၂၀၂၀ မြန်မာရွေးကောက်ပွဲ -မြန်မာ့နိုင်ငံရေး အလှုပ်အခတ်တွေကြားက ရွေးကောက်ပွဲကော်မရှင်ရဲ့ အသိပေးချက်

မဲရေတွက်နေစဥ်

ဓာတ်ပုံ ရင်းမြစ်, MPA

၂၀၂၀ အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး မဲစာရင်းချို့ယွင်းအားနည်းချက်တွေကြောင့် ရွေးကောက်ပွဲ မသမာမှု အခြေအနေမဖြစ်နိုင်ဘူးလို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲ၊ ၂၀၁၀ နဲ့ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွေမှာ မဲစာရင်းဆိုင်ရာ အားနည်းချက်တွေ ရှိခဲ့တယ်လို့လည်း ဇန်နဝါရီလ ၂၈ ရက်က ထုတ်ပြန်လိုက်တဲ့ သူတို့ရဲ့ မဲဆန္ဒရှင်ပြည်သူများသို့ အသိပေးထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တပ်မတော်က စွပ်စွဲနေတဲ့ မဲစာရင်းတွေ ထပ်နေတယ် ဆိုတာတွေ ရှိနေနိုင်ပေမယ့်လည်း ရွေးကောက်ပွဲနေ့မှာ မဲပေးသူတိုင်းရဲ့ လက်သန်းကို ချွတ်ရခက်ခဲပြီး တစ်ပတ်လောက်အထိ မပျောက်နိုင်တဲ့ မင်စွန်းပေးခဲ့တဲ့အတွက် အဲဒီသူဟာ တစ်နေ့ထဲမှာ အကြိမ်ကြိမ်မဲထည့်တာမျိုး လုပ်လို့မရနိုင်သလို၊ ကိုဗစ်ကာလဖြစ်တဲ့အတွက် နယ်ကျော်၊ မြို့ကျော် နေ့ချင်းသွားပြီး မဲထည့်တာမျိုးလည်း မဖြစ်နိုင်ကြောင်း သူတို့က ထောက်ပြထားပါတယ်။

မြန်မာ့တပ်မတော် ခေါင်းဆောင်က အခြေခံဥပဒေကို လိုက်နာရမယ်၊ မလိုက်နာရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်မယ်ဆိုတဲ့ ထုတ်ဖော်ပြောဆိုချက်ထွက်လာပြီး နောက်တစ်ရက်မှာ ဒီ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ သဘောထား ထွက်ပေါ်လာတာပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က "တပ်မတော်က ….. လက်နက်ကိုင်ထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ …….. ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးတော့မှ ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေအားလုံးကို ငါတို့က လေးစားလိုက်နာရမယ်"

"ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ……ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေဆိုရင်လည်း ဖျက်ပစ်ရမယ်"လို့ တပ်မတော်အရာရှိကြီးတွေကို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ ပြောတဲ့မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ မဲဆန္ဒရှင် စာရင်းတွေမှားယွင်းတာ ၈ သန်းကျော်ရှိပြီး မဲစာရင်း မဲမသမာမှုတွေ ရှိကြောင်း တပ်မတော်က ပြီးခဲ့တဲ့ ရက်ပိုင်း ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ဖော်စွပ်စွဲလာခဲ့သလို အာဏာသိမ်းမှာကို တပ်မတော်က မပစ်ပယ်ထားကြောင်း ပြောပါတယ်။

ကော်မရှင်ရဲ့ထုတ်ပြန်ချက်မှာ ရွေးကောက်ပွဲကိစ္စတွေနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့်အာဏာ လွှဲအပ်ခံထားရတဲ့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဖြစ်လို့ ပြည်ထောင်စုလွှတ်တော်၊ နိုင်ငံတော် အစိုးရတို့နဲ့ စုပေါင်းအဖြေရှာဖို့ ဘယ်ဥပဒေကမျှ အာဏာအပ်နှင်းထားခြင်း မရှိဘူးလို့ပါရှိပါတယ်။

ဒါဟာ တပ်မတော်ကတောင်းဆိုထားတဲ့အချက်တစ်ခုအပေါ် တုံ့ပြန်တာလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြသူတွေ

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲရလဒ်တရားမမျှတဘူးဆိုပြီး ရန်ကုန်မြို့ သခင်မြပန်းခြံမှာ ဇန်နဝါရီ ၂၈ ရက်မှာ ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြသူတချို့

မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ဆန္ဒသဘောထားဟာ အတိုးအလျော့ အပေးအယူနဲ့ တစ်မျိုးတစ်ဖုံ ပြောင်းလဲဖို့ ဘယ်သူကမှ ဥပဒေကျော်လွန်ပြီးလုပ်လို့မရဘူးလို့ ထုတ်ပြန်ပါတယ်။

