ဦးရွှေမန်း ပထမဆုံးပါတီရုံးခွဲ ဖွင့်

ဓာတ်ပုံ ရင်းမြစ်, UBP
ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီ ရုံးခန်းတွေကို ယခုရက် ပိုင်းဆက်တိုက် ဖွင့်ဖို့ရှိနေတယ်လို့ ပါတီတည်ထောင် သူတစ်ဦးဖြစ်တဲ့ ဦးဝင်းဦး ကဘီဘီစီကို ပြောပါတယ်။
ပဲခူးတိုင်းဒေသကြီးရုံးခန်း ကို ပဲခူးမြို့ ရှင်စောပုရပ်ကွက် ဟင်္သာလမ်းမှာ မေလ ၁၄ ရက်က ဖွင့်လှစ်ခဲ့ပြီး ဒါဟာ ပထမဆုံးဖွင့်လှစ်တဲ့ ရုံးခန်း လည်းဖြစ်ပါတယ် ။
ဇမ္ဗူသီရိ နဲ့ ဖြူး၊ သနပ်ပင်၊ အုတ်တွင်းတို့မှာတော့ ပါတီ၀င် အဆိုပြုလွှာတွေ လက်ခံခဲ့ပြီးတော့ ပဲခူးမှာ ရုံးခွဲဖွင့်လှစ်တာလည်း ဖြစ်ပါတယ် ။
သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီUBPကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ပါတီမှတ်ပုံတင် ခွင့်ပြုချက် ဧပြီလ ၂၅ရက်က ခွင့်ပြုခဲ့ပြီး ပါတီအလုပ်မှုဆောင်အဖွဲ့ဝင်များအဖြစ် စစ်ဘက်ဆိုင်ရာနှင့် အရပ်ဘက်က ပုဂ္ဂိုလ်တွေပါဝင်ဖွဲ့စည်းကြောင်း ပါတီကနေတစ်ဆင့်သိရပါတယ် ။

ဓာတ်ပုံ ရင်းမြစ်, UBP
ဘယ်နယ် တွေ အဓိကထားလဲ
UBPပါတီအနေနဲ့ တိုင်းဒေသကြီးတွေမှာ ရုံးခွဲတွေအမြန်ဆုံးဖွင့်နိုင်ဖို့ စီစဉ်နေကြတယ်လို့လည်း ဦးဝင်းဦး ကပြောပါတယ်။
ရန်ကုန်တိုင်းမှာလည်း အခုရက်ပိုင်း ရုံးခန်း ဖွင့်ဖို့လည်း စီစဉ်နေတယ်လို့လည်း သူကပြောပါတယ်။
UBPပါတီအနေနဲ့ အဓိက အားထားတဲ့ တိုင်းဒေသကြီးကတော့ သူရဦးရွှေမန်း စစ်တိုင်းမှူး အဖြစ် တာဝန် ယူခဲ့ ဖူးတဲ့ ဧရာဝတီတိုင်း ဒေသကြီးဖြစ်တယ်လို့ သူကရှင်းပြပါတယ် ။
ပြည်နယ်တွေကတော့ သက်ဆိုင်ရာ လူမျိုးစုတွေ တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ ဆွေးနွေးပြီးမှ ဘယ်လို လုပ်ကြမယ်ဆိုတာကို ဆုံးဖြတ်ဖို့ ရှိတယ်လို့ လည်း ဦးဝင်းဦး ကပြောပါတယ် ။
ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲတုန်းက သူရဦးရွှေမန်းဟာ ပဲခူးတိုင်း ဖြူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ NLDလွှတ်တော်ကိုယ်စားလှယ်လောင်းကို ရှုံးနိမ့်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UBP
ပြည်ထဲ ရေးဒုဝန်ကြီးဟောင်းကို ဒု ဥက္ကဋ္ဌ ခန့်
ပြည်ထောင်စုကောင်းကျိုးဆောင်ပါတီကို လတ်တလောမှာ အဖြစ် သူရဦးရွှေမန်းက ဥက္ကဋ္ဌတာဝန်ယူထားသလို၊ ဒု ဥက္ကဋ္ဌ အဖြစ် ပြည်ထဲရေး ဒုဝန်ကြီးဟောင်း ဦးဘုန်းဆွေက တာဝန်ယူထားတယ်လို့ ပါတီတည်ထောင် သူတွေထဲမှာပါဝင်သူတစ်ဦး ဖြစ်တဲ့ ဦးဝင်းဦး ကပြောပါတယ် ။
