ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကုန်ဈေးနှုန်း ပြဿနာ ဘယ်လိုကိုင်တွယ်နိုင်မလဲ
အမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ မြန်မာကျပ်ငွေဈေး ထိုးကျသွားခဲ့ပြီးတဲ့နောက် နောက်ဆက်တွဲ အနေနဲ့ လောင်စာဆီဈေးနဲ့ စားသောက်ကုန်ဈေးနှုန်း တချို့ပါ တက်လာ ခဲ့ပါတယ်။
ဒီလို ငွေတန်ဖိုး ကျဆင်းသွားပြီး ကုန်ဈေးနှုန်း ကြီးမြင့်တဲ့ ဒဏ်ဟာ အများပြည်သူတွေရဲ့ နေ့စဉ်ဘ၀တွေအပေါ် ဘယ်လောက်ထိ ဖိစီး နေပါသလဲ။
ဒီအခြေအနေအပေါ် လူတွေရဲ့ စိုးရိမ်မှု ဘယ်လောက်ရှိနေပါလဲ။ တာဝန်ရှိသူတွေ ဘက်ကရော ဒီအခက်အခဲကို ဘယ်လိုတွေ တာဝန်ယူ လုပ်ဆောင် ပေးသင့်လဲ စတာတွေကို ဩဂုတ်လ ၂၅ ရက်၊ စနေည ဘီဘီစီမြန်မာပိုင်းရဲ့ လွတ်လပ်အတွေး ဆွေးနွေးဖလှယ် အစီအစဉ်မှာ ဆွေးနွေးခဲ့ကြပါတယ်။
မပိုးဥဆိုတဲ့ ရန်ကုန်၊ လှိုင်သာယာ စက်မှုဇုန်ထဲက စက်ရုံအလုပ်သမား မိန်းမပျို တစ်ယောက် ဆွေးနွေးတဲ့ အထဲ တစ်နေ့ လုပ်ခ ၄၈ဝဝ ကျပ်လည်း ဖြစ်ရော တိုးလာတဲ့ လုပ်စာနဲ့ မမျှဘဲ ဆန်၊ ဆီ၊ ဆား၊ မီးသွေးကအစ နောက်ကနေ ဈေးလိုက်တက်သလို အဆောင်ခလည်းတိုးနဲ့ မမျှအောင် ဖြစ်နေတယ်လို့ ပြောသွားပါတယ်။
တစ်ပြည်ကို တစ်ထောင့်သုံးရာ ပေးပြီး စားနေတဲ့ ဆန်က တစ်ထောင့်ငါးရာဖြစ်၊ မီးသွေး တစ်ပိဿာ ၆ဝဝ ကနေ ၈ဝဝ ဖြစ်၊ ကန်စွန်းရွက်တစ်စည်း တစ်ရာကနေ နှစ်ရာ့ငါးဆယ်ပေး ဝယ်စားနေရတယ်လို့ မပိုးဥက ဆိုပါတယ်။
အိုတီလို့ စက်ရုံအသိုင်းအဝိုင်းမှာခေါ်ကြတဲ့ အချိန်ပို ဆင်းရတာမျိုးလည်း အခုနောက်ပိုင်းမှာ အလုပ်ရှင်တွေက မခိုင်းတော့တဲ့ အတွက် ဝင်ငွေ တိုးဖို့ဆိုတာလည်း မမျှော်လင့်နိုင်ဘူးလို့လည်း ရင်ဖွင့်သွားပါတယ်။
ဒါ့ကြောင့် စက်ရုံလုပ်သားတွေ အနေနဲ့ ရန်ကုန်မှာ နေစရိတ်၊ စားစရိတ်နဲ့ပဲ လခက ကုန်သလောက် ဖြစ်နေလို့ ကိုယ့်နယ်ကအိမ်ကို ပိုက်ဆံပြန်ပို့ဖို့ မဖြစ်နိုင်သလောက်ပဲလို့ မပိုးဥက ပြောပါတယ်။
