ကိုရိုနာဗိုင်းရပ်စ်- လူကြားထဲသွားရင် နှာခေါင်းစည်းတပ်ဖို့ WHO ပြော

ဓာတ်ပုံ ရင်းမြစ်, Reuters
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက နှာခေါင်းစည်း ဝတ်တာနဲ့ ပတ်သက်လို့ အရင်က အကြံပေးထားတာကို ပြန်ပြင်လိုက်ပြီး ကိုရိုနာဗိုင်းရပ်စ် မပြန့်ပွားအောင် တားဆီးဖို့ လူအများအကြား နှာခေါင်းစည်းဝတ်သင့်တယ်လို့ ပြောကြားလိုက်ပါတယ်။
အသစ်ထပ်ရခဲ့တဲ့ အချက်အလက်တွေအရ ရောဂါပိုးပါနိုင်တဲ့ တံတွေးစက်တွေကို နှာခေါင်းစည်းတွေက အရံအတားတစ်ခု အဖြစ် တားဆီးပေးနိုင်ကြောင်း သိရတယ်လို့ WHO က ပြောပါတယ်။
လူထုကြားမှာ နှာခေါင်းစည်း တပ်ကြဖို့ အကြံပြုတာမျိုး ဒါမှမဟုတ် စည်းကမ်းသတ်မှတ်တာမျိုးကိုကမ္ဘာ့နိုင်ငံတချို့မှာ လုပ်ထားပြီး ဖြစ်ပါတယ်။
အရင်ကတော့ ကျန်းမာတဲ့သူတွေ နှာခေါင်းစည်း တပ်ဖို့ လိုတယ်လို့ ညွှန်ကြားဖို့ လုံလောက်တဲ့ အထောက်အထား မရှိခဲ့ဘူးလို့ WHO က ပြောခဲ့တာပါ။
ရောဂါ ကူးစက်နိုင်မယ့် အန္တရာယ် ရှိတဲ့ နေရာတွေမှာ ဆေးရုံသုံး နှာခေါင်းစည်း မဟုတ်တဲ့ အဝတ် နှာခေါင်းစည်းတွေ တပ်ကြဖို့ အကြံပေးလိုကြောင်း WHO အဖွဲ့ရဲ့ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ နည်းပညာကျွမ်းကျင်သူ ဒေါက်တာ မာရီယာ ဗန် ကာ့ဟို့ဗ် က ရိုက်တာစ် သတင်းဌာနကိုပြောပါတယ်။
ဆေးရုံသုံး နှာခေါင်းစည်းတွေကို လူနာတွေနဲ့ သူတို့ကို ကုသစောင့်ရှောက်ပေးနေသူတွေပဲ ဝတ်သင့်တယ်လို့ WHO က အမြဲ အကြံပြုခဲ့တာပါ။
ဂျွန် ဟော့ပ်ကင်းစ် တက္ကသိုလ်ရဲ့ လေ့လာချက်တွေအရ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စဖြစ်ပွားတဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ကမ္ဘာတဝန်းမှာ လူ ၆ သန်း ၇ သိန်း ရောဂါကူးစက်ခံထားရကြောင်း အတည်ပြုထားပြီး လူ ၄ သိန်းနီးပါး သေဆုံးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။
WHO ရဲ့ ညွှန်ကြားချက်သစ်က ဘာလဲ
လတ်တလော သီတင်းပတ်တွေအတွင်း လေ့လာချက်တွေအရ ဒီညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ရတာ ဖြစ်တယ်လို့ WHO က ပြောပါတယ်။
