အမှိုက်ပုံမီးခိုးငွေ့ကြောင့် ရင်ကျပ်အခံရှိသူတဦးသေဆုံး

လောင်ကျွမ်းနေဆဲ ထိန်ပင်အမှိုက်ပုံ
ဓာတ်ပုံ ပုံစာ, လောင်ကျွမ်းနေဆဲ ထိန်ပင်အမှိုက်ပုံ

ထိန်ပင်အမှိုက်ပုံမီးလောင်ပြင်က ထွက်လာတဲ့မီးခိုးငွေ့တွေကြောင့် ဧပြီ ၂၄ ရက် ၂နာရီ ဝန်းကျင်က လှိုင်သာယာမြို့နယ် ၂၀ ရပ်ကွက်မှာနေထိုင်တဲ့ နဂို ရင်ကျပ်ရောဂါအခံရှိသူ အသက် ၆ဝ အရွယ် အမျိုးသမီး တဦး သေဆုံးခဲ့တယ်လို့ ၂ဝ ရပ်ကွက် အုပ်ချုပ် ရေးမှူး ဦးဇော်ဦးက ဘီဘီစီကိုပြောပါတယ်။

၂၅ ရက် မနက်အထိ အသက်ရှူကျပ် မူးလဲသူ ၂၀ ကျော်ထဲက ၅ ဦးကတော့ မသက်သာ သေးတဲ့ အတွက် လှိုင်သာယာမြို့နယ်ဆေးရုံကို တက်ရောက်ကုသနေရတယ် လို့လည်းသိရပါတယ်။

'' မနေ့ညကတော့ မူးလဲတဲ့သူ ၁၉ ယောက်ရှိပြီး ဒီနေ့မနက်မှာလည်း ၅ ယောက်ရှိတယ် မူးလဲတာ။ အခုက ညဘက်တင် မဟုတ်ဘူး အခုနေ့ခင်းမှာကို မီးခိုးငွေ့တွေက လာနေတယ်။ အသက်ရှူကျပ်ရင် ဆေးရုံ ချက်ချင်းလာဖို့ မပေါ့ဆဖို့ ကျွန်တော်တို့ အုပ်ချုပ်ရေးမှူးတွေကတဆင့်တော့ ရပ်ကွက်တွေကို ပြန်အသိပေးတာတွေ လုပ်နေတယ်။ mask တွေ လိုက်ဝေတာတွေလည်းရှိနေပါတယ်'' လို့ ၂ဝ ရပ်ကွက်ရဲ့ အုပ်ချုပ်ရေးမှူးဦးဇော်ဦးက လက်ရှိအခြေနေနဲ့ ပတ်သက်ပြီး နေ့လည် ၃နာရီခွဲဝန်းကျင်က ဘီဘီစီရဲ့ ဆက်သွယ်မေးမြန်းမှုကိုပြန်လည်ဖြေကြားခဲ့ပါတယ်။

ဧပြီ ၂၁ ရက်ကတည်းက လောင်ကျွမ်းခဲ့တဲ့မီးကြောင့် ဧပြီ ၂၄ ရက်အထိ မူးမေ့လဲသူ ၃၀ ကျော်ရှိခဲ့ပြီး ဆေးရုံတက်ကုသနေရသူ ၁၃ဦးအထိရှိနေတာပါ။

'' အခြေနေဆိုးလာတဲ့အတွက် လေကြောင်းသင့်လို့ မီးခိုးဒဏ် အဆိုးဆုံးခံရတဲ့ရပ်ကွက်တွေကို ရောဂါအခံ ရှိသူတွေ၊ ကိုယ်ဝန်သည်တွေ စတဲ့ ထိခိုက်မှုဒဏ်ကို အဆိုးဆုံးခံရနိုင်တဲ့သူတွေကို စာရင်းအမြန်ဆုံး ကောက်ခိုင်းနေပါတယ်။

ဒီစာရင်းတွေရရင် သူတို့ကို အဲ့ဒီနေရာကနေ သက်သာတဲ့နေရာတွေမှာ ကယ်ဆယ် ရေး စခန်းတွေဖွင့်ပြီး ပြောင်းရွှေ့ပေးဖို့ စီစဉ်နေပါတယ်။ လတ်တလောမှာလည်း အသက်ရှူကျပ်တဲ့သူတွေ ကို အောက်ဆီဂျင် တွေပေးပြီး ကုသတာတွေ၊ မသက်သာတဲ့သူတွေကို အရေးပေါ်ကားတွေနဲ့ဆေးရုံကို ပို့ပြီး ကုသနိုင်ဖို့ အဆင် သင့်စီစဉ်ဆောင်ရွက်ပေးထား ပါတယ်'' လို့ လှိုင်သာယာမြို့နယ် တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးမြတ်မင်းသူက ဘီဘီစီကို ပြောပါတယ်။

ထိန်ပင်အမှိုက်ပုံ မီးလောင်ပြင်ကနေထွက်ရှိလာတဲ့မီးခိုးညှော်နံ့တွေကို ဧပြီ ၂၅ရက် ညနေမှာတော့ လှိုင်သာယာ မြို့ကတင်မကဘဲ မြို့တွင်းမြို့နယ်တွေထိပါ ခံစားလာရတာ ဖြစ်ပါတယ်။

မီးလောင်ပြင်ကထွက်ရှိတဲ့မီးခိုးတွေကြောင့် ပတ်ဝန်းကျင်တဝိုက် လေထုညစ်ညမ်းမှုအခြေနေကို အန်ဂျီအို အဖွဲ့အစည်း တခုဖြစ်တဲ့ စိမ်းလန်းအမိမြေအသင်းက သွားရောက်တိုင်းတာခဲ့ပြီး ထွက်လာတဲ့ ရလဒ်တွေအရ လေထုညစ်ညမ်းမှု အခြေနေဟာဆိုးရွားနေတယ် လို့လည်း ပြောဆိုထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနဲ့ သန့်ရှင်းရေးဌာန ကလည်း လေထုတိုင်းတာတာတွေကိုလုပ်ဆောင်နေပါတယ်။အဲ့ဒီ့အခြေအနေကို ဒီကနေ့ နေ့လယ်က ဒုတိယဌာနမှူးဖြစ်သူ ဒေါက်တာအောင်မြင့်မော်ကို ဘီဘီစီကဆက်သွယ်မေးမြန်းတဲ့အခါမှာတော့ နောက် နှစ်ရက်မှသာ အဖြေကို သိရမှာဖြစ်ပြီး အဲ့ဒီအချိန်မှသာ ထုတ်ပြန်ပေးသွားမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါ တယ်။