'ဝ'တပ်ဖွဲ့ အပေါ်တပ်မတော်ကသဘောထားထုတ်ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images
UWSA ခေါ် 'ဝ'တပ်ဖွဲ့ရဲ့ စစ်အင်အားပြမှုတွေ စင်ပြိုင်အစိုးရ၊ စင်ပြိုင် တပ်မတော်ပုံစံ ဆောင်ရွက်နေတာတွေကို တပ်မတော်က အစွမ်းကုန်သည်းခံနေတာဖြစ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဇွန်လ ၂ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောလိုက်ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေက မေးမြန်းတာကိုတပ်မတော်ဘက်က အခုလိုပြောလိုက်တာပါ ။
သတင်းထောက်တွေက 'ဝ' တပ်ဖွဲ့နှင့်ပတ်သက် လို့မေးမြန်းရာ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက "ကျနော်တို့အနေနဲ့ ၊တပ်မတော်ကငြိမ်းချမ်းရေးလိုချင်လို့တချို့ဟာ လေးတွေမှာ အစွမ်းကုန် သည်းခံနေတာ " ပါလို့ ပြောပါတယ်။
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့၊ ဒုတိယဉက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက" မြန်မာစကားမှာ ရှိတယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုရှိတာပေါ့ဗျာ" လို့ပြောသွားပါတယ်။

'ဝ' ငြိမ်းချမ်းရေးနှစ် ၃၀ပြည့် အခမ်းအနားကိုတော့ စစ်လက်နက်ပစ္စည်းတွေ၊ စစ်သည်၊ စစ်သမီး အင်အား အပြည့်အစုံနဲ့ စစ်ရေးပြအခမ်းအနားပါထည့်သွင်းပြီး ဧပြီလ ၁၇ရက်နေ့က သူတို့ရဲ့ဌာနချုပ် ပန်ဆန်းမှာ ကျင်းပခဲ့ပါတယ်။
အခုရရှိထားတဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက်ကနေ ရှေ့ကိုတက်လှမ်းပြီး ရေရှည်တည်တံ့ ခိုင်မြဲတဲ့ ထာဝရငြိမ်းချမ်းရေးကို တည်ဆောက်နိုင်တဲ့အထိလုပ်ဖို့ အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က 'ဝ' ပြည်ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့်အခမ်း အနားကို သဝဏ်လွှာပို့ တိုက်တွန်းခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က သဝဏ်လွှာပေးပို့အကြောင်းကြားသလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ရဲ့ အလုပ်သမား၊ အလုပ်အကိုင်နဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးသိန်းဆွေ၊ NRPC ဒုဥက္ကဋ္ဌ ဦးသိန်းဇော်အပြင် ဦးဇော်ဌေးတို့ပါတဲ့ အဖွဲ့က အခမ်းအနားကိုတက်ရောက်ခဲ့ကြပါတယ်။
တပ်မတော် ဘက်ကတော့ ဒီ အခမ်းနားကို တက်ရောက်ခဲ့ ခြင်းမရှိပါဘူး ။

အဲဒီအခမ်းအနားကို တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာ အထူး သံအမတ် မစ္စတာ ဆွန်းကော်ရှန် လည်းတက်ရောက်တာတွေ့ရပါတယ်။
လက်ရှိအချိန်ထိ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၂၀ကျော်မှာ KNU ကရင်အမျိုးသားအစည်းအရုံး အပါအဝင် ၁၀ ဖွဲ့ကသာလက်မှတ်ထိုးထားပြီး၊ လက်နက်ကိုင်တပ်တွေထဲမှာ အင်အားအကြီးဆုံးဖြစ်တဲ့ 'ဝ' ပြည် သွေးစည်းညီညွတ်ရေးပါတီအပါအဝင်အခြားလက်နက်ကိုင်အဖွဲ့တွေကတော့ လက်မှတ်မထိုးရသေးပါဘူး။
" 'ဝ'စစ်ရေးပြ အခမ်းအနားမှာ လက်နက်ကိုင်ဆောင်ပြီး စစ်ရေးပြခဲ့တာရှိပါတယ်။ ဒါကြောင့်မို့လို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ခြင်းအားဖြင့် ဝအနေနဲ့က စင်ပြိုင်အစိုးရ သဘောမျိုးစင်ပြိုင် တပ်မတော်ပုံစံမျိုး ဆောင်ရွက်တာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ဒီအခမ်းအနားကို တပ်မတော်အနေနဲ့ တက်ရောက်ခြင်းမရှိပါဘူး။ဒါသည် တပ်မတော်အနေနဲ့ အဆုံးစွန် သည်းခံထားတဲ့ အနေအထားဖြစ်တယ်လို့ ဖြေကြားချင်ပါတယ်" ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးကဇွန်လ ၂ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အခုလိုတပ်မတော်က ပြောကြားတာနဲ့ပတ်သက်လို့ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော်ရဲ့ လားရှိုးဆက်ဆံရေးတာဝန်ခံဦးညီရမ်းက" ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် ဟာ တပ်မတော်အပါဝင် အခြားလက်နက်ကိုင် အဖွဲ့တွေ အားလုံးကို မိတ်ဆွေလို သဘေားထားပါတယ်၊မည်သူကိုမှ ရန်လိုတဲ့ သဘော မရှိပါဘူး စစ်ရေးပြအခမ်းအနားကို အခြားသောလက်နက်ကိုင်အဖွဲ့တွေလဲ ပြုလုပ်လေ့ရှိတယ်"လို့ သူကပြန်လည် ပြောဆိုပါတယ်။








