အမေရိကန်မှာ အစိုးရဌာနလုပ်ငန်းတွေ ရပ်ဆိုင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
အမေရိကန်အစိုးရဟာ ပြည်ထောင်စု အစိုးရအတွက် အထူး အသုံးစရိတ် ရန်ပုံငွေ ဥပဒေတရပ်ကို အထက်လွှတ်တော်မှာ အတည်မပြုနိုင်ခဲ့တဲ့အတွက် ဌာနတချို့ရဲ့ လုပ်ငန်းလည်ပတ်မှုတွေကို ရပ်ဆိုင်းထားလိုက်ရပါတယ်။
လာမယ့် ဖေဖော်ဝါရီလ ၁၆ ရက် အထိ အစိုးရဌာနတွေ လည်ပတ်ဖို့ အထူးရန်ပုံငွေ ဥပဒေအတွက် မဲခွဲရာမှာ နယ်စပ် လုံခြုံရေးနဲ့ လူဝင်မှု ကြီးကြပ်ရေး ကိစ္စတွေမှာ အငြင်းအခုံတွေ ရှိတဲ့အတွက် လိုအပ်တဲ့ ထောက်ခံမဲ ၆၀ မရခဲ့တဲ့လို့ အခုလို ဖြစ်ခဲ့တာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီမိုကရက်တစ်အမတ် ချပ်က် ရှူးမားက တခြား ဒီမိုကရက်တစ် အမတ်တချို့သာမက ရီပတ်ဘလီကန် အမတ် တချို့ကိုပါ စည်းရုံးပြီး ဒီဥပဒေကို ဆန့်ကျင်နိုင်ခဲ့တဲ့အတွက် ရှူးမားရဲ့ အစိုးရပိတ်သိမ်းမှုလို့ ရီပတ်ဘလီကန်တွေဘက်က ဝေဖန်ခဲ့ပါတယ်။
ဒီမိုကရက်တွေဟာ နိုင်ငံသားအရေးထက် နိုင်ငံရေး ကစားဖို့ လုပ်နေတယ်လို့ အမေရိကန် သမ္မတ ထရမ့်က ဝေဖန်နေပေမယ့် မစ္စတာ ရှူးမားကတော့ မစ္စတာ ထရမ့်ဟာ ပါတီနှစ်ရပ် ညှိနှိုင်း သဘောတူထားတာကို ငြင်းပယ်ခဲ့ပြီး ကိုယ့်ပါတီဝင်တွေကို ဖိအားပေးတာလည်း မလုပ်ခဲ့ဘူးလို့ တုံ့ပြန်ထားပါတယ်။
ဒါဟာ ကွန်ဂရက်နဲ့ အိမ်ဖြူတော်ကို ပါတီတခုတည်းက နေရာ အသာစီးယူထားတဲ့ကြားက ပထမဆုံးဖြစ်ခဲ့တဲ့ အစိုးရ လုပ်ငန်းရပ်ဆိုင်းမှုလည်း ဖြစ်ပါတယ်။
အခုလို ရန်ပုံငွေမရတဲ့အတွက် အစိုးရလုပ်ငန်းရပ်ဆိုင်းမှုကြောင့် ဇန်နဝါရီလ ၂၀ ရက်နေ့ က စပြီး အိုးအိမ်၊ ပတ်ဝန်းကျင်၊ ပညာရေး၊ ကုန်သွယ်ရေးနဲ့ အလုပ်သမားဌာနက အစိုးရဝန်ထမ်း အများစုကို လစာမဲ့ အနားပေးထားမှာ ဖြစ်သလို ဘဏ္ဍာရေး၊ ကျန်းမာရေး၊ ကာကွယ်ရေးနဲ့ ပို့ဆောင်ရေး ဌာနက ဝန်ထမ်းတဝက်လောက်လဲ လာမယ့် ဇန်နဝါရီလ ၂၂ ရက် တနင်္လာနေ့မှာ အလုပ်မလာပဲ နေဖို့ အနားပေးခံရမှာ ဖြစ်ပါတယ်။