ဒီလိုလုပ်ရင်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနဲ့ ရွေးကောက်ပွဲ ဥပဒေတွေကို ချိုးဖောက်တာဖြစ်ပြီး မဲဆန္ဒရှင်ပြည်သူလူထုရဲ့ ဆန္ဒကိုလည်း ဆန့်ကျင်ရာ ရောက်မယ်လို့ ကော်မရှင်ကထုတ်ပြန်ပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်စာရင်းတွေ မှန်ကန်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြုစုရေးလုပ်ငန်းကို ပြည်ထောင်စု အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန စတာတွေနဲ့ အတူစာရင်းပြုစုကာ လစဉ်ပြင်ဆင် ဖြည့်စွက်တာတွေကို ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

မဲစာရင်း မှာ မပါသင်တဲ့သူတွေ ပါနေရင် ကန့်ကွက်ခွင့်၊ မိမိနာမည် မပါဝင်သေးရင် ထည့်သွင်းဖို့ တောင်းဆိုခွင့်၊ မဲစာရင်းမှာ အမှားတွေ ပါနေရင် ပြင်ဆင်ဖို့ လျှောက်ထားခွင့် စတဲ့ အခွင့်အရေးတွေကို မဲဆန္ဒရှင်တိုင်းကို ပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ဒါ့အပြင် ပြည်ပက ပြန်ရောက်လာသူတွေ၊ မိမိ မဲစာရင်းရှိရာဒေသကို ပြန်မသွားနိုင်သူတွေအတွက်လည်း မဲစာရင်း မှာ ထပ်မံဖြည့်သွင်းတာကို ဥပဒေအတိုင်း ဆောင်ရွက်ခဲ့သလို၊ တပ်မတော်သား မိသားစုဝင် စာရင်းတွေကိုလည်း သက်ဆိုင်ရာ တပ်မတော်အရာရှိတွေက ပေးလာတဲ့အတိုင်း စိစစ်မှု မလုပ်ဘဲ မဲစာရင်းမှာ ထည့်ပေးခဲ့ တယ်လို့ ပြောပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂၇ သန်းကျော် မဲလာပေးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိသူ ၂၇ သန်းကျော် မဲလာပေးခဲ့တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းကပြောပါတယ်။

မဲစာရင်းတွေကို ကြည့်ရှုစစ်ဆေးနိုင်ဖို့အတွက် ဝက်ဆိုဒ်၊ မိုဘိုင်း အက်ပ် တို့နဲ့လည်း လုပ်ပေးထားသလို၊ အချိန်ကာလခြား ပြင်ဆင်ပေးကာ ၂ ကြိမ်တိုင် စာရွက်နဲ့ဖော်ပြပြီး မြို့နယ်တိုင်းမှာ ကပ်ပေးထားခဲ့တယ်လို့ ရှင်းလင်းထားပါတယ်။

မှတ်ပုံတင် မရှိဘဲလည်း မဲစာရင်းမှာပါဝင်ပြီး အသက် ၁၈ နှစ်ပြည့်တဲ့ နိုင်ငံသားဖြစ်ကြောင်းထောက်ခံချက်ရှိရင် မြန်မာနိုင်ငံရွေးကောက်ပွဲ ဥပဒေ အရ အဲဒီ ပြည်သူဟာ မဲပေးခွင့်ရှိကြောင်းလည်း ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုသူတို့ဆီကို တင်ပြထားတဲ့ မဲဆန္ဒရှင်များက ကန့်ကွက်လွှာ ၉၄ မှုနဲ့ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေက ကန့်ကွက်လွှာ ၁၉၃ မှု၊ စုစုပေါင်း ၂၈၇ မှုမှာလည်း အငြင်းပွားနေကြတဲ့ မဲစာရင်း ကိစ္စများ ပါဝင်ကြောင်းနဲ့ အဲဒီ အမှုတွေကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ဥပဒေ အတိုင်း ရွေးကောက်ပွဲ ခုံအဖွဲ့တွေကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ဖွဲ့စည်းပေးထားကြောင်း ထုတ်ပြန်ချက်ထဲမှာ ရေးထားပါတယ်။

အဲဒီရွေးကောက်ပွဲ ခုံရုံးများက ဆုံးဖြတ်ချက်တွေကို မကျေနပ်ပါက သူတို့ ကော်မရှင်ထံ အယူခံတင်သွင်းနိုင်ပြီး သူတို့ကလည်း ဥပဒေနဲ့အညီ ကြားနာ ဆုံးဖြတ်ပေးသွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က မဲဆန္ဒရှင် ပြည်သူတွေကို အသိပေးထားပါတယ်။