လေးမျက်နှာမြို့ပေါ် မူလတန်းကျောင်းက ကျောင်းအုပ် ဦးမင်းမင်းထွဋ်လည်း ပါဝင်ဆွေးနွေးခဲ့တာမှာ လခ နှစ်သိန်း ခြောက်ထောင်၊ မိသားစုက အမေ၊ အမျိုးသမီး၊ သားသမီး အပါအဝင် စုစုပေါင်း ၅ ယောက်၊ တစ်နေ့ကို အင်မတန် ခြိုးခြိုးခြံခြံ သုံးတာတောင် ဈေးဖိုး ငါးထောင် ကုန်တယ်လို့ ဆိုပါတယ်။
ဆန်အကြမ်းပဲ စားနိုင်ပြီး အဲဒီ အကောင်းစား မဟုတ်တဲ့ ဆန်တောင်မှ တစ်အိတ်ကို နှစ်သောင်း ခုနှစ်ထောင်ကနေ ခုလ သုံးသောင်းဖြစ်သွားတယ်လို့ ဦးမင်းမင်းထွဋ်က ပြောပါတယ်။
အစိုးရ ဝန်ထမ်း အခြေခံပညာရေး ဌာနက ကျောင်းဆရာတွေမှာ လစာကလွဲပြီး ဆန်ခွဲတမ်း ရတာလိုမျိုး တနယ်တကျေး သွားရင် ဝန်ထမ်း အိမ်ရာရတာလိုမျိုး သက်သာ ချောင်ချိရေး အစီအစဉ်တွေ လုံလုံလောက် ရှိမနေဘူးလို့ ဦးမင်းမင်းထွဋ်က ဆိုပါတယ်။
ဘီဘီစီစကားဝိုင်းထဲမှာ လွှတ်တော်ထဲ ကုန်ဈေးနှုန်းတက်နေတာ အစိုးရက ဘယ်လို ထိန်းမလဲဆိုတဲ့ မေးခွန်းထုတ်ခဲ့ဖူးတဲ့ ပန်းတောင်းက လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်လည်း ရှိနေခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂ နှစ် အစိုးရသစ် တက်ကာစ အဲဒီလို ကြယ်ပွင့်ပြ မေးခွန်းထုတ်တဲ့အခါ စီးပွားကူးသန်း ဝန်ကြီး လာရောက် ဖြေဆိုခဲ့ပေမယ့် အစိုးရက ဘယ်လို ထိန်းမလဲဆိုတဲ့ အမေးကို တိုက်ရိုက် ဖြေတာမျိုး မဟုတ်ဘဲ အဲဒီ အချိန်ကလည်း ဒေါ်လာဈေးတက်၊ ငွေကြေးဖောင်းပွတာတွေကြောင့် တက်ရတာ ဆိုတာမျိုးပဲ ပြောသွားခဲ့တယ်လို့ ဒေါ်ခင်နှင်းသစ်က ပြန်ပြောင်း ပြောပါတယ်။
အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ယောက်လည်းဖြစ် ဘောဂဗေဒ ဘာသာရပ်မှာ နှံ့စပ်သူလည်း ဖြစ်တဲ့ ဦးသန်းစိုး-ဘောဂဗေဒကတော့ အခု ကုန်ဈေးနှုန်းတက်ရတဲ့ အကြောင်းဟာ ဒေါ်လာဈေးတက်တာရော ရေကြီးတာနဲ့ပါ အကြောင်း နှစ်မျိုး တိုက်ဆိုင်နေတယ်လို့ ဆိုပါတယ်။
ရေကြီးတဲ့ နေရာတွေကို ဆန်တွေပို့ပြီး ကယ်ဆယ်ရေး လုပ်ဆောင် နေရတာကလည်း ဆန်ဈေးတက်ရတဲ့ အကြောင်း ဖြစ်သလို၊ ဒေါ်လာဈေးနောက် လောင်စာဆီ ဈေးပါ လိုက်တက်တဲ့ အခါတွေမှာတော့ ကျန်တဲ့ ကုန်ပစ္စည်းဈေးတွေပါ တက်ကုန်ကြတာ ဖြစ်တယ်လို့ ဦးသန်းစိုးက ပြောပါတယ်။
