မကွေးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိမှု ၆ မှုလုံး အတွက် စွဲချက်တင်

ပုဒ်မ ၅၀၅(ခ)၊ သသဘာဝဘေးဥပဒေပုဒ်မ ၂၅ အပြင် အဂတိမှုနဲ့ပါထပ်တိုးစွဲဆိုခံရ

ဓာတ်ပုံ ရင်းမြစ်, NEWLIGHTOFMYANMAR

ဓာတ်ပုံ ပုံစာ, ပုဒ်မ ၅၀၅(ခ)၊ သသဘာဝဘေးဥပဒေပုဒ်မ ၂၅ အပြင် အဂတိမှုနဲ့ပါထပ်တိုးစွဲဆိုခံရ

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ပုဒ်မ ၅၅ နဲ့ စွဲဆိုထားတဲ့ အမှု ၆ မှု စလုံးအတွက် စွဲချက်တင်တဲ့ အမိန့် ချမှတ်လိုက်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ ၁၀ ရက်နေ့မှာ အမှု ၄ မှု၊ ဒီဇင်ဘာလ ၉ ရက်နေ့က အမှု ၂ မှု အတွက် စွဲချက်တင်တဲ့ အမိန့်တွေ ချမှတ်လိုက်တာပါ။

အမှု အားလုံးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စွဲဆိုထားတာဖြစ်ပြီး အဲဒီအမှုတွေထဲမှာ ဒေါက်တာ အောင်မိုးညို တစ်ယောက်တည်းကို စွဲဆိုထားတဲ့ အမှုက ၃ မှု ဖြစ်ပါတယ်။

ကျန်တဲ့ အမှု သုံးမှုက မကွေးတိုင်း ဝန်ကြီး တွေဖြစ်ကြတဲ့ ဒေါက်တာ ခင်မောင်အေး၊ ဦးတင်နွယ်ဦးတို့နဲ့ ဒေါက်တာ အောင်မိုးညိုကို ပူးတွဲ စွဲဆိုတဲ့ အမှုတွေ ဖြစ်ပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ်၊ ဝန်ကြီးနှစ်ယောက်နဲ့ လွှတ်တော်ဥက္ကဋ္ဌတို့ကို သူတို့ တစ်ဦးချင်းစီရော ပူးတွဲ စွဲဆိုထားတဲ့ အမှုတွေပါဆိုရင် အဂတိလိုက်စားမှု ဆိုင်ရာ စွဲဆိုခံရတဲ့ အမှုပေါင်း ၈ မှု ရှိပါတယ်။

အမှတ်စဉ်အနေနဲ့ ပြောမယ် ဆိုရင် ဒေါက်တာ အောင်မိုးညို စွဲဆိုခံရတဲ့ အမှုတွေက အမှတ် ၁၊ ၂၊ ၃၊ ၄၊ ၆ နဲ့ ၇ တို့ ဖြစ်ပါတယ်။

ဒေါက်တာ အောင်မိုးညိုကို ကိုယ်တိုင် ထွက်ဆိုမယ်

အဲဒီအမှုတွေအတွက် လာမယ့် ဒီဇင်ဘာလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့မှာ စွပ်စွဲခံရသူ ဒေါက်တာ အောင်မိုးညိုကို ကိုယ်တိုင်စစ်မေးဖို့ ရှိတယ်လို့ သူ့ရဲ့ ဥပဒေအကျိုးဆောင် ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

ဒီဇင်ဘာ နောက်ဆုံးပတ် သို့မဟုတ် ဇန်နဝါရီ ပထမပတ်လောက်မှာ စီရင်ချက် ချလိမ့်မယ်လို့ မျှော်လင့်ရကြောင်းလည်း သူက ပြောပါတယ်။

