မင်းတပ်မြို့တွင်း တိုက်ပွဲ သို့မဟုတ် ထန်တလန်အတွက် လက်တုံ့ပြန်မှု

အိမ်ခြေ ရာနဲ့ချီပြီး ဝါးမျို ဖျက်စီး

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အိမ်ခြေ ရာနဲ့ချီပြီး ဝါးမျို ဖျက်စီး

ချင်းတောင်တန်း တနံတလျား ပြည်တွင်းစစ်မီး တောက်လောင်မှုကို အောက်တိုဘာလရဲ့ နောက်ဆုံးရက်တွေမှာ တွေ့မြင် နေခဲ့ရပါတယ်။

အိန္ဒိယ၊ မီဇိုရမ်နယ်နဲ့ ကပ်ရက် မြောက်ပိုင်းပိုကျတဲ့ ထန်တလန် အတွက် 'စစ်မီး' ဆိုတဲ့ ဝေါဟာရဟာ လက်နက်ကိုင် ပဋိပက္ခကို ဘာသာစကား အရ ရည်ညွှန်း ဖော်ဆောင်မှု သက်သက် မဟုတ်ဘဲ၊ တကယ့် မီးတောက်မီးလျှံတွေဟာ အိမ်ခြေ ရာနဲ့ချီပြီး ဝါးမျို ဖျက်ဆီး ပစ်လိုက်ပါတယ်။

လှပြီး အေးချမ်းတဲ့၊ မချမ်းသာလည်း ပျော်တယ်လို့ ဆိုတဲ့ တောင်ပေါ်မြို့ ထန်တလန်ရဲ့ လူနေ ရပ်ကွက်တွေ အနှံ့ မီးတောက်လောင် နေခဲ့တာတွေ၊ မီးခိုးမည်းတွေ အလုံးလိုက် ကောင်းကင်ပေါ် ထိုးတက်နေတာတွေ မြင်ခဲ့ရပြီးနောက်၊ တောင်ဘက်ပိုင်း မင်းတပ်မှာလည်း မြို့တွင်း တိုက်ပွဲတွေ ပေါ်ပေါက်လာပါတယ်။

ပွင့်လင်းရာသီနဲ့ အတူ တိုက်ပွဲတွေ ရှိလာပြီး သေနတ်သံတွေ ထွက်လာပြန်တဲ့ အဲဒီ မင်းတပ်ဒေသထဲ ရိက္ခာနဲ့ ဆေးဝါးတွေဟာလည်း စိစစ် ကန့်သတ်ချက်တွေအောက်ကနေ စီးဝင် နေရတာ ဖြစ်ပါတယ်။

အဲဒီလို လမ်းပန်း ဆက်သွယ်ရေးနဲ့ ပို့ဆောင်ရေးတို့ အပေါ် တင်းကျပ် စိစစ်မှု ကာလ တာရှည် လာတာနဲ့ အမျှ မင်းတပ်မြို့ပေါ် ထိုးကျနေတဲ့ ငတ်မွတ် ခေါင်းပါးရခြင်း အရိပ်လည်း ပိုပြီး ရှည်လျား သိပ်သည်းလာတယ်လို့ ဒေသခံ တနိုင်တပိုင် ပရဟိတသမားတွေက သူတို့ရဲ့ စိုးရိမ်ချက်ကို ပြောကြပါတယ်။

ပွင့်လင်းရာသီက သယ်လာတဲ့ စစ်ရှိန်မြင့်မှု

အောက်တိုဘာနှောင်းပိုင်း၊ မုတ်သုံရာသီ အလွန် မြေကြီးတို့ ခြောက်သွေ့ချိန်မှာ ချင်းတောင်တန်း ဒေသ အပါအဝင် စစ်ကိုင်း၊ မကွေးထဲက နေရာတွေမှာ စစ်ကောင်စီရဲ့ စစ်ရှိန်မြင့်လာမယ် ဆိုတဲ့ နိုင်ငံတကာ သတိပေးမှုတွေ ရှိနှင့်နေခဲ့ပြီး ဖြစ်ပါတယ်။

