ဒီကလေးငယ်လေးတွေဟာ ပြန်လည်လွတ်မြောက်လာကြပေမဲ့လည်း နောက်ဆက်တွဲ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကို ရင်ဆိုင်နေရ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရေးမယူနိုင်သေးရင် ဒီလိုဖြစ်စဉ်တွေထပ်ဖြစ်နေမှာလို့ ပြော
သမီးဖြစ်သူ မစုထက်ဝိုင်းကိုပါ ဖမ်းဆီးချုပ်နှောင်တာကို ကြုံတွေ့ခဲ့ရဖူးတဲ့ မိုးကုတ်က တက်ကြွလှုပ်ရှားသူ ဦးစိုးဌေး တော့ သမီးလေးဟာ လတွေကြာနေပေမဲ့လည်း သူဖမ်းဆီးခံရချိန်က အဖြစ်အပျက်တွေကို ညဘက် အိပ်မက်အနေနဲ့ မြင်ယောင်ပြီး အိပ်မက်ဆိုးတွေ မက်နေဆဲလို့ ပြောပါတယ်။ ဒါကြောင့် ဒီလိုကလေးငယ်တွေ ဖမ်းဆီးမှုတွေ ဆက်တိုက်ကြုံနေရတာဟာ ပြည်သူတွေအားလုံးမှာ တာဝန်ရှိတယ်လို့ ဆိုပါတယ်။
"အခု ဒီကလေးလေးကိုကျတော့ ရည်ရွယ်ပြီး မူကြိုကျောင်းထဲထိ လာဖမ်းတာ။ ကလေးငယ်လေးရဲ့ ရင်ထဲကို ဝင်ကြည့်ပါ။ ကျွန်တော် နှစ်ညလောက်တောင် အိပ်မပျော်ဘူး။ ကိုယ့်သမီးလည်း ဖြစ်ခဲ့ဖူးတော့ ဒါဘယ်သူ့မှာ တာဝန်ရှိမလဲလို့ တွေးမိတယ်"လို့ အဲ့ဒီလို ကလေးငယ်တွေ ဖမ်းဆီးခံရတဲ့ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး ဦးစိုးဌေးက သူ့အမြင်ကို ပြောပါတယ်။
"သေချာတာက အပြစ်ရှိသူတွေကို အပြစ်မပေးနိုင်ခဲ့လို့ အခုလို အခြေအနေအထိ ဖြစ်လာတာပဲ။ ဒီလူသား မဆန်တဲ့ လုပ်ရပ်ကို ဘယ်လို လက်တွေ့ တုံ့ပြန်ရမလဲ တွေးရမယ်။ စကားလုံးအလှတွေနဲ့ ပြောနေရုံနဲ့ မပြီးဘူး။ အပြစ်မပေးနိုင်ရင် အနှီးထုပ်ထဲက လသားကလေးပါ အဖမ်းခံရလိမ့်မယ်။ ဒီ့အတွက် ဒီမိုကရေစီဘက်တော် သားတွေရော၊ ပြည်သူတွေကိုယ်တိုင်ရော ကျွန်တော်ကိုယ်တိုင်မှာပါ တာဝန်ရှိတယ်။"
သူ့ကို လိုက်ရှာရင်း မတွေ့တာကြောင့် မိသားစုရော ငါးနှစ်သမီးလေးပါ ဖမ်းဆီးချုပ်နှောင်ခံခဲ့ရဖူးတဲ့ ဦးစိုးဌေးက သူ့ယုံကြည်ချက်ကို အခိုင်အမာ ပြောဆိုပါတယ်။
ဒီလို မိသားစုနဲ့ ကလေးငယ်တွေ ဖမ်းဆီးခံရတာအပြင် အစုလိုက်အပြုံလိုက် ရက်အနည်းငယ်ဖမ်းဆီးချုပ် နှောင်ခံရတာတွေလည်း အာဏာသိမ်း တစ်နှစ်ကျော်အကြာ အခု ၂၀၂၂ခုနှစ် နှစ်ဆန်းပိုင်းမှာတင်ကို ဆက်တိုက် ဆက်ဖြစ်နေဆဲပါ။ ဖေဖော်ဝါရီ ၂၁ ရက်မှာ ချောက်မြို့နယ်က ကလေးငယ်အယောက် ၂၀ ဖမ်းဆီး ခြိမ်းခြောက်ခံခဲ့ရသလို ဖေဖော်ဝါရီ ၂၈ ရက်မှာလည်း စစ်ကောင်စီတပ်တွေ ယင်းမာပင်၊ ချင်းပုန်းရွာကို ဝင်ရောက်စီးနင်းချိန် မူကြိုကလေး အယောက် ၈၀ ကျော်သုံးရက်နီးပါး ရွာထဲပိတ်မိခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့ တယ်လို့ ဒေသခံတွေကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CJ
NUG ကတော့ မတ်လ ၆ ရက်နေ့မှာလည်း ပေါက်မြို့နယ်က ၄ နှစ်အရွယ် ကလေးငယ်ကို လှံစွပ်နဲ့ထိုးသတ်တာအပြင် အလိုရှိသူကို ဖမ်းဆီးနိုင်တာမရှိရင် မိသားစုဝင်တွေဖြစ်တဲ့ ကလေးငယ်တွေကိုပါ စစ်ကောင်စီဘက်က ဖမ်းဆီးတာဟာ စစ်ရာဇဝတ်မှုတွေကျူးလွန်တာလို့ ဆိုထားပါတယ်။
