ကျူးဘားမှာ သံရုံးဖွင့်ဖို့ မြန်မာဘာ့ကြောင့် ရွေးချယ်ရတာလဲ

ကျူးဘား

ဓာတ်ပုံ ရင်းမြစ်, MOFA

ဓာတ်ပုံ ပုံစာ, ဟားဗားနားသံရုံးဖွင့်ပွဲမှာ ရှိနေတဲ့ ဝန်ကြီး ဦးကျော်တင့်ဆွေ

ကျူးဘားနိုင်ငံ ဟားဗားနားမြို့မှာ မြန်မာသံရုံး ရှိလာပြီ ဖြစ်ပါတယ်။

သံရုံးယာယီတာဝန်ခံတစ်ယောက် အပါအဝင် ရုံးအဖွဲ့ အင်အား ၃ ယောက်နဲ့ စတင်တည်ထောင်လိုက်တဲ့ ကျူးဘားဆိုင်ရာ မြန်မာ သံရုံးဟာ ဗဟိုအမေရိကနဲ့ ကာရစ်ဘီယန် ဒေသမှာ ထားရှိတဲ့ ပထမဆုံး မြန်မာသံရုံး ဖြစ်ပါတယ်။

ဦးကျော်ညွန့်ဦးကို သံရုံးယာယီတာဝန်ခံ အဖြစ် တာဝန်ပေးထားပါတယ်။

ဟာဗားနားမှာ ၂ဝ၁၉၊ အောက်တိုဘာ ၄ ရက် တုန်းက ပြုလုပ်ခဲ့တဲ့ သံရုံးဖွင့်ပွဲ အခမ်းအနားမှာ မြန်မာ အစိုးရရဲ့ ကျူးဘားနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဖြစ်တဲ့ နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီး ဦးကျော်တင့်ဆွေလည်း ရှိနေခဲ့ပါတယ်။

ရန်ကုန်မှာတော့ ကျူးဘားသံရုံး မရှိသေးပါဘူး။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ ရှိတဲ့ ကျူးဘားသံရုံးကပဲ မြန်မာနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေ ပူးတွဲ တာဝန် ယူနေပါတယ်။

ကျူးဘား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကျူးဘားရဲ့ ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု နာမည်ကောင်းရ

ကျူးဘားနဲ့ ဆက်ဆံရေး ဘယ်အပိုင်းတွေမှာ မြန်မာ အာရုံစိုက်လဲ

အမေရိကန်၊ နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံကို သွားတက်တဲ့ ဝန်ကြီး ဦးကျော်တင့်ဆွေဟာ အောက်တိုဘာ ၂ ရက်ကနေ ၅ ရက် အထိ ၄ ရက်တာ အတွင်းမှာတော့ နယူးယောက်ကနေ ဟာဗားနားကို သွားခဲ့ပါတယ်။

သံရုံးဖွင့်ပွဲတက်ဖို့ သက်သက်မဟုတ်ပဲ မြန်မာအစိုးရရဲ့ ကျူးဘားဆိုင်ရာ အထူးကိုယ်စားလှယ် အနေတဲ့ တရားဝင် ခရီး သွားတာ ဖြစ်ပါတယ်။

အဲဒီ ခရီးစဉ်မှာ ကျူးဘား ဒုသမ္မတ ရိုဘတ်တို မိုရားလက်စ်နဲ့ တွေ့ခဲ့သလို၊ ကျန်းမာရေးဝန်ကြီး ဟိုဆေး မီရင်းဒါ ၊ နိုင်ငံခြားရေးဝန်ကြီး ဘရူနို ပရီးယား တို့နဲ့လည်း သီးခြားစီ တွေ့ပါတယ်။

နှစ်နိုင်ငံဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်ရေးတွေ တိုးမြှင့်မယ်ဆိုတဲ့ ယေဘုယျ အချက်မျိုးတွေထဲ ကျန်းမာရေး ကဏ္ဍမှာတော့ မြန်မာဘက်က အာရုံစိုက်နေတဲ့ လက္ခဏာမျိုးတွေ တွေ့နေရပါတယ်။

ကျူးဘား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆေးသုတေသနမှာလည်း တိုင်းပြည်က ရင်းနှီးမြှုပ်နှံတဲ့ ကျူးဘား

ကျန်းမာရေး ကဏ္ဍမှာ ပူးပေါင်းဆောင်ရွက် နိုင်မယ့် အခွင့်အလမ်းတွေ အကြောင်း ကျူးဘား ကျန်းမာရေး ဝန်ကြီးနဲ့ ဦးကျော်တင့်ဆွေတို့ ဆွေးနွေးခဲ့ကြတဲ့ အထဲ၊ ဆေးနဲ့ ဆေးပစ္စည်း ထုတ်လုပ်ရေး လိုမျိုး တိတိကျကျ အကြောင်းအရာတွေ ပါဝင်ခဲ့ပါတယ်။