" နှာခေါင်းစည်းတွေ ဝတ်ဖို့ လူထုကို တိုက်တွန်းကြပါလို့ နိုင်ငံအစိုးရတွေကို ကျွန်မတို့ အကြံပေးထားပါတယ်" လို့ ဒေါက်တာ မာရီယာ ဗန် ကာ့ဟို့ဗ် က ပြောပါတယ်။
တစ်ချိန်တည်းမှာပဲ နှာခေါင်းစည်းဟာ ရောဂါ ကူးစက်မယ့် အန္တရာယ်လျော့ပါးစေနိုင်တဲ့ ပစ္စည်းတွေထဲက တစ်ခုသာ ဖြစ်ပြီး နှာခေါင်းစည်း ဝတ်ထားတာ တစ်ခုတည်းနဲ့ ကိုဗစ်-၁၉ ရောဂါကို လုံးဝ ကာကွယ်နိုင်တာမျိုးမဟုတ်ဘူးလို့ WHO က ပြောပါတယ်။
လမ်းညွှန်ချက် အပြောင်းအလဲကြီး
လူထုကို နှာခေါင်းစည်းဝတ်ကြဖို့ ညွှန်ကြားလိုက်တာဟာ WHO အနေနဲ့ သူ့ရဲ့ လမ်းညွှန်ချက်ကို အကြီးအကျယ် ပြင်ဆင်ပြောင်းလဲလိုက်တာ ဖြစ်ပါတယ်။
နှာခေါင်းစည်း ဝတ်တာဟာ ရောဂါမဖြစ်စေနိုင်ဘူးဆိုတဲ့ တလွဲအမြင်ရောက်စေနိုင်တယ်၊ လူတွေ နှာခေါင်းစည်းဝတ်ကုန်ကြရင် ဆေးဝန်ထမ်းတွေအတွက် နှာခေါင်းစည်းတွေ ပြတ်လပ်ကုန်မယ် ဆိုပြီး WHO ရဲ့ ကျွမ်းကျင်သူ ပညာရှင်တွေ လနဲ့ချီ ပြောလာခဲ့တာပါ။
ဒီပြောဆိုမှုတွေက ပျောက်သွားဦးမှာ မဟုတ်ပေမဲ့ တစ်ချိန်တည်းမှာပဲ ရောဂါကူးစက်နိုင်တဲ့အန္တရာယ်တွေနဲ့ပတ်သက်လို့ အထောက်အထားသစ် ပေါ်ထွက်လာတာကို WHO က လက်ခံခဲ့တာပါ။
လတ်တလော လေ့လာမှုအရ တချို့လူတွေဟာ ရောဂါလက္ခဏာ မပြခင် ရက်အနည်းငယ်အတွင်း တခြားသူတွေကို ရောဂါ ဖြန့်ပေးနိုင်တယ်ဆိုတဲ့အချက်ရယ်၊ တချို့လူတွေဟာ ရောဂါ ကူးပေမဲ့ သူတို့မှာ ရောဂါလက္ခဏာ လုံးဝ မပြဘူးဆိုတဲ့အချက်ရယ်ကို တွေ့ခဲ့ရပါတယ်။
လူတစ်ယောက်နဲ့ တစ်ယောက် ခပ်ခွာခွာနေဖို့ မဖြစ်နိုင်တဲ့ ဘတ်စကား၊ မီးရထားလို အများပြည်သူသုံး သယ်ယူပို့ဆောင်မှုမျိုးတွေ၊ ဈေးဆိုင်၊ ဒုက္ခသည်စခန်း စတဲ့ နေရာမျိုးတွေမှာ ရောဂါမကူးစက်အောင်အိမ်လုပ် နှာခေါင်းစည်းတွေ ဝတ်ကြဖို့ WHO က ညွှန်ကြားထားပါတယ်။
ရောဂါအခံရှိတဲ့ အသက် ၆၀ ကျော်အရွယ်တွေကတော့ ပိုအကာအကွယ်ရအောင် ဒါ့ထက် ပိုတဲ့ ဆေးရုံသုံးအဆင့် နှာခေါင်းစည်းတွေ ဝတ်ကြဖို့ WHO က အကြံပြုထားပါတယ်။
ယူကေနိုင်ငံမှာတော့ ဆေးရုံမှာ လူနာလာတွေ့တဲ့သူတွေနဲ့ ပြင်ပလူနာတွေ နှာခေါင်းစည်း ဝတ်ဖို့နဲ့ ဆေးကုသခန်းထဲမှာ မလုပ်တဲ့သူတွေ အပါအဝင် ဆေးရုံဝန်ထမ်းတွေ အားလုံး ဆေးရုံသုံး နှာခေါင်းစည်းတွေ ဝတ်ကြဖို့ သောကြာနေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။
