ဘုတ်ပြင်းက နှင်းဆီပါတီ UDP ထောက်ခံသူတွေ ကြံ့ခိုင်ရေးကို ဝန်းရံမယ်

UDP မဲဆွယ်မှု တစ်ခု

ဓာတ်ပုံ ရင်းမြစ်, UDP

ဓာတ်ပုံ ပုံစာ, UDP မဲဆွယ်မှု တစ်ခု

၂၀၂၀ ရွေးကောက်ပွဲမှာ ပါတီဖျက်သိမ်းခြင်း ခံခဲ့ရပြီး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပါ ဆုံးရှုံးခဲ့ရတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ပါတီရဲ့ တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းမြို့နယ်က လွှတ်တော်ကိုယ်စားလှယ်လောင်းတွေ နဲ့ ပါတီကို ထောက်ခံအားပေးသူတွေဟာ ပြည်ထောင်စု ကြံ့ခိုင်ဖွံဖြိုးရေးပါတီအောင်နိုင်ရေးအတွက် ဝန်းရံသွားမယ်လို့ မြို့နယ် စည်းရုံးရေးမှူးလည်း ဖြစ်၊ တနင်္သာရီတိုင်းလွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ပြိုင်ဖို့ ပြင်ဆင်ခဲ့သူ ဦးတင်ကျော်ခိုင်က ဘီဘီစီကို ပြောပါတယ်။

UDP ပါတီဝင် ၅၀၀၀ ကျော်နဲ့ ဝန်းရံသူ ၁၀,၀၀၀ လောက်ဟာ သူတို့သဘောဆန္ဒအလျောက် ပြည်ခိုင်ဖြိုးကို ဝန်းရံဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

"ကျွန်တော်တို့ မြို့နယ်မှာဆိုရင် ကိုယ့်ရွာ ကိုယ့်ဒေသ ကိုယ့်လူမျိုး လည်း ဖြစ်တယ်၊ အဲဒီလူတွေက ဒေသဖွံဖြိုးလည်း လုပ်တယ်။ အဲဒါကြောင့် ဒီပါတီကို ထောက်ခံတာ။ ကျွန်တော်တို့ UDP နှင်းဆီ ပါတီရဲ့ ပါတီဝင်အားလုံးကတော့ ပြည်ခိုင်ဖြိုး ထောက်ခံမှုက များတယ်။ ကျွန်တော်တို့ ပါတီက မရှိဘူးဆိုတော့ ပြည်ခိုင်ဖြိုးအတွက်ပဲ စည်းရုံးရမှာပေါ့။ တသောင်းခွဲဆိုတာက အကြမ်းဖျင်းပဲ ပြောပြထားတယ်။ ကျော်တောင် ကျော်သေးတယ်။"

UDP ပါတီရဲ့ ဖွဲ့စည်းပုံကို ထောက်ခံအားပေးကြသူ လူ သောင်းနဲ့ချီဟာ ပါတီအသစ်ထပ်မံဖွဲ့စည်းရင်လည်း ပြန်လည်ပါဝင်လာနိုင်တာကြောင့် ကြံ့ခိုင်ရေး ပါတီအတွက် မဲဆွယ်ပေးတာသာ လုပ်မှာ ဖြစ်ပြီး ကြံ့ခိုင်ရေးပါတီတော့ ဝင်မှာ မဟုတ်ဘူးလို့ ဦးတင်ကျော်ခိုင်က ဆိုပါတယ်။

ဒါနဲ့ ပတ်သက်လို့ ကြံ့ခိုင်ရေးပါတီရဲ့ သဘောထားကို ဘီဘီစီက ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် လက်ရှိအချိန်ထိ ဆက်သွယ်လို့ မရသေးပါဘူး။

နှင်းဆီပါတီလို့ လူသိများကြတဲ့ UDP ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ဟာ ထောင်ပြေးမှုနဲ့ အဖမ်းခံခဲ့ရပြီးတဲ့နောက် နိုင်ငံရေး ပါတီ မှတ်ပုံတင်ခြင်းဆိုင်ရာ သတ်မှတ်ထားတဲ့ နည်းဥပဒေတွေနဲ့ ငြိစွန်းခဲ့တာကြောင့် ပါတီကို ဖျက်သိမ်းကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာလ ၁၇ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။

ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ အောက်တိုဘာလ ၂၀ ရက် မှာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် တရားရုံးမှာ တတိယ အကြိမ် ရုံးထုတ် စစ်ဆေး

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်ကို ထောင်ပြေးမှုနဲ့ အောက်တိုဘာလ ၂၀ ရက် မှာ မန္တလေးမြို့ ချမ်းအေးသာစံ မြို့နယ် တရားရုံးမှာ တတိယ အကြိမ် ရုံးထုတ် စစ်ဆေး