အမှု တခုချင်းစီက ဘာတွေလဲ

အဂတိမှု နံပါတ် ၁ က ဒေါက်တာ အောင်မိုးညို တစ်ယောက်တည်းကို စွဲဆိုထားတဲ့ အမှုပါ။

ပခုက္ကူက ဆီဆိုင် မြေနေရာ ကိစ္စဖြစ်ပါတယ်။

ဧဒင် အုပ်စု ဥက္ကဋ္ဌ ဦးချစ်ခိုင်တို့ အဖွဲ က ဒန်ကို ဆီဆိုင် မြေနေရာ အတွက် လယ်ယာမြေ အခြားနည်း သုံးစွဲခွင့် ရဖို့ အလှူငွေ ကျပ်သိန်း ၅၀၀ NLD ကို လှူဒါန်းငွေ လက်ခံ ရယူတာဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မနဲ့ ငြိတယ် ဆိုပြီး စွဲဆိုတဲ့ ကိစ္စဖြစ်တယ်လို့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

အမှု နံပါတ် ၂၊ ၃ နဲ့ ၄ က လူမှုဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ ဆောက်လုပ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး တို့နဲ့ ဒေါက်တာ အောင်မိုးညိုကို ပူးတွဲ စွဲဆိုတဲ့ အမှုတွေ ဖြစ်ပါတယ်။

အမှု နံပါတ် ၂ က မကွေးပညာရေး ကောလိပ် သုံးထပ်ဆောင် ဆောက်တဲ့ ကိစ္စမှာ တင်ဒါမအောင်တဲ့ ကုမ္ပဏီကို လုပ်ပိုင်ခွင့် ချပေးတဲ့ကိစ္စမှာ အဂတိလိုက်စားမှု မြောက်တယ် ဆိုပြီး တရားစွဲဆိုတဲ့ အမှု ဖြစ်ပါတယ်။

အမှု နံပါတ် ၃ က မကွေးပညာရေး ကောလိပ် စာသင်ဆောင် တခု ဆောက်လုပ်ရာမှာ တင်ဒါအောင်တဲ့ ကုမ္ပဏီ ကို လုပ်ခွင့် ချမပေးဘဲ တင်ဒါ မအောင်တဲ့ တခြား ကုမ္ပဏီကို ချပေးတယ်ဆိုတဲ့ ကိစ္စ ဖြစ်ပါတယ်။

အမှု နံပါတ် ၄ ကလည်း အလားတူ တင်ဒါကိစ္စပါ။

ပခုက္ကူ နည်းပညာ အထက်တန်းကျောင်း စာသင်ဆောင်ဆောက်ဖို့ တင်ဒါ ခေါ်ရာမှာ တင်ဒါလုပ်ထုံး လုပ်နည်း ညွှန်ကြားချက်နဲ့ မညီညွတ် တဲ့အတွက် ဆိုပြီး တရားစွဲတာ ဖြစ်တယ်လို့ ရှေ့နေ ဦးမြင့်အောင်က ပြောပါတယ်။

အဲဒီ တင်ဒါကိစ္စတွေမှာ မကွေးတိုင်းအစိုးရ အဖွဲ့ တခုလုံး ရဲ့ အစည်းအဝေး ဆွေးနွေးမှု အရ အစိုးရ အားလုံး သဘောတူ ဆုံးဖြတ်ချက်ခဲ့တာ ဖြစ်ပေမဲ့ တရားစွဲဆို ရာမှာတော့ ဝန်ကြီးချုပ် ဦးအာင်မိုးညို၊ လူမှုဝန်ကြီး ဒေါက်တာ ခင်မောင်အေး နဲ့ ဆောက်လုပ်ရေးနဲ့ ပို့ဆောင် ဆက်သွယ်ရေး ဝန်ကြီး ဦးတင်နွယ်ဦးတို့ သုံးယောက်ကိုသာ တရားစွဲခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

အမှု နံပတ် ၆ က ဒေါက်တာ အောင်မိုးညိုနဲ့ တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာကို ပူးတွဲ စွဲဆိုတာ ဖြစ်ပါတယ်။