ဈေးဆိုင်တွေ၊ ကျောင်းတွေ ထပ်ဖွင့်မယ့် ဇွန်လ ၁၅ ရက်နေ့က စလို့ ဒီလမ်းညွှန်ချက်ကို လိုက်နာကြရမှာ ဖြစ်ပါတယ်။
သောကြာနေ့မှာပဲ ယူကေနိုင်ငံဟာ အမေရိကန်ပြီးရင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၄ သောင်းကျော်သွားတဲ့ ဒုတိယမြောက်နိုင်ငံ ဖြစ်လာခဲ့ပါတယ်။
ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ်နဲ့ပတ်သက်လို့ အခုနောက်ဆုံး ဘာတွေ အဓိက ဖြစ်ခဲ့သလဲ
သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ်စ် ပြည်နယ်မှာ "လူမည်းတွေရဲ့အသက်က အရေးပါတယ်" ဆိုတဲ့ ဆန္ဒပြမှုတစ်ခုကို ကိုရိုနာဗိုင်းရပ်စ် အန္တရာယ်ကြောင့်ဆိုပြီး အစိုးရက ပိတ်ပင်ထားချက်ကို အယူခံတရားရုံးက ပယ်ချလိုက်ပါတယ်။
အမေရိကန်နိုင်ငံမှာ ရဲရဲ့လက်ချက်နဲ့ အာဖရိကန် အမေရိကန်လူမျိုး ဂျော့ဂျ် ဖလျွိက် သေဆုံးခဲ့ရတာကို ကန့်ကွက်တဲ့အနေနဲ့ ဆစ်ဒနီမြို့မှာ လူထောင်သောင်းချီ လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြပါတယ်။
တခြားသတင်းတွေမှာတော့
•အီးယူ ဥရောပသမဂ္ဂ အဖွဲ့ရဲ့ ပြည်ထဲရေး ကော်မရှင်နာမင်းကြီးက အီးယူအဖွဲ့ဝင် နိုင်ငံတွေကို ဇွန်လကုန် မတိုင်ခင် နယ်စပ်တွေ ဖွင့်ကြဖို့ ပြောထားပါတယ်။
•အမေရိကန်ပြည်ထောင်စုမှာ လော့ခ်ဒေါင်း မြန်မြန်ဆန်ဆန် ချခဲ့တဲ့ ပြည်နယ်တွေမှာ ရောဂါကူးစက်မှု လျော့ကျလာပြီ ဖြစ်ပေမဲ့ လော့ခ်ဒေါင်း ချတာ နောက်ကျတဲ့ ပြည်နယ် ဒါမှမဟုတ် ဖြေလျှော့မှုတွေ စလုပ်နေတဲ့ ပြည်နယ်တွေမှာတော့ ရောဂါကူးစက်မှု ဆက်ရှိနေပြီး ပိုတောင် တိုးလာနေတယ်လို့ ဝါရှင်တန်ပို့စ်သတင်းစာမှာ ဖော်ပြထားပါတယ်။
•ကယ်လီဖိုးနီးယားပြည်နယ်မှာတော့ အခြေအနေပေးရင် ရုပ်ရှင်၊ ရုပ်မြင်သံကြားနဲ့ ဂီတ ဆိုင်ရာ ထုတ်လုပ်မှုတွေကို ဇွန်လ ၁၂ ရက်နေ့မှာ ပြန်စခွင့်ပြုမှာ ဖြစ်ပါတယ်။
•ပေါ်တူဂီမှာ စနေနေ့နှောင်းပိုင်းကစလို့ ကမ်းခြေတွေ ပြန်ဖွင့်ခွင့်ပြုမှာပါ။
•ပိုလန်မှာ အားကစားရုံတွေ၊ ရေကူးကန်တွေ၊ အပန်းဖြေဥယျာဉ်တွေ ပြန်ဖွင့်ဖို့ ရှိပါတယ်။
•သြစတြီးယားမှာတော့ လော့ခ်ခေါင်း သတ်မှတ်ခဲ့ပြီးကတည်းကစလို့ ပထမဆုံးအကြိမ် ဗီယန်နာ ဖေလာမိုနစ် သံစုံတီးဝိုင်းကြီးက တီးမှုတ်ဖျော်ဖြေခဲ့ပါတယ်။










