တပ်မတော်အပစ်ရပ်သက်တမ်းနှစ်လထပ်တိုး

ဓာတ်ပုံ ရင်းမြစ်, တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး
တပ်မတော်ကတိုင်းစစ်ဌာနချုပ်နယ်မြေငါးခုမှာ သြဂုတ်လ ၃၁ ရက်နေ့အထိ အပစ်ရပ်သက်တမ်းတိုးလိုက်တယ်လို့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။
ထုတ်ပြန်ချက် အရဆိုရင်တော့မူလ အပစ်ရပ်ကြေညာထားတဲ့နေရာတွေမှာ အပစ်ရပ်သက်တမ်း နှစ်လထပ်တိုးလိုက်တာဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်နယ်မြေ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်နယ်မြေတွေမှာ တပ်မတော်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေရပ်ထားတာဖြစ်ပါတယ်။
စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေကိုတပ်မတော်က ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ၁ ကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ဇွန်လ ၃၀ ရက်နေ့အထိ ၁ ကြိမ် ရပ်ဆိုင်းပေးခဲ့ပြီး အခုဟာ ကနောက်တစ်ကြိမ်ထပ်တိုးတာဖြစ်ပါတယ်။

ဒီနေ့ အပစ်ရပ်သက်တမ်းတိုးနောက်ဆုံးနေ့ မှာမိုင်းလား-အထူးဒေသ (၄) နှစ်(၃၀)ပြည့် အခမ်းအနား ကျင်းပနေပြီးအဲဒီမှာ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး၏ ကိုယ်စားလှယ်များနဲ့ငြိမ်းချမ်းရေးကော်မရှင် PC တို့ တွေ့ဆုံကြရာမှာ ပဏာမအပစ်ရပ်ရေးစာချုပ် (မူကြမ်း) အဆိုပြုချက်ကို ပေးအပ်ခဲ့ ကြတယ်လို့သိရပါတယ်။
အဲဒီအလွတ်သဘောတွေ့ဆုံပွဲကို မိုင်းလားသို့ရောက်ရှိနေတဲ့ KIO/KIA၊ MNTJP/MNDAA နှင့် ULA/AA တို့လည်း တက်ရောက်ကြပြီး၊ ငြိမ်းချမ်းရေးကော်မရှင်က့ မူကြမ်းရေးဆွဲထားတဲ့ပဏာမအပစ်ရပ်စာချုပ်မူကြမ်းကို အဖွဲ့ (၄) ဖွဲ့ ကိုယ်စားလှယ်အသီးသီးတို့ထံ ပေးအပ်ခဲ့တယ်လို.လည်း TNLAကတစ်ဆင့်သိရပါတယ်။။
အဲဒီပဏာမအပစ်ရပ်စာချုပ်မူကြမ်းကို ရရှိပြီးနောက်ပိုင်း သင့်တော်တဲ့အချိန်မှာ စာချုပ်ပါ အချက်အလက်များအပေါ် ဆွေးနွေးညှိနှိုင်းနိုင်ဖို့ ပုံမှန်တွေ့ဆုံဆွေးနွေးရန်လိုအပ် တယ်လို့ တွေ့ဆုံစဉ် ဦးသိန်းဇော်က ရှင်းလင်းပြောကြားခဲ့တယ်လို့သိရပါတယ်။
စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်ဆိုင်းပေးထားသည့်ကာလအတွင်းမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ စဉ်ဆက်မပြတ် ဆွေးနွေးဆောင်ရွက်နိုင်ခဲ့တာကို တွေ့ရှိရတယ်လို့ ဒီနေ့ထုတ်ပြန် တဲ့ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိတယ်။
အပစ်ရပ်ထားချိန်အတွင်း ရှမ်းနဲ့ ကချင်ပြည်နယ်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ပွားမှုတွေ လျော့ကျလာခဲ့သလို KIA နဲ့ဆိုရင် တိုက်ပွဲတွေ မဖြစ်သလောက်နည်းပါးခဲ့တယ်လို့စောင်ကြည့်လေ့လာသူတွေကပြောပါတယ်။