ဟားဗားနားမှာ မြန်မာ သံရုံးမရှိခင် ကျူးဘားနဲ့ ဆက်ဆံရေးကို ပူးတွဲ တာဝန်ယူ ခဲ့တဲ့ နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ သံအမတ် ဦးဟောက်ဒိုစွမ်းကလည်း ကျူးဘားရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အဆင့်အတန်း၊ ဆေးပညာနဲ့ ဆေးသုတေသန အဆင့်အတန်းဟာ အင်မတန်ကောင်းတယ် ဆိုပြီး ဘီဘီစီကို ပြောပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ စစ်တမ်းတွေအရ ကျူးဘားနိုင်ငံရဲ့ ပျမ်းမျှ သက်တမ်း အမျိုးသား ၇၇ နှစ်၊ အမျိုးသမီး ၈၁ နှစ် ရှိပြီး၊ ဒါဟာ အမေရိကန်ထက် ပိုမြင့်ပါတယ်။

ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍမှာတင်မက ပညာရေး၊ ဇီဝနည်းပညာ၊ ကျန်းမာရေးနဲ့ ကုန်သွယ်ရေး စတဲ့ နယ်ပယ် အစုံမှာလည်း ပူးပေါင်း ဆောင်ရွက်ကြဖို့ ကျူးဘား-မြန်မာ နှစ်နိုင်ငံကြား နားလည်မှု စာချွန်လွှာတွေ လက်မှတ် ထိုးထားနှင့်ပြီး ဖြစ်ပါတယ်။

ကျူးဘား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဘက်မလိုက်လှုပ်ရှားမှုထဲ အတူပါဝင်တဲ့ ကျူးဘားနဲ့ မြန်မာ

နိုင်ငံခြားရေးမူ နှစ်နိုင်ငံ ရပ်တည်ချက်

ကျူးဘားနဲ့ မြန်မာ နှစ်နိုင်ငံစလုံး ပါဝင် ပတ်သက်နေတဲ့ နိုင်ငံတကာ လှုပ်ရှားမှုတွေ ရှိပါတယ်။

အထင်ရှားဆုံးကတော့ the Non-Aligned Movement (NAM) လို့ ခေါ်တဲ့ နိုင်ငံခြားရေးမှာ ကြားနေတဲ့ ဘက်မလိုက် နိုင်ငံများ အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

ဒါ့အပြင် လက်တင်အမေရိကနိုင်ငံတွေနဲ့ အာရှ အရှေ့ပိုင်း နိုင်ငံတွေကြား ဖိုရမ် (FEALAC) မှာလည်း မြန်မာနဲ့ကျူးဘားတို့ဟာ ဆွေးနွေးဘက်တွေ ဖြစ်ပါတယ်။

ကမ္ဘာ့ ရာသီဥတုပြောင်းလဲနေတဲ့ ပြဿနာကို ထိန်းချုပ်ကိုင်တွယ်ရေး ပဲရစ် နိုင်ငံတကာ စာချုပ်မှာလည်း နှစ်နိုင်ငံစလုံး လက်မှတ်ထိုးထားသလို၊ အနုမြူလက်နက်တွေ အလုံးစုံ တားမြစ်ရေး ကုလသမဂ္ဂ စာချုပ်ကိုလည်း ထောက်ခံကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။

သံရုံးထားရှိဖို့ ကျူးဘားကို ဘာလို့ ရွေးရတာလဲ

ကျူးဘား အစိုးရမီဒီယာတွေရဲ့ ပြောဆိုချက်အရ မြန်မာနဲ့ သံတမန် ဆက်ဆံရေးကို ၁၉၇၆ အောက်တိုဘာ ၁၂ မှာ စတင်ထူထောင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့ကြောင့် သံဆက်ဆံရေး ၄၃ နှစ်တာကာလမှာ ဟားဗားနားမှာ မြန်မာသံရုံး ရှိလာတာ ဖြစ်ပါတယ်။

မြန်မာနဲ့ ကျူးဘားရဲ့ သံဆက်ဆံရေးဟာ ဆိုရှယ်လစ်ခေတ်၊ တပ်မတော် အစိုးရခေတ် အဆက်အဆက် ကောင်းမွန်ခဲ့ပြီး အရင်းနှီးဆုံး နိုင်ငံထဲ ပါဝင်တယ်လို့ ဦးဟောက်ဒိုစွမ်းက ဆိုပါတယ်။

