အာရုံစိုက်မှုရအောင် တိရစ္ဆာန်ထွက်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးမယ်

ဓာတ်ပုံ ရင်းမြစ်, AFP
ဆင်စွယ် အပါအဝင် တောရိုင်း တိရစ္ဆာန်ထွက် ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်မှုများနေတာကို သတိပြုမိဖို့နဲ့ ဝိုင်းဝန်းတားဆီး ပိတ်ပင်ဖို့ ရည်ရွယ်ပြီး ဖမ်းဆီးရမိထားတာတွေကို မီးရှို့ဖျက်ဆီးမယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောပါတယ်။
" ကမ္ဘာမှာလည်း ရောင်းဝယ်ခွင့်တွေ ပိတ်ထားပါလျက်နဲ့ ဈေးကွက်မှာ ဝယ်ယူမှုတွေ ရှိနေတယ်။ အခုဆို ဆင်စွယ် သာမက ဆင်သားရေကို အခြောက်ခံ ရောင်းတာ၊ ဆင်ထွက်ပစ္စည်းတွေကိုပါ အရောင်းအဝယ် ဖြစ်နေလို့ ဆင်တွေ နေ့စဉ် အသတ်ခံနေရတယ်။ မနှစ်က စာရင်းတွေအရဆို မြန်မာနိုင်ငံမှာ တပတ်ကို ဆင်တကောင် အသတ်ခံရနှုန်း ဖြစ်နေတယ်" လို့ သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန သဘာဝပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနရဲ့ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောပါတယ်။
ဖမ်းဆီးရမိတဲ့ ဆင်စွယ်၊ ဆင်အစိတ်အပိုင်းနဲ့ တောရိုင်းတိရစ္ဆာန် အစိတ်အပိုင်းတွေကို သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာနက အောက်တိုဘာ ၄ ရက် နေပြည်တော်မှာ ပထမဦးဆုံးအကြိမ် မီးရှို့ဖျက်ဆီးတဲ့ အခမ်းအနား ပြုလုပ်မယ်လို့ ထုတ်ပြန် ကြေညာထားပါတယ်။
ဒီလိုမီးရှို့ဖျက်ဆီးမယ် ဆိုတဲ့အပေါ် လူမှုကွန်ရက် သုံးစွဲသူတွေအကြား ဝေဖန်ပြောဆိုမှုတွေလည်း ရှိနေပါတယ်။
ဆင်စွယ်တွေကို မီးရှို့ပစ်မယ့်အစား နိုင်ငံ့ဘဏ္ဍာအဖြစ် သိမ်းဆည်းဖို့၊ ပြည်သူတွေ လေ့လာနိုင်အောင် ပြတိုက်ဖို့နဲ့ ဆင်ထွက် ပစ္စည်းတွေက မူးယစ်ဆေးမဟုတ်လို့ မီးရှို့ဖျက်ဆီးတာက ဒီပြသနာရဲ့ အဖြေမဟုတ်ဘူးဆိုပြီး ဝေဖန် ရေးသားပြောဆို နေကြတာပါ။
"နှမြောလို့ သုံးမယ်၊ ရောင်းဝယ်မယ်ဆို ဈေးကွက်တွေ ပိုဖြစ်မယ်။ ဒီလို မီးရှို့ပြလိုက်တဲ့အခါ လူတွေ ပိုသတိထားလာမယ်။ ဒါတွေကို သုံးတာက ကောင်းတယ်၊ မကောင်းတယ် ဆိုတာကို ပိုဆုံးဖြတ် နိုင်လာမယ် " လို့ ညွှန်ကြားရေးမှူး ဦးဝင်းနိုင်သော်က ပြောပါတယ်။
ကမ္ဘာ့ပေါ်က နိုင်ငံတော်တော်များများမှာလည်း မီးရှို့ကြိတ်ခွဲ ဖျက်ဆီးတဲ့ နည်းလမ်းသာ လုပ်ဆောင်ကြပြီး အမေရိကန် နိုင်ငံမှာလည်း နယူးယောက်တိုင်းစကွဲမှာ ဖျက်ဆီးတာ ရှိတယ်လို့ သူက ဆိုပါတယ်။
မီးရှို့ဖျက်ဆီးမယ့် ပမာဏက ဆင်စွယ်နဲ့ ဆင်အစိတ်အပိုင်း ၂၈၂ ချောင်း၊ တိရစ္ဆာန်အရိုးမျိုးစုံ ၂၂၂ ချောင်း၊ တိရစ္ဆာန် သားရေမျိုးစုံ ၄၅ ချပ်၊ တိရစ္ဆာန် ဦးချိုမျိုးစုံ ၁၅၄၄ ချောင်း၊ သင်းခွေချပ်အကြေးခွံ ၄၅.၅ ကီလိုဂရမ်၊ အခြားတောရိုင်း တိရစ္ဆာန်အစိတ်အပိုင်း ၁၂၈ ခု ပါဝင်တယ်လို့ ဦးဝင်းနိုင်သော်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ROMEO GACAD
တောရိုင်း တိရစ္ဆာန်ထွက်ပစ္စည်းတွေ တရားမဝင် ရောင်းဝယ်နေတာတွေကို အပြီးသတ် တိုက်ဖျက်မယ်လို့ ခရိုင်နဲ့ မြို့နယ်အသီးသီးမှာ သတိပေး ထုတ်ပြန်ကြေညာ ထားပါတယ်။ ရောင်းဝယ်နေတာကို တွေ့ရှိရင် ဇီဝမျိုးစုံ မျိုးကွဲနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနယ်မြေများ ကာကွယ် စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေအရ ထောင်ဒဏ် အပြစ်ပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ တောဆင်ရိုင်း သတ်ဖြတ်ခံရမှုဟာ ၃ နှစ်အတွင်း မြင့်တက်လာပြီး၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းဒေသကြီးတွေမှာ ဆင်တွေ သတ်ဖြတ်ခံရမှု အများဆုံး ဖြစ်ပေါ်နေတယ်လို့ သဘာ၀ ပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ပြောပါတယ်။
ဒါ့အပြင် ဆင်စွယ်၊ ဆင်သားရေ၊ ဆင်အရိုး စတာတွေကို အိမ်နီးချင်း နိုင်ငံတွေက တရားမဝင် ဝယ်ယူ အသုံးပြုနေလို့ ဝယ်လိုအားမြင်ပြီး တောဆင်ရိုင်းတွေ သတ်ဖြတ်ခံရမှု ပိုဆိုးရွား လာတယ်လို့ သဘာ၀ ပတ်ဝန်းကျင်နဲ့ သားငှက်တိရစ္ဆာန်ထိန်းသိမ်းရေးဌာနက ပြောပါတယ်။
အလားတူပဲ ရန်ကုန်မြို့ကို အရှေ့တောင်အာရှ ဒေသအတွင်း တောရိုင်းတိရစ္ဆာန် တရားမဝင် ကုန်သွယ်မှုကင်းမဲ့တဲ့ ပထမဆုံးမြို့တော် ဖြစ်လာဖို့ ရည်ရွယ်ဆောင်ရွက်နေတယ်လို့လည်း သယံဇာတနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနက ပြောပါတယ်။