ပြည်ပကတင်သွင်းနေတဲ့ ကုန်စည်ပစ္စည်း အမျိုးအစား တချို့ကို ထိန်းချုပ်တာမျိုးလို ပြည်တွင်းက ဒေါ်လာတွေ အပြင်ထွက်မသွားအောင် ကုန်သွယ်ရေး တချို့နေရာတွေမှာ ထိန်းဖို့ အစိုးရ ကြိုးစားနေတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် ရေရှည်အတွက် ဆိုရင်တော့ အထူးစီးပွားရေးဇုန်တွေ အဖြစ် အစိုးရက သတ်မှတ် အကောင်အထည်ဖော်နေတဲ့ နေရာတွေမှာ ရင်းနှီး မြှုပ်နှံသူတွေ ယုံယုံကြည်ကြည် ဝင်လာဖို့လိုတယ်လို့ ဦးသန်းစိုးက ပြောပါတယ်။
ကုန်ဈေးနှုန်းတက်တာ ထိန်းနိုင်ဖို့ ကျပ်ငွေတန်ဖိုး ထိုးမကျအောင် ဘယ်လို ထိန်းသင့်သလဲ ဆိုတာကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီရဲ့ ဗဟို စီးပွားရေးကော်မတီဝင် တစ်ယောက် ဖြစ်တဲ့ ဦးရဲမင်းဦး ပြောတာကတော့ "တကမ္ဘာလုံးမှာ ဒေါ်လာဈေးတက်နေတာ ဖြစ်လို့ ကိုယ့်တစ်နိုင်တည်းကနေ ဒေါ်လာဈေး ဆွဲချဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံနဲ့ စီးပွားရေး သိပ်မကွာတဲ့ နိုင်ငံတွေမှာ တက်တဲ့နှုန်း ၄ ရာခိုင်နှုန်းထက်မက မြန်မာနိုင်ငံထဲ ဒေါ်လာဈေးတက်သွားတာဟာ ၁၃ ရာခိုင်နှုန်းလောက် ရှိတဲ့အတွက် ဒါကိုတော့ ထိမ်းချုပ်ဖို့လိုတယ်၊ ဘယ်လောက် အတက်အကျတွေ ဖြစ်နေသလဲ ဘယ်လို ထိန်းဖို့ လုပ်နေသလဲ ဆိုတာတွေကို အစိုးရက အများပြည်သူကို တိတိကျကျ ကြေညာ ပေးမယ်ဆိုရင် ကောလာဟလတွေကို တစ်ဘက်ကထိန်းနိုင်မှာ ဖြစ်သလို၊ ကုန်ပစ္စည်း ဈေးတင်ရောင်းမှုတွေလည်း လျော့သွားနိုင်တယ်လို့" ဦးရဲမင်းဦးက ဆိုပါတယ်။
သောတရှင်တွေ အနေနဲ့ ကုန်ဈေးနှုန်း အကြောင်း ဆက်လက် ဆွေးနွေးချင်ကြရင် ဘီဘီစီမြန်မာပိုင်း ဖေ့စ်ဘွတ်ခ်စာမျက်နှာ ကနေတဆင့် မက်ဆေ့ချ်တွေ ပေးပို့နိုင်သလို [email protected] ကို ဖြစ်စေ၊ [email protected] ကို ဖြစ်စေ အီးမေးလ်တွေ ပေးပို့ နိုင်ကြပါတယ်။ #ဘီဘီစီမြန်မာပိုင်း #လွတ်လပ်အတွေး