ဒါ့အပြင် အမျိုးသားဥယျာဉ်တွေနဲ့ အထိန်းအမှတ် ဗိမာန်နေရာတွေလည်း ပိတ်ထားရတာတွေ ဖြစ်နိုင်ပြီး ပြည်ဝင်ခွင့်နဲ့ နိုင်ငံကူးလက်မှတ် လျှောက်တာတွေမှာလည်း နှောင့်နှေးမှုတွေ ရှိလာနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမယ့် လူ့အသက်ရှင်မှုအတွက် မရှိမဖြစ်လိုအပ်တဲ့ ဌာနတွေလို့ သတ်မှတ်ခံရတဲ့ နိုင်ငံတော် လုံခြုံရေး၊ စာတိုက်၊ လေကြောင်းထိန်းချုပ်ရေး၊ ဆေးရုံတွင်းနဲ့ အရေးပေါ်လူနာ ကုသရေး၊ သဘာဝ အန္တရာယ် ကာကွယ်ရေး၊ ထောင်၊ အခွန်နဲ့ လျှပ်စစ်ဓာတ်အားပေးပို့ရေး ဆောင်ရွက်တဲ့ ဌာနတွေမှာတော့ လုပ်ငန်းလည်ပတ်မှု ရှိမှာ ဖြစ်ပါတယ်။
အမေရိကန်ရဲ့ ဘဏ္ဍာရေးနှစ် စတင်တဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ ကတည်းက တနှစ်လုံးအတွက် ဗဟိုအစိုးရဌာနတွေ လည်ပတ်ရေး ရန်ပုံငွေ ဥပဒေနဲ့ ပတ်သက်ပြီး သဘောတူညီမှု မရတာကြောင့် မစ္စတာ ထရမ့်ရဲ့ ရီပတ်ဘလီကန်ပါတီက ယာယီအနေနဲ့ အထူးရန်ပုံငွေ ဥပဒေတွေ အလီလီ ထုတ်ပြန်ထားခဲ့ရတာ ဖြစ်ပါတယ်။
အခုလို ယာယီအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာလ ၂၂ ရက်နေ့မှာ အတည်ပြုထားတဲ့ အထူးရန်ပုံငွေ ဥပဒေဟာ ၂၀၁၈ ဇန်နဝါရီလ ၁၉ မှာ သက်တမ်း ကုန်ဆုံးသွားတာလည်း ဖြစ်ပါတယ်။
လာမယ့် နိုဝင်ဘာလမှာ အစိုးရသက်တမ်း တဝက် ရွေးကောက်ပွဲတွေ လုပ်ဖို့ရှိတဲ့အတွက် အခုလို အစိုးရလုပ်ငန်း ရပ်ဆိုင်းမှု ဖြစ်နေတာနဲ့ ပတ်သက်ပြီး ရီပတ်ဘလီကန်နဲ့ ဒီမိုကရက် ၂ ပါတီလုံးက တရားခံ ဖြစ်လိုတဲ့ ဆန္ဒတော့ ရှိမှာမဟုတ်ဘူးလို့လည်း သုံးသပ်မှုတွေ ရှိနေပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ အခုလို ရန်ပုံငွေ ဥပဒေ အငြင်းပွားမှုတွေကြောင့် ယခင်ကလည်း အခုလို ဗဟိုအစိုးရဌာနတွေ လုပ်ငန်းရပ်ဆိုင်းမှု ၇ ကြိမ် ရှိခဲ့သလို နောက်ဆုံးတကြိမ်ကတော့ သမ္မတ အိုဘားမား လက်ထက် ၂၀၁၃ ခုနှစ်မှာ ဖြစ်ပြီး အဲဒီတုန်းကလည်း လူဝင်မှု ကြီးကြပ်ရေး မူဝါဒနဲ့ပဲ ရန်ပုံငွေ သဘောမတူနိုင်ဖြစ်ခဲ့တာပါ။
၂၀၁၃ အစိုးရဌာနတွေ လုပ်ငန်းရပ်ဆိုင်းမှုဟာ ၁၆ ရက်အထိ ကြာခဲ့ပြီး ဝန်ထမ်းပေါင်း ၈ သိန်းခွဲလောက်အထိ အနားပေးခဲ့ရတဲ့အတွက် အမေရိကန်ဒေါ်လာ ၂ ဘီလီယံဖိုးလောက် လုပ်အား နစ်နာခဲ့ရပါတယ်။