အရွယ်မရောက်သေးတဲ့ကလေးငယ်တွေကို ဖမ်းဆီးတာလူ့အခွင့်အရေးချိုးဖောက်မှုဖြစ်
မြန်မာနိုင်ငံဟာ CRC လို့ခေါ်တဲ့ Child Rights Convention နိုင်ငံတကာ ကလေးသူငယ်အခွင့်အရေးနဲ့ ပတ်သက်ပြီး လက်မှတ်ထိုးထားပါတယ်။ ဒီလိုဥပဒေတွေအရ ကလေးသူငယ်အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ထုံးလုပ်နည်းတွေ ပါပေမဲ့လည်း အခုလိုစစ်ကောင်စီရဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို ဖမ်းဆီး ချုပ်နှောင်မှုဟာ အလွန်ဆိုးရွားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုလို့ တက်ကြွလှုပ်ရှားသူတွေက ဝေဖန်နေကြပါတယ်။
'Right to protection ကလေးတွေကို ဘယ်လို အခြေအနေမျိုးမှာပဲဖြစ်ဖြစ် ပြဿနာတွေကနေ ကာကွယ်ပေးရမယ်ဆိုတာတွေမှာ မကာကွယ်ပေးတဲ့အပြင် သူတို့ကပါ ဖမ်းဆီးတာတွေ လုပ်နေတယ်။ right to development ကလေးတွေရဲ့ ဉာဏ်ပညာ၊ ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက်တောင် အခု မူကြိုကျောင်းကနေ ခေါ်အဖမ်းခံရတယ်ဆိုတော့ အကုန်လုံးချိုးဖောက်ခံနေရတာပဲ။"
ဒီကြုံတွေ့နေရတဲ့ဖြစ်စဉ်တွေဟာ ကလေးသူငယ် အခွင့်အရေးတွေထဲက ဘယ်လိုအချက်အလက် တွေကို ချိုးဖောက်နေတယ်ဆိုတာကို Synergy လူမှုသဟဇာတဖော်ဆောင်ရေးအဖွဲ့၊ အမှုဆောင်ဒါရိုက်တာ ကိုသက်ဆွေဝင်းက ဘီဘီစီကို အခုလို ရှင်းပြပါတယ်။
'Right to participation ကလေးတွေကိုလူ့အဖွဲ့အစည်းကနေ ဖယ်ထုတ်ပြီး အကျဉ်းထောင်တွေ၊ အချုပ်ထောင်တွေထဲ ထားလိုက်ခြင်းဟာ သူတို့ရဲ့ လူ့အဖွဲ့အစည်းမှာ နေထိုင်ခွင့်တွေကို ချိုးဖောက်တာ ဖြစ်ပါတယ်။ ဒါတွေဟာ CRC ထဲက အဓိကချိုးဖောက်နေတဲ့ အချက်သုံးချက်ဖြစ်တယ်"လို့ ကိုသက်ဆွေဝင်း က ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
လက်ရှိမှာတော့ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေ ရင်ဆိုင်နေရတဲ့ အခုလိုအခြေအနေတွေကို ကုလသမဂ္ဂတာဝန်ရှိသူတွေရော၊ နိုင်ငံတကာအဖွဲ့အစည်းတွေကိုပါ အချိန်နဲ့တပြေးညီတင်ပြနေတယ်လို့ ဆိုပါတယ်။
'စစ်ခေါင်းဆောင်တွေဟာ ဒီလုပ်ရပ်တွေနဲ့ပတ်သက်ပြီးအချိန်တစ်ခုကျရင် အရေးယူခံရမှာ၊ အပြစ်ပေးခံရမှာ အသေချာပဲ။ လက်ရှိကာလမှာ မှတ်တမ်းတင်တဲ့ကိစ္စကိုပဲ အထူးအာရုံစိုက်လုပ်နေတယ်။ တော်လှန်ရေး ပြီးသွားရင်တော့ ဒီကိစ္စကို မဖြစ်မနေ အပြစ်ပေးဖို့အကောင်အထည်ဖော်ရမယ်"လို့ ကိုသက်ဆွေဝင်းက သူလက်ရှိ ကလေးသူငယ်အခွင့်အရေးနဲ့ ပတ်သက်ပြီး လုပ်ကိုင်နေတဲ့အကြောင်းကို ပြောပါတယ်။
မြေပြင်မှာတော့ ကလေးငယ်လေးတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာ၊ ဖမ်းဆီးချုပ်နှောင်ခံရတဲ့ ဖြစ်စဉ်တွေ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားနေပြီး ဒီလုပ်ရပ်တွေနဲ့ပတ်သက်လို့ အမြန်ဆုံးတာဝန်ယူဖြေရှင်းကြဖို့၊ တာဝန်ယူပေးကြဖို့ နစ်နာသူမိသားစုဝင်တွေရော ပြည်သူတွေကပါ မျှော်လင့်နေကြပါတယ်။








