မြန်မာ့တပ်မတော် ပြည်သူချစ်အောင်နေဖို့ သူရဦးရွှေမန်းပြော

တပ်မတော်အနေနဲ့ ပြည်သူချစ်တဲ့တပ်မတော်ဖြစ်အောင်၊ ပြည်သူချစ်အောင်နေဖို့၊ ပြည်သူပါတဲ့ဖက်က စစ်နိုင်လိမ့်မယ်

ဓာတ်ပုံ ရင်းမြစ်, UBP

ဓာတ်ပုံ ပုံစာ, တပ်မတော်အနေနဲ့ ပြည်သူချစ်တဲ့တပ်မတော်ဖြစ်အောင်၊ ပြည်သူချစ်အောင်နေဖို့၊ ပြည်သူပါတဲ့ဘက်က စစ်နိုင်လိမ့်မယ်လို့ သူရဦးရွှေမန်းပြော

ဗိုလ်ချုပ်ကြီးဟောင်း၊ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှူးနေရာအထိ တပ်မတော်မှာ တာဝန်ထမ်းဆောင်ခဲ့သူ သူရဦးရွှေမန်းက တပ်မတော်အနေနဲ့ ပြည်သူချစ်တဲ့တပ်မတော်ဖြစ်အောင်၊ ပြည်သူချစ် အောင်နေဖို့နဲ့ ပြည်သူပါတဲ့ဘက်က စစ်နိုင်လိမ့်မယ်လို့ ဇွန်လ ၂၉ရက်နေ့မှာ ဘီဘီစီကိုပြောပါတယ်။

ရန်ကုန်မြို့ မြန်မာကွန်ဗင်းရှင်းစင်တာမှာ ပြုလုပ်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ UBP ရဲ့ တွေ့ဆုံပွဲမှာ တပ်မတော်အပေါ် UBP ပါတီရဲ့ သဘောထားကို ဘီဘီစီက မေးမြန်းတာကို ပြန်လည်ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရေးမှာ တပ်မတော်ရဲ့အခန်းကဏ္ဍနဲ့ ပတ်သက်ပြီးတော့လည်း နောက်ပိုင်း တပ်မတော် ဆက်လက်ပါဝင်သင့်မသင့်က နိုင်ငံရဲ့အခြေအနေနဲ့ လိုအပ်ချက်ပေါ်မှာပဲ မူတည်ပါတယ်လို့ ဘီဘီစီ ကိုပြောပါတယ်။

UBP ပါတီအနေနဲ့ တပ်မတော်ကို ပြည်သူချစ်တဲ့ တပ်မတော်ဖြစ်ဖို့ မျှော်မှန်းထားသလို့ အဲဒီအတွက်လည်း ပါတီက ဝိုင်းဝန်းလုပ်ဆောင်သွားမယ်လို့ ပါတီတည်ထောင်သူအဖွဲ့ထဲမှာပါတဲ့ ရွှေပြည်သာမြို့နယ်၊ ပြည်သူ့ လွှတ်တော်အမတ်ဟောင်း ဦးတင်မောင်ဦးကလည်း ဘီဘီစီကို ပြောပါတယ်။

"ပြည်သူချစ်တဲ့တပ်မတော်ဖြစ်အောင်၊ ပြည်သူချစ်အောင်နေ၊ စစ်ကိုနိုင်အောင် တိုက်၊ ပြည်သူပါတဲ့ဘက်က စစ်နိုင်လိမ့်မယ်ဆိုတဲ့ ဒီလိုအနေအထားမျိုးကိုပဲ မိမိအနေနဲ့ မျှော်မှန်းထားပြီး ဖြစ်စေလိုပါတယ်" လို့ သူရဦးရွှေမန်း ဆိုပါတယ်။

ဒါ့အပြင် UBP ပါတီကိုလည်း မိမိကိုယ်ပိုင်ငွေကြေးနဲ့ မိမိကိုယ်တိုင်ထူထောင်တာဖြစ်ပြီး ဘယ်သူ၊ ဘယ်ဝါရဲ့ ကျောထောက်နောက်ခံမှုနဲ့မှ တည်ထောင်ခဲ့တာမဟုတ်ဘူးလို့ ဆိုပါတယ်။

သူရဦးရွှေမန်းအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ် မပြိုင်ဘူးဆိုတဲ့အပေါ်ကိုတော့ သူ့အနေနဲ့ မဖြေကြားနိုင်သေးဘူးလို့ ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UBP

