NGO/INGO ဝင်ငွေရလမ်းတွေကို စိစစ်ဖို့ အစိုးရ စီစဉ်နေ

နိုင်ငံတော် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး

ဓာတ်ပုံ ရင်းမြစ်, Zaw Htay

ဓာတ်ပုံ ပုံစာ, နိုင်ငံတော် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး

မြန်မာနိုင်ငံထဲမှာ အလုပ်လုပ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အထောက်အပံ့နဲ့ ရပ်တည်နေတဲ့ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်း ( NGO/ INGO) တွေရဲ့ ဝင်ငွေရလမ်းတွေကို စိစစ်ဖို့ အစိုးရက ဆောင်ရွက်နေတာ ရှိတယ်လို့ နိုင်ငံတော် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

NLD အစိုးရ တာဝန်ယူတဲ့ အချိန်ကစပြီး NGO/ INGO တွေရဲ့ ဝင်ငွေရလမ်းကို စိစစ်ဖို့အတွက် စဉ်းစားခဲ့ပြီး အစည်းအဝေးတွေ ပြုလုပ်ခဲ့တယ်လို့ ဒီဇင်ဘာ ၇ ရက် နေပြည်တော် သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံတော် သမ္မတရုံးရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောဆိုခဲ့တာပါ။

အခုလို ဝင်ငွေရလမ်း စိစစ်ဖို့ လုပ်ဆောင်ရတာနဲ့ ပတ်သက်လို့ ဦးဇော်ဌေးက " ဥပမာ - မြန်မာနိုင်ငံမှာ မှတ်ပုံတင်မထားဘူး ထိုင်းမှာ မှတ်ပုံတင်ထားတယ်။ အဲလိုလူတွေကို လစာပေးရင် အခွန်က ဘယ်သူ့ကို ဆောင်လဲဆို ထိုင်းအစိုးရကိုပဲ ဆောင်တယ်။ လုပ်တာက မြန်မာနိုင်ငံမှာ တာဝန်ခံလုပ်တာ၊ မြန်မာအစိုးရကို အခွန်မဆောင်ဘူး၊ နစ်နာတာတွေတော့ အများကြီး၊ ဒါမျိုးတွေကို အကောင်းဆုံး ထိန်းကျောင်းဖို့ အစိုးရက စိစစ်ဆောင်ရွက်တာတွေ ရှိပါတယ်" လို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေအရ နိုင်ငံတကာနဲ့ ပြည်တွင်းက အဖွဲ့အစည်းတွေ အကူအညီနဲ့ ရပ်တည်နေတဲ့ NGO တွေ အနေနဲ့ နိုင်ငံတော် အစိုးရကဆီက တရားဝင် ခွင့်ပြုချက် မရရှိသေးဘဲ အလုပ်လုပ်လို့ ရပါတယ်။

တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်းတွေ ကတော့ သူတို့ရဲ့ ဝင်ငွေရလမ်းနဲ့ ငွေစာရင်းရှင်းတမ်းကို နှစ်စဉ် အစီရင်ခံစာ တင်ပြရတယ်လို့ သိရပါတယ်။

မြန်မာအစိုးရနဲ့ MOU ( နှစ်ဖက်နားလည်မှု စာချွန်လွှာ) ထိုးထားတဲ့ NGO တွေရဲ့ ဝင်ငွေရလမ်းကို စီစစ်လို့ ရနိုင်ပေမယ့် MOU မထိုးထားတဲ့ NGO အဖွဲတွေ၊ မှတ်ပုံမတင်ထားတဲ့ အဖွဲ့တွေရဲ့ ဝင်ငွေရလမ်းနဲ့ ဘာတွေ လုပ်ဆောင်နေလဲ အပေါ်မှာတော့ စီစဉ်လို့ မရဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ သမ္မတဦးသိန်းစိန် အစိုးရ လက်ထက်က စတင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ ထောက်ပံတဲ့ ငွေကြေးနဲ့ အဖွဲ့အစည်းတွေ အများအပြား ပေါ်ပေါက်လာခဲ့ပါတယ်။

တချို့NGO အဖွဲ့အစည်းတွေဟာ တရားဝင် မှတ်ပုံတင်ပြီး လုပ်ဆောင်တာ ရှိသလို၊ NGO အများစုကတော့ မှတ်ပုံတင်ထားတာ မရှိတဲ့အတွက် သူတို့ရဲ့ ငွေစာရင်း ရှင်းတမ်းတွေကို အစိုးရကို တင်ပြဖို့ မလိုတာကိုလည်း တွေ့ရပါတယ်။