၂၀၂၀ မြန်မာရွေးကောက်ပွဲ- ရွေးကောက်ပွဲ ကို သန့်သန့်ရှင်းရှင်း ပြိုင်ဖို့ သမ္မတ ဟောင်း ဦးသိန်းစိန် ပြော

ရွေးကောက်ပွဲ နိုင်ရင်လည်း ဝမ်းမသာနဲ့ ရှုံးရင်လည်း စိတ်မပျက်နဲ့လို့ သမ္မတ ဟောင်း ဦးသိန်းစိန် ပြော

ဓာတ်ပုံ ရင်းမြစ်, YE AUNG THU

ဓာတ်ပုံ ပုံစာ, ရွေးကောက်ပွဲ နိုင်ရင်လည်း ဝမ်းမသာနဲ့ ရှုံးရင်လည်း စိတ်မပျက်နဲ့လို့ သမ္မတ ဟောင်း ဦးသိန်းစိန် ပြော

ရွေးကောက်ပွဲက အတော်ပင်နီးကပ်နေပြီဖြစ်ပြီး သန့်သန့်ရှင်းရှင်းနဲ့ ယှဉ်ပြိုင်ကြဖို့လိုအပ်သလို နိုင်ရင်လည်း ဝမ်းမသာနဲ့၊ ရှုံးရင်လည်း စိတ်မပျက်နဲ့လို့ သမ္မတဟောင်း ဦးသိန်းစိန်က ပြောကြားလိုက်ပါတယ်။

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ပါတီဝင်တွေနဲ့ ပါတီဝန်းရံသူတွေက ပါတီဥက္ကဋ္ဌဟောင်း ဦးသိန်းစိန်ထံ တင်ပြတောင်းဆိုချက်အရ ဦးသိန်းစိန်က ပေးပို့တဲ့ သတင်းစကားဆိုပြီး ကြံ့ခိုင်ရေးပါတီရဲ့ ဖေ့စ်ဘွတ်စာမျက်နှာက အောက်တိုဘာ ၂၂ ရက် ညနေပိုင်းမှာ ထုတ်ပြန်လာတာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါနဲ့ ကြုံနေရချိန်မှာ ရွေးကောက်ပွဲနဲ့ တိုက်ဆိုင်နေတာကတော့ ကံဆိုးတာလို့ ပြောရမှာဖြစ်ပြီး ပြည်သူတွေမဲသွားပေးချင်ပေမယ့် ရောဂါကူးစက်မှာကိုကြောက်နေကြကြောင်းလည်း ဦးသိန်းစိန်က ပြောကြားတယ်လို့ ဖော်ပြထားပါတယ်။

ပြည်သူတွေရဲ့ဆန္ဒအတိုင်းသာဖြစ်ပြီး မဲသွားပေးမယ်ဆိုရင်တော့ ရောဂါမကူးစက်နိုင်အောင် ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်တွေနဲ့အညီ စနစ်တကျ ကာကွယ်ကြဖို့ အထူးလိုအပ်တယ်လို့လည်း သမ္မတ ဟောင်းက တိုက်တွန်းထားပါတယ်။

ဒီရောဂါဟာ လူမျိုးမရွေး၊ ဘာသာမရွေး အရွယ်မရွေး ရဟန်းရှင်လူမရွေး အသက်တွေကို နုတ်ယူသွားတာဖြစ်လို့ အလွန်ကြောက်ဖို့ကောင်းပြီး သတိထားဆောင်ရွက်ကြပါလို့လည်း ပြောကြားထားပါတယ်။

နိုင်ငံသူနိုင်ငံသားအားလုံးနဲ့ ပါတီဝင်တွေဝန်းရံသူတွေအားလုံး ကိုဗစ်ကပ်ရောဂါ ကင်းဝေးပါစေလို့လည်း ဦးသိန်းစိန်က ဆုတောင်းထားပါတယ်။

သမ္မတဟောင်းဦးသိန်းစိန်ဟာ ကြံ့ခိုင်ရေးပါတီ ရွေးကောက်ပွဲအောင်နိုင်ရေး ပါဝင်ဆောင်ရွက်ပေးမယ်လို့ မူလက သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် ဘယ်လိုပုံစံနဲ့ စည်းရုံးမဲဆွယ်ပေးမယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမပြောကြားခဲ့သလို မဲဆွယ်စည်းရုံးရေးတွေလုပ်ကိုင်ဆောင်ရွက်မှုလည်း မတွေ့ခဲ့ရပါဘူး။

ဒါပေမဲ့ ခု ရွေးကောက်ပွဲကျင်းပဖို့ နှစ်ပတ်သာလိုတော့ချိန်မှာတော့ ဦးသိန်းစိန်ရဲ့ သတင်းစကားဆိုပြီး ကြံ့ခိုင်ရေးပါတီရဲ့ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာက ခုလိုဖော်ပြလာတာဖြစ်ပါတယ်။