UWSA ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနား နိုင်ငံအကြီးအကဲများကို ဖိတ်ကြားမယ်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀ ခေါင်းဆောင်များ

ဓာတ်ပုံ ရင်းမြစ်, Myanmar State Counsellor Office

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်နဲ့ ၀ ခေါင်းဆောင်များ

"ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ရဲ့ ငြိမ်းချမ်းရေး နှစ် ၃ဝ ပြည့် အခမ်းအနားကို နိုင်ငံတော်အဆင့် အကြီးအကဲတွေကိုပါ ဖိတ်ကြားဖို့ စီစဉ်ထားတယ်လို့ UWSA လားရှိုးမြို့ ဆက်ဆံရေးရုံး တာဝန်ခံ ဦးညီရန်းက ပြောပါတယ်။

ဧပြီလမှာ ကျင်းပဖို့ စီစဉ်နေတဲ့ ဒီအခမ်းအနားကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် အပါအဝင် အစိုးရ ထိပ်တန်းခေါင်းဆောင်တွေကိုပါ ဖိတ်ကြားဖို့ စီစဉ်ထားတယ်လို့ သူက ဆိုပါတယ်။

" နိုင်ငံအဆင့် အရေးကြီးပုဂ္ဂိုလ်တွေ ပါဝင်ဖို့ မျှော်လင့်တယ်။ "ဝ" ခေါင်းဆောင်တွေတောင် နေပြည်တော်၊ ရန်ကုန် သွားနိုင်သလို နိုင်ငံအကြီးအကဲတွေလည်း ပြည်နယ်ကို လက်တွေ့လာရောက် ကြည့်ရှုဖို့ လိုတယ်။ ယုံကြည်မှု များများ တည်ဆောက်ရပါမယ်" လို့ ဦးညီရန်းက ပြောပါတယ်။

"ဝ" ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် - UWSA ဌာနချုပ် တည်ရှိရာ ပန်ဆန်းမြို့မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားအတွက် စစ်ရေးပြ လေ့ကျင့်နေမှု ရုပ်သံဖိုင်ကိုလည်း ဦးညီရန်းရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ဖော်ပြထားရာမှာ စစ်ချီတက်နေကြတဲ့ စစ်သား၊ စစ်သမီးတွေ အပါအဝင် လေယာဉ်ပစ်အမြောက်တွေပါတဲ့ စစ်ဘက်ဆိုင်ရာ ယာဉ်တွေကိုလည်း တွေ့မြင်ရပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးတည်ဆောက်နေတဲ့ အခုလို ကာလမှာ စစ်ရေးပြလေ့ကျင့်တဲ့အခါမှာ လက်နက်ကြီးတချို့ ပြသတာကလည်း စစ်အင်အားတောင့်တင်းကြောင်းပြသလိုက်သလိုဖြစ်နေတယ်လို့ သုံး သပ်နေကြသူတွေလည်း ရှိပါတယ်။

"ဝ" စစ်ရေးပြအခမ်းအနားနဲ့ ပတ်သက်ပြီး တိုင်းရင်းသားလက်နက်ကိုင် အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး က အခုလို သုံးသပ်ပါတယ်။

" အပစ်အခတ် ရပ်စဲရေးနဲ့ တိုက်နေတော့ သို့လောသို့လော ထင်စရာတော့ ဖြစ်တာပေါ့။ ဒါပေမယ့် သူတို့ခေါင်းဆောင်တွေ လာတုန်းကလည်း အစိုးရခေါင်းဆောင်တွေ ဖိတ်ဖို့ သဘောထား ပြောခဲ့တာရှိတယ်။ NCA လက်မှတ် ထိုးရင်လည်း တက်မယ်ဆိုတဲ့ အသံတွေလည်း ကြားရတယ်။ ဒါတွေကိုကြည့်ရင် သက်သက်မဲ့ စစ်ရေး ခြိမ်းခြောက်တာ မဟုတ်ဘူးလို့ ထင်ပါတယ်" လို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်ပြီး "ဝ" တပ်ဖွဲ့ဘက်ကလည်း အခုလို ဆိုပါတယ်။

