မကွေးဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုအမှု အလုပ်နဲ့ထောင် ၂နှစ်ပြစ်ဒဏ်အယူခံပြန်တက်ဖို့ရှိ၊ အဂတိမှုနဲ့ပါ ထပ်တိုးစွဲထား

ပုဒ်မ ၅၀၅(ခ)၊ သသဘာဝဘေးဥပဒေပုဒ်မ ၂၅ အပြင် အဂတိမှုနဲ့ပါထပ်တိုးစွဲဆိုခံရ

ဓာတ်ပုံ ရင်းမြစ်, NEWLIGHTOFMYANMAR

ဓာတ်ပုံ ပုံစာ, ပုဒ်မ ၅၀၅(ခ)၊ သသဘာဝဘေးဥပဒေပုဒ်မ ၂၅ အပြင် အဂတိမှုနဲ့ပါထပ်တိုးစွဲဆိုခံရ

စစ်ကောင်စီက ဖယ်ရှားခဲ့တဲ့ NLDအရပ်သားအစိုးရအဖွဲ့၊ မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုကို စွဲဆိုထားတဲ့ ပုဒ်မ ၅၀၅ (ခ)အမှုအတွက် မကွေးထောင်အထူးတရားရုံး ကချမှတ်ခဲ့တဲ့ အလုပ်ကြမ်းနဲ့ထောင် ၂နှစ်ပြစ်ဒဏ်ကို လာမယ့်အပတ်မှာ အယူခံပြန်တက်သွားဖို့ရှိတယ်လို့ ဒေါက်တာအောင်မိုးညိုရဲ့ရှေ့နေအဖွဲ့ ခေါင်းဆောင် ဦးမြင့်အောင်က ဘီဘီစီကိုပြောပါတယ်။

' ' ပထမတော့ ဝန်ကြီးချုပ်က အယူခံမတက်တော့ဘူးလို့ပြောတယ်။ ဒါပေမယ့် အလုပ်ကြမ်းပြစ်ဒဏ် လည်း ပါနေတော့ ရပိုင်ခွင့်ဖြစ်တဲ့အယူခံတက်ဖို့ လုပ်ဖို့ပြောတော့ ကျွန်တော်တို့ အဆင်ပြေသလိုလုပ်ပေးပါလို့ ပြောပါတယ်။ ဒါကြောင့်လာမယ့်အပတ်မှာ အယူခံတင်ပါမယ်။ အယူခံတက်ဖို့လည်းလိုတာတွေပြင်နေပါပြီ။ အခုကတော့ နောက်တစ်မှုအတွက် ထောင်တရားရုံးမှာပဲ အစစ်ခံရတာတွေရှိသေးတော့ အလုပ်ကြမ်း အတွက် တခြားကိုပို့တာတော့မရှိသေးဘူး။''လို့ ရှေ့နေဦးမြင့်အောင်က ပြောပြပါတယ်။

ဒေါက်တာအောင်မိုးညိုကို မကွေးထောင်အထူးတရားရုံးမှာ ပုဒ်မ ၅၀၅ (ခ)နဲ့အမိန့်ချတဲ့နေ့မှာပဲ ပွင့်ဖြူမြို့ နယ်စခန်းမှူးက တရားလိုပြုလုပ်ပြီး သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့ထပ်မံ တရားစွဲဆိုခဲ့ပါတယ်။

ဒေါက်တာအောင်မိုးညိုကို စွဲဆိုထားတဲ့အမှုတွေထဲက သဘာဝဘေးဥပဒေပုဒ်မ ၂၅ နဲ့စွဲဆိုထားတဲ့ အမှု အတွက် တရားလိုဘက်က သက်သေအဖြစ်တင်သွင်းလာတဲ့ ဓါတ်ပုံတွေကို ဒေါက်တာအောင်မိုးညိုရဲ့ ရှေ့နေ့အဖွဲ့က ကန့်ကွက်ထားတဲ့အတွက် လာမယ့်အပတ်မှာ သက်သေကိုလက်ခံမခံ အမိန့်ချဖို့ရှိတယ်လို့ လည်း သိရပါတယ်။

ဒါ့အပြင် အမိန့်ချပြီးတရားခံအဖြစ် နောက်ဆက်တွဲအမှုရုံးချိန်းတွေကို လာရောက်ရတာဖြစ်လို့ ဒေါက်တာ အောင်မိုးညိုဟာ ထောင်ဝတ်စုံအပြင် ခြေကျင်းခတ်ခံထားရတဲ့အခြေအနေနဲ့ တရားခွင်ကို လာ ရတာ လည်းဖြစ်တယ်လို့ သူကပြောပြပါတယ်။