တိုင်း ရန်ပုံငွေ ရတဲ့ အထဲက မကွေးတိုင်းထဲက မြို့နယ်တွေ ဖွံ့ဖြိုးရေးလုပ်ဖို့ ကိစ္စမှာ တိုင်း ကိုယ်စားလှယ်တွေကို ရန်ပုံငွေ ခွဲဝေပေးလို့ နိုင်ငံတော် နစ်နာ ဆုံးရှုံးတယ် ဆိုပြီး တရားစွဲဆိုတာ ဖြစ်ပါတယ်။

အမှု နံပါတ် ၇ ကတော့ ဒေါက်တာ အောင်မိုးညိုနဲ့ သဘာဝ ပတ်ဝန်းကျင် ဝန်ကြီး ဦးမြင့်ဇော် ကို ပူးတွဲ စွဲဆိုတာ ဖြစ်ပါတယ်။

ဦးမြင့်ဇော်က ထွက်ပြေးတိမ်းရှောင်နေလို့ တရားခံပြေး အနေနဲ့ ရှိနေတဲ့ အတွက် ဒေါက်တာ အောင်မိုးညို တစ်ယောက်တည်းကို စွဲချက်တင်တာ ဖြစ်ပါတယ်။

မကွေးတိုင်းအတွင်း ရေနံလက်ယက်တွင်းတွေကို လိုင်စင်ထုတ် မပေးတဲ့အတွက် သူတို့ဆီက မြေငှားခ မတောင်းခံတဲ့ ကိစ္စဟာ နိုင်ငံတော် နစ်နာ ဆုံးရှုံးတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ စွဲဆိုတာ ဖြစ်ပါတယ်။

အမှု နံပါတ် ၅ က ဆောက်လုပ်ရေး ဝန်ကြီး ဦးတင်နွယ်ဦး တစ်ယောက်တည်းကို စွဲတာပါ။ကုမ္ပဏီက ဒီဇိုင်းဆွဲခ ရငွေ သိန်း ၆၀ ကို အန်အယ်လ်ဒီ အတွက် လိုရာသုံးဖို့ လှူငွေကို လက်ခံရယူမှုအတွက် စွဲဆိုတာပါ။

အမှု နံပါတ် ၈ က တိုင်းလွှတ်တော် ဥက္ကဋ္ဌ ဦးတာ တစ်ဦးတည်းကို စွဲဆိုတဲ့အမှု ဖြစ်ပါတယ်။

ဒီဇိုင်းဆွဲတဲ့ ကုမ္ပဏီက ဗိုလ်ချုပ်အောင်ဆန်းက တိုင်းဒေသကြီး လွှတ်တော်မှာ လွှတ်တော်တက်တဲ့ ပုံစံ ရုပ်တု ကို အခမဲ့ ထုပေးတာဟာ နိုင်ငံရေး ရာထူး လက်ရှိ ရှိသူက အခွင့်အရေး တစုံတရာယူတယ် ဆိုပြီး စွဲဆိုတာ ဖြစ်ပါတယ်။

အပြစ်ချခံထားရပြီးအမှု

နိုင်ငံတော် အစိုးရကို အထင်အမြင်လွဲပြီး အကြည်ညိုပျက်အောင် သွေးထိုးလှုံ့ဆော်မှုဆိုတဲ့ ပုဒ်မ ၅၀၅ (ခ) အရ အပြစ်ရှိတယ် ဆိုပြီး ဒေါက်တာ အောင်မိုးညို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ အမှုအတွက်တော့ အယူခံတင်ထားပါတယ်။

အဲဒီ ပြစ်ဒဏ်ကျပြီး အမှု၊ သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ပုဒ်မ ၂၅ အရ စွဲဆိုခံထားရတဲ့ အ မှုနဲ့ အခု အဂတိလိုက်စားမှု ဆိုင်ရာ ပုဒ်မ ၅၅ စွဲဆို ခံထားရတဲ့ အမှုတွေ ပေါင်းလိုက်ရင် ဒေါက်တာ အောင်မိုးညို တရားစွဲခံရတဲ့ အမှုက စုစုပေါင်း ၈ မှု ရှိပါတယ်။