ချင်းတွင်းမြစ်အတွင်း စစ်ကောင်စီတပ်တွေ တိုက်ခိုက်ခံရ

တိုက်ပွဲဖြစ်ပွားရာ ကင်းရွာအနီး ချင်းတွင်းမြစ်တစ်နေရာ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်ပွားရာ ကင်းရွာအနီး ချင်းတွင်းမြစ်တစ်နေရာ

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက တောင်ကိုးလုံးရွာနဲ့ ပဲကင်းရွာကြား၊ ကင်းရွာအောက်ဘက်က ချင်းတွင်းမြစ်အတွင်းမှာ ဒေသခံတွေနဲ့ စစ်ကောင်စီတပ်တွေ မေလ ၆ရက်နေ့ မနက်ပိုင်း ၉ နာရီခန့်ကစပြီး အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ဒေသခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲ့ဒီနေရာဟာ မုံရွာကနေ ချင်းတွင်းမြစ်ကြောင်းအတိုင်းလာရင် ကနီမြို့ အကျော်နဲ့ ကင်းရွာကြား ချင်တွင်းမြစ်ဘေးက ရွာတွေဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေရဲ့ လက်နက်နဲ့ခဲယမ်းတွေ တင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောကို ချင်းတွင်းမြစ်ဘေးက ကဲတောင်နဲ့ မြွေပိုင်းတောင် အနီးမှာ ဒေသခံကာကွယ်ရေးတပ်တွေက စတိုက်တာ ခံလိုက်ရပြီးတဲ့နောက် ဒေသအခေါ် ရှော်တယ် စက်လှေငယ်နဲ့ စစ်ကောင်စီတပ်တွေ မုံရွာဘက်ကနေ ဆန်တက်လာခဲ့ ကြတယ်လို့ ဆိုပါတယ်။

လက်နက်နဲ့ခဲယမ်းတွေ တင်လာတယ်လို့ဆိုတဲ့ သင်္ဘောဟာ ဦးပိုင်လုပ်ငန်းရဲ့ ယမ်းတင်ဆောင်လာတဲ့ သင်္ဘောလို့ဆိုကြပြီး တိုက်ခိုက်ခဲ့မှုတွေအပြီးမှာ သင်္ဘောကို မောင်းလို့မရအောင် ဖျက်ဆီးခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

အဲ့ဒီနောက် မုံရွာဘက်က တက်လာတဲ့ စစ်ကောင်စီ ရှော်တယ် စက်လှေကို အရှေဘက်ကမ်းကနေ ဆီးပြီး ပစ်ကြရာမှာ ရှော်တယ်ဟာ မုံရွာဘက်ကို ပြန်စုန်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီတိုက်ပွဲဟာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ PDF တွေနဲ့စစ်ကောင်စီတပ်တွေ ပထဆုံး ချင်းတွင်းမြစ်ထဲမှာ တိုက်ကြတဲ့ တိုက်ပွဲဖြစ်ပါတယ်။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး စစ်ကိုင်း SPDF နဲ့ PDF ဗဟိုတို့က ထုတ်ပြောတာမရှိသေးပေမဲ့ ဒေသခံတွေကတော့ ဒေသ PDF က တိုက်ခိုက်တာလို့ ဆိုပါတယ်။

ကနီမြို့နယ် သပြေအေး ဘက်မှာ ပစ်ခတ်မှုတွေဖြစ်တုန်းက ဝင်ပြီးပစ်ခဲ့ကြသူတွေလည်း ဒီတိုက်ပွဲကို လာပြီးကူကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကင်းရွာဆိပ်ကမ်း လွန်ခဲ့သောနှစ် ဇူလိုင်လ တွင်တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကင်းရွာဆိပ်ကမ်း လွန်ခဲ့သောနှစ် ဇူလိုင်လ တွင်တွေ့ရစဥ်