"ကျွန်တော်တို့ရဲ့ နိုင်ငံခြားရေး မူဝါဒကိုက နိုင်ငံတိုင်းနဲ့ ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်း ဆောင်ရွက်ဖို့ ဖြစ်ပါတယ်။ ချက်နိုင်ငံမှာလည်း မြန်မာ သံရုံး လောလောလတ်လတ် ဖွင့်နိုင်ခဲ့တယ်။ ကျူးဘားနဲ့ မြန်မာ သံအဆက်အသွယ် ရှိခဲ့တာ ကာလ ကြာပါပြီ။ အဲဒီဒေသတွင်းမှာ ကျူးဘားဟာ မြန်မာနဲ့ ချစ်ကြည်ရင်းနှီးမှု အရှိဆုံး နိုင်ငံဖြစ်ပါတယ်။ သံရုံးဖွင့်ဖို့လည်း မြန်မာဘက်က စဉ်းစားနေခဲ့ပါတယ်။"

"လက်တင်အမေရိကဆိုရင် ဘရာဇီးမှာ ဖွင့်ထားပေမယ့် အလယ်ပိုင်း အမေရိကနဲ့ ကာရစ်ဘီယန် ဒေသမှာတော့ မြန်မာ သံရုံး မရှိသေးတဲ့ အခြေအနေမှာ နှစ်နိုင်ငံ ဆက်ဆံရေးကို အခြေခံပြီး ကျူးဘားမှာ သံရုံးဖွင့်လိုက်တာ ဖြစ်ပါတယ်။" လို့ ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

ကျူးဘား

ဓာတ်ပုံ ရင်းမြစ်, CUBADIPLOMATICA

ဓာတ်ပုံ ပုံစာ, ဘန်ကောက်အခြေစိုက် ကျူးဘားသံအမတ် မြန်မာပြည်ကို လာခဲ့စဉ်။ ၂ဝ၁၈၊ ဖေဖေါ်ဝါရီ။

အပြန်အလှန်အနေနဲ့ ရန်ကုန်မှာ ကျူးဘားသံရုံး ဖွင့်ဖို့ကတော့ ကျူးဘားအစိုးရမှာ အခက်အခဲတွေ ရှိနေတယ်လို့လည်း ဦးဟောက်ဒိုစွမ်းက ဆိုပါတယ်။

အမေရိကန်ရဲ့ စီးပွားရေး၊ နိုင်ငံရေး ဖိအားတွေကြောင့် ဘဏ္ဍာရေးဆိုင်ရာ အကျပ်အတည်း တွေ့နေတဲ့ ကျူးဘား အနေနဲ့ သံရုံးသစ် ဖွင့်ဖို့ အခက်အခဲ ရှိနေတယ်လို့ ဦးဟောက်ဒိုစွမ်းက သုံးသပ်ပါတယ်။

လက်ရှိမှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ ရှိတဲ့ ကျူးဘားသံရုံးက မြန်မာနဲ့ သံဆက်ဆံရေးကို ပူးတွဲ တာဝန်ယူထားပါတယ်။

ဘက်မလိုက်ထဲက မြန်မာထွက်ခဲ့တဲ့ ကျူးဘားနဲ့ဆက်စပ်နေတဲ့ သမိုင်းတစ်ကွက်

နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနဲ့ ကျူးဘားဟာ ဘက်မလိုက်နိုင်ငံများ အဖွဲ့ လှုပ်ရှားမှု နဲ့အတူ ပူးပေါင်း ဆောင်ရွက်ခဲ့တာတွေ၊ ထိတွေ့ရင်းနှီးမှုတွေ ရှိခဲ့ပေမယ့်၊ ဘက်မလိုက် အဖွဲ့ထဲကနေ ၁၉၇၉ မှာ မြန်မာ နုတ်ထွက်ခဲ့တဲ့ အကြောင်းကတော့ ကျူးဘားနဲ့ ဆက်စပ်နေပါတယ်။

ဘက်မလိုက် နိုင်ငံတွေရဲ့ ၁၉၇၉ ထိပ်သီးညီလာခံကို ဟာဗားနားမှာ ကျင်းပပါတယ်။

အဲဒီအချိန် ကမ္ဘာ့နိုင်ငံရေးဟာ အမေရိကန် ဦးဆောင်တဲ့ အနောက်အုပ်စု၊ ဆိုဗီယက် ဦးဆောင်တဲ့ အရှေ့အုပ်စု ဆိုပြီး ကွဲပြားနေချိန်၊ စစ်အေးခတ်ကာလလို့ ရည်ညွှန်း ခေါ်နေချိန် ဖြစ်ပါတယ်။