ပါတီအနေနဲ့ မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့နေ့ကစလို့ ရက်ပေါင်း၉၀အတွင်း ပါတီဝင်အင်အားတစ်ထောင်ကျော်စာရင်း ကော်မရှင်ကိုတင်ပြရမှာပါ။
လက်ရှိမှာ UBPပါတီကတော့ ပါတီ ဝင်အင်အား ထောင် သောင်းချီနေ ပြီလို့လည်း ပဲခူးပါတီ ရုံးခန်းဖွင့်ပွဲနေ့မှာ ဦးရွှေမန်းက ပြောခဲ့ပါတယ်။
ဦးဝင်းဦးကတော့ တနင်္သာရီတိုင်းတာဝန် ခံ အဖြစ်တာဝန်ယူထားပြီး ထားဝယ်၊ မြိတ်၊ ကော့သောင်းမြို့တွေမှာ ရုံးခန်းတွေ ဖွင့် ဖို့ လုပ်နေတယ်လို့လည်းသူကပြောပါတယ်။
အတွင်းရေးမှူးအပါဝင် ကျန်ရာထူးနေရာတွေအတွက်ကတော့ လတ်တလော ခန့်ထားတာမရှိသေးဘဲ တိုင်းဒေသကြီးတွေ မှာ စည်းရုံးရေးလုပ်ဖို့ တာဝန်ယူထားတာ့ရှိတယ်လို့လည်း ဦးဝင်းဦးက ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, UBP
ဦးရွှေမန်းပဲခူးမှာ ဘာပြောလဲ
ဦးရွှေမန်းဟာ NLD အစိုးရလက်ထက်မှာ ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလမှာ ကော်မရှင် သက်တမ်းမတိုးဖို့ ပြည်ထောင်စုလွှတ်တော်မှာ ဆုံးဖြတ်ခြင်းခံခဲ့ရပါတယ်။
"ကျွန်တော့်ရဲ့ ပိုင်ဆိုင်မှုတွေကို အချိန်မရွေး ကျွန်တော် ကြေညာနိုင်တယ်။ အဆင်သင့်လည်းရှိတယ်။ ကျွန်တော် ဖြတ်သန်းလာခဲ့တဲ့ ဘဝကိုလည်း အစမ်းသပ်ခံနိုင်တယ်။ အစစ်ဆေးခံနိုင်တယ်" လို့လည်းမေလ ၁၄ ရက်နေ့ ပဲခူးက ပါတီဖွင့်ပွဲနေ့ မှာ သူရဦးရွှေမန်းက ပြောကြားခဲ့တယ်လို့ ဒေသခံ သတင်းထောက်တွေက ပြောပါတယ်။
သူရဦးရွှေမန်းရဲ့ သားနှစ်ဦးဖြစ်တဲ့ ဦးအောင်သက်မန်းနှင့် ဦးတိုးနိုင်မန်းတို့ နှစ်ဦးမှာ ဦးအောင်သက်မန်းက ပြည်တွင်းမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်များစာရင်းမှာ ပါဝင်တဲ့ စီးပွားရေးလုပ်ငန်းရှင်ကြီး တစ်ဦးဖြစ်ပြီး ဦးတိုးနိုင်မန်းကတော့ နာမည်ကြီး လုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဇေကမ္ဘာဦးခင်ရွှေ၏ သမက်ဖြစ်ကာ ချမ်းသာကြွယ်ဝသူ ဖြစ်ပါတယ်။
လက်ရှိမှာတော့ UBPပါတီ ဥက္ကဌ သူရဦးရွှေမန်း အပါဝင် ပါတီဝင် တွေဟာ ပါတီ ရုံးခန်း ဖွင့်လှစ်ရေးနဲ့ ပါတီ စည်းရုံးရေးအတွက် ကိုယ်ပိုင်ငွေ ထည့်ဝင်ပြီး နိုင်သလောက်ဆောင် ရွက်နေတယ်လို့လည်း ဦးဝင်းဦးက ရှင်းပြပါတယ်။