ဒါ့အပြင် UDP ပါတီကနေ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် ကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းကိုလည်း ပယ်ဖျက်ခဲ့ပါတယ်။

ဒါပေမဲ့ UDP ပါတီဝင်တွေ အနေနဲ့ကတော့ ဒီနှစ်ရွေးကောက်ပွဲမှာ မဲမပေးဖို့ စည်းရုံးတာမျိုးမရှိဘူးလို့ ပါတီရဲ့ တနင်္သာရီတိုင်း တိုင်းဦးစီးဖြစ်သူ ဦးခင်မောင်လတ်က ဘီဘီစီကို ပြောပါတယ်။

"တို့ပါတီဝင်တွေ မဲပေးရမယ်။ ကိုယ်တို့ ကိုယ်စားလှယ်တွေကို တိုက်ရိုက်မဲပေးခွင့်တော့ မရှိတော့ဘူး။ ဒါပေမဲ့ သူတို့အခွင့်အရေးရှိတယ်လေ။ ကြိုက်တဲ့ပါတီကို ကြိုက်တဲ့ ကိုယ်စားလှယ်ကို ပေးပါစေ။ တိုင်းကနေ မြို့နယ်ကနေ ထိန်းချုပ်ပြီး မဲပေးခိုင်းတာတွေ မလုပ်ဖို့။ အုပ်စုကြီး ဖွဲ့ပြီး ဒီဟာကြီး လုပ်ရမယ်၊ ဟိုဟာကြီး လုပ်ရမယ် ပုံစံတွေ မလုပ်ဖို့တော့ တိုင်းဦးစီးတယောက်အနေနဲ့ သေသေချာချာလေး မှာထားတယ်"လို့ ဆိုပါတယ်။

ဘုတ်ပြင်းမြို့မှာတော့ ပြည်ခိုင်ဖြိုးအပါအဝင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်သူ့ပါတီ အစရှိတဲ့ပါတီကြီးတွေ ဝင်ရောက်ယှဉ်ပြိုင်ကြသလို၊ ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ NLD ကအနိုင်ရထားပါတယ်။

နှင်းဆီပါတီဟာ ၂၀၁၀ ခုနှစ် မေလကတည်းက နိုင်ငံရေးပါတီအဖြစ် စတင် မှတ်ပုံတင်ခဲ့ပြီး ဒီနှစ်ရွေးကောက်ပွဲမှာတော့ NLD ပြီးတဲ့နောက် ကိုယ်စားလှယ်လောင်း အများအပြားနဲ့ နေရာစုံမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ စီစဉ်ထားတဲ့ ပါတီလည်း ဖြစ်ပါတယ်။

နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်

ဓာတ်ပုံ ရင်းမြစ်, UDP

ဓာတ်ပုံ ပုံစာ, နှင်းဆီပါတီလို့ လူသိများတဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးကျော်မြင့်

ပါတီဝင်တွေနဲ့ ကိုယ်စားလှယ်လောင်းတွေကို ထောက်ပံ့ကြေးပေးတာ အပါအဝင် ဒီနှစ် ၂၀၂၀ ပါတီစုံ ရွေးကောက်ပွဲအတွက် မြန်မာ ကျပ်ငွေ ၁၂ ဘီလျံကျော် သုံးစွဲခဲ့တယ်လို့ အစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

နှင်းဆီပါတီ UDP ပါတီရဲ့ ဥက္ကဋ္ဌ ဦးကျော်မြင့် အဖမ်းခံခဲ့ရပြီးတဲ့နောက် သူနဲ့ ဆက်စပ်တဲ့ ငွေစာရင်းကို အစိုးရက စစ်ဆေးခဲ့ရာမှာ ဟွန်ဒီလို့ခေါ်တဲ့ တရားမဝင် ငွေလွှဲနည်းနဲ့ တရုတ်နယ်စပ်ကနေ ကျပ်ငွေ ၁၆ ဘီလီယံကျော် ဝင်ရောက်လာခဲ့တယ်လို့ အစိုးရဘက်က ကနဦး သတင်းထုတ်ပြန်ထားပါတယ်။

၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်း အမည်စာရင်း ပယ်ဖျက်ထားပြီးဖြစ်တဲ့ ညီညွတ်သော ဒီမိုကရက်တစ်ပါတီ UDP ပါတီရဲ့ ကိုယ်စားလှယ်လောင်းတွေကို မဲပေးခဲ့မယ်ဆိုရင် ပယ်မဲအဖြစ် သတ်မှတ်သွားမယ်လို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အောက်တိုဘာလ ၂၀ ရက်နေ့မှာ ကြေညာထားပါတယ်။