" ရှိနေတဲ့ လက်နက်တွေက ဘယ်သူကိုမှ ရန်စဖို့၊ ပြဿနာ ရှာဖို့၊ ပြည်တွင်းစစ် ဖန်တီးဖို့ လုပ်မှာ မဟုတ်ပါဘူး။ ရှိနေတဲ့ လက်နက်တွေဟာ ဒေသအတွင်း၊ ပြည်နယ်ကို ကာကွယ်ဖို့ အသုံးပြုမှာသာ ဖြစ်တယ်။ ဒီလက်နက် တော်တော် များများဟာ အရင်တုန်းက ဗကဗ (ဗမာပြည် ကွန်မြူနစ်ပါတီ) လက်ထက်က ကျန်ခဲ့တဲ့ ပစ္စည်းတွေကို ပြန်ပြုပြင်ထားတဲ့ လက်နက်တွေလို့လည်း သိထားပါတယ်" လို့ စစ်ရေးပြမှာ ပါဝင်ပြသတဲ့ စစ်လက်နက် ပစ္စည်းတွေနဲ့ ပတ်သတ်ပြီး ဦးညီရန်းက ပြောတာပါ။

ဒီအခမ်းအနားဟာ တပ်နဲ့ ပြည်သူ တရပ်လုံး ပါဝင်ပြသတဲ့ပွဲ ဖြစ်သလို ဒေသတွင်း တိုးတက်မှု၊ ပြုပြင်ပြောင်းလဲမှုတွေ အပါအဝင် ငြိမ်းချမ်းရေးကို တန်ဖိုးထားတယ်ဆိုတာကို ပြသချင်တဲ့ ရည်ရွယ်ချက်နဲ့ ကျင်းပတာ လို့လည်း သူက ဆိုပါတယ်။

၂၀၁၈ ဇူလိုင်လက နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ပင်လုံအစည်းအဝေး တက်ရောက်လာတဲ့ ၀ ခေါင်းဆောင်များ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ၂၀၁၈ ဇူလိုင်လက နေပြည်တော်မှာ ကျင်းပတဲ့ ၂၁ ပင်လုံအစည်းအဝေး တက်ရောက်လာတဲ့ ဝ ခေါင်းဆောင်များ

UWSA ရဲ့ ငြိမ်းချမ်းရေး နှစ် ၃၀ ပြည့် အခမ်းအနားကို လာမယ့် ဧပြီလ ၁၇ ရက်မှ စတင် ကျင်းပမှာ ဖြစ်ပေမယ့် ကြိုတင်ပြင်ဆင်မှု လုပ်နေတာ လွန်ခဲ့တဲ့ လေးလ ကတည်းက တနှစ် နီးပါးအကြာ ကြိုတင်ပြင်ဆင် နေတယ် လို့လည်း ဆိုပါတယ်။

စစ်ရေးပြ အခမ်းအနား အတွက်လည်း UWSA တပ်မဟာ ၁၀ ခု လုံးက တက်ရောက်ပြသဖို့ ပြင်ဆင်နေသလို ရပ်ရွာ၊ ခရိုင်နဲ့ ကျေးရွာများက အရပ်သားတွေနဲ့ ကျောင်းသားတွေကလည်း တိုင်းရင်းသားအလိုက် ရိုးရာယဉ်ကျေးမှု အကများ အပါအဝင် အားကစား ဖျော်ဖြေရေးတွေကိုပါ တင်ဆက်ပြသနိုင်ဖို့ လေ့ကျင့်နေကြတယ်လို့လည်း ဦးညီရန်းက ပြောပါတယ်။

UWSA ရဲ့ ငြိမ်းချမ်းရေး ၁၀ နှစ်ပြည့်၊ နှစ် ၂၀ ပြည့် အခမ်းအနားတွေကိုလည်း ခမ်းခမ်းနားနား ကျင်းပခဲ့တယ်လို့လည်း ဆိုပါတယ်။

"ဝ" ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် - UWSA ဟာ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်ခဲ့ပြီး ၁၉၈၉ ဧပြီ ၁၇ ရက်မှာ ပါတီ တည်ထောင်ခဲ့ပါတယ်။

အဲဒီနှစ်မှာပဲ အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး ဆွေးနွေးပြီး မေလ ၉ ရက်မှာ ငြိမ်းချမ်းရေးသဘောတူ စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

သမ္မတဟောင်း ဦးသိန်းစိန်အစိုးရ လက်ထက်မှာလည်း ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး သဘောတူ စာချုပ်များ ချုပ်ဆို ထားသော်လည်း NCA စာချုပ်မှာတော့ လက်မှတ် မရေးထိုးရသေးပါဘူး။