အောက်တိုဘာ ၂၉ ရက်၊ ထန်တလန်မြို့ မီးသင့်ရမှု အပေါ် နှစ်ဖက် အပြန်အလှန် စွပ်စွဲမှုတွေ ထွက်လာ ခဲ့ပါတယ်။

ခရစ်ယာန် ဘုရားကျောင်း တချို့ပါ မီးလောင်ခဲ့တဲ့ ထန်တလန်ဖြစ်ရပ် အပေါ် ဒေသတွင်းနဲ့ နိုင်ငံတကာ လူ့ အခွင့်အရေး အဖွဲ့တွေက စစ်ကောင်စီ အပေါ် ဝေဖန် ပြစ်တင် နေချိန်မှာပဲ စစ်ကောင်စီဘက်ကလည်း ထန်တလန် မီးဘေးဟာ ဒေသခံ လက်နက်ကိုင်တွေရဲ့ လက်ချက်ကြောင့် ဆိုပြီး တန်ပြန် စွပ်စွဲပါတယ်။

သူတို့ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေ တိုက်ခိုက် ခံလာတဲ့နောက် ပြန်လည် ပစ်ခတ်တဲ့ အခါ ဒေသခံ လက်နက်ကိုင်တွေက မြို့ကို မီးရှို့ပြီး ထွက်သွားတာ ဆိုပြီး စစ်ကောင်စီက ပြောနေပါတယ်။

စစ်ဘေးဒဏ်သင့်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, မချမ်းသာလည်း ပျော်တယ်လို့ ဆိုတဲ့ တောင်ပေါ်မြို့ စစ်ဘေးဒဏ်သင့်ခဲ့

ဒါပေမဲ့ လည်း နိုင်ငံတကာမှာတော့ ထန်တလန် မီးလောင်မှုနဲ့ ပတ်သက်ပြီး စစ်ကောင်စီ အပေါ် ပြစ်တင် ဝေဖန်သံတွေဟာ ရက်ပိုင်း အတွင်းမှာပဲ ကျယ်ကျယ်ပြန့်ပြန့် ထွက်လာခဲ့ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး ဌာနကပါ ထန်တလန် မီးလောင်မှုနဲ့ ပတ်သက်ပြီး မြန်မာ အာဏာသိမ်း စစ်တပ်အပေါ် ပြစ်တင် ဝေဖန်တဲ့ ကြေညာချက်တစ်စောင် အောက်တိုဘာ ၃၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်ပါတယ်။

ဘုရားကျောင်း တချို့ အပါအဝင် ထန်တလန် လူနေအိမ်ခြေ တစ်ရာကျော်ဟာ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ မီးတင်ရှို့ ဖျက်ဆီးခြင်း ခံလိုက်ရကြောင်း သတင်းတွေ ရထားတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက ဆိုပါတယ်။

အများပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်တွေနဲ့ ကိုးကွယ် ဝတ်ပြုရာ နေရာတွေ အပေါ် စစ်ကောင်စီ တပ်တွေက မထောက်ညှာပဲ လုံးဝ မျက်ကွယ်ပြုထားပြီး၊ ကြမ်းကြုတ်ရက်စက်စွာ ပြုမူနေကြတာ ဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက စွပ်စွဲ ပြစ်တင် ထားပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ချင်းနဲ့ စစ်ကိုင်းထဲက ဒေသတွေမှာ အာဏာသိမ်း စစ်တပ်က စစ်ရေးလှုပ်ရှားမှု အရှိန်မြှင့်နေတဲ့ အပေါ် အမေရိကန် အနေနဲ့ အင်မတန် စိုးရိမ်နေတယ်လို့လည်း တပါတည်း ဆိုထားပါတယ်။

ထန်တလန် အတွက် လက်တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ထန်တလန် အတွက် လက်တုံ့ပြန်