ဓာတ်ပုံ ပုံစာ, သူရဦးရွှေမန်းအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ် မပြိုင်ဘူးဆိုတဲ့အပေါ်ကိုတော့ သူ့အနေနဲ့ မဖြေကြားနိုင်သေးဘူးလို့ ပြောပါတယ်။

သူရဦးရွှေမန်းရဲ့ ပါတီက၊ တိုင်းရင်းသားတွေနဲ့ မဟာမိတ်ပြုလုပ်သွားမှာဖြစ်တဲ့အပြင်၊ တိုင်းရင်းသားလူမျိုး ၅၀ ရာခိုင်နှုန်းနဲ့အထက်ရှိနေတဲ့ ပြည်နယ်နဲ့တိုင်းတွေမှာ ရွေးကောက်ပွဲကို ဝင်မှာမဟုတ်ဘူး။ ဒါ့အပြင် သူရဦးရွှေမန်းအနေနဲ့ ၂၀၂၀ရွေးကောက်ပွဲမှာ ဝင်ပြိုင်မယ် မပြိုင်ဘူးဆိုတဲ့အပေါ်ကိုတော့ သူ့အနေနဲ့ မဖြေကြားနိုင်သေးဘူးလို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ်အထွေထွေရွေးကောက်ပွဲ ဖြူးမြို့နယ်၊ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာတော့ သူရဦးရွှေမန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားပြု ဝင်ပြိုင်တဲ့ လွှတ်တော်ကိုယ်စားလှယ်ကို အနိုင်မရရှိခဲ့ပါဘူး။

ပြည်ထောင်စုလွှတ်တော်နာယကအဖြစ် ဦးသိန်းစိန်အစိုးရ လက်ထက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ အချိန်ကတည်းက တိုင်းရင်းသားပါတီတွေနဲ့ ရင်းနှီးတဲ့ ထိတွေ့မှုရှိခဲ့တာကြောင့် တိုင်းရင်းသားပါတီတွေနဲ့ မဟာမိတ် အဖြစ်ပူးပေါင်းမှာလို့ သူရဦးရွှေမန်းကဆိုပါတယ်။

ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီက တိုင်းရင်းသားပါတီအားလုံးကို မဟာမိတ်အဖြစ်သတ်မှတ်ပြီးတော့၊ အာဏာရတဲ့ပါတီနဲ့ ဖြစ်စေ၊ အတိုက်အခံ ပါတီနဲ့ဖြစ်စေ၊ နိုင်ငံအတွက်သာရှေးရှုပြီးတော့ ပူးပေါင်းလုပ်မှာလို့ ဦးတင်မောင်ဦးက ဘီဘီစီကို ပြောပါတယ်။

ဇွန်လ ၂၀ရက်နေ့ကလည်း မန္တလေးမြို့မှာ UBP ပါတီရဲ့ တွေ့ဆုံပွဲကို ပထမဆုံးအကြိမ်ပြုလုပ်ခဲ့ပါတယ်။ အဲဒီ့နောက် ဒီကနေ ဇွန်လ ၂၉ရက်နေ့မှာ ရန်ကုန်မှာလုပ်တာဖြစ်ပါတယ်။

အခုချိန်ထိ မြန်မာနိုင်ငံရဲ့ မြို့နယ်အနှံ့အပြားမှာ ပါတီရဲ့ ရုံးတွေကိုဖွင့်လှစ်ထားခဲ့ပြီး၊ ပါတီဝင်အင်အားအနေနဲ့လည်း သိန်းချီရှိနေပြီလို့ ဦးတင်မောင် ဦးကပြောပါတယ်။

လက်ရှိတော့ နိုင်ငံရေးပါတီပေါင်း ၉၅ပါတီကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဥပဒေအရ ပါတီအဖြစ် ခွင့်ပြုသတ်မှတ်ပေးထားပါတယ်။

ဦးရွှေမန်းရဲ့ UBP ပါတီကလည်း ၂၀၁၉ခုနှစ် ဧပြီလမှာ တရားဝင်နိုင်ငံရေးပါတီအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ် ပေးခဲ့တာဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, သူရဦးရွှေမန်းပြောတဲ့ UBP ပါတီ၊ ပြည်ခိုင်ဖြိုး နဲ့ ဒေါ်အောင်ဆန်းစုကြည်