နိုင်င်ငံခြားရေးမှာ ဘက်မလိုက်ရေးမူကို ကျင့်သုံးဖို့ စတင်လှုပ်ရှားခဲ့တဲ့ နိုင်ငံတွေထဲ အီဂျစ်၊ အိန္ဒိယ၊ အင်ဒိုနီးရှား စတဲ့နိုင်ငံတွေနဲ့အတူ မြန်မာလည်း ပါဝင်ပါတယ်။

ဟားဗားနားညီလာခံမှာတော့ အိမ်ရှင် သဘာပတိ ကျူးဘားရဲ့ ရပ်တည်မှုဟာ ဆိုဗီယက်ရဲ့ လွှမ်းမိုးမှု ခံနေရပြီး ဆိုဗီယက်ကဘက် ယိမ်းလွန်းနေတယ် ဆိုပြီး မြန်မာက သုံးသပ်ခဲ့ပါတယ်။

အဓိကကတော့ အစ္စရေး-ပါလက်စတိုင်း အရေးမှာ ဆိုဗီယက်မူဖြစ်တဲ့ ပါလက်စတိုင်း လွတ်မြောက်ရေးကို အသားပေးတဲ့ မူကို ကျူးဘားအစိုးရကလည်း ထောက်ခံနေတာ ဖြစ်ပါတယ်။

ဘက်မလိုက်ပဲ နေရမယ့် မူကနေ သွေဖီနေတယ်လို့ ယူဆတဲ့ မြန်မာဟာ ၁၉၇၉ မှာ ဘက်မလိုက် နိုင်ငံတွေအဖွဲ့ကနေ ထွက်ခဲ့ပါတယ်။ ၁၉၉ဝ ပြည့်ကျော် နှစ်တွေရဲ့ အစောပိုင်းကာလမှပဲ ဘက်မလိုက် လှုပ်ရှားမှုထဲ မြန်မာ ပြန်ဝင်တာ ဖြစ်ပါတယ်။

ကျူးဘား

ဓာတ်ပုံ ရင်းမြစ်, CUBADIPLOMATICA

ဓာတ်ပုံ ပုံစာ, သံဆက်ဆံရေး အကောင်းဆုံး အခြေအနေမှာ ရှိနေတဲ့ ကျူးဘားနဲ့မြန်မာ

လက်ရှိမှာတော့ ကျူးဘားနဲ့ မြန်မာကြား သိသာထင်ရှားတဲ့ နိုင်ငံခြားရေး မူဝါဒ ကွဲလွဲတာမျိုး မတွေ့ရပါဘူး။

ကျူးဘားပေါ် အမေရိကန်က ချမှတ်ထားတဲ့ စီးပွားရေး ဆိုင်ရာ ပိတ်ဆို့မှုတွေကို အဆုံးသတ်ရေးကိုလည်း ကုလသမဂ္ဂ အထွေထွေ ညီလာခံမှာ နှစ်ပေါင်း ၂၇ နှစ်၊ ၂၈ နှစ်ကြာ မြန်မာက အစဉ်အဆက် ထောက်ခံခဲ့တယ်လို့ သံအမတ်ကြီး ဦးဟောက်ဒိုစွမ်းက ဆိုပါတယ်။

မြန်မာ ရင်ဆိုင်နေရတဲ့ လူ့အခွင့်အရေး ဆိုင်ရာ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီးတော့လည်း မြန်မာဘက်က ရပ်တည်ပေးတဲ့ နိုင်ငံတွေထဲမှာ ကျူးဘား ပါဝင်တယ်လို့ ဆိုပါတယ်။

ဒါဟာ နှစ်နိုင်ငံကြား အပြန်အလှန် အပေးအယူ သဘောမျိုး မဟုတ်ပဲ၊ ကိုယ်စီ ကိုင်စွဲထားတဲ့ နိုင်ငံခြားရေးမူတွေအရ ရပ်တည်ကြတာ ဖြစ်တယ်လို့လည်း ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။

ကျူးဘားမှာ သံရုံးရှိလာတဲ့အတွက် မြန်မာအနေနဲ့ တခြား လက်တင်အမေရိက၊ ဗဟိုအမေရိကနဲ့ ကာရစ်ဘီယန် ဒေသ နိုင်ငံတွေနဲ့ပါ ချစ်ကြည်ရင်းနှီးမှုနဲ့ သံတမန်ရေးအရ လက်လှမ်းမှီနိုင်လာလိမ့်မယ်လို့ ဦးဟောက်ဒိုစွမ်းက ပြောပါတယ်။