လက်ရှိမှာ ဒေါက်တာအောင်မိုးညိုကို အမှု ၂မှုအပြင် နောက်ထပ် အဂတိလိုက်စားမှုဥပဒေနဲ့ပါထပ်မံစွဲဆို ထားတယ်လို့ စစ်ကောင်စီဘက်က ဇွန် ၂၃ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်းဝန်ကြီးချုပ်ဒေါက်တာအောင်မိုးညိုနဲ့အတူ လွှတ်တော်ဥက္ကဋ္ဌ ဦးတာနဲ့ဝန်ကြီး ၃ ဦးကိုပါ ထည့်သွင်းစွဲဆိုဖို့ဖော်ပြခဲ့တာဖြစ်ပါတယ်။

အဂတိမှုနဲ့အစွဲခံရတဲ့ ဒေါက်တာခင်မောင်အေး

ဓာတ်ပုံ ရင်းမြစ်, cj

ဓာတ်ပုံ ပုံစာ, အဂတိမှုနဲ့အစွဲခံရတဲ့ ဒေါက်တာခင်မောင်အေး

' ' အဂတိမှုနဲ့ စွဲတဲ့ထဲမှာ အပြင်မှာ လွတ်နေတဲ့ လူမှုရေးဝန်ကြီး ဒေါက်တာခင်မောင်အေးလည်းပါတယ်။ သူကိုတော့ ရဲစခန်းအချုပ်မှာ ရမာန်ယူပြီးထည့်ထားတယ်။ အဂတိအမှုအတွက် ကတော့ မသိရသေးဘူး။ လာမယ့်အပတ်ထဲမှာပဲ တရားထပ်စွဲတင်မယ်လို့ထင်တယ်။'' လို့ ဦးမြင့်အောင်ကပြောပြပါတယ်။

စစ်ကောင်စီဘက်က ဒေါက်တာအောင်မိုးညိုကိုထပ်မံစွဲဆိုဖို့ ဖော်ပြခဲတဲ့ တင်ဒါအားလုံးဟာ မကွေးတိုင်း အစိုးရအဖွဲ့မှ ကက်ဘိနက်အစည်းအဝေးဖြင့်ဆုံးဖြတ်ခဲ့တဲ့တင်ဒါတွေသာဖြစ်ပြီး အစည်းအဝေး ဆုံးဖြတ်ချက် မှာ အဓိက အခန်းကဏ္ဍက ပါဝင်သူအချို့ကိုတော့ တရားစွဲဆိုခြင်းမပြုဘဲ ချန်လှပ်ထားတယ်လို့ ဒေသခံအချို့က ပြောပါတယ်။

' ' လက်ရှိ မကွေးစစ်ကောင်စီရဲ့ အဖွဲ့ဝင်ဖြစ်တဲ့ နယ်လုံဝန်ကြီး ဗိုလ်မှူးကြီးမင်းဦး အစိုးရအဖွဲ့အတွက် လက်မှတ်ထိုးထုတ်ပြန်အတည်ပြုပေးရတဲ့ တိုင်းအတွင်းရေးမှူးတာဝန်နဲ့ ထွေအုပ်တိုင်းဦးစီးမှူးဦးဝေဇင်ထွန်း၊ တိုင်းဥပဒေချုပ်၊ စာရင်းစစ်ချုပ်တွေကတော့ အဂတိနဲ့စွဲတဲ့ထဲမှာ မပါဘူး။ ဒါကမတရားဘူး''လို့ မကွေး ဒေသခံတစ်ဦးက ထောက်ပြပြောဆိုပါတယ်။

မြို့ကြီးအချို့မှာ ကိုဗစ်ဖြစ်ပွားသေဆုံးမှုတွေပြန်လည်မြှင့်တက်လာချိန် NLD အရပ်သားအစိုးရအဖွဲ့ထဲက ဖမ်းဆီးခံထားရသူအများအပြားရှိရာ ဒေါင်းနေရှိ မကွေးဗဟိုအကျဉ်းထောင်သစ်က ထောင်တွင်းအထူး တရားရုံး၊ တရားခွင်စစ်ဆေးမှုမှာပါဝင်တဲ့ စာရေးတစ်ဦးဟာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကိုဗစ်အတည်ပြုလူနာ အဖြစ် စစ်ဆေးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ထောင်တွင်းတရားရုံးမှာ တရားခွင်သွားရောက်ရင်ဆိုင်နေရသူတွေအနေနဲ့ ကိုဗစ်ကူးစက်ခံရမှာ ကို မိသားစုဝင်တွေအနေနဲ့ စိုးရိမ်နေကြတယ်လို့လည်း ဒေသခံတွေကဘီဘီစီကို ပြောပါတယ်။