မင်းတပ်မြို့တွင်းတိုက်ပွဲ၊ အောက်တိုဘာ ၃၁

မင်းတပ်မြို့ထဲ ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို အောက်တိုဘာ ၃၁ မွန်းလွဲ ၃ နာရီ ဝန်းကျင်လောက်မှော ဒေသခံ CDF တွေက ခြုံခိုတိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ဘီဘီစီကို ပြောပါတယ်။

အဲဲဒီနောက် အပြန်အလှန် ပစ်ခတ်တာတွေ ပေါ်ပေါက်လာခဲ့ပြီး ထိတွေ့တိုက်ပွဲဟာ နာရီဝက်ဝန်းကျင် ကြာမြင့်ခဲ့တယ်လို့ ဆိုပါတယ်။ CDF ဘက်က လက်ဦးမှုယူ တိုက်ပွဲဖော်ခဲ့တာကြောင့် စစ်ကောင်စီ တပ်သား ၃ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုကြပေမယ့် ဘီဘီစီ အနေနဲ့ သီးသန့် အတည်ပြုနိုင်ဖို့ ကြိုးစားနေဆဲ ဖြစ်ပါတယ်။

ချင်းမြေ ကာကွယ်ရေးတပ် CDF ကလည်း မင်းတပ်မြို့တွင်း တိုက်ပွဲနဲ့ ပတ်သက်ပြီး နောက်ပိုင်း ကြေညာချက် တစ်စောင် ထုတ်ပါတယ်။ မင်းတပ်မြို့ စိချဲ့လမ်းဆုံ အနီးမှာ ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ခြုံခိုတိုက်ခိုက်ခဲ့တာ CDF-မင်းတပ် အဖွဲ့ဖြစ်တယ်လို့ ကြေညာပါတယ်။

ထန်တလန်မြို့ ဖြစ်ရပ်အတွက် လက်တုံ့ပြန် တိုက်ခိုက်တာ ဖြစ်တယ်လို့လည်း အဲဒီ ကြေညာချက်ထဲ ပြောထားပါတယ်။

စိချဲ့ရပ်ကွက်ထဲက ထိတွေ့တိုက်ပွဲ အပြီး CDF တွေ ဆုတ်သွားတဲ့ လမ်းကြာင်းလို့ ယူဆရတဲ့ နေရာတွေက စစ်ကောင်စီဘက် လှမ်းပြီး ပစ်ခတ်နေခဲ့တယ် လို့လည်း ဒေသခံတွေက ဆိုပါတယ်။

အဲဒီလို ပစ်ခတ်မှုကြောင့် လူနေအိမ်နဲ့ ဘုရားကျောင်းတစ်ခု အနည်းအကျဥ်း ထိခိုက်မှု ရှိခဲ့တယ် ဆိုတဲ့ ကနဦး သတင်းတွေ ရထားပြီး စစ်ကောင်စီဘက်ကတော့ မင်းတပ် မြို့တွင်း တိုက်ပွဲနဲ့ ပတ်သက်ပြီး ပြောဆိုတာမျိုး မရှိသေးပါဘူး။

တခါ၊ မင်းတပ် အပါအဝင် အနီးတဝိုက် ဒေသထဲ ဆန် အပါအဝင် ရိက္ခာတွေ၊ ဆေးဝါးတွေ တင်ပို့မှု အပေါ်မှာလည်း စစ်ကောင်စီ တပ်တွေက ကန့်သတ်မှုတွေ ချထားပြီး စိစစ်တင်းကျပ်နေတာ ၃ လ ကျော် ရှိနေပြီလို့ ဒေသခံတွေက ဆိုပါတယ်။

အခုနောက်ဆုံး ဖြစ်ခဲ့တဲ့ ထန်တလန် မီးလောင််မှု အပါအဝင် ဖလမ်း-ဟားခါး၊ မတူပီ-မင်းတပ် ချင်းဒေသ တောင်မြောက် တလွှား အဓိက လမ်းမကြီးတွေ တဝိုက် အရပ်သား ရွာတွေ အခု လပိုင်းတွေ အတွင်း ပစ်မှတ်ထား ခံရမှုတွေကို စုစည်း ဖော်ပြထားတဲ့ ကြေညာချက် တစ်စောင်ကိုလည်း ချင်းမြေ ကာကွယ်ရေး ပူးတွဲ ကော်မတီ CJDC နာမည်နဲ့ ထုတ်ပြန် ထားပါတယ်။