ပြီးခဲ့တဲ့မေလ ၅ ရက်နေ့ကတော့ စစ်ကိုင်းတိုင်းအတွင်းက မြို့နယ် ၃၇ မြို့နယ်က မြို့နယ်ကို ကာကွယ်နေတဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေ နဲ့ချိတ်ဆက်ပြီး စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်တယ်လို့ မေလ ၅ ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်မှာ စစ်ကိုင်းတိုင်းကာကွယ်ရေးတပ်ဖွဲ့ SPDF လို့အမည်ပေးထားတာတွေ့ရပြီးတော့ စစ်ကောင်စီတပ်တွေကို ပြောက်ကျားစနစ်နဲ့ခုခံရန်နဲ့ CDM ဝင်နေတဲ့ဝန်ထမ်းတွေကို အကာအကွယ်ပေးဖို့ဆိုပြီး အဖွဲ့ဖွဲ့ရတဲ့ရည်ရွှယ်ချက်တွေကို ဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုဖွဲ့စည်းကြောင်း ထုတ်ပြန်ချက်ထုတ်ပြီး နောက်တစ်နေ့မှာပဲ ချင်းတွင်းမြစ်အတွင်း ကို ဆန်တက်လာတဲ့ စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းတွေ တင်လာတယ်လို့ ယူဆရတဲ့စက်လှေကို ဒေသကာကွယ်ရေးအဖွဲ့တွေက တိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲ့ဒီနောက်မှာ စစ်ကောင်စီ လုံခြုံရေးစက်လှေဟာ ချင်းတွင်းမြစ် အထက်ကို ဆက်မတက်ဘဲ လှည့်ပြီး ကနီဘက်ကို ပြန်စုန်ဆင်းသွားတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဒီကနေ့ မေလ ၆ ရက်နေ့ ချင်းတွင်းမြစ်အတွင်းတိုက်ပွဲဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေက တိုက်တာလို့ ဒေသခံတွေကလည်း ပြောပါတယ်။

စစ်ကောင်စီတပ်တွေ ကုန်းပေါ်တက်ပြီးနေရာယူစဥ်

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, စစ်ကောင်စီတပ်တွေ ကုန်းပေါ်တက်ပြီးနေရာယူစဥ်

ဒေသခံတွေဘက်က စစ်တပ်ရဲ့လက်နက်တွေ တင်လာတယ်လို့ ယူဆရတဲ့ သင်္ဘောကို စီးနင်းရာမှာတော့ သင်္ဘာပေါ်ပါသူ အချို့ ရေထဲဆင်းပြီးပြေးလို့ လွတ်သွားခဲ့တယ်လို့လည်း သူတို့ကပြောပါတယ်။

"ကျွန်တော်တို့က ဖလက် (ဝမ်းပြားကုန်သင်္ဘော)ပေါ်တက်ကြည့်တော့ လက်နက်တော့ မပါဘူး ယမ်းတွေတော့တွေ့တယ် လို့ ကင်းရွာအနီး ဒေသခံတစ်ဦးကပြောပါတယ်။

ညနေ ၃ နာရီလောက်မှာတော့ စစ်ကောင်စီတပ်တွေဟာ ရှော်တယ်အမြန်ယာဥ်နှစ်စီးနဲ့ ကင်း၊ ယင်း၊ မိချောင်းတွင်း ရွာတွေဘက် ကို ဆန်တက်ပြီး ရောက်လာခဲ့တယ်လို့ လည်းသိရပါတယ်။

သူတို့ကတော့ PDFတွေလက်ထဲ ရောက်နေတယ် ဆိုတဲ့ သင်္ဘောကိုပြန်ရရေးအတွက် ရောက်လာကြတာလို့လည်းဆိုပါတယ်။

ဒါပေမဲ့ ကင်းရွာအနီး တောင်ကိုးလုံးနား အ‌ရောက်မှာ ဆန်တက်လာတဲ့ စစ်ကောင်စီ ရှော်တယ်နှစ်စီးအနက်တစ်စီးဟာ သောင်တင်သွားခဲ့တယ်လို့လည်း သူတို့ကပြောပါတယ်။

"ဒီအချိန်က ချင်းတွင်းမြစ်က ရေနည်းတဲ့ အချိန် ရေကြောင်းမသိရင် သောင်တင်တတ်တယ်"လို့ လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, CJ

စစ်ကောင်စီတပ်တွေဟာ သောင်တင်နေတဲ့အချိန်မှာ မြစ်ကမ်းဘေးက ဘုရားနဲ့ဇရပ်တွေမှာ ဝင်ပြီးနေရာယူခဲ့ကြပါတယ်၊ အဲ့ဒီနောက်စစ်သား ၃၀ လောက်ပါတဲ့အဖွဲ့ကို ဒေသခံကာကွယ်ရေးအဖွဲ့က အရှေ့ဘက်ကမ်းကနေ စပြီးပစ်တယ်လို့ဆိုပါတယ်။

စစ်ကောင်စီဘက်က စက်သေနတ်တွေနဲ့ ပြန်လည် ပစ်ခတ်ခဲ့တယ်လို့လည်း ဆိုပါတယ်။

"ကျွှန်တော်တို့ဘက်ကတော့ အထိအခိုက်မရှိဘူး၊ မိုးရွာနေတဲ့အတွက် PDF တွေရဲ့ လက်နက်တွေဟာ မီးမကူးလို့ သိပ်မထိရောက်ဘူး"လို့ လည်း သူတို့က ပြောပါတယ်။

အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပြီးနောက် လက်နက်အင်အား ကွာတဲ့အတွက် အရှေ့ဘက်ကမ်းက ပစ်ခဲ့တဲ့ PDF တွေ ပြန်ဆုတ်ခဲ့ရတယ်လို့ ပြောပါတယ်။

သောင်တင်နေတဲ့ ရှော်တယ်က စစ်သားတွေဟာ အရှေ့ဘက်ကမ်းကနေ ကုန်းပေါ်တက်ပြီး PDFတို့ ဝင်စီးခဲ့တဲ့ သင်္ဘောဆီကို သွားခဲ့ကြတယ်လို့ ဆိုပါတယ်။ ဒါအပြင် စက်သေနတ်တွေနဲ့လည်း တရစပ်ပစ်သွားတယ်လို့ ဆိုပါတယ်။

အိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာပုန်းနေကြ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, အိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာပြေးနေရ

ညအချိန်ရောက်တော့ အနောက်ဘက်ကမ်းမှာ တပ်စွဲထားလို့ ကင်း၊ယင်း၊ မိချောင်းတွင်း စတဲ့ အနီးအနားကကျေးရွာတွေက လူတွေ အကုန်နီးပါး အိမ်တွေကိုစွန့်ခွာပြီး ဘေးလွတ်ရာပုန်းနေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချင်းတွင်းမြစ်အတွင်းPDF တို့ရဲ့ ပထမဆုံးတိုက်ပွဲဟာ လက်နက်တွေရမယ်လို့ ယူဆခဲ့ပေမဲ့ လက်နက်တွေ မရခဲ့ဘူးလို့ သူတို့က ပြောပါတယ်။

မိုးရွာနေတဲ့အတွက် ဂတ်စ် သေနတ်တွေ မီးမကူးတာကလည်း ထင်သလောက်ခရီးမရောက်ခဲ့ဘူးလို့ ပြောပါတယ်။

PDF ဘက်က ထိန်းသိမ်းထားခဲ့တယ်ဆိုတဲ့ သင်္ဘောပေါ်က မိုင်းခွဲရာမှာ သုံးတဲ့ပစ္စည်းတွေကတော့ ချင်းတွင်းမြစ်ထဲမှာမျောနေတာ ဒေသခံတွေတင်ထားတဲ့ ဓာတ်ပုံတွေမှာ တွေ့ရပါတယ်။

ကင်းရွာရှေ့သောင်ပြင်က စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ

ဓာတ်ပုံ ရင်းမြစ်, CJ

ဓာတ်ပုံ ပုံစာ, ကင်းရွာရှေ့သောင်ပြင်က စစ်ကောင်စီ ဆန့်ကျင်ရေး ဆန္ဒပြပွဲ

စစ်ကောင်စီဘက်က တပ်ကူအဖြစ် အထက်ချင်းတွင်း ကလေးဘက်က တပ်အများအပြားဆင်းလာသလို ကနီမုံရွာဘက်က တပ်ကူအများအပြား ဆန်တက်လာနေကြတယ်လို့လည်း ဒေသသတင်းတွေက ဆိုပါတယ်။

ချင်းတွင်းမြစ်အရှေ့ဘက်ကမ်း ယင်းမကန် ဘက်မှာရော၊ ကင်းရွာဆေးရုံမှာလည်း အခုအခါ စစ်ကောင်စီ တပ်တွေ တပ်စွဲထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄ ဦးခန့်ကျဆုံးတယ်လို့လည်း ပြောကြပါတယ်။ ဒီသတင်းတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစ်စုံတစ်ရာ ပြောတာကိုတော့ မတွေ့ရသေးပါဘူး။

ကင်းရွာမေလ ၆ ရက်တိုက်ပွဲမှာ ပါဝင်ခဲ့သူ PDF တစ်ဦးကတော့ စစ်ကောင်စီဘက်က တစ်ဦးကျဆုံးတာကိုသူ ကိုယ်တိုင်မြင်ခဲ့ရကြောင်း ဘီဘီစီကိုပြောပါတယ်။

စစ်ကောင်စီတပ်တွေဘက်က ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ကနီနယ်ထဲ ကပိုင်နဲ့ ဝင်းကုန်းတို့မှာ လက်နက်ကြီးတွေနဲ့ ပစ်ပြီးရွာတွေမှာ ဖမ်းဆီးတာတွေ လုပ်ခဲ့ပါတယ်။

အခုလည်း ဒီကနေ့ တိုက်ပွဲကြောင့် ချင်းတွင်းမြစ်ဘေးက ရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်းမှာကိုလည်း စိုးရိမ်နေကြတယ်လို့ ဒေသခံတွေကပြောပါတယ်။