ဗီဒီယို ပုံစာ, ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ် နယ်စပ်က မိုးဗြဲဘက်မှာလည်း ပစ်ခတ်မှုတွေ ဖြစ်

ချင်းကာကွယ်ရေးတပ်တွေရဲ့ စုစည်းမှု

ချင်းမြေ ကာကွယ်ရေး ပူးတွဲ ကော်မတီ CJDC ဆိုတာ တွန်းဇံ၊ ဟားခါး၊ ထန်တလန်၊ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ အပါအဝင် ချင်းတောင်တန်း တနံတလျားက ဒေသခံ ကာကွယ်ရေး အဖွဲ့တွေ စုစည်းထားတဲ့ အဖွဲ့ ဖြစ်တယ်လို့ ဆိုပါတယ်။

စစ်ရေးဆိုင်ရာ အချိတ်အဆက် ရှိရှိ လုပ်ဆောင်နိုင်ဖို့ ဆိုတဲ့ လက်တွေ့မြေပြင် စစ်ရေး ရည်မှန်းချက် အပြင်၊ စစ်အာဏာရှင် စနစ် အမြစ်ပြတ် ချေမှုန်းရေး၊ ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး ဆိုတဲ့ နိုင်ငံရေး ရည်မှန်းချက်တွေ ထားရှိကြောင်းလည်း CJDC ရဲ့ ကြေညာချက်ထဲ တွေ့ရပါတယ်။

ဒေသကာကွယ်ရေး တပ်ဖွဲ့တွေရဲ့ စုစည်းမှု၊ စစ်ရေး ဖော်ဆောင်နိုင်မှု၊ ပြောက်ကျားစစ်ကို အလေးသာစေတဲ့ ပထဝီ မြေပြင် အနေအထား စတဲ့ အချက်တွေ အကြောင့် ဒေသခံ ကာကွယ်ရေး တပ်တွေ အားအကောင်းဆုံး နေရာထဲ ချင်းတောင်တန်း ဒေသ ပါဝင်တယ်လို့ စစ်ရေး အကဲခတ်တွေက ဆိုကြပါတယ်။

"ချင်းမှာဆိုရင် မြေပြင် အကျယ်အဝန်း အနည်းဆုံး ရာခိုင်နှုန်း ၆၀ လောက်ဟာ CDF တွေရဲ့ ထိန်းချုပ်မှုအောက် ရှိနေတယ်လို့ ယုံကြည်ရတယ်" ဆိုပြီး နယူးဒေလီ အခြေစိုက် နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့၊ ပဋိပက္ခ ဖြေရှင်းရေး ဆိုင်ရာ လေ့လာရေး အင်စတီကျု့ IPCS ရဲ့ အကြီးတန်း သုတေသီ အာရှူမန် ချောက်ဒရီက ဘီဘီစီကို ပြောပါတယ်။

စစ်ရေး ဖော်ဆောင်နိုင်တဲ့ စွမ်းရည် မြင့်လာတာနဲ့ အမျှ CDF အဖွဲ့တွေရဲ့ စစ်ရေး ရည်မှန်းချက်တွေပါ တပါတည်း ပြောင်းလဲကျယ်ပြန့် လာတာ တွေ့ရတယ််လို့လည်း အာရှူမန်က ဆိုပါတယ်။

"ဒေသကာကွယ်ရေး အဖွဲ့တွေဟာ ကိုယ့် ကျေးရွာနဲ့ မြို့ငယ်တွေကို စစ်ကောင်စီတပ်တွေရဲ့ ရန်က တတ်နိုင်သလောက် အကာအကွယ် ပြုပေးနိုင်ဖို့ ရည်ရွယ်ချက်နဲ့ စုဖွဲ့ခဲ့ကြပေမယ့်၊ အခုတော့ အဲဒီထက် ကျယ်ပြန်တဲ့ စစ်ရေး ရည်မှန်းချက်တွေ ချလာနိုင်တာကို တွေ့လာရတယ်။

ကိုယ့်ဒေသထဲ အခြေချထားတဲ့ စစ်ကောင်စီတပ်တွေကို လုံးဝ ဖယ်ရှားပြီး၊ နယ်မြေကို ထိန်းချုပ်ကိုင်တွယ် ထားနိုင်ဖို့ အထိ စစ်ရေး ရည်မှန်းချက် ထားနိုင်လာကြတယ်" လို့ အာရှူမန်က သုံးသပ်ပါတယ်။

ဗီဒီယို ပုံစာ, စစ်ကိုင်းဒေသခံကာကွယ်ရေးတပ်တွေကို စစ်ကောင်စီ ရဟတ်ယာဥ်သုံးရှင်းလင်း

အဲဒီလို ချင်းတောင်တန်း ဒေသ တနံတလျားက CDF အဖွဲ့တွေ၊ စစ်ကိုင်းနဲ့ မကွေးထဲက စုဖွဲ့မှုနဲ့ လှုပ်ရှားမှု အားကောင်းနေတဲ့ ဒေသခံ ကာကွယ်ရေး အဖွဲ့တွေကို ကိုင်တွယ်ဖို့ စစ်ကောင်စီ တပ်တွေဟာ ခြေလျင် တိုက်ခိုက်ရေး တပ်တွေသာမက ယန္တရားတပ်၊ အမြောက်နဲ့ သံချပ်ကာတပ်တွေ အကြီးအကျယ် နေရာ ရွှေ့ပြောင်း တိုးမြှင့်ချလာတာ ၊ လေကြောင်း တိုက်ခိုက်မှုတွေပါ မြေပြင်တပ်တွေနဲ့ ချိတ်ဆက် လုပ်ဆာင် လာနေတာတွေကို အာရှူမန် အပါအဝင် စစ်ရေး အကဲခတ်တွေက သတိ ထားမိကြပါတယ်။

စစ်ရေး အကဲခတ်တွေရဲ့ စိုးရိမ်မှုတွေ ကျယ်ကျယ်လောင်လောင် ထွက်လာပြီးတဲ့နောက် ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းရက်တွေမှာတော့ ဂျနီဗာမြို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အဖွဲ့ကနေ စစ်ကောင်စီ ဘက်က စစ်ရေး အကြီးအကျယ် ပြင်ဆင်နေတဲ့ အပေါ် စိုးရိမ်ကြောင်း ထုတ်ပြန် လာခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာတော့ အဲဒီ နိုင်ငံတကာ စိုးရိမ်မှုတွေ အတိုင်း မြေပြင်တိုက်ပွဲတွေ နေရာတချို့မှာ ပြင်းထန်လာနေတာကို တွေ့မြင် နေရပါတယ်။

ချင်း၊ စစ်ကိုင်းနဲ့ မကွေးထဲက ဒေသတွေမှာသာမက၊ ကယားမှာ ဆိုရင်လည်း အရင် တိုက်ပွဲတွေ ပြင်းထန်လက်စ ရှိခဲ့တဲ့ ဒီးမော့ဆို မြို့နယ်ထဲ အောက်တိုဘာလကုန်ရက်တွေမှာ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိနေခဲ့တယ်လို့ အဲဒီကလာတဲ့ သတင်းတွေက ဆိုပါတယ်။

ဒါ့အပြင်၊ ရှမ်းနဲ့ကယား နယ်စပ်က ဖယ်ခုံမှာ ဆိုရင်လည်း စစ်ဘေးရှောင်တွေရဲ့ နေရာတွေ အပါအဝင် လူနေရပ်ကွက်တွေထဲ စစ်ကောင်စီဘက် ဝင်ရောက် ရှာဖွေ ဖမ်းဆီးတာတွေ ပြုလုပ်ခဲ့တဲ့ အတွက် အနည်းဆုံး လူ ၅ ယောက် ဖမ်းခံခဲ့ရတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။